Switch Mode

Chapter – 314

အခန်း (၃၁၄) အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်၊ တစ်ယောက် တစ်ဘီလီယံ
‘အား… ဘာလဲဟ… လီတောက်ခုံးရဲ့ မျက်နှာသာပေးမှုက ဘယ်လိုလုပ်ပြီး တိုးသွားရတာလဲ’
ဟန်ကျွယ်ဟာ တစ်ခဏမှင်သက်သွားပေမဲ့ ချက်ချင်းပဲ နားလည်လိုက်ပါတယ်။
‘ဒီကောင်က တိထိုက်ပိုင် ဘေးနားမှာ ဖြစ်ရမယ်၊ တော်သေးတယ်၊ ငါ သူ့ကောင်းကြောင်းချည်းပဲ ပြောလိုက်လို့ မဟုတ်ရင် မလွယ်ဘူး’
‘သေစမ်း… ကျင့်ကြံခြင်းလောကက ထောင်ချောက် တော်တော်များတာပဲ၊ ငါသာ ဂရုမစိုက်ဘဲ စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်ရင် စွမ်းအားကြီးပုဂ္ဂိုလ်ကို ရန်စမိတော့မလို့၊ တိထိုက်ပိုင်ကလည်း ငါ့ကို သတိမပေးဘူး၊ ကြည့်ရတာ သူ့က ငါ့ကို ထောင်ချောက်ဆင်ချင်နေပုံပဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘မဟုတ်သေးဘူး… ငါသာ တိထိုက်ပိုင်နေရာမှာ ဆိုရင်လည်း ဘေးနားမှာ လီတောက်ခုံးရှိနေရင် လီတောက်ခုံး ရှိနေတဲ့အကြောင်းကို ဘယ်လိုလုပ် ပြောရဲမှာလဲ’
‘ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ငါ ကံကောင်းသွားတယ်’
‘ငါသာ စွမ်းအားကြီးနေရင် လီတောက်ခုံးကို ဂရုစိုက်စရာ မလိုဘူး၊ ငါ ကြိုးကြိုးစားစား ကျင့်ကြံရမယ်’
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို တက်နိုင်သလောက် မြန်မြန်ရောက်အောင် ကြိုးစားကျင့်ကြံပါတယ်။
……
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်မှာထိုင်နေပြီး ခန်းမထဲမှာတော့ လူသုံးယောက် ရှိနေပါတယ်။ ဒီလူသုံးယောက်ကတော့ တိထိုက်ပိုင်၊ လီတောက်ခုံးနဲ့ လီရွှမ်အောက်တို့ပဲ ဖြစ်ပါတယ်။
လီရွှမ်အောက်ဟာ ပြုံးလိုက်ပါတယ် “ဂျူနီယာတစ်ယောက်က ဂိုဏ်းတူအစ်ကို ငြင်းလိမ့်မယ်လို့ ထင်မထားဘူး၊ ကျွန်တော်က ဂိုဏ်းတူအစ်ကိုနဲ့ မတူဘူး၊ ကျွန်တော် သဘောကျတဲ့လူက ကျွန်တော့်ကို ဘယ်တော့မှ မငြင်းဘူး”
လီတောက်ခုံးဟာ လီရွှမ်အောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းမျက်လုံးက ညံတာကို၊ မင်းရှာတွေ့တဲ့ လူတွေက ငညံချည်းပဲ”
“ဘာပြောတယ်…”
“မင်းရဲ့တပည့်အသစ်… သူ့နာမည် ဘာပါလိမ့်… ဟွမ်ဂျိဟောင်… အဲဒီကောင်က တုံးအလွန်းတယ်၊ ဒီကောင်လေးနဲ့ယှဉ်ရင် ကြယ်နဲ့ လမင်း၊ ပုရွက်ဆိတ်နဲ့ မိုးပြာနဂါးကို နှိုင်းယှဉ်ရသလိုမျိုးပဲ”
“မဖြစ်နိုင်ဘူး၊ အပိုတွေ လျှောက်မပြောနဲ့၊ ဟွမ်ဂျိဟောင်က ဓားနှလုံးသားနဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်ရှိတယ်၊ သူက မကြာခင်မှာ စွမ်းအားကြီးလာမှာ”
“ဂိုဏ်းတူညီလေး… ဂိုဏ်းတူညီလေး… မင်းမျက်လုံးက မင်းကျင့်ကြံမှု အတိုင်းပါပဲလား”
“လီတောက်ခုံး… မင်းပြောတာ များသွားပြီနော်”
တုတ်ဆွဲဓားဆွဲ ဖြစ်လာတဲ့အတွက် ကောင်းကင်ဧကရာဇ်က မနေနိုင်ဘဲ ကြားဝင်လိုက်ရပါတယ် “အချင်းချင်းတွေကို ဘာလို့ တိုက်ခိုက်ကြမှာလဲ”
လီရွှမ်အောက်ဟာ နှာခေါင်းရှုံ့ပြီး တစ်ဖက်လှည့်သွားပါတယ်။ လီတောက်ခုံးကတော့ ကောင်းကင်ဧကရာဇ်ကိုကြည့်ကာ အပြုံးနဲ့ မေးလိုက်ပါတယ် “အရှင်မင်းကြီး… ရှန်နန်းတော်က ကျွန်တော့်ကို အသေမုန်းနေလောက်ပြီ၊ အရှင်မင်းကြီး တကယ်ပဲ ကျွန်တော်တို့ကို လက်ခံချင်တာလား”
ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ကောင်းကင်ရုံးတော်ကို တာအိုဂိုဏ်းက ထောက်ပံ့ပေးခဲ့တာ၊ ပြောရမယ်ဆိုရင် ငါတို့တွေက ဇစ်မြစ်တူတယ်၊ ငါတို့တွေ ဇစ်မြစ်တူမှတော့ အချင်းချင်း ပူးပေါင်းပြီး တူညီတဲ့ရန်သူကို တိုက်ခိုက်ကြတာပေါ့၊ ရှန်နန်းတော်က အနန္တကပ်ဘေးတစ်ခုတည်း ကျော်ဖြတ်ရသေးတာပါ၊ သူတို့ကို ဘာမှစိတ်ပူနေစရာ မလိုဘူး”
လီတောက်ခုံးက ဆက်ပြောပါတယ် “ကျွန်တော်တို့နှစ်ယောက်လည်း ကံတရား အထောက်အပံ့ကို လိုအပ်တယ်၊ အဲဒီတော့ ကျွန်တော်တို့တွေ ကောင်းကင်ရုံးတော်အတွက် နောက်ဆုံးအချိန်အထိ တိုက်ခိုက်ပေးမယ်၊ ဒါပေမဲ့ ကျွန်တော်တို့တွေ ဓားတာအို ကံတရား အထောက်အပံ့ကို အကုန်လုံး လိုချင်တယ်၊ နောက်ပြီးတော့ အရှင်မင်းကြီးက ကျွန်တော်တို့ လိုအပ်တဲ့ ရင်းမြစ်တွေ ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်၊ ကျွန်တော်တို့ကလည်း ကောင်းကင်ရုံးတော် စွမ်းအားကြီးတဲ့ ရန်သူနဲ့ ရင်ဆိုင်ရရင် ပြန်ကူညီပေးမှာပါ”
တိထိုက်ပိုင်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “သဘောတူတယ်”
လီတောက်ခုံးလည်း ပြုံးလိုက်ပါတယ်။
လီရွှမ်အောက်ကတော့ နှုတ်ခမ်းတွန့်သွားပါတယ် ‘အောက်တန်းကျတဲ့ အပေးအယူပဲ’
အချိန်ဟာ တရွေ့ရွေ့စီးဆင်းရင်း နှစ် ၇၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်နဲ့ တော်တော်လေး နီးကပ်နေပါပြီ။ အများဆုံး နောက်ထပ်ဆယ်နှစ်အတွင်း ဟန်ကျွယ်ဟာ အဆင့်တက်နိုင်တော့မှာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ရဲ့လုပ်နေကျ တာဝန်ဝတ္တရားတွေကိုတော့ မမေ့ပါဘူး။ ဆယ်နှစ်တိုင်းမှာ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို မပျက်မကွက် ကျိန်စာတိုက်နေကြပါ။
အခုလည်း ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ဟာ အပြင်ဘက် မောင်းထုတ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်ပါတယ်။
“အောက်ကမ္ဘာရဲ့တံခါးကို ဖွင့်လိုက်ပြီ၊ ငရဲပြည်မှာရှိတဲ့ စိတ်ဝိညာဉ်တွေက ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်လိုတယ်ဆိုရင် ငါ့ရဲ့ အောက်ကမ္ဘာကို ဝင်လာနိုင်တယ်၊ ငါတို့တွေ အေးအတူပူအမျှ ခံစားစံစားကြမယ်၊ ငါ ကောင်းကင်ဧကရာဇ် ဖြစ်လာရင် မင်းတို့တွေအကုန်လုံး အင်မော်တယ် ဖြစ်လာလိမ့်မယ်”
ထောင်လွှားမောက်မာပြီး ကြီးမားကျယ်ပြန်တဲ့အသံဟာ ငရဲပြည်တစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဒီအသံရှင်ကို မှတ်မိပါတယ်။ ငရဲမင်းရဲ့အသံပါ။
‘ဝိုး… သတ္တိကောင်းလှချည်လား၊ သူက တကယ်ကြီး ကောင်းကင်ဧကရာဇ် ဖြစ်ချင်တာလား’
ဟန်ကျွယ်ဟာ ဒီအကြောင်းကို ကောင်းကင်ဧကရာဇ်ဆီ သတင်းပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တစ်လကြာလို့ ကျိန်စာတိုက်ပြီးတဲ့အခါမှာ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်ကာ ငရဲမင်းရဲ့ကြော်ငြာချက်ကို ကောင်းကင်ဧကရာဇ်ဆီ သတင်းပို့ခိုင်းပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို တိထိုက်ပိုင်က ဖုံးကွယ်ထားလည်း ကိစ္စမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငရဲမင်း တစ်စင်ထောင်လိုက်ကတည်းက ကောင်းကင်ဧကရာဇ်ဟာ ငရဲပြည်ကို ရန်သူလို့ သတ်မှတ်ပြီးတာကြောင့်ပါ။
နောက်ကျလို့ ကောင်းကင်ဧကရာဇ်နဲ့ တွေ့ခဲ့ရင် ဟန်ကျွယ်က တိထိုက်ပိုင် ဒီအကြောင်းကို ပြန်လျှောက်မလျှောက် မေးမြန်းမှာပါ။ တိထိုက်ပိုင်သာ ပြန်မလျှောက်ဘူးဆိုရင် တိထိုက်ပိုင်က လွမ်ဟွေအင်မော်တယ်ဧကရာဇ်ဆိုတာကို ထုတ်ဖော်လိုက်မှာပါ။
တိထိုက်ပိုင်က ဒီကိစ္စကို မဖုံးကွယ်ထားဘူးဆိုရင်တော့ လွမ်ဟွေအင်မော်တယ်ဧကရာဇ်က ကောင်းကင်ဧကရာဇ်ရဲ့ လက်အောက်ငယ်သားဆိုတာ ၉၀ ရာခိုင်နှုန်း သေချာသွားပါပြီ။ ဒီလိုအချိန်မှာ ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့ သရုပ်မှန်ကို ဖွင့်ချလိုက်ရင် သံသယဝင်ခံရရုံပဲ ရှိမှာပါ။
ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေမဲ့ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်ပါဘူး။ အရာအားလုံးက အကျိုးအမြတ်ကြောင့်ချည်းပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော် ဒါမှမဟုတ် ကောင်းကင်ဧကရာဇ် နေရာကို ခြိမ်းခြောက်လာမယ်ဆိုရင် ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို သနားနေမှာ မဟုတ်ပါဘူး။ ထာဝရ မိတ်ဆွေလည်း မရှိဘူး၊ ထာဝရ ရန်သူလည်း မရှိဘူး၊ ထာဝရ အကျိုးအမြတ်ပဲ ရှိတယ်ဆိုပြီး ဆိုရိုးတောင် ရှိသေးတယ် မဟုတ်ပါလား။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို အထူးဂရုစိုက် ငြင်းဆန်မရတဲ့ အမှန်တရားတစ်ခုပါ။ ဒါကြောင့် တစ်နေ့ကျလို့ ဟန်ကျွယ် ပြိုင်ဘက်ကင်းသွားရင် ဟန်ကျွယ်က ကောင်းကင်ရုံးတော်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ။
ဟန်ကျွယ်ဟာ ငရဲမင်းအကြောင်း သတင်းပို့ပြီးနောက်မှာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းပြီး ဆက်ကျင့်ကြံပါတယ်။
ဒီလိုနဲ့ ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ အသွင်ပြောင်းလဲပြီး ဝိညာဉ်စွမ်းအားကလည်း အဆုံးမဲ့လိမ့်တက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုအဆင့်ကို ခိုင်ခံ့အောင် အားထုတ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၃,၈၅၅/၇၄၅,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: အင်မော်တယ် (လောကဦး ကြယ်တာရာ ခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်။]
‘ဝိုး… ငါ့သက်တမ်းက ၇၄၅ထရီလီယံတောင်… အားကြီးပဲ… အားကြီးပဲ’
ဟန်ကျွယ်ဟာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်းတွေ အများကြီး သုံးစွဲပြီး ကျိန်စာတိုက်နေပေမဲ့လည်း သက်တမ်းတွေက လျော့မသွားတဲ့အပြင် ဆတိုး တက်လာပါတယ်။
‘ဟားဟား… ငါက သက်ရှိအားလုံးရဲ့ အိပ်မက်ဆိုး အမှောင်သခင်ကြီးပဲ… ဟား..ဟား…’
‘ငါသာ နတ်မင်းအဆင့်ကို ရောက်ရင် ငါ့သက်တမ်းက ဘယ်လောက်တောင် ရှည်သွားမလဲ မသိဘူး’
‘အသတ်မခံရဘူးဆိုရင် ငါ့မှာ နေစရာ သက်တမ်း အများကြီးပဲ’
‘ငါကပ်ဘေးထဲ လုံးဝဝင်လို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ ဒီစာကြောင်းကို နေတိုင်းရွတ်ဆိုနေတဲ့အတွက် ထုံပြီး မန္တန်တောင် ဖြစ်နေပါပြီ။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုအဆင့် ခိုင်ခံ့ဖို့အတွက် နောက်ထပ်သုံးနှစ် အချိန်ယူရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဓားတာအိုကို သုံးသပ်ပြီး ဓားတာအိုဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိရောက်အောင် မြှင်တင်ပါတယ်။
ဒါပေမဲ့လည်း အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ရဲ့ တိုက်ရည်ခိုက်ရည်က တိုးမလာပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကလွဲရင် ကျန်တဲ့လူတွေကို တစ်ချက်တည်းနဲ့ သတ်နိုင်ပါတယ်။ ကောင်းကင်ဧကရာဇ်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ထွက်ပြေးဖို့တောင် အချိန်မရဘဲ တစ်ချက်တည်း အသတ်ခံရတာချည်းပါပဲ။
‘နေပါအုန်း… ငါအခုမှ သတိရတယ်၊ ကျို့ယိုငရဲပွင့်တုန်းက ရွှယ်မင်းဟန်နဲ့ ငရဲမင်း တိတ်ဆိတ်ကျွန်းနားမှာ ပေါ်လာတာပဲ၊ သူတို့နဲ့ စမ်းတိုက်ကြည့်ရမယ်’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ လိုအပ်တာတွေ စီစဉ်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရွှယ်မင်းဟန်ကို ငါးမိနစ်ကြာ ခုခံပြီးနောက်မှာတော့ ရှုံးနိမ့်သွားပါတယ်။ ငရဲမင်းကိုတော့ သုံးမိနစ်ပဲခုခံနိုင်ပြီး အသတ်ခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ စိတ်ဓာတ်အတော်လေး ကျသွားပြီး မရှိမဲ့ရှိမဲ့မာနလေး လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
“ဟင်း… ငါ စိတ်မချမ်းသာမှုကို နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်ပြီး ဖြေဖျောက်မယ်၊ မဟုတ်ရင် ဒီစိတ်အခြေအနေနဲ့ ကျင့်ကြံအားထုတ်ဖို့ ခက်လိမ့်မယ်”
ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက်ချလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဝူတောက်ကျန့်က အပြင်ဘက်မှာ ဟန်ကျွယ်ဟာ ဘာမှမစိုးရိမ်ဘဲ စိတ်ကြိုက် ကျိန်စာတိုက်နိုင်ပါတယ်။
“ငါ တစ်ယောက်ကို တစ်ဘီလီယံသုံးပြီး ကျိန်စာတိုက်မယ်၊ သူတို့တွေ ဘာမှမဖြစ်ဘူးဆိုတာ ငါ မယုံဘူး”
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို အရင်ဆုံး ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ ကိုယ်ရေးအကျဉ်းချုပ်ကို စိုက်ကြည့်နေပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
နှစ်တစ်သောင်း။
နှစ်တစ်သိန်း။
နှစ်တစ်သန်း။
နှစ်သန်းတစ်ရာ။
တစ်ဘီလီယံ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ရပ်တန့်လိုက်ပါတယ်။ အင်မော်တယ်ဧကရာဇ်တွေက တုံ့ပြန်နှုန်း လျင်မြန်တဲ့အတွက် ဟန်ကျွယ် ရပ်လိုက်တဲ့အချိန်က သက်တမ်းတစ်ဘီလီယံ ကုန်သွားတာနဲ့ ကွက်တိပါပဲ။
ဟန်ကျွယ်ဟာ မျက်နှာက သွေးတွေကို သုတ်လိုက်ပြီး ကောင်းကင်တာအိုဗုဒ္ဓနဲ့ ပတ်သက်တဲ့ စာအိတ်ကို ရှာဖတ်လိုက်ပါတယ်။
[သင့်ကျိန်စာ စွမ်းအားကြောင့် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓသည် မိစ္ဆာနှလုံးသား လှုပ်ခတ်မှုကိုခံရပြီး ဗုဒ္ဓတာအို အားပျော့ကာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ပေ။]
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။
‘ဒါက ဘာကိုဆိုလိုတာလဲ၊ ဗုဒ္ဓတာအို အားပျော့တာက ကျင့်ကြံမှုအဆင့် အားပျော့တာကို ပြောတာလား ဒါမှမဟုတ် ဆန်းကြယ်စွမ်းအား အားပျော့သွားတာကို ပြောတာလား’
‘ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဘူးဆိုတာကရော ဘာကိုဆိုလိုတာလဲ’
ဟန်ကျွယ်ဟာ အကြောင်းအရာတွေကို သေချာနားမလည်ပေမဲ့ ကောင်းကင်တာအိုဗုဒ္ဓ တစ်ခုခုဖြစ်သွားတာကြောင့် အရမ်းပျော်သွားပါတယ်။
ဟန်ကျွယ်ရဲ့ နောက်ထပ်ပစ်မှတ်ကတော့ နတ်ဆိုးဧကရာဇ်ပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset