အခန်း (၃၂၀) ကံတရား မဟာတာအို၊ အင်မော်တယ်ဧကရာဇ် ဆဋ္ဌမအဆင့်
‘နတ်ဆိုးဧကရာဇ်ရဲ့ သားတော်လား’
ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို ရန်စထားပြီးပြီမို့ နတ်ဆိုးဧကရာဇ်ရဲ့သားတော်ကို စာမဖွဲ့ပါဘူး။ နောက်ပြီး မုန်းတီးမှုကလည်း နည်းနေပါသေးတယ်။ ဒီလိုမဟုတ်ဘဲ မုန်းတီးမှုက ထပ်တက်လာမယ်ဆိုရင်တော့ ဟန်ကျွယ်က စာနာနေမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ ရှေ့ဆက်လျှောက်ပါတယ်။ ဟန်ကျွယ်တို့သုံးယောက်ဟာ နောက်ဆုံးမှာမို့ အလျင်မလိုပါဘူး။
ဟန်ကျွယ်ဟာ မဟာအန္တိခန်းမတံခါးထဲ ဝင်လိုက်တဲ့အခါမှာ တောက်ပတဲ့အလင်းရောင်ထဲ စုန်းစုန်းမြုပ်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန့်တားဖို့မဖြစ်နိုင်တဲ့ အင်အားတစ်ခုက တစ်ကိုယ်လုံး လွှမ်းခြုံသွားတာကို ခံစားလိုက်ရပြီး လေပေါ်ပျံနေသလို ခံစားလိုက်ရပါတယ်။ အသက်ရှူကြိမ် လေးငါးကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မြေကြီးပေါ် ပြန်ရောက်ပြီလို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ စီတန်းရပ်နေတဲ့ လူတွေကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ် သေချာကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ ဆယ်တန်းရှိနေပြီး နောက်မှာလည်း ခုနစ်တန်းရှစ်တန်း ရှိနေတာကို တွေ့လိုက်ရပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ဘေးမှာလည်း ဖျာတစ်ချပ်စီ ရှိနေပါတယ်။
ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးနဲ့ လုံကျွင်းက သူ့နောက် နှစ်တန်းကွာမှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။ ရှန်စစ်သူကြီးနဲ့ လုံကျွင်းကလည်း ဟန်ကျွယ်ကို သတိထားမိသွားပြီး တအံတဩ ဖြစ်သွားကြပါတယ်။
ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးနဲ့ လုံကျွင်းရဲ့ အမူအရာကို ကြည့်ပြီး တွေးဆလိုက်ပါတယ် ‘ဒီနေရာတွေက အစီအစဉ်တကျ စီစဉ်ထားတာလား’ ဟန်ကျွယ်ဟာ ရှေ့တန်းတွေကို ဆက်ကြည့်တဲ့အခါ ကောင်းကင်ဧကရာဇ်က ရှေ့ဆုံးတန်းမှာ မဟုတ်ဘဲ ဒုတိယတန်းမှာ ရောက်နေတာကို တွေ့လိုက်ရပါတယ်။
ပထမတန်းကလူတွေဟာ အလင်းရောင်တွေ တောက်ပနေတာကြောင့် သူတို့ရဲ့ ရုပ်သွင်အမှန်ကို မြင်နိုင်ဖို့ ခက်ခဲလှပါတယ်။ တခြားသူတွေကလည်း ဘေးဘီပတ်ဝန်းကျင်ကို လိုက်ကြည့်နေကြပါတယ်။ တချို့ကတော့ အံအားသင့်နေပြီး တချို့ကတော့ စိတ်ပျက်အားငယ်နေပါတယ်။ တချို့ကတော့ မယုံကြည်နိုင်တဲ့မျက်နှာတွေ ဖြစ်နေပါတယ်။
ဘာတွေပဲဖြစ်ဖြစ် ဘယ်သူမှ စကားတစ်လုံး မပြောပါဘူး။ မျက်နှာအမူအရာ အမျိုးမျိုး ဖြစ်ပေါ်နေပေမဲ့ အလုံးစုံ တိတ်ဆိတ်နေတဲ့အတွက် ဟန်ကျွယ်ဟာ ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မရယ်ရဲတာကြောင့် စိတ်ကို အတက်နိုင်ဆုံးထိုင်ပြီး ဖျာပေါ် ကောက်ထိုင်လိုက်ပါတယ်။
‘အို… ဒီဖျာက မရိုးရှင်းဘူးပဲ’ ဟန်ကျွယ်ဟာ သူအခုထိုင်နေတဲ့ ဖျာက ဝီရိယတောင် ကျင့်ကြံခြင်းလိုဏ်ဂူမှာ ကျန်နေခဲ့တဲ့ဖျာထက် အဆင့်ပိုမြင့်တာကို အံအားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။ အဆုံးမရှိတဲ့ အင်မော်တယ်ချီဟာ ဖျာကနေ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်လာပါတယ်။ ဒီလိုတိုးဝင်လာတဲ့ အင်မော်တယ်ချီက မနည်းလွန်း မများလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ အတော်လေး နေသာထိုင်သာ ရှိသွားပါတယ်။
ခန်းမက လူရာချီ ဝင်ဆံ့တဲ့အပြင် လူတိုင်းကလည်း ဆယ်ပေကွာနေတဲ့အတွက် အတော်ကြီးမား ကျယ်ဝန်းတယ်လို့ ပြောလို့ရပါတယ်။ ခန်းမအထက်မှာတော့ အလင်းရောင်စူးစူး ရှိတာကြောင့် အပေါ်မှာ ဘယ်ရှိတယ်ဆိုတာကို မမြင်နိုင်ပါဘူး။ ဒါပေမဲ့ အပေါ်ကနေ ကျရောက်နေတဲ့ အလင်းရောင်ဟာ အလွန်တရာမှ နွေးထွေးလှပါတယ်။
ဒီအချိန်မှာပဲ ကြီးမားတဲ့ဖိအားတစ်ခု ဆင်းသက်လာပြီး လူတိုင်းကို မထိုင်မဖြစ်အောင် ဖိနှိပ်လိုက်ပါတယ်။ ရှေ့ဆုံးမှာလည်း အိုမင်းဟန်ရှိတဲ့ လူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး မျက်နှာချင်းဆိုင် ရပ်လိုက်ပါတယ်။
ဒီလူဟာ မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင်နဲ့ ငယ်ရွယ်နုပျိုတဲ့ မျက်နှာ ရှိပါတယ်။ သူ့မျက်လုံးတွေက ပိတ်ထားပေမဲ့ လောကကို ထိုးဖောက်မြင်နိုင်ပြီး စကားနဲ့ဖော်ပြလို့ မရလောက်အောင် လေးနက်တဲ့ကိုယ်ဟန် ရှိပါတယ်။
“ဘိုးဘေး ရှီတျန်ကို ဂါရဝပြုပါတယ်”
ရှေ့ဆုံးနှစ်တန်းက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ပြိုင်တည်းအော်ဟစ်ပြီး ဦးညွှတ်လိုက်တဲ့အတွက် နောက်တန်းက လူတွေလည်း အမြန်ဦးညွှတ်လိုက်ကြပါတယ်။ ဟန်ကျွယ်လည်း အများနည်းတူ ချက်ချင်းပဲ ဦးညွှတ်လိုက်ပါတယ်။
‘ဘိုးဘေးရှီတျန်’ ဟန်ကျွယ်ဟာ ဒီနာမည်က အထင်ကြီးဖို့ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ခန်းမထဲမှာရှိနေတဲ့ လူတိုင်းရဲ့ အချက်အလက်ကို ပုံတူကူးလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ စနစ်က အဆင့်မြင့်သွားပြီ ဖြစ်တဲ့အတွက် တာအိုစက်ကွင်း ပတ်လည်ကို ရောက်လာတဲ့သူတွေကိုပဲ ပုံတူကူးနိုင်တာ မဟုတ်တော့ပါဘူး။ ဟန်ကျွယ် ပတ်ဝန်းကျင်ကလူတွေရဲ့ အချက်အလက်ကိုလည်း ပုံတူကူးလာနိုင်ပါပြီ။
[ဘိုးဘေးရှီတျန်: ကျင့်ကြံမှုမသိ။ တာအိုဖြတ်ကျော်ဆရာကြီး။]
[ဧကရာဇ်ဟုန်ချန်: ကျင့်ကြံမှုမသိ။ အနန္တဧကရာဇ်။]
[ရှန်နန်းတော်သခင်: ကျင့်ကြံမှုမသိ။ အနန္တဧကရာဇ်။]
[နတ်ဆိုးဧကရာဇ်: ကျင့်ကြံမှုမသိ။ အနန္တဧကရာဇ်။]
လူအများစုရဲ့ ကျင့်ကြံမှုက မသိချည်းပါ။ ဒီရလဒ်ကြောင့် ဟန်ကျွယ်ဟာ အရမ်းစိတ်လှုပ်ရှားသွားပါတယ်။ ဒီလူတွေရဲ့ အချက်အလက်နဲ့ဆိုရင် ဟန်ကျွယ်ဟာ အနာဂတ်မှာ ပြိုင်ဘက်မရှိမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။
ဘိုးဘေးရှီတျန်က တစ်လုံးချင်း ပြောလိုက်ပါတယ် “ငါ တာအိုကို ရရှိပြီးကတည်းက အနန္တကပ်ဘေး ကိုးခုကို ကျော်ဖြတ်ပြီးပြီ၊ ကပ်ဘေးမစခင်တိုင်း ဒီနေရာမှာ ငါ တာအို ဟောကြားပြီး သက်ရှိအားလုံးကို အကျိုးဖြစ်ထွန်းစေတယ်၊ မင်းတို့တွေ ဘယ်လောက်ရလဲဆိုတာကတော့ မင်းတို့ရဲ့ သိမြင်နားလည်နိုင်စွမ်း အပေါ်မှာပဲ မူတည်တယ်”
“ဒီတစ်ခါ ငါဟောကြားမဲ့ မဟာတာအိုက ကံတရားပဲ၊ အမှောင်သခင်ကြီးက အနန္တကပ်ဘေးကို ထိန်းချုပ်ဖို့အတွက် ကျိန်စာကိုသုံးနေယ်လို့ ငါ ကြားထားတယ်၊ ကျိန်စာကလည်း ကံတရားတာအိုထဲမှာ ပါတယ်၊
‘အမှောင်သခင်ကြီး’ ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုနေရာမျိုးမှာ သူ့ရဲ့လျှို့ဝှက်ဘွဲ့နာမည်ကို ကြားရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
အမှောင်သခင်ကြီးရဲ့ နာမည်ကို ကြားလိုက်ရတဲ့ကြောင့် နတ်ဆိုးဧကရာဇ်၊ ကောင်းကင်တာအိုဗုဒ္ဓနဲ့ တခြားလူတွေဟာ မျက်နှာမဲ့သွားကြပါတယ်။ တချို့လူတွေကတော့ လေးစားကြည်ညိုတဲ့မျက်နှာတွေ ဖြစ်သွားကြပါတယ်။
ဘိုးဘေးရှီတျန်က ဆက်ပြောပါတယ် “ကံတရားမှာ အကျိုးနဲ့ အကြောင်းဆိုတာ ရှိတယ်၊ အရာအားလုံးရဲ့ ဆက်သွယ်မှုက အကြောင်း၊ အဲဒီဆက်သွယ်မှု ပြီးဆုံးသွားတာက အကျိုးပဲ၊ ကံတရားတာအိုက ကောင်းကင်တာအိုထက် ပိုပြီးတော့ ထူးကဲသာလွန်တယ်၊ ပြီးတော့ ရှာတွေ့ဖို့လည်း ခက်တယ်”
“ဒဏ္ဍာရီအရ ရှေးဟောင်းနတ်ဘုရားတွေ မဖြစ်ပေါ်ခင်တုန်းက မဟာတာအိုသုံးထောင်မှာ စိတ်ဝိညာဉ်ကိုယ်စီ ရှိကြတယ်၊ ကံတရားတာအိုရဲ့ စိတ်ဝိညာဉ်က မဟာတာအိုသုံးထောင်ရဲ့ တိုက်ပွဲကနေ မွေးဖွားလာခဲ့တယ်လို့ အဆိုရှိတယ်”
ဘိုးဘေးရှီတျန်ရဲ့အသံဟာ မှော်အစွမ်း ရှိတဲ့အတွက် ဟန်ကျွယ်ရဲ့ သိစိတ်ကို တာအိုသိမြင်နားလည်တဲ့ အခြေအနေဆီ ခပ်မြန်မြန် ဆွဲခေါ်သွားပါတယ်။ ဒီအခြေအနေက အရမ်းကို သိမ်မွေ့လွန်းပါတယ်။
ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို စတင်လှည့်ပတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ လောကဦး ကြယ်တရာခန္ဓာကိုယ်ရဲ့ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံ စုပ်ယူမှုဟာလည်း ပိုမြန်ဆန်သွားပါတယ်။
ဘိုးဘေးရှီတျန်ဟာ တစ်စုံတစ်ခုကို ခံစားမိဟန် ရှိတာကြောင့် ဟန်ကျွယ်ဆီ အကြည့်ရောက်သွားပါတယ်။ ဘိုးဘေးရှီတျန်က ဟန်ကျွယ်ကို တစ်ချက်ပဲ ကြည့်လိုက်တာပါ။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ရဲ့ ကျန်တဲ့စကားလုံးတွေကို မကြားနိုင်တော့ပါဘူး။ ဟန်ကျွယ်ဟာ အသိဉာဏ်လင်းလက်တဲ့ အခြေအနေမှာ ရှိနေပြီး မရေမတွက်နိုင်တဲ့ အတွေးတွေ သိမြင်နားလည်မှုတွေဟာ စိတ်ထဲမှာ တရဟော ပေါ်လာပါတယ်။
ဒီအခြေအနေက ဟန်ကျွယ် မဟာတာအို အပိုင်းအစနဲ့ ပေါင်းစပ်တုန်းကလိုပါပဲ။ မဟာတာအိုကို သိမြင်နားလည်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုအဆင့် တိုးတက်လာတာကို သတိမထားမိပါဘူး။ ဟန်ကျွယ် ထိုင်နေတဲ့ဖျာက ဟန်ကျွယ် လိုအပ်တဲ့ အင်မော်တယ်ချီကို လိုသလောက် ထုတ်ပေးပါတယ်။
ဟန်ကျွယ် တစ်ယောက်တည်း အသိဉာဏ်လင်းလက်တာ မဟုတ်ပါဘူး။ ကောင်းကင်ဧကရာဇ်၊ နတ်ဆိုးဧကရာဇ်နဲ့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း အသိဉာဏ်လင်းလက် ကြပါတယ်။
တစ်နှစ်မပြည့်ခင်မှာပဲ မဟာညီညွတ်မှု ရွှေအင်မော်တယ်ဟာ ဧကရာဇ်အဆင့်ကို တက်ရောက်သွားပါတယ်။
အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အချိန်ကုန်တာကို သတိမထားမိပါဘူး။ အချိန်တစ်ခု အရောက်မှာတော့ တာအိုဟောကြားတာ ပြီးဆုံးသွားပြီး ဟန်ကျွယ် နိုးလာပါတယ်။ ဟန်ကျွယ် တစ်ယောက်တည်း နိုးလာတာ မဟုတ်ပါဘူး။ လူတိုင်းလိုလို အိပ်မက်ထဲကနေ နိုးလာသလိုမျိုး ခံစားကြရတာပါ။
ဟန်ကျွယ်ရဲ့ သိစိတ် ရှင်းလင်းသွားတဲ့အခါ သူ့ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ် ဆဋ္ဌမအဆင့် ရောက်နေတာကို အံအားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။
‘မြန်လှချည်လား’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၃,၉၅၁/၁,၀၂၅,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: အင်မော်တယ် (လောကဦး ကြယ်တာရာ ခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း အင်မော်တယ်ဧကရာဇ် ဆဋ္ဌမအဆင့်။]
ဟန်ကျွယ်ဟာ သူ့သက်တမ်းကိုကြည့်ပြီး ဒီတာအိုဟောကြားတာက ၄၉ နှစ် ကြာသွားမှန်း သိလိုက်ရပါတယ်။ ဒါ့အပြင် သူ့သက်တမ်းကလည်း တစ်ကွာဒလီယံထိ တိုးသွားမှန်း တွေ့လိုက်ရပါတယ်။
ဒီရလဒ်ကြောင့် ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို အကောင်းမြင်သွားပြီး ကောင်းကင်ဧကရာဇ် အပေါ်ကိုလည်း မျက်နှာသာပေးမှု တိုးသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်စကားက အရမ်းမှန်ကြောင်း သဘောပေါက်သွားပါတယ်။ ဟန်ကျွယ်သာ ဒီတာအိုဟောကြားတာကို လာနားမထောင်ဘူးဆိုရင် ကြီးကြီးမားမား ဆုံးရှုံးမှာပါ။
ဒါတင် မကေသေးပါဘူး။ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ်စွမ်းအား အသစ်ကိုလည်း ခံစားလိုက်ရပါတယ်။ ဒီစွမ်းအားက မဟာတာအိုရဲ့ စွမ်းအား တစ်နည်းအားဖြင့် ကံတရား မဟာတာအိုပါ။
ဟန်ကျွယ်ရဲ့ လောကဦးကမ္ဘာထဲမှာလည်း ကံတရား မဟာတာအိုနဲ့ ပြည့်နေပြီး သေခြင်းရှင်ခြင်း မဟာတာအိုဟာ ကံတရား မဟာတာအိုနား မကပ်ရဲပါဘူး။ ဒီခံစားချက်က တော်တော်လေးကို ထူးဆန်းပါတယ်။
ကံတရား မဟာတာအိုက ကမ္ဘာဖျက်ကြာနက်လိုပါပဲ။ ဟန်ကျွယ် ထိန်းချုပ်လို့ မရပါဘူး။
“ဒီ ၄၉ နှစ်မှာ တာအိုရောင်းရင်း ၇၃၂ ယောက်က ကံတရား မဟာတာအိုကို သိမြင်နားလည်ပြီး ၁၉ ယောက်ကတော့ ကံတရား မဟာတာအိုကို ဖမ်းမိသွားတယ်”
ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန်းမထဲမှာ လူတစ်ထောင် မပြည့်ပေမဲ့ လူ ၇၀၀ ကျော်က ကံတရား မဟာတာအိုကို သိမြင်နားလည်သွားလို့ပါ။
ဟန်ကျွယ်ဟာ သွေးအန်လုနီး ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပါရမီရှင်လို့ တွေးထင်ထားလို့ပါပဲ။ ဒီထက်ပိုဆိုးတာကတော့ စွမ်းအားကြီးပုဂ္ဂိုလ် ၁၉ ယောက်က ကံတရားမဟာတာအိုကို တစ်ခါတည်း ရရှိသွားတာပါ။
‘ကံကောင်းထောက်မပြီး ငါလိုက်လာလို့၊ မဟုတ်ရင် ကံတရား မဟာတာအိုနဲ့ ငါ လွဲချော်ရမှာ’
ဘိုးဘေးရှီတျန်က ဆက်ပြောပါတယ် “နောက်ဆယ်နှစ်မှာ မင်းတို့အကုန်လုံး မေးခွန်း မေးလို့ရတယ်၊ ပထမတန်းက မေးခွန်းသုံးခု ဒုတိယတန်းက မေးခွန်းနှစ်ခု ကျန်တဲ့အတန်းတွေကတော့ တစ်ယောက်ကို မေးခွန်းတစ်ခုစီ မေးလို့ရတယ်၊ အစဉ်အတိုင်း သွားကြတာပေါ့”
‘မေးခွန်းတစ်ခု မေးလို့ရတာလား’ ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ ဘာမေးသင့်လဲ’
‘သာမန်မေးခွန်းပဲ မေးသင့်လား၊ ဒါမှမဟုတ် ငါ တကယ်သိရမဲ့ဟာကို မေးသင့်လား…’ ဟန်ကျွယ်ဟာ ချက်ချင်း ဆုံးဖြတ်ချက် မချနိုင်တာကြောင့် သူများတကာတွေ မေးတာကို အရင်ဆုံးနားထောင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
“ဘိုးဘေး… ကောင်းကင်တာအိုနဲ့ မဟာတာအိုမှာ ဘယ်ဟာကို ကျင့်ကြံတာက ပိုကောင်းလဲ” ပထမတန်းမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက မေးလိုက်ပါတယ်။ ဒီမေးခွန်းက လူတိုင်းရဲ့အာရုံကို ဆွဲဆောင်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 320
? Views, Released on December 4, 2024