Switch Mode

Chapter – 315

အခန်း (၃၁၅) ဟင်းလင်းပြင်ဧကရာဇ်
အင်မော်တယ်ကမ္ဘာ၊ ကောင်းကင်ဘုံ အနောက်ပိုင်း။
မှောင်မိုက်တဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကောင်းကင်တာအိုဗုဒ္ဓဟာ ဖျာပေါ်ထိုင်နေပါတယ်။ ‌ကောင်းကင်တာအိုဗုဒ္ဓရဲ့ မျက်နှာအမူအရာဟာ ပြောင်းလဲနေပြီး မျက်ခုံးနှစ်ဖက်အကြားမှာ နတ်ဆိုးရောင်ဝါ ထွက်ပေါ်လာပါတယ်။ ခြုံပြုံရရင် ကောင်းကင်တာအိုဗုဒ္ဓဟာ အလွန်ထူးဆန်းတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ကောင်းကင်တာအိုဗုဒ္ဓဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓရဲ့ မျက်လုံးတွေဟာ မိစ္ဆာတစ်ကောင်လို နီရဲနေပြီး မျက်နှာကလည်း ရက်စက်ကြောက်မက်ဖွယ် ကောင်းနေပါတယ်။
“သေစမ်း… ငါ မိစ္ဆာနှလုံးသားကို မထိန်းချုပ်နိုင်တော့ဘူး၊ ငါ ဘာလုပ်သင့်လဲ”
ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပြီး အမှောင်သခင်ကြီးကို အမှုန့်ကြိတ်ပစ်ချင်သွားပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓဟာ အမှောင်သခင်ကြီးက သူ့ကိုပဲ ပစ်မှတ်ထားပြီး ဘာကြောင့် ကျိန်စာတိုက်နေရလဲဆိုတာ အခုထက်ထိ နားမလည်နိုင်သေးပါဘူး။
အင်အားချင်းယှဉ်ရင် ဗုဒ္ဓဂိုဏ်းဟာ ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်ကို မမီပါဘူး။ တိတိကျကျပြောရရင် နတ်ရွှေကျီးကန်းမိသားစုလောက်တောင် မကြမ်းပါဘူး။ နောက်ပြီး ဗုဒ္ဓဂိုဏ်းမှာ ကောင်းကင်တာအိုဗုဒ္ဓတစ်ပါးတည်းရှိတာ မဟုတ်ပါဘူး။ တခြားဗုဒ္ဓတွေလည်း အများကြီးပါ။
‘ငါ သူ့ကို အပြစ်ပြုမိထားလို့ အမှောင်သခင်ကြီးက ငါ့ကိုပဲ ပစ်မှတ်ထားပြီး ကျိန်စာတိုက်တာလား’ ကောင်းကင်တာအိုဗုဒ္ဓဟာ သေချာပြန်စဉ်းစားကြည့်တဲ့အခါ အပြစ်ပြုထားတဲ့လူတွေက များလွန်းတဲ့အတွက် အမှောင်သခင်ကြီးက ဘယ်သူလဲဆိုတာ စဉ်းစားမရပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓဟာ မိစ္ဆာနှလုံးသားကို မထိန်းချုပ်နိုင်တော့တဲ့အတွက် လူ‌ရှေ့သူရှေ့ မထွက်ရဲတော့ပါဘူး။ မဟုတ်လို့ ကောင်းကင်တာအိုဗုဒ္ဓက မိစ္ဆာဆိုတဲ့ သတင်းသာ ပျံ့နှံ့သွားရင် ဗုဒ္ဓဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတိုင်းရဲ့ ပစ်မှတ် ဖြစ်လာမှာပါ။
ဒါကြောင့် ကောင်းကင်တာအိုဗုဒ္ဓဟာ ကြိတ်မှိတ်သည်းခံရုံကလွဲပြီး တခြားမရှိပါဘူး။ ကောင်းကင်တာအိုဗုဒ္ဓဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး မိစ္ဆာနှလုံးသားကို ဖိနှိပ်ပါတယ်။
နတ်ဆိုးရုံးတော်၊ နတ်ဆိုးဧကရာဇ်နန်းတော်။
နတ်ဆိုးဧကရာဇ်ဟာ ရုပ်ရည်ချောမောတဲ့ ယောက်ျားတစ်ယောက်နဲ့ စကားပြောနေပါတယ်။ ဒီချောမောတဲ့ယောက်ျားဟာ အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ကြံ့ခိုင်တဲ့ခန္ဓာကိုယ် ရှိပါတယ်။ သူ့ရဲ့အနက်‌ရောင် ဆံပင်တွေဟာ နဂါးနက်တွန့်လိမ်နေသလိုမျိုး ခေါင်းထက်မှာ လိမ်ခွေနေပါတယ်။
ဒီချောမောတဲ့ယောက်ျားဟာ တခြားသူမဟုတ်ပါဘူး။ နတ်ဆိုးဧကရာဇ်ရဲ့သားတော် ဟင်းလင်းပြင်ဧကရာဇ်ပါ။
“ခမည်းတော် မစိုးရိမ်ပါနဲ့၊ ကျွန်တော် ပုန်းအောင်းနေတာ နှစ်ငါးသန်းရှိပြီဆိုတော့ ကျွန်တော့်အစွမ်းကို ပြသရမဲ့အချိန် ‌ရောက်ပြီ”
နတ်ဆိုးဧကရာဇ်ဟာ ပြုံးပြီး ပြောလိုက်ပါတယ် “မင်းက ငါသားတော်တွေထဲမှာ အကြိုးစားဆုံးပဲ၊ နောက်ပြီး နှစ်ငါးသန်း ဂူအောင်းကျင့်ကြံခဲ့တာဆိုတော့ နတ်ဆိုးတွေထဲမှာ မင်းရဲ့စိတ်ဓာတ်ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှာ မရှိဘူး”
ဟင်းလင်းပြင်ဧကရာဇ်ဟာ နတ်ဆိုးဧကရာဇ်ရဲ့ ချီးကျူးမှုကြောင့် ရယ်မောလိုက်ပါတယ် “ဟား..ဟား…”
ဟင်းလင်းပြင်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ မျှော်လင့်ချက်ရောင်ခြည်တွေ ပြည့်နှက်နေပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်ရဲ့ အရည်အချင်းက နဂိုကတည်းက ထူးချွန်ထက်မြက်တဲ့အပြင် နှစ်ငါးသန်းတောင် ဂူအောင်းကျင့်ကြံထားတာကြောင့် ကျင့်ကြံမှုအဆင့်ကလည်း အတော်လေး မြင့်မားနေပါပြီ။ ဒါကြောင့် ဟင်းလင်းပြင်ဧကရာဇ်ဟာ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်နိုင်ပြီလို့ သူ့ကိုယ်သူ ယူဆထားပါတယ်။
ဟင်းလင်းပြင်ဧကရာဇ်က အပြုံးနဲ့ မေးလိုက်ပါတယ် “ခမည်းတော်… ကျွန်တော် ရှင်းပစ်ဖို့လိုတဲ့လူ ရှိလား”
နတ်ဆိုးဧကရာဇ်ဟာ ပြန်ဖြေဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် မျက်နှာပျက်သွားပါတယ်။
‘ဒီကျိန်စာ လာပြန်ပြီ… အစုတ်ပလုတ် အမှောင်သခင်ကြီး’
နတ်ဆိုးဧကရာဇ်ဟာ ရွေးချယ်စရာမရှိဘဲ ဝိညာဉ်စွမ်းအားကို လှည့်ပတ်ပြီး ကျိန်စာစွမ်းအားကို ဖိနှိပ်လိုက်ပါတယ်။
ဟင်းလင်းပြင်ဧကရာဇ်ဟာ နတ်ဆိုးဧကရာဇ်ရဲ့ ထူးဆန်းတဲ့အမူအရာကို သတိထားမိတာကြောင့် စိုးရိမ်စွာ မေးလိုက်ပါတယ် “ခမည်းတော် ဘာဖြစ်တာလဲ”
နတ်ဆိုးဧကရာဇ်ဟာ အဖြစ်မှန်ကို မဖုံးကွယ်ဘဲ ခပ်တိုးတိုး ရှင်းပြလိုက်ပါတယ် “အမှောင်သခင်ကြီးက ငါ့ကိုထပ်ပြီးတော့ ကျိန်စာတိုက်နေတာ”
‘အမှောင်သခင်ကြီး’ ဟင်းလင်းပြင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်ဟာ ဂူအောင်းကျင့်ကြံရာက ထွက်လာပြီးနောက် အမှောင်သခင်ကြီး အကြောင်းကို သူ့လက်အောက်ငယ်သားတွေဆီကနေ ကြားထားပါတယ်။
ပြောရမယ်ဆိုရင် အခုလက်ရှိခေတ်မှာ အမှောင်သခင်ကြီးက အဆန်းကြယ်ဆုံးနဲ့ ကြောက်ဖို့အကောင်းဆုံး တည်ရှိမှုပါ။ အမှောင်သခင်ကြီးဟာ အနန္တကပ်ဘေးကို နောက်ကွယ်ကနေ လိုသလို ထိန်းချုပ်ကာ အင်အားစုအသီးအသီးကို ကျိန်စာသုံးပြီး ကစားပါတယ်။ ဒီလိုနည်းလမ်းမျိုးက အင်မော်တယ်ကမ္ဘာရဲ့သမိုင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။
သမိုင်းမှာ ကျိန်စာတာအိုကို မကျင့်ကြံတဲ့သူတွေ မရှိခဲ့တာ မဟုတ်ပါဘူး။ အင်မော်တယ်ကမ္ဘာရဲ့သမိုင်းမှာ ကျိန်စာတာတိုကိုကျင့်ကြံပြီး တော်တော်လေး စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တွေက တစ်ယောက်မက ရှိခဲ့ပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီးလိုမျိုး ဘယ်သူကမှ ကျိန်စာကိုသုံးပြီး အနန္တကမ္ဘာကို မကစားခဲ့ပါဘူး။
“ခမည်းတော်… ကျွန်တော် အမှောင်သခင်ကြီးကိုရှာပြီး ခမည်းတော်အတွက် လက်စားချေပေးမယ်” ဟင်းလင်းပြင်ဧကရာဇ်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်ရဲ့ အမြင်မှာ အမှောင်သခင်ကြီးက စွမ်းအားမကြီးလို့သာ ဒီလိုမျိုး အောက်တန်းကျတဲ့ကျိန်စာတွေ အသုံးပြုတယ်လို့ ခံယူထားပါတယ်။
နတ်ဆိုးဧကရာဇ်က ပြောလိုက်ပါတယ် “မင်း အရင်ဆုံး အခုလက်ရှိ နတ်ဆိုးရုံးတော်နဲ့ ရင်းနှီးအောင် လုပ်ထားချည်၊ နောက်ကျမှ ငါမင်းအတွက် တာဝန်တစ်ခု စီစဉ်ပေးမယ်”
“ကောင်းပါပြီ ခမည်းတော်”
ဟင်းလင်းပြင်ဧကရာဇ်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ထွက်ခွာသွားပါတယ်။
ဟင်းလင်းပြင်ဧကရာဇ် ထွက်သွားတာနဲ့ နတ်ဆိုးဧကရာဇ်ဟာ ဆက်ပြီးတော့ တောင့်ခံမထားနိုင်တော့ဘဲ စွမ်းအားကြီးမားတဲ့ ရောင်ဝါကို ထုတ်လွှတ်လိုက်ရပါတယ်။ နတ်ဆိုးဧကရာဇ်ရဲ့ ဝိညာဉ်စွမ်းအား လိမ့်ထွက်လာပြီး ကျိန်စာစွမ်းအားကို အင်တိုက်အားတိုက် ခုခံပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ ဒွါရကိုးပေါက်ကနေ သွေးတွေ ယိုစီးကျလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ မျက်လုံးတွေကတုန်း ကြည်လင်တုန်းဖြစ်ပြီး သူ့ရှေ့က ကိုယ်ရေးအကျဉ်းကို မမှိတ်မသုန် စိုက်ကြည့်နေပါတယ်။
ဟန်ကျွယ်ဟာ လျော့ကျလာတဲ့ သက်တမ်းတွေကို တွက်ချက်‌နေတာ ဖြစ်ပါတယ်။
နှစ်သန်း ၈၀၀။
သက်တမ်းတစ်ဘီလီယံ ကုန်သွားရင်တောင် နတ်ဆိုးဧကရာဇ် တစ်ခုခုဖြစ်မလားဆိုတာက မကျိန်းသေပါဘူး။
ဒီလိုနဲ့ တစ်နာရီကြာတဲ့အခါ သက်တမ်းက တစ်ဘီလီယံ လျော့ကျသွားတဲ့အတွက် ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ ချက်ချင်း ရပ်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းက ၇၄၅ ထရီလီယံ ရှိနေတုန်းပါပဲ။ တစ်နည်းအားဖြင့် သက်တမ်း နှစ်ဘီလီယံက ဟန်ကျွယ်အတွက် ဘာမှမဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မျက်နှာကို လက်နဲ့သုတ်လိုက်တဲ့အခါ သွေးတွေအကုန်လုံး ပျောက်ကွယ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးတဲ့အခါ နတ်ဆိုးဧကရာဇ်နဲ့ ပတ်သက်ပြီး ဘာမှမတွေ့ရပါဘူး။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ တအံတဩ ဖြစ်သွားရပါတယ်။
‘နတ်ဆိုးဧကရာဇ်က ကြမ်းလှချည်လား၊ ငါ သူ့ကို ကျိန်စာတိုက်တာ ဒီလောက်ကြာပြီ၊ အခုထိ ဘာမှမထူးခြားသေးဘူး၊ နတ်ဆိုးဧကရာဇ်လို ခေါ်ထိုက်ပါပေတယ်’
ဟန်ကျွယ်ဟာ ဒဏ်ရာတွေကို စပြီးတော့ ကုသပါတယ်။ ဒီလိုနဲ့ လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ရဲ့ အခြေအနေဟာ ပုံမှန် ပြန်ဖြစ်သွားပါတယ်။
‘ငါ အဆင့်တက်တာ ရှားပါးတဲ့ဖြစ်ရပ်တစ်ခုပဲ၊ ဒီတော့ ငါ ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်သင့်တယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ‌ တွေးလိုက်ပါတယ်။
‘ဟုတ်တယ်… ငါ့မှာ ကျင့်ကြံတာကလွဲပြီး ဘာမှလုပ်စရာရှိတာမှ မဟုတ်တာ၊ တွက်ကြည့်အုန်းမယ်’
“ဒီတစ်ခေါက် အနန္တကပ်ဘေးမှာ ဘယ်သူက အစွမ်းထက်ဆုံးလဲ”
[သက်တမ်းတစ်ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တစ်ဘီလီယံတောင် ကုန်မှာပါလား… အများကြီးဆိုတော့ ထားလိုက်ပါတော့’ ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ စိတ်မပါတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနန္တကပ်ဘေးမှာ အစွမ်းထက်ဆုံးပုဂ္ဂိုလ်က ဟန်ကျွယ်နဲ့မှ ဘာမှမဆိုင်တာ။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အသံလွှင့်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်လာခိုင်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဆက်ကျင့်ကြံပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်က ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ အသံလွှင့်စကားကြောင့် မတ်တတ်ရပ်ပြီး ပြုံးလိုက်ပါတယ် “သခင် အဆင့်တက်ကာ ပြီးသွားပြီ၊ ငါလည်း ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သင့်ပြီ” စကားအဆုံးမှာပဲ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူဆီ လျှောက်သွားပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ ဝူတောက်ကျန့်ရဲ့စကားကိုကြားပြီး တအံတဩ ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်ရဲ့ အရည်အချင်းက ထက်မြက်ပါပေတယ်၊ မကြာခဏကို အဆင့်တက်နေတော့တာပဲ” ငရဲကြက်နက်က ဂုဏ်ရှိစွာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်လေ၊ အနန္တကမ္ဘာမှာ သခင်က အရည်အချင်း အရှိဆုံးပဲ”
တခြားသူတွေကလည်း ခေါင်းညိတ်ပြီး ထောက်ခံကြပါတယ်။ သူတို့တွေရဲ့ အရည်အချင်း ထူးချွန်ထက်မြက်ပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကျင့်ကြံပါစေ ဟန်ကျွယ်နဲ့ သူတို့ရဲ့ အကွာအဝေးက တဖြည်းဖြည်း တိုးလို့သာလာပါတယ်။
“ပြောရမယ်ဆိုရင် ဆရာဘိုးဘိုးနဲ့တူတဲ့လူ တစ်ယောက်ပဲ တွေးလို့ရတယ်” မုရုံချီက ရုတ်တရက် ပြောလိုက်ပါတယ်။
ကျိုးမင်ယွဲ့က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘယ်သူလဲ”
မုရုံချီက ပြုံးလိုက်ပါတယ် “ကျွန်တော့်အထင် ဆရာဘိုးဘိုးက တာအိုဘိုးဘေးနဲ့ အရမ်းတူတယ်၊ တာအိုဘိုးဘေး ပထမဆုံး ပေါ်လာတုန်းကလည်း ကောင်းကင်တာအိုအောက်မှာ အစွမ်းထက်ဆုံး ဖြစ်နေပြီ၊ အခုကြည့်ရသလောက် ဆရာဘိုးဘိုးကလည်း ပြိုင်ဘက်ကင်းမှ ဂူအောင်းကျင့်ကြံတာကနေ ထွက်မယ်နဲ့တူတယ်”
သွမ့်ဟုန်ချန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ပြောရမယ်ဆိုရင် တာအိုဘိုးဘေးနဲ့ ဟန်ကျွယ်က တကယ်ကို ဆင်တူတာပါ။
အဲဒီနောက် တိတ်ဆိတ်ဂိုဏ်းသားတွေဟာ တာအိုဘိုးဘေးအကြောင်း ရောက်တက်ရာရာ ပြောကြပြီးမှ ဆက်လက်ကျင့်ကြံကြပါတယ်။
အင်မော်တယ်ကမ္ဘာ ခန်းမတစ်ခု။
မျက်နှာမှာ ဇာပဝါကာထားတဲ့ ရှင်းဟုန်ရွှမ်ဟာ ကုလားထိုင်မှာထိုင်ပြီး အကြီးအကဲတွေ ပြောပြတဲ့ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို နားထောင်နေပါတယ်။
“ပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲက ပြီးသွားပြီ၊ ဒီပွဲမှာ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ရှိတယ်”
“အဲဒီပါရမီရှင် လုံဟောင် ဟုတ်တယ်မလား၊ ကျုပ်ကြားတာတော့ ချန်ကျောင်းတော်ရဲ့ ဒုဂိုဏ်းချုပ်က သူ့ကို အတော်လေး ချီးကျူးဆိုပဲ” 
“လုံဟောင်က ကောင်းကင်ဧကရာဇ်ရဲ့ သားတော်လို့ ပြောကြတယ်၊ ဒီလိုမျိုး အရည်အချင်းရှိတာ မဆန်းပါဘူး” 
“ဟင်း… အင်မော်တယ်တွေရဲ့ သွေးစည်းက ကျုပ်တို့ထက် အားကြီးတာ အမှန်ပဲ”
“လူသားမျိုးနွယ်စုမှာလည်း ပါရမီရှင်တွေ ရှိပါတယ်၊ ဒါပေမဲ့ လုံဟောင်ကိုတော့ မမီနိုင်သေးဘူး၊ ကျုပ်ကြားတာတော့ သူက ပါရမီရှင်အင်မော်တယ် တွေ့ဆုံပွဲမှာ ကောင်းကင်တာအိုကိုတောင် ရွှေ့လိုက်တယ်တဲ့၊ သူ့သိမြင်နားလည်နိုင်စွမ်းက လက်ဖျားခါလောက်တယ်”
ရှင်းဟုန်ရွှမ်ဟာ အကြီးအကဲတွေ ဆွေးနွေးတာကို နားထောင်ပြီး ထူးဆန်းသွားပါတယ်။
‘လုံဟောင်… သူက ယောက်ျားရဲ့တပည့်မလား’
‘သူက ဝီရိယတောင်ကနေ ဘာလို့ ထွက်လာတာလဲ’
ရှင်းဟုန်ရွှမ်ဟာ သူ လူမမှားမှန်း ကျိန်းသေပေါက် သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံဟောင်က နာမည်တူတွေ အများကြီး ရှိနိုင်ပေမဲ့ ကောင်းကင်ဧကရာဇ်သားတော် လုံဟောင်ကတော့ တစ်ယောက်ပဲ ရှိလို့ပါ။
လုံဟောင်က အင်မော်တယ်ကမ္ဘာတစ်ခွင် ကျော်ကြားနေတယ်လို့ ကြားလိုက်ရတဲ့အတွက် ရှင်းဟုန်ရွှမ်ရဲ့ ကျေနပ်ရောင့်ရဲမှုတွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားရပါတယ်။ ဒီဘဝမှာ ရှင်းဟုန်ရွှမ်ရဲ့ အရည်အချင်းက မဆိုးဘူးဆိုပေမဲ့ လုံဟောင်၊ လီယောင်၊ ထူလင်းအာစတဲ့ တခြားလူတွေနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး ညံနေပါသေးတယ်။
ဒီအချိန်မှာ မိသားစုဦးစီးဟာ ရှင်းဟုန်ရွှမ်ကို ရုတ်တရက်ကြည့်ပြီး မေးလိုက်ပါတယ် “ယင်အာ… သမီး မကြာသေးခင်ကမှ ဧကရာဇ်နန်းတော်ထဲ ဝင်ထားတာ၊ မယ်မယ်က အဂ္ဂပြည် ဘာတွေစီစဉ်နေတယ်ဆိုတာ ပြောလိုက်သေးလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset