Switch Mode

Chapter – 312

အခန်း (၃၁၂) ဓားတာအိုမြစ် ယိမ်းထိုးလှုပ်ခါခြင်း
ပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲဟာ ခမ်းနားထည်ဝါလွန်းတဲ့အတွက် သမိုင်းမော်ကွန်း တင်ထိုက်လှပါတယ်။ ခေတ်တစ်ခေတ်ရဲ့ အရုဏ်ဦးလို့ ပြောမယ်ဆိုရင် မှားမယ် မထင်ပါဘူး။
ဟန်ကျွယ်ဟာ ဒီပွဲကို တက်လည်း မတက်သလို စိတ်လည်း မဝင်စားပါဘူး။ ဟန်ကျွယ် စိတ်ဝင်စားတာက ကျင့်ကြံတာတစ်ခုတည်းပါ။
အချိန်စက်ဝိုင်းဟာ ပုံမှန်လည်ပတ်ပြီး နှစ်ငါးဆယ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ပုံမှန်တိုးတက်လို့‌ နေပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ ပြိုင်ပွဲကလည်း မကြာသေးခင်ကမှ ပြီးဆုံးသွားတာပါ။ ဒီတစ်ခေါက် ပြိုင်ပွဲမှာတော့ ဟန်ကျွယ်၊ ငရဲနက်နတ်ဆိုး၊ ဝတ်ရုံဖြူဗုဒ္ဓနဲ့ သွမ့်ဟုန်ချန်တို့ ဝင်မပြိုင်တော့ပါဘူး။ ဒါကြောင့် ပထမနေရာကို ထူလင်းအာ ရရှိသွားပါတယ်။ ဒီလိုပထမနေရာကို ထူလင်းအာ ရသွားတာကလည်း ဘိုးဘေးမှော်ဆရာမျှော်စင်ကြောင့်ဆို မမှားပါဘူး။
ထူလင်းအာနောက်မှာတော့ မုရုံချီနဲ့ လီယောင်က အစဉ်အတိုင်း ရပ်တည်နေပါတယ်။
ဟန်ကျွယ်ဟာ ထိပ်ဆုံးသုံးယောက်ကိုပဲ မှတ်ထားပါတယ်။ ကျန်တဲ့လူတွေရဲ့ အဆင့်ကိုတော့ ဂရုမစိုက်ပါဘူး။
ပြောစရာရှိတာဆိုလို့ ချူရှီရန်ရဲ့အဆင့် တိုးတက်လာတာပါ။ ချူရှီရန်ရဲ့ တာအိုနှလုံးသားဟာ အဆက်မပြတ် ပြိုင်ဆိုင်မှုတွေကြောင့် လှုပ်ခတ်လာပြီး အရင်လို မနေတော့ဘဲ ဆန်းကြယ်စွမ်းအားကိုတောင် စတင်လေ့ကျင့်လာပါတယ်။
လူတိုင်းကလည်း ချူရှီရန် ပြောင်းလဲလာတာကို ကြိုဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်လို ချူရှီရန်ကြောင့် စိတ်အ‌နှောင့်အယှက် မဖြစ်ရတော့လို့ပါပဲ။ ဒါပေမဲ့ မပျော်တဲ့လူတစ်ယောက်တော့ ရှိနေပါတယ်။ အဲဒီလူကတော့ ကျိုးမင်ယွဲ့ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆရာသခင်ကို ဘယ်တော့မှ မကျော်တက်နိုင်မှန်း သိလိုက်ရလို့ပါ။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာရပ်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကျိန်စာစတိုက်ပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၃၄၂
[သင့်တပည့် လုံဟောင်သည် မဟာတာအိုအား သိမြင်နားလည်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ရှန်နန်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း ကံကောင်းထောက်မစွာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၄၇
[သင့်မိတ်ဆွေ ဟန်မင်သည် ကျိန်စာတိုက်ခိုက်ခံခဲ့ရ၏။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် မိုးမြေအဓိပ္ပာယ်စစ်နှင့် ဆန်းကြယ်စွမ်းအားတစ်ပါးအား သိမြင်နားလည်သွားသဖြင့် ကံတရား အထောက်အပံ့ တိုးတက်သွား၏။]
‘ကျယ်ကျောင်းတော်က ထပ်ပြီးလှုပ်ရှားလာပါ့လား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကျယ်ကျောင်းတော်ကို အကောင်းမမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျောင်းတော်ရဲ့ တပည့်တွေက ဟန်ကျွယ်ရဲ့ တပည့်တွေကို တိုက်ခိုက်နေလို့ပါ။
‘အခုနေ ဟွမ်ဇွမ်တျန် ဘာလုပ်နေလဲ မသိဘူး’ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ရုတ်တရက် တွေးမိသွားပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်အတွက် နည်းနည်းတော့ စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ကမ္ဘာမှာ လူတော် မရှားလို့ပါပဲ။
ရွှမ်ချင်းကျွင်းကလည်း ကျယ်ကျောင်းတော်မှာပါပဲ။ ဒါပေမဲ့ သူကတော့ အခြေအနေ ကောင်းနေပုံပါပဲ။ တိုက်ခိုက်ခံရတာကလည်း မရှိသလောက် ရှားပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်ပါတယ်။ စာအိတ်ထဲက အကြောင်းအရာတွေက ဘာတွေပဲ ဖြစ်နေပါစေ ဟန်ကျွယ်ဘဝကို သက်ရောက်မှု မရှိပါဘူး။ အများဆုံး ဟန်ကျွယ်က စိတ်ထဲမှာ စောဒကတက်ရုံပါပဲ။
ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်း မဖြစ်ခင်အထိ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံနေမှာပါ။ နောက်ပြီး ဟန်ကျွယ်အသက်က နှစ်လေးထောင် မပြည့်သေးပေမဲ့ အင်မော်တယ်ဧကရာဇ်အဆင့်ကို တစ်ဝက်ကျိုးနေပါပြီ။ ဒီကျင့်ကြံမှုအလျင်က အနန္တကမ္ဘာမှာ လုံးဝငြင်းဆန်စရာမရှိတဲ့ နံပါတ်တစ် ကျင့်ကြံမှုမြန်နှုန်းပါ။
ဟန်ကျွယ်ဟာ ဒီနှစ်တွေမှာ သူ့အပေါ် မျက်နှာသာပေးမှုရှိတဲ့ မိတ်ဆွေတွေ ဘယ်နှယောက် သေသွားပြီလဲဆိုတော မမှတ်မိတော့ပါဘူး။ ကျင့်ကြံမှုလမ်းစဉ်က ပန်းခင်းလမ်း မဟုတ်တဲ့ ဆူးခင်းလမ်းပါ။ တစ်နည်းအားဖြင့် ပြောရရင် သေဆုံးခြင်းဆိုတာ ကျင့်ကြံမှုလမ်းစဉ်မှာ အမြဲတမ်းတွေ့နေကျ အရာတစ်ခုပါပဲ။
ဟန်ကျွယ် စာအိတ်တွေကို အမြဲတမ်း ဖတ်ရတာရဲ့ အကြောင်းအရင်းတစ်ချက်က သူ့ကိုယ်သူ သတိပေးဖို့ပါ။ ဟန်ကျွယ် စာအိတ်တွေဖတ်တိုင်း တိုက်ခိုက်တာ မခံရတဲ့လူ လုံးဝမရှိပါဘူး။
တစ်လကြာတဲ့နောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဝူတောက်ကျန့်ကို အထဲခေါ်လိုက်ပါတယ်။
“ကောင်းကင်ဓားတာအို တတိယအဆင့်ကို ကျွမ်းကျင်ပြီလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ပထမဆုံး ခေါင်းညိတ်ပြီးနောက် ခေါင်းခါလိုက်ပါတယ် “ကျွမ်းကျင်ပြီလို ခံစားရပေမဲ့ တစ်ခုခုလိုနေသေးတယ်လို့လည်း ခံစားရတယ်”
ကောင်းကင်ဓားတာအို တတိယအဆင့်ကို လောကဦးဖန်တီးတာပါ။ ဝူတောက်ကျန့်ရဲ့ ဓားချက်က ပုံရိပ်ယောင်ကမ္ဘာတစ်ခုကိုတော့ ဖန်တီးနိုင်ပါတယ်။ ဒါပေမဲ့ ဒီကမ္ဘာက ရန်သူကို မြှုပ်နှံနိုင်လောက်တဲ့အထိ အားမကောင်းပါဘူး။
ဝူတောက်ကျန့်ဟာ ဒီဓားကွက်ကို အသွင်တူလက်ရည်စမ်းပွဲထဲမှာလည်း စမ်းကြည့်ပါတယ်။ ဒါပေမဲ့ အသုံးမဝင်ပါဘူး။
ဟန်ကျွယ်ဟာ ခုတင်ဘေးနားကို ပုတ်ပြီး ပြောလိုက်ပါတယ် “ဒီနား လာခဲ့”
ဝူတောက်ကျန့်ဟာ လိမ်လိမ်မာမာပဲ ဟန်ကျွယ်နား လျှောက်လာပြီး ခုတင်ပေါ်မှာ အသာအယာ ထိုင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်ညိုးနဲ့ ဝူတောက်ကျန့်ရဲ့ နဖူးကိုညွှန်ကာ သူသိတဲ့ လောကဦးကမ္ဘာ အကြောင်းကို လက်ဆင့်ကမ်းပေးလိုက်ပါတယ်။ ဝူ‌တောက်ကျန့်ဟာ ဗဟုသုတနည်းတဲ့အတွက် တွေးခေါ်မှုကလည်း နည်းပါးပါတယ်။ ဒါကြောင့် ဝူတောက်ကျန့်ရဲ့ လောကဦးကမ္ဘာက ပုံရိပ်ယောင်အဆင့်ကနေ မတက်တာပါ။
ဟန်ကျွယ်ဟာ သူ့တပည့်တွေကို နောက်တစ်ခေါက် အနန္တကပ်ဘေးအတွက် ပြုစုပြိုးထောင်နေတာပါ။ ဒီအနန္တကပ်ဘေးကို သည်းခံကျော်ဖြတ်နိုင်ရင် တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေအကုန်လုံးက နောက်တစ်ခါ အနန္တကပ်ဘေးမှာ အင်မော်တယ်ဧကရာဇ် ဖြစ်သွားလိမ့်မယ်လို့ ဟန်ကျွယ်က မျှော်လင့်ထားပါတယ်။
ဒါက ဟန်ကျွယ်ရဲ့ မျှော်လင့်ချက်သက်သက်ပါ။ သူ့တပည့်တွေကိုတော့ ဖိအားများမှာစိုးတဲ့အတွက် ထုတ်မပြောပါဘူး။
……
အဆုံးမရှိတဲ့ တောတောင်ရေမြေနဲ့ တိမ်တိုက်တွေမရှိတဲ့နေရာမှာ လူနှစ်ယောက် တိုက်ခိုက်နေကြပါတယ်။ ဒီလူနှစ်ယောက်ကတော့ လီတောက်ခုံးနဲ့ လီရွှမ်အောက်ပဲ ဖြစ်ပါတယ်။
လီတောက်ခုံးဟာ ပြုံးလိုက်ပါတယ် “ဂိုဏ်းတူညီလေး… ဆက်တိုက်နိုင်သေးလား”
လီတောက်ခုံးက အပြုံးမပျက်ရှိနေပမဲ့ လီရွှမ်အောက်ရဲ့ အဝတ်အစားတွေကတော့ စုတ်ပြဲနေပြီး ဆံပင်တွေကလည်း ဖွာလန်ကြဲနေပါတယ်။
လီရွှမ်အောက်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဂိုဏ်းတူအစ်ကိုတောင် တိုက်နိုင်သေးတာပဲ၊ ကျွန်‌တော်က ဘာလို့ မတိုက်နိုင်ရမှာလဲ”
လီရွှမ်အောက်ဟာ ချက်ချင်းပဲ ကောင်းကင်ပေါ်ပျံတက်ပြီး တိုက်ခိုက်ဖို့ ပြင်လိုက်ပေမဲ့ လီတောက်ခုံးက တားလိုက်ပါတယ်။ ဒီအဖြစ်ကြောင့် လီရွှမ်အောက်ဟာ လီတောက်ခုံးကို ဘာသဘောလဲဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
လီတောက်ခုံးဟာ ပြုံးလိုက်ပါတယ် “ဒီနေ့တော့ ဒီ‌လောက်နဲ့ နားရအောင်၊ မင်းက ငါ့ရဲ့ စွမ်းအားအစစ်အမှန်ကို သိချင်နေတာမလား”
လီရွှမ်အောက်ဟာ စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူ့ဂိုဏ်းတူအစ်ကိုက ဟန်ထုတ်တော့မယ်ဆိုတော့ သိနေလို့ပါပဲ။
“ချွင်..”
လီတောက်ခုံးဟာ ခါးမှာချိတ်ထားတဲ့ဓားကို ဆွဲထုတ်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ကမ္ဘာတစ်ခုလုံး ဓားအလင်းရောင်ကြောင့် လင်းထိန်သွားပါတယ်။
လီတောက်ခုံးဟာ ဓားဦးကို ကောင်းကင်ဆီ ညွှန်လိုက်ပြီး ဘာမထီစွာ ပြုံးလိုက်ပါတယ် “သေချာကြည့်ထား၊ ဒါက ရွမ်လိန့်ကျောင်းတော်ရဲ့ အစွမ်းထက်ဆုံး ဓားချက်ပဲ”
“ဒီဓားချက်အောက်မှာ ဘယ်သူမှ မရှင်သန်နိုင်ဘူး… ဟား..ဟား…”
လီတောက်ခုံးဟာ မောက်မာစွာ ရယ်မောလိုက်ပါတယ်။ လီတောက်ခုံးရဲ့ ဝတ်ရုံဟာ လေအတိုက်မှာ လူးလွန့်သွားပြီး လီတောက်ခုံးရဲ့ ရောင်ဝါကလည်း ဆက်တိုက်တိုးတက်လာပါတယ်။ နောက်ဆုံးမှာတော့ တောင်တစ်ခုလုံး တုန်လှုပ်လာပြီး ကျောက်တုံးကျောက်စိုင်တွေ ပြိုကျကုန်ပါတယ်။
လီရွှမ်အောက်ဟာ သူ့ဂိုဏ်းတူအစ်ကိုကို အကြောင်သား ကြည့်နေပါတယ်။ အဲဒီနောက် တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။
“ဒါက…”
“ဒါ မဖြစ်နိုင်ဘူး…”
လီရွှမ်အောက်ဟာ မျက်လုံးပြူးသွားပြီး နဖူးကနေ ချွေးသီးချွေးပေါက်တွေ ထွက်ကျလာပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိတဲ့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားလိုက်ရတာကြောင့် မျက်လုံးပွင့်သွားပါတယ်။ ဝူတောက်ကျန့်ကတော့ ဟန်ကျွယ်ဖန်တီးထားတဲ့ လောကဦးကမ္ဘာထဲမှာပဲ ရှိနေပါသေးတယ်။
ဟန်ကျွယ်ဟာ အောက်ကမ္ဘာရဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာ တိမ်မည်းတွေဟာ မုန်တိုင်းတစ်ခု ရောက်လာတော့မဲ့အသွင် ပြင်းထန်စွာ လှုပ်ရှားနေတာကို တွေ့လိုက်ရပါတယ်။
“သခင်… မကောင်းတော့ဘူး၊ ဓားတာအိုမြစ်က လှိုင်းထန်ပြီး ပြိုလဲတော့မဲ့အတိုင်းပဲ” လျူပေ့ရဲ့ စိုးရိမ်တကြီး စကားသံဟာ ဟန်ကျွယ်စိတ်ထဲမှာ ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဓားတာအိုမြစ်ထဲ ချက်ချင်း ခုန်ဝင်လိုက်ပါတယ်။
တစ်ချိန်က တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တဲ့ ဓားတာအိုမြစ်ဟာ အခုတော့ ပြင်းထန်စွာ ယိမ်းထိုးလှုပ်ခါနေပါတယ်။ ဓားတာအိုမြစ်မှာ လျှောက်လမ်းနေတဲ့ ဓားတာအို ကျင့်ကြံသူတွေဟာလည်း တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ် ကုန်ပါတယ်။
ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို လွှမ်းမိုးနေတဲ့ ကြောက်မက်ဖွယ် ဖိအားကို ထင်ထင်ရှားရှားကြီး ခံစားလိုက်ရပါတယ်။
“တစ်ယောက်ယောက် ဆန်းကြယ်စွမ်းအား သုံးနေတာလား”
ဟန်ကျွယ်ဟာ မျက်နှာပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဓားတာအို ဆန်းကြယ်စွမ်းအားရဲ့ ကြောက်မက်ဖွယ်အစွမ်းကို ဟန်ကျွယ် ခံစားနိုင်လို့ပါပဲ။ ဒီဓားတာအို ဆန်းကြယ်စွမ်းအားဟာ ဟန်ကျွယ် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဆန်းကြယ်စွမ်းအား အားလုံးထက် စွမ်းအားပိုကြီးပါတယ်။
အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ဟာ ဓားတာအိုမြစ်အဆုံးမှာ သူမြင်ခဲ့တဲ့ ရုပ်သွင်ကို ရုတ်တရက် တွေးမိသွားပါတယ်။
“အရင်ဆုံး ဓားတာအိုမြစ်ကနေ ထွက်ရအောင်” ဟန်ကျွယ်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ်။ ဓားတာအိုမြစ်က အချိန်မရွေး ပြိုလဲသွားနိုင်တဲ့အတွက် ဟန်ကျွယ်သာ ဓားတာအိုမြစ်မှာ ဆက်နေမယ်ဆိုရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်ချေ ရှိပါတယ်။
လျူပေ့ကလည်း ရင်ထဲက အလုံးကြီးကျသွားတဲ့မျက်နှာနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်နဲ့ လျူပေ့ဟာ ဓားတအိုမြစ်ကနေ ပျောက်ကွယ်သွားပြီး ဟင်းလင်ပြင်ကို ရောက်ရှိသွားပါတယ်။
လျူပေ့က ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “သခင်… အဲဒါ တစ်ယောက်ယောက်က ဓားတာအိုဆန်းကြယ်စွမ်းအား သုံးတာလား”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဖြစ်နိုင်တယ်၊ အဲဒီလူရဲ့ ကျင့်ကြံမှုက အရမ်းမြင့်လွန်းလို့ အခုလို ဖြစ်ရတာ”
‘ဘယ်သူလဲ…. ဘယ်သူရဲ့ ကျင့်ကြံမှုက ဒီလောက်တောင် မြင့်ရတာလဲ’ ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အင်မော်တယ်ဧကရာဇ်အဆင့်က အားနည်းလွန်းတယ်လို့ ခံစားလိုက်ရပါတယ်။
“ဟင်း…”
ဟန်ကျွယ် သက်ပြင်းချလိုက်စဉ်မှာပဲ စာကြောင်းသုံးကြောင့် ရုတ်တရက် ပေါ်လာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset