အခန်း (၃၁၃) လီတောက်ခုံး၏ ဓားချက်တစ်ချက်
[သင်သည် ကောင်းကင်တာအိုအောက်ရှိ အစွမ်းထက်ဆုံး ဓားတာအို ကျင့်ကြံသူအား ရင်ဆိုင်ကြုံတွေနေရသဖြင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး သင်က အစွမ်းထက်ဆုံး ဓားအင်မော်တယ်ဖြစ်ကြောင်း သက်သေပြပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အကောင်းစား ရတနာ တစ်ပါးနှင့် ကျပမ်း သဘာဝရတနာ တစ်ပါးအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ အစွမ်းထက်ဆုံး ဓားတာအိုကျင့်ကြံသူအား လျစ်လျူရှုပါ။ ဆုလာဘ်အဖြစ် အကောင်းစားရတနာ တစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်မီလီစက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
‘အစွမ်းထက်ဆုံး ဓားတာအို ကျင့်ကြံသူကို သွားတိုက်ရမယ်’
‘သူ့ကို သွားတိုက်တာထက် ကိုယ့်သေတွင်း ကိုယ်တူးတာကမှ သက်သာအုန်းမယ်’
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် အကောင်းစား ရတနာ တစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ကောင်းကင်တိမ်ပိုးထည်ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ကောင်းကင်တိမ်ပိုးထည်: နတ်မင်းအဆင့် ခံစစ် စိတ်ဝိညာဉ်ရတနာ ဖြစ်ပြီး ကောင်းကင်တာအို ကောင်းမှုစွမ်းအားနှင့် နတ်တိမ်တို့မှ ဖန်တီးထားခြင်း ဖြစ်သည်။ နတ်မင်းအဆင့်အောက်ရှိ တိုက်ခိုက်မှုအားလုံးအား ခုခံနိုင်ပြီး နတ်မင်းအဆင့် ကျင့်ကြံသူ၏ သာမန်တိုက်ချက် တစ်ချက်ကို တောင့်ခံနိုင်သည်။]
‘နတ်မင်းအဆင့် ခံစစ် စိတ်ဝိညာဉ် ရတနာပါလား… မဆိုးဘူး… မဆိုးဘူး…’
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘေးနားမှ လျူပေ့ရှိနေတဲ့အတွက် ကောင်းကင်တိမ်ပိုးထည်ကို ထုတ်မကြည့်ပါဘူး။
ဟန်ကျွယ်နဲ့ လျူပေ့ဟာ ဆက်စောင့်နေပါတယ်။
ဒီလိုနဲ့ မကြာခင်မှာပဲ ဓားတာအိုမြစ်ကို လွှမ်းမိုးထားတဲ့ ကြောက်မက်ဖွယ်ဖိအားဟာ ကွယ်ပျောက်သွားပြီး အရားအားလုံး ပုံမှန် ပြန်ဖြစ်သွားပါတယ်။ ဒီတော့မှာ ဟန်ကျွယ်နဲ့ လျူပေ့ဟာ ဓားတာအိုမြစ်ထဲ ပြန်ဝင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို ကြည့်ပြီး ကြက်သေသေသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓားတာအိုမြစ်ဟာ ပြိုကွဲပြီး နေရာတိုင်းမှာ တိမ်တိုက်တွေ ဖြစ်ပေါ်နေလို့ပါပဲ။ နက်မှောင်ပြီး လျှိုဝှက်ဆန်းကြယ်တဲ့ ဓားတာအိုမြစ်ရဲ့ပုံစံက ကရုဏာသက်ဖို့ကောင်းသလို တော်တော်လည်း လှပလို့နေပါတယ်။
လျူပေ့ဟာ အလဲလဲအပြိုပြို ဖြစ်နေတဲ့ ဓားတာအိုမြစ်ကိုကြည့်ပြီး ဘာလုပ်ရမှန်း မသိတာကြောင့် ဟန်ကျွယ်ကိုသာ ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါမှာ သူ့ကံတရား အထောက်အပံ့ မထိခိုက်တာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်က ဓားတာအိုမြစ်ကို စောင့်ကြပ်သူမို့ ဓားတာအိုမြစ်သာ ပျက်စီးသွားရင် ဟန်ကျွယ်ရဲ့ ကံတရား အထောက်အပံ့ကို ကျိန်းသေပေါက် ထိခိုက်မှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို သေချာအကဲခတ်ကြည့်တဲ့အခါမှာ ဓားတာအိုမြစ်က သူ့ဘာသာ ပြန်လည်မွမ်းမံ ပြုပြင်နေတာကို တွေ့လိုက်ရပါတယ်။ တိမ်တိုက်တွေဟာ တစ်ခုနဲ့တစ်ခု တဖြည်းဖြည်းချင်း ချဉ်းကပ်ပြီး ဓားတာအိုမြစ်ကို ပြန်ပြုပြင်နေပါတယ်။
“ဘာမှမဖြစ်ဘူး၊ မကြာခင် ပြန်ကောင်းသွားလိမ့်မယ်၊ ဒီနေရာမှာ ဆက်ပြီးတော့ စောင့်ကြပ်နေ၊ မင်း မရင်ဆိုင်နိုင်တဲ့ အန္တရာယ်ကို ကြုံတွေ့ရရင် အချိန်မရွေး ထွက်ပြေးနိုင်တယ်” စကားအဆုံးမှာပဲ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကနေ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ရဲ့ စကားကြောင့် လျူပေ့ဟာ စိတ်သက်သာရာ ရသွားပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။ လျူပေ့ဟာ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမဲ့ သေရမှာကြောက်တာကတော့ ဟန်ကျွယ်နဲ့ တစ်ပုံစံတည်းပါပဲ။
ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ် ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်တဲ့အခါ ဝူတောက်ကျန့်ဟာ လောကဦးကမ္ဘာထဲမှာပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တိမ်ပိုးထည်ကို ထုတ်ယူလိုက်ပါတယ်။
ကောင်းကင်တိမ်းပိုးထည်ဟာ အစိမ်းရောင် ပဝါစတစ်စဖြစ်ပြီး ပုစဉ်းရင်ကွဲတောင်ပံလိုပဲ ပါးလှပ်လှပါတယ်။ ကောင်းကင်တိမ်ပိုးထည်ကို ဝှေ့ယမ်းမယ်ဆိုရင်တောင် ဘာလေအရှိန်မှ ထွက်လာမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တိမ်းပိုးထည်ကို ကိုယ်ပိုင်ပစ္စည်းပြုပြီး ခန္ဓာကိုယ်မှာ ပတ်ထားလိုက်ပါတယ်။ ကောင်းကင်တိမ်ပိုးထည်ဟာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကို တင်းကျပ်စွာ မပတ်ပါဘူး။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကို တိမ်လွှာတစ်ခုလုံးမျိုး ဖုံးအုပ်လိုက်တဲ့အတွက် ဟန်ကျွယ်ကို ပိုပြီးတော့ လျှိုဝှက်ဆန်းကြယ်သွားစေပါတယ်။
ဟန်ကျွယ်ဟာ ဒီရလဒ်ကြောင့် ကျေနပ်အားရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တိမ်ပိုးထည်က အရမ်း အထင်ကြီးဖို့ကောင်းတဲ့အပြင် ဟန်ကျွယ်ရဲ့ သရုပ်မှန်ကိုလည်း ဖုံးကွယ်နိုင်လို့ပါ။
‘မဆိုးဘူး’
အဲဒီနောက် ဟန်ကျွယ်ဟာ တရားထိုင်ရင်း စာအိတ်တွေကို စစ်ဆေးကာ လျှိုဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူအကြောင်းကို စနည်းနာပါတယ်။ ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်ရင်း ထူးခြားတဲ့စာအိတ်တစ်ခုကို တွေ့လိုက်ရပါတယ်။
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွား၏။]
‘လျှို့ဝှက်ဆန်းကြယ်တဲ့ ဓားကျင့်ကြံသူက လီတောက်ခုံးလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဓားနတ်ဧကရာဇ်ကို ကရုဏာသက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဓားနတ်ဧကရာဇ်အပေါ်မှာ အကောင်းမြင်စိတ် ရှိပါတယ်။ အရင်တုန်းက ကျန်းကူရှင်း အဖမ်းခံထားရတုန်းက ဓားနတ်ဧကရာဇ်ဟာ ဓားတာအိုမြစ်ကို ဟန်ကျွယ်ဆီ လွှဲအပ်ခဲ့ပါတယ်။
ဟန်ကျွယ်ဟာ ဓားနတ်ဧကရာဇ်ဟာ ဒီလိုမျိုး သေဆုံးရလိမ့်မယ်လို့ လုံးဝင် တွေးမထားခဲ့ပါဘူး။ ဟန်ကျွယ်ဟာ သေချာအောင် လူမှုဆက်ဆံရေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ ဓားနတ်ဧကရာဇ်ရဲ့ ရုပ်ပုံက ရှိမနေတော့ပါဘူး။
ဟန်ကျွယ်ဟာ စိတ်ဓာတ်ကျသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆွေတွေ တစ်ယောက်ပြီး တစ်ယောက် သေကုန်လို့ပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီစိတ်ဓာတ်ကျတဲ့ ခံစားချက်ကို အကြာကြီး သိမ်းမထားပါဘူး။ ခပ်မြန်မြန် ခံစားပြီး ခပ်မြန်မြန် လွှင့်ပစ်ကာ လေးလေးနက်နက် ကျင့်ကြံပါတယ်။
ရှန်နန်းတော်၊ မှောင်မိုက်သော ခန်းမတစ်ခုအတွင်း။
ရှန်နန်းတော်သခင်ဟာ ပလ္လင်ပေါ်မှာ ထိုင်နေပြီး မျက်နှာတစ်ခုလုံး မှောင်မည်းနေပါတယ်။ ခန်းမထဲမှာ လူရာချီရှိနေပေမဲ့ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေပါတယ်။ ဒါ့အပြင် ရှန်နန်းတော်သခင်ရဲ့ ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ သတ်ဖြတ်ငွေ့ဟာ ခန်းမတစ်ခုလုံးကို ပြည့်နှက်နေတာကြောင့် ဘယ်သူမှ မလှုပ်ရဲကြပါဘူး။
“ဒီတစ်ခေါက် အင်မော်တယ်ဧကရာဇ် ဘယ်နှပါး သေသွားလဲ” ရှန်နန်းတော်သခင်က တိုးညင်းတဲ့ လေသံနဲ့ မေးလိုက်ပါတယ်။
ငွေရောင်ချပ်ဝတ်နဲ့ အမျိုးသားက ဂရုတစိုက် ဖြေလိုက်ပါတယ် “အင်မော်တယ်ဧကရာဇ် ၁၂ ပါးနဲ့ သူတို့ကို အဖော်ပြုနေတဲ့ နတ်ဧကရာဇ် ၂၈ ပါးပါ အသတ်ခံလိုက်ရပါတယ်၊ ကံကောင်းတာတစ်ခုက သူတို့ရဲ့ မူလရင်းမြစ်က ရှန်နန်းတော်မှာ ရှိနေတာပဲ”
လူတိုင်းဟာ မျက်လုံးလှုပ်သွားကြပါတယ်။ သူတို့ဟာ ရွမ်လိန့်ကျောင်းတော်က အစွမ်းထက်မှန်း သိပေမဲ့ ဒီလိုယုတ္တိမဲ့လောက်တဲ့အထိ စွမ်းလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ရှန်နန်းတော်သခင်က ဒေါသတကြီး မေးလိုက်ပါတယ် “သူတို့အားလုံးက လီတောက်ခုံးဓားချက်အောက်မှာ သေသွားတာလား”
“ဟုတ်ပါတယ်…”
“ဝုန်း…”
ရှန်နန်းတော်သခင်ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပါတယ်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ် ဖိအားကြောင့် ခန်းမထဲက လူတွေအကုန်လုံး ဒူးထောက်သွားကြပါတယ်။
“လီတောက်ခုံး… ရွမ်လိန့်ကျောင်းတော်… မင်းတို့ကိုယ်မင်းတို့ ဟုတ်လှပြီ ထင်နေတယ်ပေါ့”
“ဒီတစ်ခါတော့ ငါ တကယ် ဒေါသထွက်သွားပြီ၊ ရှန်နန်းတော်မှာရှိတဲ့ နတ်ဧကရာဇ်တွေကို သတင်းစကား ပေးပို့လိုက်၊ အခုအချိန်ကစပြီး လီတောက်ခုံးကို သတ်နိုင်တဲ့သူ ဘယ်သူမဆို ဒုနန်းတော်သခင်အဖြစ် ခန့်အပ်မယ်၊ ငါ လီတောက်ခုံးကို သေတာကို မြင်ချင်တယ်၊ နတ်ဧကရာဇ်တွေကို အတူတူဝိုင်းတိုက်ခိုက်ဖို့ ပြောလိုက်” ရှန်နန်းတော်သခင်ဟာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
ဘယ်သူမှ ရှန်နန်းတော်သခင်ရဲ့ အမိန့်ကို စောဒကမတက်ရဲပါဘူး။ ရှန်နန်းတော် ဒီလိုမျိုး မဆုံးရှုံးတာကလည်း ကြာခဲ့ပြီ မဟုတ်ပါလား။
နတ်ဆိုးရုံးတော်။
ကျင့်ကြံအားထုတ်နေတဲ့ နတ်ဆိုးဧကရာဇ်ဟာ သူ့လက်အောက်ငယ်သားရဲ့ သတင်းပို့ချက်ကြောင့် ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
“လီတောက်ခုံးက တကယ်ကို စွမ်းအားကြီးတာပဲ၊ ရွမ်လိန့်ကျောင်းတော်က ကပ်ဘေးထဲဝင်ရဲတာ အံဩစရာ မရှိတော့ပါဘူး၊ ဒါက တကယ့်ပြဿနာပဲ၊ ရှန်နန်းတော်က ငါ့ကို မုန်းများသွားမလား” နတ်ဆိုးဧကရာဇ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
နတ်ဆိုးဧကရာဇ်ဟာ ရှန်နန်းတော်ကို လှည့်ဖျားဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ နတ်ဆိုးရုံးတော်သာ ရှန်နန်းတော်လိုမျိုး အများကြီး ဆုံးရှုံးသွားမယ်ဆိုရင် နတ်ဆိုးဧကရာဇ်ကို သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။
နတ်ဆိုးငယ်လေးဟာ တုန်ယင်တဲ့အသံနဲ့ ဆက်ပြီးတော့ လျှောက်တင်ပါတယ် “လီတောက်ခုံးက ဓားချက်တစ်ချက်တည်းနဲ့ ရှန်နန်းတော်ရဲ့ ထိပ်သီးကျင့်ကြံသူ ဒါဇင်ကျော်ကို သုတ်သင်လိုက်တယ်လို့ ပြောကြတယ်၊ အခု ဒီသတင်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံး ပျံ့နှံ့သွားပြီ”
နတ်ဆိုးဧကရာဇ်ဟာ မျက်စိမှေးလိုက်ပါတယ် “ဓားချက်တစ်ချက်တည်းလား… ကြည့်ရတာ ဒီကောင်က ကောင်းကင်ဘဝဂ်အဆင့်ကို ခြေလှမ်းတစ်ဝက် ရောက်နေပြီနဲ့တူတယ်”
နတ်ဆိုးဧကရာဇ်ဟာ ခေါင်းကိုက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးရုံးတော်က ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်းနဲ့ ကောင်းကင်ရုံးတော်အပြင် ရွမ်လိန့်ကျောင်းတော်၊ ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ လူသားမျိုးနွယ်စုကိုပါ ရင်ဆိုင်ရမှာမို့လို့ပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ တခြား တာအိုကျောင်းတော်နှစ်ခုကလည်း မျက်စိအလွတ်ပေးလို့ မရပါဘူး။
ဒီတစ်ခေါက် အနန္တကပ်ဘေးရဲ့ အခြေအနေက အရင်တုန်းက အနန္တကပ်ဘေးတွေထက် အများကြီး ပိုရှုပ်ထွေးပါတယ်။
နတ်ဆိုးဧကရာဇ်ဟာ စိတ်ထဲကနေ ကျိန်ဆဲလိုက်ပါတယ် ‘ခွီးတဲ့မှပဲ… ဒီကောင်တွေက ကံတရား အထောက်အပံ့ကို အတူတူတိုက်ခိုက်ဖို့ သဘောတူထားကြတာလား၊ အရင်ကပ်ဘေးတုန်းကတော့ လိပ်လိုမျိုး အခွံထဲပုန်းနေပြီး ဒီတစ်ခါကျမှ ဘာလို့ထွက်လာရတာလဲ၊ ဆက်ပြီးတော့ ပုန်းနေပါရောလား’
‘ဒါတွေအကုန်လုံးက ဟိုခွေးစုတ် အမှောင်သခင်ကြီးကြောင့်ပဲ ဖြစ်ရမယ်၊ အဲဒီအစုတ်ပလုတ် အမှောင်သခင်ကြီးက သူတို့ကို အပြင်ထွက်လာအောင် လုပ်လိုက်တာပဲ ဖြစ်ရမယ်’
နတ်ဆိုးဧကရာဇ်ဟာ အမှောင်သခင်ကြီးအကြောင်းကို တွေးမိသွားတဲ့အခါမှာ ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ အကြောင်းအရင်း တချို့ကြောင့် ဟန်ကျွယ်ဟာ တစ်စုံတစ်ယောက်က သူ့ကို ကျိန်စာတိုက်နေတယ်လို့ ခံစားလိုက်ရပါတယ်။
ဝူတောက်ကျန့်ကတော့ တခြားတပည့်တွေနဲ့ ဓားတာအိုအကြောင်း ဆွေးနွေးဖို့ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါပြီ။
ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ ကောင်းကင်တာအိုတိုကင်က ရုတ်တရက် ပူပြင်းလာပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ နတ်အာရုံချင်း ချိတ်ဆက်လိုက်ပါတယ်။
“လီတောက်ခုံးက အင်မော်တယ်ကမ္ဘာရဲ့ နံပါတ်တစ် ဓားအင်မော်တယ် ဖြစ်လာပြီ၊ မင်း သူ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုချင်သေးလားလို့ အရှင်မင်းကြီးက မေးခိုင်းလိုက်တယ်၊ မင်းဆန္ဒရှိရင် အရှင်မင်းကြီးက လီတောက်ခုံးကို ကူပြောပေးလိမ့်မယ်” တိထိုက်ပိုင်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
‘တော်တော် ဟန်ဆောင်ကောင်းတာပဲ’ ဟန်ကျွယ်ဟာ တိထိုက်ပိုင်ကို အော်စကာဆု ပေးချင်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်က စပ်စုလိုက်ပါတယ် “စောစောတုန်းက လီတောက်ခုံးက ဘယ်သူနဲ့ တိုက်ခိုက်တာလဲ၊ အဲဒီဓားရောင်ဝါက ဓားတာအိုမြစ်ကိုတောင် လာသက်ရောက်တယ်”
“ရှန်နန်းတော်နဲ့ တိုက်တာ၊ လီတောက်ခုံးက ရှန်နန်းတော်ရဲ့ အင်မော်တယ်ဧကရာဇ်နဲ့ နတ်ဧကရာဇ်တွေကို ဓားချက်တစ်ချက်တည်းနဲ့ သုတ်သင်လိုက်တာ”
တိထိုက်ပိုင်ရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ်။
‘ကြမ်းလှချည်လား’
ဟန်ကျွယ်ဟာ လီတောက်ခုံးကို ဆရာတင်ချင်စိတ် ပေါက်သွားပါတယ်။ ဒါပေမဲ့ အခုအချိန်က အနန္တကပ်ဘေးအတွင်းမှာကို ပြန်တွေးမိပြီး ဟန်ကျွယ်ဟာ သတိကြီးသွားပါတယ်။
‘လီတောက်ခုံးက ဒီလောက်တောင် ကြွားဝါတောင် အနန္တကပ်ဘေးကို ဖြတ်ကျော်နိုင်ဖို့က မလွယ်လောက်ဘူး’
ဟန်ကျွယ်ဟာ ပညာသားပါပါ ငြင်းလိုက်ပါတယ် “ကျွန်တော်က ဆရာလီရဲ့ တပည့်ဖြစ်ဖို့ မလုံလောက်သေးဘူး၊ ကျွန်တော်သာ ဆရာလီကို ဆရာသခင်အဖြစ် အသိအမှတ်ပြုရင် ကောင်းကင်ရုံးတော်ကို အရှက်ရစေလိမ့်မယ်၊ ကျွန်တော် ထပ်ပြီးတော့ လေ့ကျင့်လိုက်ပါအုန်းမယ်”
“ကောင်စုတ်လေး… မင်း လီတောက်ခုံးနောက်လိုက်ရင် သေမှာကို ကြောက်နေတာမလား”
“ဟီးဟီး… အစ်ကိုတော်… ကျွန်တော်တို့က တစ်ဖက်တည်းလေ၊ ကျွန်တော့်ကို ရိုးရိုးသားသား ပြောစမ်းပါ၊ အစ်ကိုတော်ရော ဒီကိစ္စကို ဘယ်လိုထင်လဲ”
“မင်းပြောတာ အမှန်ပဲ…”
“ဆရာလီက စွမ်းအားကြီးတော့ ရန်သူ ဘယ်လောက်များများ ကိစ္စမရှိဘူး၊ ဒါပေမဲ့ သူ့ရန်သူတွေက ကျွန်တော့်ကို ပစ်မှတ်ထားရင် ကျွန်တော်က ဆရာလီအတွက် ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်စေလိမ့်မယ်၊ ဒါကြောင့် ဆရာလီရဲ့ ကြင်နာမှုကို ရင်နာနာနဲ့ပဲ ငြင်းပါရစေ၊ အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက်လည်း ကျေးဇူးတင်ပါတယ်”
“အင်း…”
ဒီလိုနဲ့ စကားပြောတာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းပြီး မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် နှမြေတသ သက်ပြင်းချလိုက်ပါတယ်။
‘အနန္တကပ်ဘေးအတွင်း မို့လို့ပေါ့ကွာ၊ မဟုတ်ရင် ငါ လီတောက်ခုံးကို ဆရာတင်တယ်’
ဒီအချိန်မှာပဲ ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[လီတောက်ခုံးသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 313
? Views, Released on December 4, 2024