Switch Mode

Chapter – 324

အခန်း (၃၂၄) ကျင်းတျန်ကုန်း၊ အသက် ၄,၀၀၀ ပြည့်ခြင်း
“ငါ့ကို ကျိန်စာတိုက်နေတဲ့လူကို သိချင်တယ်” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။ ]
ဆက်တွက်မယ်။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်စိတ်ထဲမှာ မြင်ကွင်းတစ်ခု ပေါ်လာပါတယ်။
မှောင်မိုက်တဲ့ တာအိုဘုံကျောင်းတစ်ခုထဲမှာ ငယ်ရွယ်နုပျိုပြီး တာအိုဝတ်ရုံ ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ဟာ ခရမ်းရောင် ဖုန်းရွှေအိမ်မြှောင်ကို ကိုင်ပြီး တစ်စုံတစ်ခုကို ရေရွတ်နေပါတယ်။
ဟန်ကျွယ်ဟာ ဒီလူကို အရင်တုန်းက မြင်ဖူးပါတယ်။ မဟာအန္တိမခန်းမမှာ မြင်ခဲ့တာ ဖြစ်ပါတယ်။ ဟန်ကျွယ် မှတ်ဉာဏ်ကောင်းလွန်းလို့ မှတ်မိနေတာ မဟုတ်ပါဘူး။ စနစ်ရဲ့ အသွင်တူလုပ်ဆောင်ချက်က မဟာအန္တိမခန်းမမှာ လူအကုန်လုံးကို ပုံတူကူးခဲ့လို့ ရင်းနှီးနေတာ ဖြစ်ပါတယ်။
မဟာအန္တိမခန်းမမှာ တာအိုနား‌ထောင်တဲ့သူတိုင်းက အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီး ပုဂ္ဂိုလ်တွေချည်းပါပဲ။ သူတို့ကို မှတ်မိနေတာက ဟန်ကျွယ်အတွက် အကျိုးမယုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဒီလူက ကျယ်ကျောင်းတော်က ဆိုတာကို ခန့်မှန်းမိပါတယ်။ ဒါပေမဲ့ ပိုပြီးတိတိကျကျ သိရအောင် အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး စစ်ဆေးလိုက်ပါတယ်။
[ကျင်းတျန်ကုန်း: ကျင့်ကြံမှုမသိ။ ကျယ်ကျောင်းတော် အကြီးအကဲ။]
ဟန်ကျွယ်ဟာ ကျင်းတုန်ကုန်းနဲ့ တိုက်ခိုက်ကြည့်တဲ့အခါ တစ်နာရီကျော်ပဲ ခံနိုင်ပြီး ဟန်ကျွယ် ရှုံးသွားပါတယ် ‘ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ’
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘ဒီကျင်းတျန်ကုန်းက ငါ့ကို ဘာလို့ ကျိန်စာတိုက်နေတာလဲ’
ဟန်ကျွယ်ဟာ ကျိန်စာစွမ်းအားက ပျောက်ကွယ်သွားပြီး သူ့ကို ဘာမှမထိုက်ခိုက်စေတာကို တွေ့လိုက်ရပါတယ် ‘ဒီကောင်က ငါ့ကို ပစ်မှတ်ထားတာ မဟုတ်ဘဲ လူအများကြီးကို ကျိန်စာတိုက်နေတာလား’
ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းရဲ့ လုပ်ရပ်ကို နားမလည်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက အရင်စပြီး ကျိန်စာတိုက်တဲ့အတွက် ဟန်ကျွယ်က ဒီအတိုင်းတော့ ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချက်ချင်းကြီး တိုက်စာလိုက်ရင် သိသာမှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ နှစ်နည်းနည်းစောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ကာ ဆယ်နှစ်တစ်ကြိမ် လုပ်နေကျတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါတယ်။
မှောင်မိုက်တဲ့ တာအိုဘုံကျောင်းအထဲမှာ ကျင်းတျန်ကုန်းဟာ ခရမ်းရောင် ဖုန်း‌ရွှေအိမ်မြှောင်ကို ချပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ငါ့မှာ အကောင်းစား ရတနာရှိတယ်ဆိုပေမဲ့ မဟာအန္တိမခန်းမမှာ တာအို လာနားထောင်တဲ့သူတွေကို ကျိန်စာတိုက်ဖို့က မလွယ်ဘူး’
ကျင်းတျန်ကုန်းဟာ အင်အားစုတွေရဲ့ ခေါင်းဆောင်တွေကို ကျိန်စာတိုက်ပြီး အနန္တကပ်ဘေးမှာ မုန်တိုင်းထန်အောင် လုပ်နေတာပါ။ သူတို့နဲ့အတူပါလာတဲ့ အင်မော်တယ်ဧကရာဇ်တွေကိုတော့ သာမန်ကာလျှံကာ ကျိန်စာတိုက်တာပါ။ သိပ်ပြီးတော့ အားမစိုက်ပါဘူး။
‘အမှောင်သခင်ကြီးက သူတို့ကို ကျိန်စာတိုက်တယ်လို့ ထင်ကြမှာပဲ၊ ပိုပြီး ဖရိုဖရဲဖြစ်လေလေ ပိုကောင်းလေလေပဲ၊ ဒီလိုမှ ငါတို့ကျယ်ကျောင်းတော်က ထပ်ပြီးတော့ အင်အားကြီးလာနိုင်မှာ’
ကျင်းတျန်ကုန်းဟာ အနာဂတ်ကို မျှော်တွေးကြည့်လိုက်ပါတယ်။
‘ဂိုဏ်းချုပ်… ကျွန်တော် ကျယ်ကျောင်းတော်ကို အရင်တုန်းက ရွှေရောင်နေ့ရက်တွေဆီ ပြန်ရောက်အောင် ဦးဆောင်ပေးမယ်’
အဲဒီနောက် ကျင်းတုန်ကုန်းဟာ ဝိညာဉ်စွမ်းအားကို လှည့်ပတ်ပြီး ဒဏ်ရာတွေကို ကုသပါတယ်။ ကျိန်စာတိုက်တာက တကယ်ကို ရက်စက်တဲ့နည်းလမ်းတစ်ခုပါ။ ရန်သူတစ်ထောင်သေရင် ကိုယ့်ဘက်က ၈၀၀ သေသလိုပါပဲ။
ကံကောင်းထောက်မစွာပဲ ကျင်းတျန်ကုန်းမှာ အကောင်းစားရတနာ ရှိတဲ့အတွက် ဘေးထွက်ဆိုးကျိုးက သိပ်မပြင်းပါဘူး။
‘အမှောင်သခင်ကြီးက ဘယ်လိုနည်းနဲ့များ ကျိန်စာတိုက်နေလဲ မသိဘူး၊ သူက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တကယ်ကြီး ကျိန်စာတိုက်တယ်၊ သူ့သက်တမ်းက အရမ်းရှည်လွန်းနေလို့လား၊ ဒါမှမဟုတ် သူ့ကျင့်ကြံမှုကပဲ အရမ်းမြင့်နေလို့လား’
ကျင်းတျန်ကုန်း တွေးလည်း တွေးချင်စရာပါ။ ကျိန်စာတွေက သက်တမ်းမဟုတ်ရင် ကံတရား အထောက်အပံ့ ကုန်ဆုံးပါတယ်။ ကျင်းတျန်ကုန်းရဲ့ သက်တမ်းက ရှည်လျားတဲ့ဆိုပေမဲ့ ကျိန်စာတိုက်ဖို့ အများကြီး မသုံးရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်စာတိုက်တာက ကံတရား အထောက်အပံ့ မဟုတ်ဘဲ သက်တမ်းကုန်လို့ပါ။
ကံတရား အထောက်အပံ့က ကုန်သွားရင် ပြန်ရှာလို့ရပေမဲ့ သက်တမ်းကတော့ ပြန်ရှာလို့ မရပါဘူး။ ကျင်းတျန်ကုန်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ သက်တမ်းတိုးဖို့က အရမ်းခက်ပါတယ်။ အဆင့်တက်တာက လွဲလို့ပေါ့။ အဆင့်တက်တာကလည်း မိုးပေါ် လှေကားထောင်တက်ရသလိုပါပဲ။
ကျင်းတျန်ကုန်း အဆင့်မတက်တာ နှစ် ဆယ်သန်းတောင် ကြာခဲ့ပြီမို့ အဆင့်ဘယ်လို တက်ရလဲဆိုတာတောင် မေ့ချင်ချင် ဖြစ်နေပါပြီ။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘အချိန်ကြပြီ’
ဝူတောက်ကျန့်က ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ရှိမနေတဲ့အတွက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျယ်ကျောင်းတော်က ကျင်းတျန်ကုန်းကို ကျိန်စာစတိုက်ပါတယ်။
‘ငါ မင်းအတွက် သက်တမ်း သန်း ၁၀၀ သုံးပြီး ကစားပေးမယ်’
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းက စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းချုပ်ကို ဖွင့်ကြည့်ပြီး သက်တမ်းကို အတိအကျ ထိန်းချုပ်ပါတယ်။
အင်တိုက်အားတိုက် ကျိန်စာတိုက်တာကြောင့် ဟန်ကျွယ်ရဲ့ သက်တမ်းဟာ ခပ်မြန်မြန်ပဲ လျော့ကျသွားပါတယ်။ သန်း ၁၀၀ ကုန်ဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ချက်ချင်းရပ်ပြီး မျက်လုံးက သွေးတွေကို သုတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးကြည့်ပေမဲ့ ကျင်းတျန်ကို ရှာမတွေ့ပါဘူး။ အဲဒီတော့မှ ဟန်ကျွယ် သတိရသွားတာက ကျင်းတျန်ကုန်းက သူ့အပေါ်မှာ မျက်နှာသာပေးမှုရော မုန်းတီးမှုရော မရှိတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းရဲ့ အခြေအနေကို မသိနိုင်ပါဘူး။
‘ငါ ဆက်တိုက်သင့်လား၊ ထားလိုက်ပါတော့၊ ဒီလောက်နဲ့ လုံလောက်လောက်ပါတယ်’ ကျင်းတျန်ကုန်းက သူ့ကို အကြာကြီး ကျိန်စာမတိုက်တာကြောင့် ဟန်ကျွယ်ကလည်း ကျင်းတျန်ကုန်းကို အကြာကြီး ကျိန်စမတိုက်ချင်ပါဘူး။ ကျင်းတျန်ကုန်းက ဆက်ပြီးတော့ ကျိန်စာတိုက်နေရင်တော့ ဟန်ကျွယ်က သက်တမ်း တစ်ဘီလံယံလောက်ကို နှမြောတသဖြစ်နေမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဒဏ်ရာတွေ ပျောက်ကင်းသွားတဲ့အခါ ရန်သူတွေကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
မှောင်မိုက်တဲ့ တာအိုဘုံကျောင်းအတွင်း။
“ဝေါ့…”
ကျင်းတျန်ကုန်းဟာ သွေးတစ်ပွက် အန်သွားပါတယ်။ ကျင်းတျန်ကုန်းဟာ ဝိညာဉ်စွမ်းအားကို အမြန်လှည့်ပတ်ပြီး ဒဏ်ရာကို ကုသကာ ကြောက်ဖက်ဖွယ် ကျိန်စာစွမ်းအားကို ဖိနှိပ်လိုက်ပါတယ်။
‘ခွီးတဲ့မှပဲ… ဘယ်သူက ငါ့ကို ကျိန်စာတိုက်နေတာလဲ၊ ငါကျိန်စာတိုက်တာကို ရှာတွေ့သွားကြတာများလား’ ကျင်းတျန်ကုန်းဟာ လန့်ဖျပ်သွားပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်ကိုသာ ရန်စမိရင် ကျယ်ကျောင်းတော်ကလည်း သူ့ကို ကယ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအဖြစ်အပျက်ပြီးလို့ နောက်နှစ်အနည်းငယ်အတွင်း ကျင်းတျန်ကုန်းဟာ ရင်တထိတ်ထိတ် ဖြစ်နေရပါတယ်။
ဟန်ကျွယ်ရဲ့ ကျိန်စာစွမ်းအားက ကျင်းတျန်ကုန်းရဲ့ ဝိညာဉ်စွမ်းအားကို ထိန်းမရသိမ်းမရ ဖြစ်စေတာကြောင့် ကျင်းတျန်ကုန်းဟာ နှစ်အနည်းငယ်အတွင်း တည်တည်ငြိမ်ငြိမ် နေနိုင်မှာ မဟုတ်ပါဘူး။ ဒီအတောအတွင်း စွမ်းအားကြီးပုဂ္ဂိုလ်ကသာ တိုက်ခိုက်မယ်ဆိုရင် ကျင်းတျန်ကုန်းတစ်ယောက် မရဏလမ်း မြန်းရမှာပါ။
ကျင်းတျန်ကုန်းဟာ ငါးနှစ်ထိ စောင့်စားပေမဲ့ ဘယ်သူကမှလည်း မတိုက်ခိုက်သလို ကျိန်စာကလည်း ဆက်မတိုက်တာကို တွေ့လိုက်ရပါတယ် ‘ကြည့်ရတာ တာအိုနားထောင်တဲ့သူတွေက ငါ့ကို ကျိန်စာတိုက်တာ မဟုတ်ဘူးပဲ… ဒါဆို ဘယ်သူများလဲ’
ကျင်းတျန်ကုန်းဟာ ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားပါတယ် ‘အမှောင်သခင်ကြီးများလား… ဒါ အဖြစ်နိုင်ဆုံးပဲ၊ အမှောင်သခင်ကြီးက ကျိန်စာတိုက်တာ တော်တယ်ဆိုတော့ သူ့ကို ငါချောက်ချတာ သိသွားတယ်နဲ့ တူတယ်’
‘ဒီကျိန်စာတိုက်တာက ငါ့ကို အမှောင်သခင်ကြီး သတိပေးတာ ဖြစ်ရမယ်’ ကျင်းတျန်ကုန်းဟာ မချိုပြုံးပြုံးလိုက်ပြီး အမှောင်သခင်ကြီးကို လေးစားသွားပါတယ် ‘အမှောင်သခင်ကြီးက ဘယ်လိုတည်ရှိမှုမျိုးလဲ’
ကျင်းတျန်ကုန်းဟာ သူ့ရဲ့ ခရမ်းရောင် ဖုန်းရွှေအိမ်မြှောင်ကိုကြည့်ပြီး သူ့လုပ်ရပ်က တော်တော်လေး ယုတ္တိမရှိဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ် ‘ဟုတ်ပြီ… ငါဘာလို့ အမှောင်သခင်ကြီးနဲ့ မပူးပေါင်းရမှာလဲ၊ ငါ အမှောင်သခင်ကြီးနဲ့အတူ အင်မော်တယ်ကမ္ဘာကို မွှေနှောက်ရင် ကျယ်ကျောင်းတော်အတွက် အင်အားကြီးတဲ့ မဟာမိတ် ရှာပေးတာနဲ့ အတူတူပဲ’
အဲဒီနောက် ကျင်းတျန်ကုန်းဟာ ကျယ်ကျောင်းက လူတွေ တစ်ယောက်မှ အမှောင်သခင်ကြီးရဲ့ ကျိန်စာတိုက်တာ မခံရသေးတာကို သတိထားမိသွားပါတယ်။ ကျင်းတျန်ကုန်းရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် ‘အမှောင်သခင်ကြီးနဲ့ ပူးပေါင်းတာတော့ ဟုတ်ပါပြီ၊ ငါက အမှောင်သခင်ကြီးကို ဘယ်နားမှာ သွားရှာရမှာလဲ’
ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းကို သန်း ၁၀၀ သုံးပြီး ကျိန်စာတိုက်လိုက်ကတည်းက ထပ်ပြီးတော့ ကျိန်စာတိုက် မခံရတော့ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ရဲ့ဘဝဟာ ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်ကို ရောက်အောင် ဆက်ပြီးတော့ ကျင့်ကြံပါတယ်။
ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
[သင်သည် အသက် ၄၀၀၀ ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝခရီးလမ်းတွင် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ကပ်ဘေးအတွင်းသို့ ချက်ချင်းဝင်ရောက်၍ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ သင့်နာမည်သည် ကောင်းကင်ဘုံအား တုန်လှုပ်စေလိမ့်မည်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ ကိုးစ၊ အကောင်းစား ရတနာတစ်ပါးနှင့် စနစ်အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ခုကို ရရှိမည်။]
[၂။ ကပ်ဘေးအား လျစ်လျူရှု၍ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအားတစ်ပါးအား ဆက်ခံရရှိမည်။]
ဟန်ကျွယ်ဟာ ရွေးချယ်မှုနှစ်ခုကို ကြည့်ပြီး မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီဖွတ်မသားစနစ်က ငါ့ကို ကပ်ဘေးထဲဝင်အောင် တော်တော်အကုန်အကျခံပြီး ဖြားယောင်း သွေးဆောင်နေတာပဲ’
‘မင်းက ငါ့ကို ကပ်ဘေးသခင်ဖြစ်ချင်နေတာလား… စိတ်ချ… လုံးဝ မဖြစ်စေရဘူး’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[မဟာတာအို အပိုင်းအစ တစ်စအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်ချုပ် မဟာလက်ဝါး ဆန်းကြယ်စွမ်းအားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်ချုပ် မဟာလက်ဝါး: အာကာသတာအို ပါဝင်သည့် ပြိုင်ဘက်ကင်း ဆန်းကြယ်စွမ်းအား ဖြစ်ပြီး ကောင်းကင်ကို လက်ဝါးတစ်ဖက်တည်းနှင့် ဖမ်းယူနိုင်၏။ ထို့အပြင် ကျင့်ကြံမှုအဆင့် တိုးတက်သည်နှင့်အမျှ စွမ်းအားကြီးမားလာလိမ့်မည်။ အထွတ်အထိပ်သို့ ရောက်လျှင် ကောင်းကင်တာအိုကိုပင် ဖမ်းယူနိုင်လိမ့်မည်။]
‘ကောင်းကင်ချုပ် မဟာလက်ဝါး’
‘နာမည်ကြားရုံနဲ့ စွမ်းအားကြီးမှန်း သိသာတယ်’
‘အစွမ်းကလည်း မဆိုးဘူး၊ ထိပ်ဆုံးကိုရောက်ရင် ကောင်းကင်တာအိုကိုတောင် ဖမ်းဆုပ်နိုင်တယ်’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်ချုပ် မဟာလက်ဝါးကို ဆက်ခံလိုက်ပါတယ်။ ဒီဆန်းကြယ်စွမ်းအားက ကောင်းကင်ကို သိမ်းဆည်းသလိုမျိုး မရိုးရှင်းပါဘူး။ ကောင်းကင်အောက်မှာရှိတဲ့ တည်ရှိမှုအကုန်လုံးနဲ့ အာကာသကို လက်ဖဝါးထဲမှာ ဖမ်းချုပ်နိုင်ပြီး သူတို့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ တခြားစွမ်းအားတွေကို ဝါးမြိုနိုင်ပါတယ်။
တော်တော်လေး ဗိုလ်ကျတဲ့ ဆန်းကြယ်စွမ်းအားလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ချုပ် မဟာလက်ဝါးကို တတ်မြောက်သွားတဲ့အခါမှာ သူ့ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို တိုးတက်အောင် မလုပ်ရသေးတာ သတိရသွားပါတယ်။ အဲဒါကြောင့် ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိရောက်အောင် မြှင့်တင်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ကောင်းကင်ချုပ် မဟာလက်ဝါးကို စမ်းသပ်ဖို့ ပြင်လိုက်စဉ်မှာပဲ တစ်စုံတစ်ခုကို ခံစားမိလိုက်ပါတယ်။ ဒီခံစားမှုက ပဋိပက္ခနယ်မြေကနေ လာတာပါ။
တာအိုအရှင်သခင်က ဟန်ကျွယ်ကို ရှာနေတာပါ။
ဟန်ကျွယ်လည်း တစ်ခဏတွေးလိုက်ပြီး ပဋိပက္ခနယ်မြေထဲကို ခုန်ဝင်လိုက်ပါတယ်။
ပဋိပက္ခနယ်မြေဟာ ဟန်ကျွယ်နဲ့ တာအိုအရှင်သခင် စကားပြောဖို့အတွက် ဖန်းတီးထားတဲ့ စကားပြောခန်းလို့ပါပဲ။ ဟန်ကျွယ်နဲ့ တာအိုအရှင်သခင်ရဲ့ ခန္ဓာကိုယ်တွေက ဘယ်လောက်ပဲ ဝေးကွာနေပါစေ ပဋိပက္ခနယ်မြေကနေ စိတ်ချင်းဆက်သွယ်ပြီး စကားပြောလို့ရပါတယ်။
တာအိုအရှင်သခင်က လိုရင်းကို တန်းပြောပါတယ် “မင်း ငါ့ကို ကယ်ပေးနိုင်မလား၊ ငါ့ကို ကယ်ပေးနိုင်ရင် မင်းအပေါ်ကို အသက်တစ်ချောင်း အကြွေးတင်သွားပြီလို့ မှတ်လို့ရတယ်”
ဟန်ကျွယ်က တအံတဩ ပြန်မေးလိုက်ပါတယ် “မင်းကို ဘယ်သူဖမ်းထားတာလဲ”
“နတ်ဆိုးဧကရာဇ်…”
“မကယ်နိုင်ဘူး… တောင်းပန်ပါတယ်”
အဲဒီနောက် နှစ်ယောက်စလုံး တိတ်ဆိတ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset