အခန်း (၃၂၁) တာအိုဟောကြားမှု ပြီးဆုံးခြင်း၊ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျက်နှာသာပေးမှု
‘ကောင်းကင်တာအိုနဲ့ မဟာတာအို ဘယ်ဟာ ပိုကောင်းလဲ’
‘ဒါက ဘယ်လိုမေးခွန်းကြီးလဲ’
‘မဟာတာအိုက ပိုကောင်းတာ အသိသာကြီးကို’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီလူက ဘာတွေ လျှောက်မေးနေတာလဲ’
ဘိုးဘေးရှီတျန်က ပြန်ဖြေပါတယ် “တာအိုမရရှိခင်မှာ ကောင်းကင်တာအိုကို ကျင့်ကြံတာက အကောင်းဆုံးပဲ၊ ကောင်းကင်တာအိုအောက်မှာ သက်ရှိအားလုံးက သူ့စည်းမျဉ်းကို မလိုက်နာလို့ မရဘူး၊ တာအိုကိုရရှိပြီးရင်တော့ မဟာတာအိုကို ကျင့်ကြံပြီး ပိုပြီးတော့အဆင့်မြင့်အောင် အားထုတ်လို့ရတယ်၊ ကျင့်ကြံမှုမှ အဆုံးမရှိဘူး၊ ငါလည်း အဆုံးမဲ့တဲ့ ဖြစ်နိုင်ချေတွေကို စူစမ်းရှာဖွေတုန်းပဲ”
မေးခွန်းမေးတဲ့သူကပဲ ဆက်မေးပါတယ်။ ဒီတစ်ခါ မေးခွန်းကတော့ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး အသေးစိတ်ကျလှတဲ့အတွက် ဟန်ကျွယ် နားမလည်ပါဘူး။ ဒီနောက်ပိုင်းလည်း ဟန်ကျွယ် နားမလည်တဲ့ မေးခွန်းတွေ တော်တော်လေး မေးကြပါတယ်။ ဒီမေးခွန်းတွေက ယင်ယန်၊ ရှစ်ပါးတံဆိပ်၊ ကံတရား အထောက်အပံ့၊ ကံတရား၊ ကံကြမ္မာ စတာတွေနဲ့ ပတ်သက်ပါတယ်။
ဟန်ကျွယ်ဟာ ဒီတာအိုတွေကို တစ်ခါမှ မလေ့လာဖူးတဲ့အတွက် နည်းနည်းလေးတောင် နားမလည်ပါဘူး။ အခုလို အနန္တကပ်ဘေးမှာ ဟန်ကျွယ်ဟာ တခြားတာအိုတွေ လေ့လာပြီး အချိန်မဖြုန်းနိုင်ပါဘူး။ အနန္တကပ်ဘေးမှာ အရေးကြီးဆုံးက ရှင်သန်ကျန်ရစ်နေခဲ့ဖို့ပါ။ ဒီလို ရှန်သန်ကျန်ရစ်နေခဲ့ဖို့ကလည်း စွမ်းအားကြီးနေမှ ရပါလိမ့်မယ်။ အနန္တကပ်ဘေးပြီးသွားရင်တော့ ဟန်ကျွယ်မှာ တခြားတာအိုတွေ လေ့လာဖို့ အချိန်အများကြီး ရှိလာမှာပါ။
မေးခွန်းအချို့ကိုတော့ ဘိုးဘေးရှီတျန်က တစ်ကြောင်းတည်းနဲ့ ပြန်ဖြေပါတယ်။ ဒါပေမဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်ရင်တော့ အရှည်ကြီး ပြန်ဖြေလေ့ရှိပါတယ်။ တစ်ယောက်ဆိုရင် တစ်လတောင် ကြာသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအတိုင်း ထိုင်မစောင့်နိုင်တာကြောင့် ကျင့်ကြံအားထုတ်ပြီး အချိန်တွေကို ကုန်လွန်စေပါတယ်။
ဟန်ကျွယ်ဟာ နောက်တန်းက လူတွေကလည်း သူ့လိုပဲ ဆိုတာကို သတိထားမိသွားပါတယ်။ လူတိုင်းက ဂရုတစိုက်နားထောင်ဟန် ရှိနေပေမဲ့ တကယ်တမ်းမှာ တိတ်တဆိတ် ကျင့်ကြံအားထုတ်နေကြတာပါ။ မေးခွန်းတွေကို နားမလည်ဘူးဆိုရင်တောင် ဘိုးဘေးရှီတျန်ကိုတော့ အပြစ်ပြုမိလို့ မဖြစ်ဘူး မဟုတ်လား။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ လေးနှစ်ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရှေ့မှာရှိတဲ့ အင်မော်တယ်ဧကရာဇ်က မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ ဘိုးဘေးရှီတျန်ရဲ့ အဖြေကလည်း ပိုပိုမြန်လာပါတယ်။
ဒါကိုကြည့်ပြီး ဟန်ကျွယ်ဟာ နားလည်သွားပါတယ်။ ဟန်ကျွယ် ရှေ့နှစ်တန်းက လူတွေဟာ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မေးခွန်း မရှိကြပါဘူး။ ဒီအတွက် သူများမေးတဲ့အတိုင်း တာအိုနှလုံးသားအကြောင်းကို မေးမြန်းကြပါတယ်။
‘ငါလည်း ငါ့နှလုံးသားနောက်ကိုလိုက်ပြီး မေးသင့်တယ်’
ဒီလိုနဲ့ တစ်လခွဲနီးပါးရှိတဲ့အခါ ဟန်ကျွယ်အလှည့်ကို ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံတစ်ခုကို ခံစားလိုက်ရပါတယ်။ ဒီနတ်အာရုံက ကောင်းကင်ဧကရာဇ်ရဲ့ နတ်အာရုံပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘိုးဘေး ကျွန်တော့်မေးခွန်းက ကပ်ဘေးထဲ မဝင်ဘဲ အမြဲတမ်း သိုသိုသိပ်သိပ် ကျင့်ကြံရင်း တာအိုရရှိသွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိလား”
ဒီမေးခွန်းကြောင့် မျက်လုံးတော်တော်များများဟာ ဟန်ကျွယ်ဆီ စုပြုံကျရောက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ မေးခွန်းက ထူးဆန်းလွန်းပြီး ယုတ္တိမဆန်လို့ပါပဲ။
ကောင်းကင်ဧကရာဇ်က ခေါင်းခါလိုက်ပါတယ်။ လီတောက်ခုံးက ပြုံးလိုက်ပြီး လီရွှမ်အောက်က သရော်ပြုံး ပြုံးလိုက်ပါတယ်။
နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓကလည်း ဟန်ကျွယ်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ သူတို့ဘာတွေးနေလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီနှစ်ယောက်က သူ့ကို မုန်းတီးနေတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို ဘယ်တော့မှာ မေ့မှာမဟုတ်ပါဘူး။ သူတို့နှစ်ယောက်ကတော့ ဟန်ကျွယ်က အမှောင်သခင်ကြီးဆိုတာ မသိရှာပါဘူး။
ဘိုးဘေးရှီတျန်က တစ်လုံးချင်း ပြန်ဖြေပါတယ် “လောကကြီး စတင်ဖြစ်ပေါ်လာတုန်းက ရှန်တျန်သက်ရှိ အများစုက ခြိုးခြုံကျင့်ကြံသူတွေ၊ သူတို့က ပြိုင်ဆိုင်မှုတွေနဲ့ ဝေးဝေးနေကြတယ်၊ သူတို့အထဲမှာ တချို့ပဲ တာအိုကို ရရှိကြတယ်၊ အခုသက်ရှိတွေက သဘာဝကပ်ဘေးကို ကျော်ဖြတ်လာတဲ့ သက်ရှိတွေ၊ ငါတို့တွေသာ ကံတရား အထောက်အပံ့အတွက် မတိုက်ခိုက်ဘူးဆိုရင် တာအိုကိုရရှိဖို့ ခက်လိမ့်မယ်”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ် အများစုကတော့ ခေါင်းခါပြီး အသံတိတ် ရယ်မောကြပါတယ်။
“ဒါပေမဲ့… ခက်ခဲတယ်လို့ပဲ ပြောလို့ရတယ်၊ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး၊ အနန္တကပ်ဘေးက အနာဂတ်မှာ ပြောင်းလဲနိုင်သလို ကောင်းကင်ရဲ့စိတ်ဆန္ဒကလည်း ပြောင်းလဲနိုင်တာပဲ” ဘိုးဘေးရှီတျန်ရဲ့ လေသံက တည်ငြိမ်ပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကတော့ မျက်ခုံးလှုပ်သွားကြပါတယ် ‘အနန္တကပ်ဘေးက ပြောင်းလဲတော့မှာလား’
ဟန်ကျွယ်ဟာ အတွေးနက်သွားပေမဲ့ ဘိုးဘေးရှီတျန်ရဲ့ စကားကို စိတ်ထဲမထားပါဘူး။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် အစီအစဉ်ပြောင်းဖို့ မရှိပါဘူး။ ဘယ်သူမှမလုပ်နိုင်လေ ဟန်ကျွယ်ရဲ့ရန်သူတွေက ဟန်ကျွယ်ရဲ့ ဂူအောင်းကျင့်ကြံမှုကို အထင်သေးလေလေပါပဲ။ ဒီလိုဆိုရင် ရန်သူတွေက ဟန်ကျွယ်ကို အရူးလိုတွေးပြီး ဂရုစိုက်တောမှာ မဟုတ်ပါဘူး။ ဒါက ဟန်ကျွယ်ဖြစ်ချင်တဲ့ အရာတစ်ခုပဲ မဟုတ်ပါလား။
ဟန်ကျွယ် ဘယ်ဘက်မှာရှိတဲ့ ကျင့်ကြံသူက မေးခွန်းတစ်ခု မေးပါတယ်။
ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားပြီး ငါးနှစ်ကျော် ကြာသွားပါတယ်။ မဟာအန္တိမခန်းမထဲက တာအိုဟောကြားမှုဟာလည်း လုံးဝ ပြီးဆုံးသွားပါတယ်။
“ဒေါင်..ဒေါင်…”
ခေါင်းလောင်းသံ မြည်ဟိန်းလာပြီး တာအိုဟောကြားတာကို လာနားထောင်တဲ့သူတွေဟာ ဘိုးဘေးရှီတျန်ကို ဦးညွှတ်ပြီး ခန်းမထဲက ထွက်ခွာသွားကြပါတယ်။
မဟာအန္တိမခန်းမထဲက ထွက်လာပြီးတဲ့နောက် ဟန်ကျွယ်ဟာ ရှန်စစ်သူကြီး၊ လုံကျွင်းတို့နဲ့ တွေ့ဆုံပါတယ်။ ရှန်စစ်သူကြီးက ဟန်ကျွယ်ကို တွေ့တွေ့ချင်းပဲ စလိုက်ပါတယ် “မင်းက ငါတို့ထက် စွမ်းအားပိုကြီးလိမ့်မယ်လို့ ထင်မထားဘူး၊ မင်းက တော်တော်လေး အဖုံးအကွယ် ကောင်းတာပဲ”
လုံကျွင်းကလည်း ဟန်ကျွယ်ကို အဓိပ္ပာယ်အပြည့်နဲ့ ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကျွန်တော်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ခင်ဗျားတို့နှစ်ယောက်ကို မမီပါဘူး၊ ကျွန်တော်က သတ္တိမရှိတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ အမြဲတမ်း ပုန်းနေရတယ်၊ ကျွန်တော် လုပ်နိုင်တာဆိုလို့ ကျင့်ကြံအားထုတ်တာ တစ်ခုပဲ ရှိတယ်၊ ခင်ဗျားတို့နှစ်ယောက်က ကောင်းကင်ရုံးတော်ရဲ့ ကိစ္စနဲ့ အလုပ်တွေ ရှုပ်နေတော့ ကျင့်ကြံအားထုတ်ဖို့ အချိန်ဘယ်ရှိပါ့မလဲ၊ ခင်ဗျားတို့သာ ကျွန်တော်လို့မျိုး ကျင့်ကြံအားထုတ်မယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ကို လိုက်မီမှာ မဟုတ်ဘူး”
ရှန်စစ်သူကြီးနဲ့ လုံကျွင်းဟာ ပြုံးရုံသာပြုံးပြီး ဘာမှ ပြန်မပြောပါဘူး။
ဒီအချိန်မှာပဲ ဟန်ကျွယ်တို့ဆီကို ကောင်းကင်ဧကရာဇ် ရောက်လာပြီး ပြောလိုက်ပါတယ် “သွားကြမယ်၊ ပြန်ဖို့ အချိန်ရောက်ပြီ”
ဟန်ကျွယ်ဟာ အမြန်ဆုံး ပြန်သွားချင်နေတာ ကြာပါပြီ။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်တို့သုံးယောက်ကို ဝိညာဉ်စွမ်းအားနဲ့ ရစ်ပတ်နှောင်ဖွဲ့လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အလင်းတန်းအသွင် ပြောင်းလဲပြီး အဝေးကို ပျံသန်းသွားပါတယ်။ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း မဟာအန္တိမခန်းမကနေ အလျှိုလျှို ထွက်ခွာသွားကြပါတယ်။
အပြန်လမ်းမှာ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်က ရုတ်တရက် တိုက်ခိုက်မှာ စိုးရိမ်တဲ့အတွက် ရင်တထိတ်ထိတ် ဖြစ်နေပါတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ရဲ့ သွားနှုန်းက အလာတုန်းကထက် အများကြီး ပိုမြန်တဲ့အတွက် ထုန်ကျန့်ကမ္ဘာတည်ရှိခဲ့တဲ့ ဟင်းလင်းပြင်နေရာကို ငါးမိနစ်နဲ့ ရောက်သွားပါတယ်။
ဟန်ကျွယ် ဘာမှမပြောနိုင်ခင်မှာပဲ ကောင်းကင်ဧကရာဇ်တို့ သုံးယောက်ဟာ လျင်မြန်စွာပဲ ထွက်ခွာသွားပါတယ်။
ဒါကိုမြင်တဲ့ ဟန်ကျွယ်လည်း ငရဲပြည်ကို ချက်ချင်း ခုန်ဆင်းလိုက်ပါတယ်။ ငရဲပြည်ကို ပြန်ရောက်တော့မှပဲ ဟန်ကျွယ်ဟာ သက်ပြင်းချနိုင်သွားပါတယ် ‘နောက်တစ်ခါကျရင် ငါ ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်ဘဲ တာအိုသွားနားထောင်လို့ မဖြစ်ဘူး’
ဒီတစ်ခေါက်ခရီးစဉ်မှာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု တိုးတက်သွားရုံသာမက ကံတရား မဟတာအိုကိုလည်း ဟန်ကျွယ် သိမြင်သွားပါတယ်။ ဒီကံတရား မဟာတာအိုက မရိုးရှင်းပါဘူး။ ဟန်ကျွယ် နတ်မင်းအဆင့်ကို ရောက်လို့ ကံတရားနဲ့ သေခြင်းရှင်ခြင်း မဟာတာအို နှစ်ပါးကိုသာ ကျင့်ကြံမယ်ဆိုရင် ဟန်ကျွယ်ရဲ့ အနာဂတ်က အကန့်အသတ်မဲ့သွားမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
ပိုပြီးတော့ စိတ်ချရအောင် ဟန်ကျွယ်ဟာ ငရဲပြည်မှာ အကြိမ်တစ်ထောင်လောက် နေရာရွှေ့ပြောင်းပြီးမှ တိတ်ဆိတ်ကျွန်းထဲ ခုန်ဝင်ပါတယ်။
ဒီတစ်ခါ ခရီးစဉ်က ဟန်ကျွယ် ထင်ထားသလို အန္တရာယ်မများပါဘူး။ ဒါကလည်း သာမန်ပါပဲ။ ဟန်ကျွယ်လို နာမည်မကြီး ကျင့်ကြံမှုကလည်း သာမန်အဆင့်ပဲရှိတဲ့ လူတစ်ယောက်ကို ဘယ်သူက သတိထားမိမှာလဲ။ ဟန်ကျွယ်ကသာ လိုက်ပြီးရန်မစရင် တိုက်ခိုက်ခံရစရာအကြောင်း လုံးဝ မရှိပါဘူး။
တိတ်ဆိတ်ကျွန်းကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ သူ့တပည့်တွေကို စုဝေးဆီပြီး သူ့ခရီးစဉ်အကြောင်း ပြောပြကာ အမြင်ကျယ်စေပါတယ်။ ကံတရား မဟာတာအိုကိုတော့ ဟန်ကျွယ် ပြန်ပြီး မဟောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် ကိုယ်တိုင်က သိမြင်ထားရုံပဲ ရှိသေးလို့ပါ။
ငရဲနက်နတ်ဆိုးသခင်က သက်ပြင်းချလိုက်ပါတယ် “ဘိုးဘေးရှီတျန်က ရှေးဟောင်းခေတ်ရဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်ပဲ၊ အခုအချိန်အထိ ရှိနေအုန်းလိမ့်မယ်လို့ ထင်မထားဘူး”
ရွှင်ချန်အန်းလည်း တော်တော်လေး ခံစားသွားရပါတယ်။ အရင်တုန်းက ရွှင်ချန်အန်းဟာ ဗုဒ္ဓကို စွမ်းအားအကြီးဆုံးလို့ ထင်မှတ်ထားခဲ့တာပါ။ အခုတော့ ဟန်ကျွယ်ရဲ့ စကားကိုကြားပြီး ကောင်းကင်တာအိုဗုဒ္ဓက ဘိုးဘေးရှီတျန်ရှေ့မှာ ဂျူနီယာတစ်ယောက်သာသာ ရှိတာကို သိလိုက်ရပါတယ်။ တခြားတပည့်တွေကလည်း ဟန်ကျွယ်ရဲ့စကားကိုကြားပြီး သွေးတွေ ဆူပွက်ကုန်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တပည့်တွေကို ဆက်ကျင့်ကြံခိုင်းပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်တဲ့အခါ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စနစ်ရှိတာ ပေါ်သွားမှာစိုးတဲ့အတွက် မဟာအန္တိမခန်းမထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို သူကလွဲပြီး တခြားလူတွေ စိန်ခေါ်လို့မရအောင် တားမြစ်ချက် ထည့်လိုက်ပါတယ်။ တခြားတပည့်တွေ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လာရင်လည်း ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေကို တွေ့ရမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ့ကိုယ်ပွားလျူပေ့ကိုလည်း စိတ်မချတာကြောင့် အမြဲတမ်းဂရုစိုက်ပါတယ်။ ဒါက မယုံကြည်လို့ မဟုတ်ပါဘူး။ ဝိညာဉ်ရှာ ပညာရပ်နဲ့ တွက်ချက်ခံရမှာကို ကြောက်လို့ပါ။ ဘာပဲဖြစ်ဖြစ် ၁၀၀ ရာခိုင်နှုန်း လုံခြုံလေ ပိုကောင်းလေ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စတင်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ကံတရား မဟာတာအိုကိုတော့ နတ်မင်းအဆင့်ကို ရောက်မှပဲ ကျင်ကြံမှာပါ။ ဟန်ကျွယ်ဟာ အခုဆိုရင် ဆဋ္ဌမအဆင့် အင်မော်တယ်ဧကရာဇ် ဖြစ်နေပြီ ဖြစ်တဲ့အတွက် နောက်နှစ်တစ်ထောင်အတွင်း နတ်မင်းအဆင့်ကို မရောက်ဘူးလို့ ပြောမရပါဘူး။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။
[ဘိုးဘေးရှီတျန်သည် သင့်အား အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
[သိကျွင်းသည် သင့်အား အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
[ကျောက်စိမ်းဗုဒ္ဓသည် သင့်အား အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
[တာအိုခုနစ်ပါးပညာရှိသည် သင့်အား အကောင်းမြင်စိတ် ရှိလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး မျက်နှာသာပေးမှုတွေ ရှိလာတာလဲ… ဒီနာမည်တွေ ကြည့်ရတာ ဘော့စ်တွေနဲ့တူတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 321
? Views, Released on December 4, 2024