အခန်း (၃၂၃) ဟန်ကျွယ် ကျိန်စာတိုက်ခံရခြင်း
‘သူတို့တွေ အကုန်လုံး အတူတူ သေကုန်ကြတာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ထိတ်လန့်သွားပါတယ် ‘ငါလည်း သေသွားတာပဲလား…’
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဒီလိုဖြစ်ရတာ ငါ နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုကို ရူးသွပ်အောင် ကျိန်စာတိုက်မိလို့လား’
ဟန်ကျွယ်ဟာ နောင်တရသွားပါတယ် ‘ငါက ကိုယ့်သေတွင်း ကိုယ်တူးမိသလို ဖြစ်နေပါရော့လား’
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ လူတစ်ယောက်ကို မြင်လိုက်ရပါတယ်။ ဒီလူဟာ လေပေါ်မှာထိုင်နေပြီး သဲတွေ ဖုံးကာနေတဲ့အတွက် မျက်နှာကို မြင်ရဖို့ ခက်လှပါတယ်။ ဟန်ကျွယ်ဟာ ဒီလူကို အသေအချာ စိုက်ကြည့်လိုက်တဲ့အခါ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီလူက…
လုံဟောင် ဖြစ်နေလို့ပါပဲ။
‘ဒီကောင်လေးက အနန္တကပ်ဘေးမှာ နောက်ဆုံး အနိုင်ရသွားတဲ့သူလား’
ဟန်ကျွယ်ဟာ ကောင်းကင်ပေါ် ပျံတက်ပြီး လုံဟောင်ဆီ ချဉ်းကပ်သွားလိုက်ပါတယ်။
ဒီအချိန်မှာပဲ လုံဟောင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ လုံဟောင်ရဲ့ ခေါင်းပေါ်က ရွှေရောင်အလင်းတန်းဟာ အမှုန့်ဖြစ်ပြီး လွှင့်ပါးပျောက်ကွယ်သွားပါတယ်။ လုံဟောင်ရဲ့ အနက်ရောင် ဆံပင်တွေဟာ လေထဲမှာ လွှင့်ပျံသွားပြီး ချက်ချင်းဆိုသလို အဖြူရောင်ကို ပြောင်းလဲသွားပါတယ်။
အဲဒီနောက် လုံဟောင်ဟာ ဘာကိုမှ ဂရုမစိုက်တဲ့ဟန်နဲ့ ရယ်မောလိုက်ပါတယ် “ဟားဟား… ငါဧကရာဇ်က အတိဒုက္ခတွေကို ဖြတ်ကျော်ပြီး မိစ္ဆာဘိုးဘေး မစွမ်းဆောင်နိုင်ခဲ့တာကို လုပ်ပြမယ်၊ ကောင်းကင်ဘုံ ၃၃ ဘုံကလူတွေ စောင့်ကြည့်နေကြ၊ ငါ ဟောင်တျန်က သတ်ဖြတ်ပြီးတော့ မင်းတို့ဆီကို မကြာခင် ပြန်လာမယ်… ဟားဟား…”
‘ဟောင်တျန်…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဟောင်တျန်က ဘယ်လိုဖြစ်ပြီး အနန္တကပ်ဘေးမှာ အနိုင်ရသွားတာလဲ’
ဟန်ကျွယ် ပဟေဠိဖြစ်နေတုန်းမှာပဲ ဟောင်တျန်ဟာ သူ့ရင်ဘက်ထဲကနေ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပါတယ်။ ဟောင်တျန်က သူနဲ့ တစ်ပုံစံတည်းတူတဲ့ ဝိညာဉ်တစ်ခုကို ဆွဲထုတ်လိုက်တာ ဖြစ်ပါတယ်။
‘လုံဟောင်…’ ဟန်ကျွယ် မျက်လုံးပြူးသွားပါတယ်။
ဟောင်တျန်လက်ထဲက လုံဟောင်ဟာ အားကုန်ရုန်းကန်ပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “ဟောင်တျန်… မင်းက ငါ့ခမည်းတော်ကို သတ်ရုံမက တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကိုလည်း မျိုးတုံးသတ်ဖြတ်ခဲ့တယ်၊ မင်း အသေကောင်းနဲ့ သေရမှာ မဟုတ်ဘူး”
ဟောင်တျန်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “ကောင်းကင်တာအိုအောက်မှာ ဘယ်သူက ငါ့ကို သတ်နိုင်မှာလဲ”
ဟန်ကျွယ်ဟာ ငယ်ထိပ် မိုးကြိုးကျသလို ဖြစ်သွားပါတယ် ‘တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံး အသတ်ခံရတာလား၊ ဒါဆို ငါလည်း သေသွားတယ်ပေါ့’
ဟန်ကျွယ်ဟာ ပေါက်ကွဲလုနီး ဖြစ်သွားပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ် ရှေ့က မြင်ကွင်းဟာ ကွဲကျေသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ခွေးမသား ဟောင်တျန်… မင်းကို ငါ ကမ္ဘာမကျေဘူး…’
အဲဒီနောက် ဟန်ကျွယ်ဟာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်စာတိုက်ရအောင်လည်း ဟောင်တျန်က လုံဟောင်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ လုံဟောင်ပါ တစ်ပါတည်း သက်ရောက်မှာမို့လိုပါ။ ဒါကြောင့် ဟန်ကျွယ်အနေနဲ့ သူတို့နှစ်ယောက်ကို ခွဲထုတ်ဖို့ လိုပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး နတ်အာရုံ သွတ်သွင်းလိုက်ပါတယ်။ တိထိုက်ပိုင်က သေသွားပြီဖြစ်တဲ့အတွက် ကောင်းကင်တာအိုတိုကင်နဲ့ ဆက်သွယ်လို့ ရမရက မသေချာပါဘူး။
မကြာခင်မှာပဲ အသံတစ်သံ ထွက်ပေါ်လာပါတယ် “ဘာကိစ္စလဲ”
ကောင်းကင်ဧကရာဇ်ရဲ့ အသံပါ။
ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ်။ ကောင်းကင်ဧကရာဇ်က တိထိုက်ပိုင်ရဲ့ ကောင်းကင်တာအိုတိုကင်ကို ယူထားလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။ ကောင်းကင်တာအိုတိုကင်က တိထိုက်ပိုင်နဲ့အတူ ဖျက်ဆီးခံလိုက်ရပြီလို့ ဟန်ကျွယ် ထင်ထားခဲ့တာပါ။
ဟန်ကျွယ်ဟာ စကားလုံးတွေကို သေချာစဉ်းစားပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး၊ ကျွန်တော် တာအိုနားထောင်ပြီး ပြန်အလာမှာ ကံတရား မဟာတာအိုကို ကျင့်ကြံအားထုတ်ရင်းနဲ့ တွက်ချက်ကြည့်တာ ဟောင်အာရဲ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ်ဝိညာဉ်တစ်ခု ရှိနေတာကို တွေ့ရတယ်၊ အရှင်မင်းကြီး ဒီကိစ္စကို သတိထားဖို့ လိုတယ်”
ကောင်းကင်ဧကရာဇ်က သိချင်စိတ်နဲ့ ပြန်မေးပါတယ် “မင်းက အင်မော်တယ်ဧကရာဇ်အဆင့်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ်ပြီး ကံတရား မဟာတာအိုကို ကျင့်ကြံနိုင်တာလဲ”
“အဟွတ်… အဟွတ်… ကျွန်တော့် အရည်အချင်းက ထက်မြက်လို့ နေပါလိမ့်မယ်”
“မင်းပြောတာ မှားတယ်၊ ဟောင်အာရဲ့ ခန္ဓာကိုယ်ထဲမှာ တခြားဝိညာဉ် မရှိဘူး၊ သူက ငါ့သားစစ်စစ်ပါ၊ နောက်ပြီး သူ့ဝိညာဉ်က အခုမှမွေးဖွားလာတာ”
“ကျွန်တော် တွက်ချက်ကြည့်တာတော့ ဒီဝိညာဉ်က ဟောင်တျန်လို့ခေါ်တယ်၊ သူကလည်း ဟောင်အာလိုပဲ ဟောင်စာလုံးပါတယ်”
“ဟောင်တျန်…” ကောင်းကင်ဧကရာဇ်ရဲ့ လေသံဟာ ချက်ချင်း ပြောင်းလဲသွားပါတယ် “ဒါ အမှန်ပဲလား”
“အမှန်ပါပဲ အရှင်မင်းကြီး၊ ဒီအကြောင်းကို ကျွန်တော်ပြောတယ်လို့တော့ မပြောနဲ့နော်”
“အင်း ငါသိပါတယ်”
ကောင်းကင်ဧကရာဇ်ဟာ ခပ်မြန်မြန်ပဲ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်လိုက်ပါတယ်။ အခုကြည့်ရသလောက်တော့ ကောင်းကင်ဧကရာဇ်က ဟောင်တျန်ဝိညာဉ် အကြောင်းကို မသိတဲ့ပုံပါပဲ။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က လုံဟောင်ကို ကယ်တင်နိုင်ဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ကသာ ဟောင်တျန်ရဲ့ ဝိညာဉ်ကို ဆွဲထုတ်လိုက်မယ်ဆိုရင် ဟန်ကျွယ်က ကျိန်စာတိုက်လို့ရပါပြီ။
‘ခွီးတဲ့မှပဲ… ဒီခွေးမသား ဟောင်တျန်က တိတ်ဆိတ်ဂိုဏ်းတစ်ဂိုဏ်းလုံးကို သတ်ဖြတ်ရဲတယ်၊ မင်းကို ငါလုံးဝ အလွတ်မပေးဘူး’ ဟန်ကျွယ်ဟာ တော်တော်ကို ဒေါသထွက်နေတာပါ။ ဒီဟာက အနာဂတ်မှာ ဖြစ်ပျက်တာဆိုပေမဲ့ ဟန်ကျွယ်ဟာ ဟောင်တျန်ကို ကြယ်ခြောက်ပွင့်ထိရောက်အောင် မုန်းတီးနေပါတယ်။
ကောင်းကင်တာအိုဗုဒ္ဓက နောက်ဆုံးအနိုင်ရသူ မဖြစ်နိုင်တော့တဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို အထူးတလည် ပစ်မှတ်မထားဖို့ ဆုံးဖြတ်ထားလိုက်ပါတယ်။ ဟန်ကျွယ်က အထူးတလည် ပစ်မှတ်မထားရုံပါ။ ဆယ်နှစ်တစ်ကြိမ်ကတော့ ပုံမှန်ကျိန်စာတိုက်နေအုန်းမှာပါ။ ကောင်းကင်တာအိုဗုဒ္ဓ အနန္တကပ်ဘေးအတွင်းမှာ သေဆုံးသွားရင်တော့ ဟန်ကျွယ်အတွက် အကောင်းဆုံးပါပဲ။ အခုအချိန်ကစလို့ ဟောင်တျန်ဟာ ဟန်ကျွယ်ရဲ့ နံပါတ်တစ်ပစ်မှတ် ဖြစ်သွားပါပြီ။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဟင်း… လောကြီးအတွက် မစိုးရိမ်ဘဲ နေလို့မရပါလား’
တကယ်တော့ ဟန်ကျွယ်လိုချင်တဲ့ အနာဂတ်က ရိုးရိုးလေးပါ။ အရာအားလုံး ပုံမှန်အတိုင်း ဆက်သွားပြီး အေးအေးချမ်းချမ်း ရှိနေတာကို လိုချင်တာပါ။ ကောင်းကင်ဧကရာဇ် အသက်ရှင်တာလည်း ပါတာပေါ့။ ဒီဟာက အရမ်းကို ရိုးရှင်းလှပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ တွက်ချက်မှုနှစ်ခုရဲ့ ရလဒ်က အရမ်းကို မှောင်မိုက်လွန်းပါတယ်။ ပထမတစ်ခုကျတော့ ကောင်းကင်တာအိုဗုဒ္ဓက မိစ္ဆာဖြစ်ပြီး သက်ရှိအားလုံးကို အမိုက်မှောင်ထဲ ဆွဲသွင်းပါတယ်။ ဒုတိယတစ်ခုကျတော့ ဟောင်တျန်က လောကတစ်ခုလုံးကို သတ်ဖြတ်ပါတယ်။ တကယ်ကို မဖြစ်သင့်တဲ့အရာတွေပါ။
‘ငါက အမှောင်သခင်ကြီး မဟုတ်ဘူး၊ လောကကြီးကို ကယ်တင်တဲ့ အလင်းရောင်ပဲ’ ဟန်ကျွယ်ဟာ ခံစားချက်တွေကို သင့်တော်အောင် ပြုပြင်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်အတွက် ကျိန်စာတိုက်တာက အရံဖြစ်ပြီး ကျင့်ကြံတာကမှ အရေးကြီးဆုံးပါ။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကိုပဲ မှီခိုနေမှာ မဟုတ်ပါဘူး။ တစ်နေ့ကျလို့ စိတ်ကြိုက်သတ်နိုင်တဲ့ စွမ်းအားရှိရင် ဟန်ကျွယ်ဟာ ပုန်းအောင်းပြီး ကျိန်စာတိုက်နေမှာ မဟုတ်ပါဘူး။ ကျိန်စာတိုက်တာက မုန်းတီးမှု မတိုးဘူးဆိုပေမဲ့လည်း ညစ်ပတ်တဲ့နည်းလမ်း မဟုတ်ပါလား။
အင်မော်တယ်ကမ္ဘာ၊ ကောင်ကင်းဘုံ အနောက်ပိုင်း။
မဟာဗုဒ္ဓသုံးပါးဟာ တိမ်ပေါ်မှာရပ်နေကြပါတယ်။ မဟာဗုဒ္ဓသုံးပါးဟာ ပေတစ်သောင်းမြင့်မားပြီး ဗုဒ္ဓအလင်းရောင်တွေ ဖြာထွက်နေပါတယ်။ မရေမတွက်နိုင်တဲ့ ဗုဒ္ဓဂိုဏ်းတပည့်တွေဟာလည်း ကောင်းကင်ယံမှာ ပြည့်နေပါတယ်။ သူတို့အားလုံးရဲ့ အကြည့်ကာ သူတို့အောက်မှာရှိတဲ့ တောင်တစ်တောင်ဆီ ရောက်နေကြပါတယ်။
ဒီတောင်ကို မရေမတွက်နိုင်တဲ့ အင်းစာရွက်တွေ ကပ်ထားပါတယ်။ တောင်အောက်ခြေက နက်ရှိုင်းတဲ့ လိုဏ်ဂူတစ်ဂူထဲမှာ ကောင်းကင်တာအိုဗုဒ္ဓဟာ တရားထိုင်နေပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓရဲ့ မျက်လုံးတွေဟာ သွေးလိုနီရဲနေပြီး အတိတ်တုန်းကလိုမျိုး ကြည်ညိုဖွယ် မရှိတော့ပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကိုယ်တော့်ကို အမှောင်သခင်ကြီးက အကောက်ကြံတာ၊ ကိုယ်တော်က မိစ္ဆာမျိုးနွယ်စုက မဟုတ်ဘူး၊ ကိုယ်တော်အကြောင်းကို မသိတာလည်း မဟုတ်ဘဲနဲ့”
တိမ်ပင်လယ်ထက်မှာရှိတဲ့ အံဩဖွယ်အကောင်းဆုံး ရှန်ဝေဗုဒ္ဓက ပြောလိုက်ပါတယ် “အော့မီတော်ဖော… ကိုယ်တော်တို့တွေ သိပါတယ်၊ အမှောင်သခင်ကြီးကိုတော့ ကိုယ်တော်တို့တွေ မရရအောင် ရှာဖွေမှာပါ၊ ဒါပေမဲ့ ကိုယ်တော် အပြစ်ကျူးလွန်ခဲ့တာလည်း အမှန်ပဲလေ၊ ဒါကြောင့် ကိုယ်တော်အနေနဲ့ ဗုဒ္ဓနှလုံးသား သန့်စင်တဲ့အထိ ပြန်သုံးသပ်ပြီးမှ ထွက်လာသင့်တယ်”
ကောင်းကင်တာအိုဗုဒ္ဓဟာ တိတ်ဆိတ်သွားပါတယ်။
ဒီအချိန်မှာ ဗုဒ္ဓဂိုဏ်းတပည့်တွေထဲက သာမန်ရုပ်ရည်ရှိတဲ့ ဗုဒ္ဓတစ်ပါးက စိတ်ထဲမှာ တွေးလိုက်ပါတယ် ‘ကျွတ်..ကျွတ်… အမှောင်သခင်ကြီးက တကယ်ကို စွမ်းအားကြီးတာပဲ၊ ကောင်းကင်တာအိုဗုဒ္ဓကိုတောင် စိတ်ရိုင်းဝင်အောင် လုပ်နိုင်တယ်၊ ကြည့်ရတာ ဗုဒ္ဓဂိုဏ်းရဲ့ အင်မော်တယ်ကမ္ဘာကို လွှမ်းမိုးနိုင်တဲ့ခေတ်က ကုန်သွားပြီပဲ’
ဒီဗုဒ္ဓက လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာ ခန္ဓာသိမ်းထားတဲ့ဗုဒ္ဓပါ။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ မဆီမဆိုင် ဟန်ကျွယ်ကို တွေးမိသွားပြီး အမှောင်သခင်ကြီးက ဟန်ကျွယ်နဲ့ ဆက်စပ်နေရမယ်လို့ စိတ်ထဲမှာ ခံစားလိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ် လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ်ရဲ့ ငယ်သား ဖြစ်နေပြီး သူ့အသက်ကလည်း ဟန်ကျွယ် လက်ထဲမှာရှိတာကြောင့် ကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ်ကို မဆန့်ကျင်ရဲပါဘူး။
ဒါကြောင့် ကောင်းကင်မိစ္ဆာဟာ ဟန်ကျွယ်က အမှောင်သခင်ကြီးဖြစ်ဖို့ မျှော်လင့်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီးက နောက်ဆုံးရယ်နိုင်တဲ့သူ ဖြစ်ရင် သူလည်းပဲ အကျိုးအမြတ်ရမှာမို့လို့ပါ။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားလို့ရတယ် မဟုတ်ပါလား။
ကောင်းကင်တာအိုဗုဒ္ဓ ဖိနှိပ်ခံလိုက်ရတာကြောင့် ကောင်းကင်မိစ္ဆာဟာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရသွားပါတယ်။ တကယ်တော့ ကောင်းကင်တာအိုဗုဒ္ဓက မိစ္ဆာဘိုးဘေးပါပဲ။ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ အခုအချိန်မှာ မိစ္ဆာမျိုးနွယ်စုကို သစ္စာဖောက်လိုက်ပြီ ဖြစ်တာကြောင့် ရှာတွေ့ခံရမှာကို အမြဲတမ်း ကြောက်နေခဲ့တာပါ။
ဒီလိုနဲ့ မျက်စိတစ်မှိတ်အတွင်း နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို စာအိတ်တွေကပဲ ခန့်မှန်းနိုင်ပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ဖို့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်တဲ့အခါမှာ ရုတ်တရက် မျက်မှောင်ကြုတ်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့စွမ်းအားတစ်ခု ကျူးကျော်လာလို့ပါပဲ။
ဒီစွမ်းအားက ကံတရား မဟာတာအိုနဲ့ တော်တော်လေး ဆင်တူပေမဲ့ အရမ်းလည်း ကွဲပြားခြားနားပါတယ်။ ဟန်ကျွယ်ဟာ ဒီစွမ်းအားကို ဖမ်းဆုပ်လို့မရတာကြောင့် ဝိညာဉ်စွမ်းအားကိုသုံးပြီး ခုခံလိုက်ပါတယ်။
‘နေပါအုန်း…’
‘ဒါ ကျိန်စာပဲ…’
‘ခွီးတဲ့မှပဲ… တစ်ယောက်ယောက်က ငါ့ကို ကျိန်စာတိုက်နေတာလား’
ဟန်ကျွယ်ဟာ ကြောက်လန့်ချောက်ချားပြီး ဒူးတုန်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ တိတ်ဆိတ်ဂိုဏ် ပတ်ဝန်းကျင်က စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ကို စစ်ဆေးလိုက်တဲ့အခါမှာ သူက စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
‘ရန်သူ တိုက်ခိုက်တာ မရှိဘူးပဲ’
‘နတ်ဆိုးဧကရာဇ်များလား’
‘လီရွှမ်အောက်လား’
‘ဟင်းလင်းပြင် ဧကရာဇ်လား’
‘ကောင်းကင်တာအိုဗုဒ္ဓလား’
‘သူတို့က ငါ အမှောင်သခင်ကြီးဆိုတာကို ရှာတွေ့သွားကြတာလား’
‘မဖြစ်နိုင်ဘူး… သူတို့သာ ရှာတွေ့သွားရင် မုန်းတီးမှုက တိုးလာမှာပဲ’
ဟန်ကျွယ်ာ ပဟေဠိဖြစ်သွားပါတယ် ‘ဘယ်သူက ငါ့ကို ကျိန်စာတိုက်နေတာလဲ’
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပေမဲ့ ကျိန်စာရဲ့ အရင်းအမြစ်ကို တွက်ချက်လို့ မရတာကြောင့် ပြုံးလိုက်ပါတယ် ‘ဒီကောင်မှာ နည်းလမ်းကောင်းတွေ ရှိနေပုံပဲ… ဒါပေမဲ့ ငါ့မှာက မင်းထက်ပိုကောင်းတဲ့ နည်းလမ်းတွေရှိတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 323
? Views, Released on December 4, 2024