အခန်း (၃၁၁) လူသားမျိုးနွယ်စု၏ စည်းလုံးမှု၊ လုံဟောင်၏ အရည်အချင်း
“ဟမ်… ခင်ဗျားက လေလုံးထွားတဲ့နေရာမှာ နှစ်ယောက်မရှိဘူး” နတ်ဆိုးဧကရာဇ်ဟာ ရှန်နန်းတော်သခင်ရဲ့ စကားလုံးတွေက ဘာကိုဆိုလိုချင်လဲဆိုတော့ သဘောပေါက်တဲ့အတွက် နှာခေါင်းရှုံ့သွားပါတယ်။ ရှန်နန်းတော်ရဲ့ အကူအညီကို တကယ်လိုအပ်နေလို့သာ နတ်ဆိုးဧကရာဇ်က ငြိမ်ခံနေတာပါ။ မဟုတ်ရင် တစ်ပွဲတစ်လမ်း အကဲစမ်းပြီးသွားပါပြီ။
“အမှောင်သခင်ကြီးကိစ္စကို ခဏဘေးဖယ်ထားရအောင်၊ ဒီအတောအတွင်း လီတောက်ခုံးနဲ့ လီရွှမ်အောက်က နတ်ဆိုးရုံးတော်ကို စိုက်ကြည့်နေကြတယ်၊ အရင်တုန်းက လီရွှမ်အောက်က နတ်ဆိုးရုံးတော်ကို ကူညီပြီး ကောင်းကင်ရုံးတော်ကို ဆန့်ကျင်ခဲ့တယ်၊ အခု သူက စိတ်ပြောင်းသွားပြီ၊ ဒီရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်နှစ်ယောက်က စည်းကျော်တာများပြီ၊ ရှန်နန်းတော်က သူတို့နှစ်ယောက်ကို ဖိနှိပ်ပေးစမ်းပါ” နတ်ဆိုးဧကရာဇ်ဟာ တည်ငြိမ်တဲ့ အမူအရာနဲ့ ရှန်နန်းတော်သခင်ကို တောင်းဆိုလိုက်ပါတယ်။
ရှန်နန်းတော်သခင်ကလည်း လေသံအေးနဲ့ ပြန်ပြောပါတယ် “ဒီညီအစ်ကိုနှစ်ယောက်က မရိုးရှင်းဘူး၊ ဘယ်အင်မော်တယ်ဧကရာဇ်မှ သူတို့ကို မနိုင်ဘူး၊ အထူးသဖြင့် လီတောက်ခုံးပဲ၊ သာမန်နတ်မင်းအဆင့် ကျင့်ကြံသူတွေက သူ့ကို နှိပ်ကွပ်နိုင်မှာ မဟုတ်ဘူး၊ အရေးကြီးဆုံးက သူတို့ရည်ရွယ်ချက်အမှန်ကို မသိတာပဲ၊ ရှန်နန်းတော်သာ သူတို့နှစ်ယောက်ကို ဖိနှိပ်မယ်ဆိုရင် ပြဿနာတော်တော်လေး တက်လိမ့်မယ်”
နတ်ဆိုးဧကရာဇ်ဟာ လက်ဝှေ့ယမ်းပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ရှန်နန်းတော်က အနောက်စွန်းမှာရှိတဲ့ ကြိုက်တဲ့ဒေသသုံးခုကို ရွေးချယ်လို့ရတယ်”
“သဘောတူတယ်၊ အရှင်မင်းကြီးက တကယ်ကို ဖြောင့်မတ်တာပဲ” ရှန်နန်းတော်သခင်ရဲ့ မျက်နှာဟာ ချက်ချင်းပဲ အပြုံးပန်းဝေသွားပါတယ်။ ရှန်နန်းတော် လိုအပ်နေတာကလည်း နယ်မြေပဲ မဟုတ်ပါလား။
အင်မော်တယ်ကမ္ဘာရဲ့ နယ်မြေတွေကို သေမျိုးကမ္ဘထက် ပိုကျယ်ဝန်းပါတယ်။ နောက်ပြီး အရင်းအမြစ်တွေကလည်း ဆီးစေ့နဲ့ မြင့်မိုရ်တောင်လိုပါပဲ။
နတ်ဆိုးဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “တာအိုအရှင်သခင် အတွက်ကတော့ ကျုပ် သူ့ကို သတ်လိုက်ရင် ခင်ဗျားတို့ ရှန်နန်းတော်က ကျိန်းသေပေါက် ကျေနပ်မှာ မဟုတ်ဘူး၊ အဲဒီတော့ ကျုပ် သူ့အသက်ကို ချမ်းသာပေးလိမ့်မယ်၊ ဒါပေမဲ့ သူက ကျုပ်ကို သတ်ချင်တာဆိုတော့ နည်းနည်းတော့ ပေးဆပ်ရလိမ့်မယ်၊ ကျုပ် သူ့ကို ကျုပ်ဘေးနားမှာ နှစ်တစ်ထောင် ခေါ်ထားချင်တယ်၊ နှစ်တစ်ထောင်ပြည့်ရင် မှဲ့တစ်ပေါက်မစွန်းစေဘဲ ရှန်နန်းတော်ဆီ ပြန်ပို့ပေးမယ်၊ ကျုပ် သူ့ကို ဘာနည်းလမ်းမှ မသုံးဘူးလို့ အာမခံတယ်၊ ပဋိပက္ခရုပ်ခန္ဓာက ခင်ဗျားကို သစ္စာဖောက်သွားရင်တော့ ခင်ဗျား လက်မလွှတ်ဘူးဆိုတာ ကျုပ် သိပါတယ်”
ရှန်နန်းတော်သခင်ဟာ ပြုံးလိုက်ပါတယ် “ကျေးဇူးပါပဲ အရှင်မင်းကြီး”
ခေါင်းဆောင်နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ပြီး အရက်ခွက်ကို ပြိုင်တူ မော့သောက်လိုက်ကြပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေဟာ လျင်မြန်စွာပဲ ပြောင်းလဲနေပါတယ်။ ရှေးဟောင်းမျိုးနွယ်စု အသီးအသီးရဲ့ ဝင်စွက်ဖက်မှုကြောင့် အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေဟာ ဘာဆက်ဖြစ်မလဲဆိုတာ မှန်းမရအောင် ဖြစ်လာပါတယ်။
ဒါပေမဲ့ ဒီကိစ္စတွေက ဟန်ကျွယ်နဲ့ ဘာမှမဆိုင်ပါဘူး။ ဟန်ကျွယ်ဟာ အချိန်ရှိသမျှ ကြိုးစားကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ တိထိုက်ပိုင်က လွမ်ဟွေအင်မော်တယ်ဧကရာဇ်ဆိုတာ သိလိုက်ရကတည်းက မျက်နှာသာပေးမှုကိုချည်းပဲ အားကိုးလို့မရမှန်း သဘောပေါက်သွားပါတယ်။ မျက်နှာသာပေးမှုက ဒီနေ့ရှိနေပေမဲ့ နောက်နေ့မှာ မုန်းတီးမှုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါ့အပြင် အင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေမှာ ကိုယ်ပွားတွေ အများကြီး ရှိတာကိုလည်း ထည့်တွက်ရပါအုန်းမယ်။
ဒီလိုနဲ့ နှစ်လေးဆယ်ဟာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပါတယ်။ ဒီနှစ်လေးဆယ်အတွင်း ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို ရောက်ရှိသွားပါတယ်။
ဒီနေ့မှာတော့ တိထိုက်ပိုင်ဟာ ဟန်ကျွယ်ကို ဆက်သွယ်လာပြီး ကျင့်ကြံမှုအကြောင်း မေးမြန်းပါတယ်။ တိထိုက်ပိုင် ဒီလိုမေးတာက ပထမအကြိမ်တော့ မဟုတ်ပါဘူး။ အရင်တုန်းကတော့ ဟန်ကျွယ်ဟာ တိထိုက်ပိုင်က သဘောရိုးနဲ့မေးတယ်ထင်တဲ့အတွက် အမှန်အတိုင်းပဲ ဖြေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ တိထိုက်ပိုင်မှာ တခြားရည်ရွယ်ချက် ရှိနေတယ်ဆိုတာ ဟန်ကျွယ် သိနေပါပြီ။
“ပုံမှန်ပါပဲ၊ အဆင်ပြေတယ်ဆိုပေမဲ့ သိပ်တော့မမြန်ဘူး”
“ဟားဟား… မင်းကျင့်ကြံမှုက မမြန်ဘူးဆိုရင် ဒီအနန္တကမ္ဘာမှာ ကျင့်ကြံမှုမြန်တယ်လို့ ဘယ်သူက ပြောရဲအုန်းမှာလဲ”
“ကောင်းကင်ရုံးတော်ရဲ့ အခြေအနေရော ဘယ်လိုရှိလဲ”
“ကောင်းပါတယ်၊ အဓိကက အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေက စဉ်ဆက်မပြတ် ပြောင်းလဲနေတာပဲ…” တိထိုက်ပိုင်ဟာ ဟန်ကျွယ်ကို အင်မော်တယ်ကမ္ဘာရဲ့ လက်တလော အခြေအနေကို ပြောပြပါတယ်။
နတ်ရွှေကျီးမိသားစု၊ နဂါးစစ်မိသားစု၊ ပြဒါးငှက်မိသားစု၊ ချီလင်မိသားစု၊ လောကဦးအဂ္ဂမိသားစုနဲ့ တခြား စွမ်းအားကြီးတဲ့ မိသားစုတွေ မျိုးနွယ်စုတွေ တစ်စုပြီးတစ်စု ပေါ်လာတာကြောင့် အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပေါ်လာပါတယ်။
ဒါတင် မကသေးပါဘူး။ လူသားမျိုးနွယ်စုက စပြီးတော့ စည်းလုံးလာပါတယ်။ အဂ္ဂပြည်အသီးအသီးဟာ အတူတူပူးပေါင်းပြီး လူသားမျိုးနွယ်စုကို စုစည်းကာ ကံတရား အထောက်အပံ့အတွက် တခြားမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်လာပါတယ်။ လူသားမျိုးနွယ်စုက အနန္တကပ်ဘေးအပြီးမှာ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးအင်အားစု ဖြစ်လာဖို့ ရည်ရွယ်ထားကြပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ လူသားမျိုးနွယ်စု။
ဒီနာမည်က လူသားမျိုးနွယ်စုက အလွယ်လေး စည်းလုံးလာစေပါတယ်။
ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့စကားကို နားထောင်ပြီး အတွေးနယ်ချဲ့သွားပါတယ် ‘ဒီကောင်က ငါ့ကို ဘာလို့ ဒီလောက်တောင် စကားအများကြီး လာပြောနေရတာလဲ၊ ဒီကောင် ဘာကြံနေပြန်ပြီလဲ၊ ငါ့ကို ကပ်ဘေးထဲဝင်အောင် ဆွဲဆောင်နေတာများလား’
‘ငါက သူ့အမွေအနှစ် ဆက်ခံသူပဲ၊ ငါ့ကို ဒီလိုတော့ ဒုက္ခမပေးလောက်ပါဘူး၊ ငါ အတွေးများနေတာပဲ ဖြစ်မှာပဲ၊ ဘာပဲဖြစ်ဖြစ် အနန္တကပ်ဘေးထဲ ငါ လုံးဝ မဝင်ဘူး’
တိထိုက်ပိုင်ဟာ ရုတ်တရက်ပြုံးပြီး ပြောလိုက်ပါတယ် “အရှင့်သား လုံဟောင်ကလည်း ပါရမီရှင် အင်မော်တယ်တွေ့ဆုံပွဲမှာ ထူးထူးချွန်ချွန် အစွမ်းပြနိုင်ခဲ့လို့ ချန်ကျောင်းတော် ဒုဂိုဏ်းချုပ်ရဲ့ အသိအမှတ်ပြုခံရပြီး ကံတရား အထောက်အပံ့ တိုးသွားတယ်၊ မင်းက အရှင့်သားကို ကောင်းကောင်းမွန်မွန် သင်ကြားပေးလိုက်တာပဲ”
ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့စကားကြောင့် လုံဟောင်ရဲ့ အခြေအနေကို လူမှုဆက်ဆံရေးကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ တအံတဩ ဖြစ်သွားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံဟောင်ရဲ့ ကျင့်ကြံမှုက မဟာညီညွတ်မှု ရွှေအင်မော်တယ် ကနဦးအဆင့်ကို ရောက်နေလို့ပါပဲ။
‘ဒီကောင်လေးရဲ့ အရည်အချင်းက တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အရှင်မင်းကြီးရဲ့ သွေးစည်းက တော်တော်ထက်မြက်တာပဲ”
“ကောင်းပြီ၊ မင်းဘာသာ ဆက်ကျင့်ကြံတော့၊ နောက်ကျမှ မင်းကို လာရှာမယ်” တိထိုက်ပိုင်ဟာ အပြုံးနဲ့ စကားစသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို သိမ်းလိုက်ပါတယ် ‘အနန္တကပ်ဘေးအတွင်းမှာ ငါ့မိတ်ဆွေတွေရဲ့ ကျင့်ကြံမှုက တဟုန်ထိုး တက်လာပါလား၊ မဖြစ်သေးဘူး ငါလည်း အမြန်ကျင့်ကြံအုန်းမှပဲ’
အနန္တကပ်ဘေးမှာ ကံတရား အထောက်အပံ့အတွက်ပဲ တိုက်ခိုက်ကြတာ မဟုတ်ပါဘူး။ အင်မော်တယ်ချီကြောင့်လည်း တိုက်ပွဲတွေ ဖြစ်ပွားကြပါတယ်။ အနန္တကပ်ဘေးအတွင်းမှာ အင်မော်တယ်ကမ္ဘာရဲ့ အင်မော်တယ်ချီက ဆတိုးတိုးတက်လာတဲ့အတွက် သက်ရှိအားလုံးရဲ့ ကျင့်ကြံမှုအလျင်ကို မြန်ဆန်သွားစေပါတယ်။ ဒီအခါမှာ ကန့်သတ်စည်းကို ရောက်နေပြီဖြစ်တဲ့ အင်မော်တယ်တွေက သူတို့ရန်သူတွေ အင်အားကြီးလာမှာကို မမြင်ချင်တာကြောင့် လိုက်လံသတ်ဖြတ်ရင်း တိုက်ပွဲတွေက ပိုပြင်းထန်လာပါတယ်။
ခရမ်းရောင်ကောင်းကင်အောက်က ခြံဝန်းတစ်ခုမှာ လုံဟောင်၊ လုံရှန်၊ ဖန်းလျန်၊ ကျိုးဖန်၊ မော့ဖူချို၊ ဟန်မင်နဲ့ တခြားပါရမီရှင် ဆယ်ယောက်ကျော် စုရုံးနေကြပါတယ်။
“ချန်ကျောင်းတော် ဒုဂိုဏ်းချုပ်ရဲ့ အသိအမှတ်ပြုမှုခံရတဲ့အတွက် ဂုဏ်ယူပါတယ် အရှင့်သား” မော့ဖူချိုဟာ လက်သီးဆုပ်ပြီး ပြုံးလိုက်ပါတယ်။
တခြားသူတွေကလည်း လုံဟောင်ကို ဝိုင်းကြည့်ကြပါတယ်။ ပါရမီရှင်အင်မော်တယ် တွေ့ဆုံပွဲမှာ လုံဟောင်ရဲ့ အစွမ်းပြမှုက အကောင်းဆုံးပါ။ ကျိုးဖန်တောင် လုံဟောင်ရဲ့ အရည်အချင်းနဲ့ စွမ်းအားကို မလေးစားဘဲ မနေနိုင်ပါဘူး။
ဟန်မင်ကတော့ စိတ်ရှုပ်ထွေးတဲ့ မျက်နှာနဲ့ လုံဟောင်ကို ကြည့်နေပါတယ်။ ဟန်မင်ဟာ ဖန်းလျန်တိုနဲ့ သိကျွမ်းပြီးနောက်မှာ ဟန်ကျွယ်အကြောင်းကို ပိုသိလာပါတယ်။ အခုသူ့ရှေ့မှာရပ်နေတဲ့ ဒီပါရမီရှင်ကလည်း ဟန်ကျွယ်တပည့်ပဲ မဟုတ်ပါလား။
လုံဟောင်က ပါရမီရှင်အင်မော်တယ် တွေ့ဆုံပွဲမှာရှိတဲ့ လူတိုင်းကို အံဩသွားစေတယ်ဆိုရင် မမှားပါဘူး။ လုံဟောင်ဟာ အင်မော်တယ်ကမ္ဘာရဲ့ ပါရမီရှင်တွေကို ကျော်တက်ပြီး လူတိုင်း အသိအမှတ်ပြုလက်ခံတဲ့ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်လာပါတယ်။
‘ဟန်ကျွယ်က ဒီလိုတပည့်မျိုးကို ပြုစုပြိုးထောင်နိုင်တယ်ဆိုတော့ သူက ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ’
‘ကြည့်ရတာ ငါ့ဆရာသခင်က ငါ့ကို လိမ်ပြောတာ မဟုတ်ဘူးပဲ၊ ငါနဲ့ ဟန်ကျွယ်ကြားက ကွာခြားချက်က မိုးနဲ့မြေလိုပါပဲလား’ ဟန်မင်ဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်ပါတယ်။
လုံဟောင်ဟာ ရယ်မောလိုက်ပါတယ် “ဟားဟား… မင်း ကောင်းကင်ရုံးတော်ထဲ ဝင်ချင်ရင် ငါ့ကို လာရှာချည်၊ ငါ မင်းကို ကိုယ်တိုင် မိတ်ဆက်ပေးမယ်” လုံဟောင်ဟာ စိတ်ဓာတ်တက်ကြွနေပြီး နှိမ့်နှိမ့်ချချနေဖို့ စိတ်ကူးရှိဟန် မတူပါဘူး။
တိတ်ဆိတ်ကျွန်းက ထွက်လာပြီးနောက် လုံဟောင်ဟာ သူ့အရည်အချင်းက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာ သိလိုက်ရပါတယ်။ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းလို့တောင် ပြောလို့ရပါတယ်။ အပြင်လောကက အန္တရာယ်မများဘူးလို့လည်း လုံဟောင် ခံယူလာပါတယ်။
ဒါ့အပြင် လုံဟောင်ဟာ တိတ်ဆိတ်ဂိုဏ်းက ဘယ်လောက်ထိ အင်အားကြီးတယ် ဆိုတာကိုလည်း သဘောပေါက်လာပါတယ်။ တိတ်ဆိတ်ဂိုဏ်းမှာတုန်းက လုံဟောင်ဟာ နေ့တိုင်းဖိအားရှိနေပါတယ်။ ဒါပေမဲ့ တိတ်ဆိတ်ကျွန်းက ထွက်လာပြီးတဲ့နောက်မှာတော့ လုံဟောင်ဟာ ဘာဖိအားမှ မခံစားရတဲ့အပြင် ဘဝမြင့်လာပါတယ်။
လုံဟောင်ရဲ့စကားကြောင့် လူတိုင်းဟာ လုံဟောင်ကို ဝိုင်းပြီး ချီးမွမ်းကြပါတယ်။
လုံဟောင်တို့ ခြံဝန်းနဲ့ ကပ်လျက် ခြံဝန်းမှာလည်း လူတစ်စု အောင်ပွဲခံနေပါတယ်။ ဒီလူတွေကတော့ ကျယ်ကျောင်းတော်ရဲ့ တပည့်တွေ ဖြစ်ပါတယ်။ ဒီတပည့်တွေထဲမှာ ဟွမ်ဇွမ်တျန်လည်း ပါပါတယ်။ ကျယ်ကျောင်းတော်ရဲ့ တပည့်တွေဟာ လုံဟောင်ရဲ့ ရယ်သံကိုကြားပြီး ခံစားချက်မျိုး ဖြစ်နေကြပါတယ်။
ဒီပါရမီရှင် အင်မော်တယ်တွေ့ဆုံပွဲမှာ ကျယ်ကျောင်းတော် တပည့်တွေလည်း တော်တော်လေး အကျိုးအမြတ် ရလိုက်ကြပါတယ်။ ဒါပေမဲ့ လုံဟောင်နဲ့ နှိုင်းယှဉ်ရင် လပြည့်ဝန်းနဲ့ ကြယ်ကလေးတစ်ပွင့်လိုပါပဲ။
‘ဆရာက ကောင်းကင်ရုံးတော်နဲ့ အဆက်အစပ်ရှိပုံ ပေါ်တယ်၊ ဖန်းလျန်ကလည်း လုံဟောင်နဲ့ ဆက်ဆံရေးကောင်းပုံ ပေါ်တယ်၊ ဆရာနဲ့ လုံဟောင်က အချင်းချင်း သိနေကြတာလား’ ဟွမ်ဇွမ်တျန်ဟာ သူ့ခေါင်းကို အလုပ်ပေးနေပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အကြီးအကဲ လုပ်ခဲ့ဖူးတာမို့ ဖန်းလျန်ကို တွေ့ဖူးပါတယ်။
ဟွမ်ဇွမ်တျန်ဟာ ဖန်းလျန်နဲ့ တခြားလူတွေ သူ့ကို ရှာတွေ့ပြီး သရုပ်မှန် ပေါ်သွားမှာစိုးတဲ့အတွက် သိုသိုသိပ်သိပ်ပဲ နေပါတယ်။ ဒါ့အပြင် လုံဟောင်နဲ့ တခြားလူတွေရဲ့ အစွမ်းအစကိုကြည့်ပြီး ဟန်ကျွယ်နောက်ကိုလိုက်မှသာ အနာဂတ်ကောင်း ရှိလိမ့်မယ်လို့ ဟွမ်ဇွမ်တျန်ကို တထစ်ချ ယုံကြည်သွားစေပါတယ်။
ကျယ်ကျောင်းတော် တပည့်တွေထဲမှ ဟွမ်ဇွမ်တျန်တစ်ယောက်ပဲ သိုသိုသိပ်သိပ်နေပြီး စကားပြောနည်းပါတယ်။ တခြား ကျယ်ကျောင်းတော် တပည့်တွေကတော့ စကားတွေ ဖောင်ဖွဲ့အောင် ပြောကြပါတယ်။
တကယ်တော့ ဟွမ်ဇွမ်တျန်က စောင့်ကြည့် လေ့လာနေတာပါ။ ကျယ်ကျောင်းတော် တပည့်တွေထဲမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ မျိုးဆက်အချို့ ရှိနေပါတယ်။ ဟွမ်ဇွမ်တျန်ဟာ သူတို့နဲ့ မိတ်ဆွေဖွဲ့နိုင်ရင် ကျယ်ကျောင်းတော်မှာ ရာထူးကြီးတဲ့သူ ဖြစ်လာမှာပါ။
ကြိုးကြာဖြူက ပါရမီရှင် အင်မော်တယ်တွေ့ဆုံပွဲကို မဖြစ်မနေ တက်ခိုင်းတဲ့အတွက် ကျယ်ကျောင်းတော်မှာ ကျွန်းသခင် ရာထူးက ဘာမှမဟုတ်မှန်း ဟွမ်ဇွမ်တျန်ကို သဘောပေါက်သွားစေပါတယ်။ ဒါကြောင့် ဟွမ်ဇွမ်တျန်ဟာ ရာထိုးတိုးဖို့ စတင်ကြံစည်နေပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။