Switch Mode

Chapter – 318

အခန်း (၃၁၈) လီရွှမ်အောက် ကျိန်စာတိုက်ခံရခြင်း
လျူပေ့ဟာ လီရွှမ်အောက်ကို အကဲခတ်လိုက်တဲ့အခါ အရမ်းစွမ်းအားကြီးတာ သိသွားတဲ့အတွက် တလေးတစား ပြန်ဖြေလိုက်ပါတယ် “မဟုတ်ပါဘူး၊ ကျွန်တော်က ကူပြီး စောင့်ပေးတာ”
လီရွှမ်အောက်က ဆက်မေးပါတယ် “အဲဒါဆို ပိုင်ရှင်က ဘယ်သူလဲ၊ သူ့ကို ခေါ်လိုက်စမ်း”
“ဘာကိစ္စရှိလို့ပါလဲ”
“ငါ ဓားတာအိုမြစ်ကို သူ့ဆီကနေ လိုချင်တယ်၊ ငါနဲ့ လာဆွေးနွေးရင် ဆွေးနွေး မဆွေးနွေးရင် ငါက လုမှာ” လီရွှမ်အောက်ဟာ လျူပေ့ကို ဂရုမစိုက်ဘဲ စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်ပါတယ်။
လျူပေ့ဟာ လီရွှမ်အောက်စကားကြောင့် ထိတ်လန့်သွားပြီး တုန်တုန်ယင်ယင်နဲ့ ပြန်ပြောလိုက်ပါတယ် “ဒါက မကောင်းဘူးထင်တယ်၊ ကျွန်တော့်သခင်က ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ် နတ်ဘုရားပဲ၊ ခင်ဗျား ဒီလိုလုပ်ရင် ကောင်းကင်ဧကရာဇ်ကို အပြစ်ပြုမိရာ ရောက်လိမ့်မယ်”
လီရွှမ်အောက်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်ကို အပြစ်ပြုမိမယ် ဟုတ်လား၊ ကောင်းကင်ဧကရာဇ်တောင် ငါ့ကို မျက်နှာသာပေးရမယ်”
လျူပေ့ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော် မယုံဘူး၊ တကယ်လို့ ကောင်းကင်ဧကရာဇ်သာ သဘောတူမယ်ဆိုရင် ကျွန်တော့်သခင်ကိုယ်စား ဓားတာအိုမြစ်ကို လွှဲပေးမယ်”
“တကယ်လား”
လီရွှမ်အောက်ဟာ လက်မြှောက်လိုက်တဲ့အခါ လက်ထဲမှာ ကောင်းကင်တာအိုတိုကင် ပေါ်လာပါတယ်။ မကြာခင်မှာပဲ ကောင်းကင်တာအိုတိုကင်ထဲကနေ ကောင်းကင်ဧကရာဇ်ရဲ့အသံ ထွက်ပေါ်လာပါတယ် “ဘာကိစ္စလဲ”
“ကျွန်တော် ကြားရသလောက် ဓားတာအိုမြစ်ပိုင်ရှင်က ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်နတ်ဘုရားဆို၊ ကျွန်တော် ဓားတာအိုမြစ်ကို လိုချင်တယ်၊ ကျွန်တော့်ကို ဓားတာအိုမြစ် ပေးနိုင်မလား” လီရွှမ်အောက်က ယုံကြည်ချက်ရှိတဲ့မျက်နှာနဲ့ မေးလိုက်ပါတယ်။
လီရွှမ်အောက် အခုလို ယုံကြည်ချက် ရှိနေတာကလည်း မထူးဆန်းပါဘူး။ ကောင်းကင်ဧကရာဇ် ကိုယ်တိုင်က သူတို့ညီအစ်ကိုနှစ်ယောက်ကို ကောင်းကင်ရုံးတော်ဆီ ဖိတ်ခေါ်ခဲ့တာ မဟုတ်ပါလား။
“မရဘူး၊ တခြားဟာတောင်းချည်”
ကောင်းကင်ဧကရာဇ်ရဲ့ အဖြေကြောင့် လီရွှမ်အောက်ဟာ မျက်နှာခဲသွားပြီး လျူပေ့ကတော့ သက်ပြင်းရှည်ကြီးတစ်ချက် ချကာ စိတ်သက်သာရာ ရသွားပါတယ်။ မလှမ်းမကမ်းမှာရှိနေတဲ့ ပန်ရှင်းကလည်း လီရွှမ်အောက်နဲ့ လျူပေ့ကို လှမ်းကြည့်ပါတယ်။
လီရွှမ်အောက်က အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီးက ကျွန်တော်တို့ လိုအပ်တဲ့ရင်းမြစ်တွေကို ထောက်ပံ့ပေးဖို့ သဘောတူထားတယ်မလား”
“အဲဒီ အင်မော်တယ် နတ်ဘုရားကလွဲလို့ ကျန်တာအားလုံးရတယ်”
“သူက ကျွန်တော်တို့ထက် စွမ်းအားပိုကြီးလို့လား”
“ဟုတ်တယ်…”
လီရွှမ်အောက်ဟာ တိတ်ဆိတ်သွားပါတယ်။ လီရွှမ်အောက်ဟာ ဘဝမြင့်ပေမဲ့ ငတုံးမဟုတ်ပါဘူး။ ဒါကြောင့် သူ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကောင်းကင်ရုံးတော်မှာ သူ့ထက် စွမ်းအားကြီးတဲ့လူတွေရှိတာကို သိပါတယ်။
“ဟားဟား…” ပန်ရှင်းဟာ မနေနိုင်ဘဲ ဟားတိုက်ရယ်မောလိုက်ပါတယ်။
ပန်းရှင်းရဲ့ ရယ်သံကြောင့် လီရွှမ်အောက်ဟာ ရှက်သွားပါတယ်။ လျူပေ့ကတော့ လီရွှမ်အောက်ရဲ့ဒေါသ ပေါက်ကွဲထွက်မှာကို စိုးရိမ်သွားပါတယ်။ ဒါပေမဲ့ လီရွှမ်အောက်ဟာ အေးစက်တဲ့မျက်နှာနဲ့ ထွက်သွားဖို့ ရွေးချယ်လိုက်ပါတယ်။
ပန်ရှင်းဟာ လျူပေ့ကိုကြည့်ပြီး ပြောလိုက်ပါတယ် “အဲဒီကောင်လေးမှ ဒီလိုမျိုးနောက်ခံ ရှိလိမ့်မယ်လို့ ထင်မထားဘူး၊ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ”
လျူပေ့ဟာ မဆိုစလောက် ခေါင်းညိတ်ရုံကလွဲလို့ ပန်ရှင်းကို ဘာမှပြန်မပြောပါဘူး။ ဒါကြောင့် ပန်းရှင်းဟာ ဘာမှဆက်မပြောတော့ဘဲ တစ်ဖက်လှည့်ပြီး လုပ်စရာရှိတာ ဆက်လုပ်ပါတယ်။ လျူပေ့ကလည်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ အကြောင်းအရာ အလုံးစုံကို လျူပေ့ဆီကနေ သိလိုက်ရတဲ့အခါမှာ လီရွှမ်အောက်ကို ပိုပြီးတော့ မကျေနပ်ဖြစ်သွားပါတယ်။
‘ဒီကောင်စုတ်က ငါ့ခွေးရဲ့ မျက်လုံးကို ဖောက်ထုတ်ရုံနဲ့ အားမရလို့ ငါ့နယ်မြေကိုပါ လုချင်နေပါ့လား… ကြည့်ရတာ အသက်မရှင်ချင်တော့ဘူးနဲ့ တူတယ်’
ဟန်ကျွယ်ဟာ သံသယဝင်ခံရမှာစိုးတဲ့အတွက် လီရွှမ်အောက်ကို ချက်ချင်းကြီး ကျိန်စမတိုက်ပါဘူး။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ် ဘာမှမပြောခင်မှာပဲ ဝူတောက်ကျန့်ဟာ အလိုက်တသိနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။ ဝူတောက်ကျန့် ထွက်သွားတာနဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး လီရွှမ်အောက်ကို ကျိန်စာစတိုက်ပါတယ်။ ဒီလိုနဲ့ လေးငါးခြောက်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ သက်တမ်း သန်း၅၀၀ ဆုံးရှုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ဒဏ်ရာတွေကို ကုသရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိုးမြေသားတော်အား သတ်ဖြတ်ပြီး ကံတရား အထောက်အပံ့ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၇၆၉
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ လီရွှမ်အောက်သည် အတွင်းနတ်ဆိုး သောင်းကျန်းခံရပြီး ဓားနှလုံးသား ပြောင်းလဲကာ မိစ္ဆာစိတ်ဝင်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ရှန်နန်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈
[သင့်တပည့် လုံဟောင်သည် မဟာတာအိုအား သိမြင်နားလည်ပြီး ဆန်းကြယ်စွမ်းအားတစ်ပါးအား တတ်မြောက်သွား၏။ ထို့အပြင် ကောင်းကင်တာအို အထောက်အပံ့မှ အသိဉာဏ် လင်းလက်မှု ရရှိသွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ဆန်းကြယ်စွမ်းအားတစ်ပါးအား သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် အောင်မြင်စွာ ခန္ဓာသိမ်းနိုင်ခဲ့ပြီး ဗုဒ္ဓဖြစ်သွား၏။]
လီရွှမ်အောက် ဒုက္ခရောက်တာကို တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ ဝမ်းသာသွားပါတယ်။ ဒါ့အပြင် ဂျိရှင်းရှန်က မိုးမြေသားတော်ကို သတ်လိုက်တာလည်း သတိထားမိသွားပါတယ်။
‘ကပ်ဘေးသခင်ဆိုတဲ့အတိုင်း ကြမ်းလှချည်လား၊ မိုးမြေသားတော်ကိုတောင် သတ်နိုင်တယ်’ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်က အနန္တကပ်ဘေးအတွင်းမှာ ဘယ်လောက်ထိ အစွမ်းထက်လာမလဲဆိုတာ သိချင်သွားပါတယ်။
‘မင်း နောက်ဆုံးထိ ရှင်သန်နိုင်ဖို့ ငါမျှော်လင့်ပါတယ်၊ မဟုတ်ရင် ဘယ်လောက်စွမ်းစွမ်း အလကားပဲ’
ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေအကုန်လုံး ကပ်ဘေးထဲမှာ သေဆုံးတာကို မမြင်ချင်ပါဘူး။ မိတ်ဆွေတွေသာ အကုန်လုံးသေဆုံးသွားရင် ဟန်ကျွယ် တော်တော်လေး အထီးကျန်သွားမှာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးဧကရာဇ်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ပြီးတော့မှာပဲ ကျင့်ကြံအားထုတ်တာကို ဆက်ပါတယ်။ ဟန်ကျွယ်ဟာ တာအို‌ဟောကြားတာကို သွားနားမထောင်ခင် တက်နိုင်သလောက် စွမ်းအားကြီးလာအောင် ကျင့်ကြံဖို့ ဆုံးဖြတ်ထားပါတယ်။
ဒီလိုနဲ့ နှစ် ၂၀ ကြာတဲ့နောက်မှာတော့ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ဆက်သွယ်လာပြီး ထုန်ကျန့်ကမ္ဘာ တည်ရှိခဲ့တဲ့ ဟင်းလင်းပြင်ကို လာခိုင်းပါတယ်။
ဟန်ကျွယ်လည်း တပည့်တွေအကုန်လုံးကို စုစည်းပြီး သူ့ခရီးစဉ်အကြောင်း ပြောပြလိုက်ပါတယ်။
“ဝိုး… ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ တာအိုဟောကြားတာကို နားထောင်ရမှာလား၊ ဂိုဏ်းချုပ်… ဒါက အခွင့်အရေးကြီးပဲ၊ ကျွန်တော် နတ်ဆိုးရုံးတော်မှာ ရှိတုန်းကတောင် အဲဒီလိုအခွင့်အရေးမျိုး တစ်ခါမှမရခဲ့ဘူး” ငရဲနက်နတ်ဆိုးသခင်က မနာလိုစွာ ပြောလိုက်ပါတယ်။
သွမ့်ဟုန်ချန်လည်း မနာလိုတဲ့မျက်နှာ ဖြစ်သွားပါတယ်။ သွမ့်ဟုန်ချန်တို့ ခေတ်တုန်းကလည်း ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ တာအိုနားထောင်နိုင်တဲ့သူတွေက စွမ်းအားကြီးပုဂ္ဂိုလ်တွေချည်းပါပဲ။
တခြားတပည့်တွေကတော့ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ ဘာတွေရှိနေလဲဆိုတာ စိတ်ဝင်စားသွားပါတယ်။
“ငါ ပြန်လာရင် ပြောပြမယ်၊ ငါ သွားပြီ” စကားအဆုံးမှာပဲ ဟန်ကျွယ်ဟာ ငရဲပြည်ကနေ ခုန်ထွက်လိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ ငရဲနက်နတ်ဆိုးသခင်ကို ဝန်းရံပြီး ငရဲနက်နတ်ဆိုးသခင် ပြောပြတဲ့ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက် ဒဏ္ဍာရီတွေအကြောင်း နားထောင်ကြပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်း တစ်ခုခုဖြစ်မှာစိုးတဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကောင်းကင်ရုပ်သေးရုပ် တစ်ရုပ် ထားခဲ့ပါတယ်။
အချိန်အတန်ကြာတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာ တည်ရှိခဲ့တဲ့ ဟင်းလင်းပြင်ကို ရောက်သွားပါတယ်။ ဟန်ကျွယ် ရောက်ပြီး မကြာခင်မှာပဲ ကောင်းကင်ဧကရာဇ် ပေါ်လာပါတယ်။ ကောင်းကင်ဧကရာဇ်နဲ့အတူ လူနှစ်ယောက်လည်း ပါလာပါတယ်။ အဲဒီလူနှစ်ယောက်တော့ ရှန်စစ်သူကြီးနဲ့ အိမ်ရှေ့မင်းသားလုံကျွင်းတို့ပါ။
ရှန်စစ်သူကြီးဟာ ဟန်ကျွယ် ထင်ထားသလိုပဲ စွမ်းအားကြီးမားလှပါတယ်။ လုံကျွင်းကလည်း စွမ်းအားကြီးတာပါပဲ။
ဒါက ပထမဆုံးအကြိမ် တွေ့ဆုံတာမို့ ကောင်းကင်ဧကရာဇ်ဟာ အချင်းချင်း မိတ်ဆက်ပေးပါတယ်။ ပြီးတော့မှ ခရီးဆက်ပါတယ်။ ဒီလိုနဲ့ ဟန်ကျွယ်တို့ဟာ တောက်ပပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အာကာသတစ်ခုကို ရောက်သွားပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်တို့သုံးဦးကို ဝိညာဉ်စွမ်းအားနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး ခရီးနှင်တာကြောင့် အရာအားလုံးဟာ လျင်မြန်စွာပဲ နောက်မှာ ကျန်နေခဲ့ပါတယ်။ ဥပမာပေးရရင် အာကာသဥမင်ကို ဖြတ်သန်းသွားလာနေသလိုမျိုးပါ။
ရှန်စစ်သူကြီးက ဟန်ကျွယ်ကို စိုက်ကြည့်ပြီး အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း ထွက်လာလိမ့်မယ်လို့ ထင်မထားဘူး၊ ငါ မင်းအကြောင်းကို တော်တော်လေး ကြားထားတယ်”
လုံကျွင်းကလည်း ဟန်ကျွယ်ကို စိတ်ဝင်တစား ကြည့်လိုက်ပါတယ်။ လုံကျွင်းဟာ ကောင်းကင်ရုံးတော်ရဲ့ အိမ်ရှေ့မင်းသား ဖြစ်တဲ့အတွက် ကောင်းကင်ဧကရာဇ် ယုံကြည်ရတဲ့အထဲမှာ ပါပါတယ်။ ဒါကြောင့် ဟန်ကျွယ်အကြောင်းကို ကောင်းကင်ဧကရာဇ်ဆီကနေ အနည်းနဲ့အများ ကြားထားပါတယ်။
“အဟွတ်… ကျွန်တော်က သေမှာကြောက်ပေမဲ့ အရှင်မင်းကြီးကိုတော့ မျက်နှာပေးရမယ်လေ”
ဟန်ကျွယ်ရဲ့ အဖြေကြောင့် ကောင်းကင်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဒီကောင်လေးက ငါ့ကို တကယ်ငြင်းတာ၊ ငါသာ သူ့ကို ဖိအားမပေးရင် သူ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ မျက်နှာပူသွားပါတယ်။ ရှန်စစ်သူကြီးနဲ့ လုံကျွင်းလည်း ရယ်ရခက် ငိုရခက် ဖြစ်သွားပါတယ်။
လမ်းတစ်လျှောက် ဟန်ကျွယ်ဟာ စကားသိပ်မပြောပါဘူး။ ရှန်စစ်သူကြီး၊ လုံကျွင်းနဲ့ ကောင်းကင်ဧကရာဇ်တို့ကတော့ စကားတွေဖောင်ဖွဲ့အောင် ပြောကြပါတယ်။
“မင်း ဘာတွေကြောက်နေတာလဲ” ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကိုကြည့်ပြီး မေးလိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေပါတယ် “ဘာပဲဖြစ်ဖြစ် သတိထားတာ မမှားဘူးမလား”
လုံကျွင်းဟာ ဟန်ကျွယ်ကိုကြည့်ပြီး ခေါင်းခါကာ ရယ်မောလိုက်ပါတယ်။ ရှန်စစ်သူကြီးကတော့ ဟန်ကျွယ်စကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ကတော့ ဘာမှထပ်မပြောတော့ပါဘူး။
တစ်နာရီ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်တို့ဟာ ကောင်းကင်ယံကို ထိုးတက်ပြီး တိမ်အလွှာလွှာကို ဖြတ်ကျော်ပါတယ်။ ဟန်ကျွယ်ဟာ အပေါ်ကို မော့ကြည့်လိုက်တဲ့အခါမှာ ကောင်းကင်က အဆုံးမရှိတာကို တွေ့လိုက်ရပါတယ်။
‘အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်က ဘယ်လောက်မြင့်လဲ’ ဟန်ကျွယ်ဟာ သိချင်သွားပါတယ်။ 
မကြာခင်မှာပဲ ဟန်ကျွယ်တို့ဟာ မမြင်နိုင်တဲ့ဖိအားလွှာကို ကျော်ဖြတ်သွားပြီး ကောင်းကင်ပြင်က အပြာရောင် မဟုတ်တော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ဖိအားကို စတင်ခံစားလိုက်ရပါတယ်။ ဒီဖိအားက ဓားတာအိုမြစ်ကို လျှောက်လှမ်းနေသလိုမျိုး ရှေ့တိုးလေလေ ဖိအားများလေလေပါ။
ဒီဖိအားများတဲ့ ဆယ့်ရှစ်လွှာကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ ကောင်းကင်ပြင်ဟာ မည်းမှောင်သွားပါတယ်။ လျှပ်စီးတွေက မပြတ်ဝင်းလက်နေပြီး မိုးခြိမ်းသံကလည်း အလျင်မပြတ်ပါဘူး။ ဟန်ကျွယ်ဟာ တိမ်ပင်လယ်မှာ လှည့်လည်သွားလာနေတဲ့ မိုးကြိုးနဂါးတွေကိုတောင် မသဲမကွဲ မြင်လိုက်ရပါတယ်။ ဒီမြင်ကွင်းက တစ်သက် မမေ့နိုင်မဲ့ မြင်ကွင်းပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset