Switch Mode

Chapter – 310

အခန်း (၃၁၀) လွမ်ဟွေအင်မော်တယ်ဧကရာဇ်၏ သရုပ်မှန်
‘ဟင်..’
ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ဘာလဲဟ… ဘယ်လိုလုပ်ပြီး ငါ့မှာ လက်အောက်ငယ်သားတွေ အများကြီး ရှိနေရတာလဲ’
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ဒေါသထွက်သွားပါတယ် ‘ဒါ တစ်ယောက်ယောက် ငါ့နာမည်ကို အလွဲသုံးစား လုပ်နေတာပဲ’
ဟန်ကျွယ်ဟာ ဒီအင်အားစုတွေကို ကျိန်စာတိုက်ဖို့အတွက် ဘယ်အင်အားစုတွေလဲဆိုတာ မေးမြန်းဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဒီလိုမေးလိုက်ရင် အမှောင်သခင်ကြီးအကြောင်းကို အရမ်းစိတ်ဝင်စားရာ ရောက်သွားပြီး သရုပ်မှန်ပေါ်သွားမှာ စိုးရိမ်တဲ့အတွက် ဟန်ကျွယ်ဟာ ဆက်မ‌မေးဖြစ်တော့ပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးဆိုတဲ့ နာမည်ကို လုံးဝ ဂရုမစိုက်ပါဘူး။
‘အို… မဖြစ်သေးဘူး၊ ငါ ဟန်ဆောင်ပန်ဆောင် စုံစမ်းအုန်းမှာပဲ’
“အဲဒီ အမှောင်သခင်ကြီးဆိုတာက ဘယ်သူလဲ၊ ဒဏ္ဍာရီလာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူလား”
ဟန်ကျွယ်ရဲ့ မေးခွန်းကို တိထိုက်ပိုင်က ပြန်ဖြေပါတယ် “အဖြစ်နိုင်ဆုံးပဲ၊ ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓတောင် သူ ကျိန်စာတိုက်တာ ခံရတယ်၊ သူနဲ့ ပတ်သက်ပြီး သဲလွန်စ နည်းနည်းလေးတောင် တွက်ချက်လို့မရဘူး”
‘ကောင်းတယ်၊ သူတို့တွေက အမှောင်သခင်ကြီးကို ကောင်းကင်ဘဝဂ်ကျင့်ကြံသူလို့ တွေးထားတာဆိုတော့ ငါ့ကို သံသယဝင်မှာ မဟုတ်ဘူး’ ဟန်ကျွယ်ဟာ ကျေနပ်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်နဲ့ တိထိုက်ပိုင်ဟာ စကားနည်းနည်းပါးပါး ပြောဆိုပြီး လမ်းခွဲလိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ အမှောင်သခင်ကြီး အကြောင်းနဲ့ ပတ်သက်ပြီး စိတ်ထဲ သိပ်မပျော်ပါဘူး။ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အမှောင်သခင်ကြီး မဟုတ်ဘူးလို့ ပြောနေပေမဲ့ တစ်ယောက်ယောက်က အမှောင်သခင်ကြီးယောင် ဆောင်တာကိုတော့ လုံးဝမကြိုက်ပါဘူး။
‘မဖြစ်ဘူး… ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်ခြင်း လုပ်ဆောင်ချက်ကို သုံးဦးမှပဲ’
“ငါ အမှောင်သခင်ကြီးယောင် ဆောင်နေတဲ့လူကို သိချင်တယ်”
[သက်တမ်း သန်း ၈၀ ကုန်ဆုံးပါမည်။ ဆက်လက်တွက်ချက်လိုပါသလား။]
‘သန်း ၈၀ ထဲလား’ ဟန်ကျွယ်ဟာ ဂရုမစိုက်ဘဲ ပြုံးလိုက်ပါတယ် “ခွေးစုတ်… တွေ့ကြသေးတာပေါ့ကွာ၊ ငါ့ကို လာရှုပ်ရဲတာ၊ မင်းကို လုံးဝ အလွတ်မပေးဘူး”
ဟန်ကျွယ်ဟာ ဆက်လက်တွက်ချက်မည်ကို ရွေးချယ်လိုက်ပါတယ်။ ချက်ချင်ဆိုသလိုပဲ မြင်ကွင်းတစ်ခုလုံး ချာချာလည်သွားတဲ့အတွက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပါတယ်။
ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါမှာ ကောင်းကင်ဘုံ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရှေ့မှာတော့ လှပတဲ့ ဧကရာဇ်ပန်းခြံတစ်ခြံ ရှိနေပါတယ်။
ပန်းခြံထဲက ကျောက်သားဇရပ်မှာ ထိုင်နေတဲ့ ကောင်းကင်ဧကရာဇ်ဟာ သူ့ရှေ့မှာရှိတဲ့ ဝတ်ရုံနက်ကို ခံစားချက်ကင်းမဲ့တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။
“ဒီအတောအတွင်းမှာ အမှောင်သခင်ကြီးက နာမည်ကြီးလာတယ်၊ အဲဒါကြောင့် ငါ သူ့နာမည်ကိုသုံးပြီး တချို့ရှေ့းဟောင်းမျိုးနွယ်စုတွေကို စည်းရုံးသိမ်းသွင်းမယ်၊ ပြီးရင် အနန္တကပ်ဘေးကို ဒီထက် ပိုရှုပ်ထွေးအောင်လုပ်မယ်၊ ဒါမှ နတ်ဆိုးရုံးတော်က စိတ်ထင်တိုင်းမလုပ်ရဲမှာ၊ ဒီကိစ္စကို ငါ မင်းလက်ထဲ အပ်လိုက်မယ်”
ကောင်းကင်ဧကရာဇ်ရဲ့ စကားအဆုံးမှာပဲ ဝတ်ရုံနက်ဟာ လက်သီးဆုပ် ကတိပေးပြီး မီးခိုးငွေ့လို ကွယ်ပျောက်သွားပါတယ်။
ဟန်ကျွယ် : “….”
မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပြီး ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားပါတယ်။
‘ခွီးတဲ့မှပဲ… ကောင်းကင်ဧကရာဇ်က ငါ့ကို လာရှုပ်နေတာကို’
ဟန်ကျွယ်ဟာ သွေးအန်လုနီး ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က အမှောင်သခင်ကြီးယောင် ဆောင်လိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။ ဒီထက်ပိုပြီးအရေးကြီးတာက ဟန်ကျွယ်ဟာ ဒီကိစ္စအတွက် သက်တမ်း သန်း၈၀ ဖြုန်းလိုက်တာပါပဲ။
ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ကျိန်စာတိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် ဒီအနန္တကမ္ဘာ ကစားပွဲကို လူတိုင်းကစားနိုင်တာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အနန္တကပ်ဘေးထဲ မဝင်မိတာကို ဝမ်းသာသွားပါတယ်။ မဟုတ်ရင် ဟန်ကျွယ် ဒီအချိန်လောက်ဆို အသက်ပျောက်နေလောက်ပါပြီ။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က ကောင်းကင်တာအိုဗုဒ္ဓ အရူးလုပ်တာခံရပြီလို့ တွေးခဲ့တာပါ။ ကောင်းကင်ဧကရာဇ်မှာ ဒီလိုမျိုး ကိုယ်ပိုင်အစီအစဉ် ရှိလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။ စနစ်ကြောင့်သာ မဟုတ်ရင် အမှောင်သခင်ကြီးယောင် ဆောင်တဲ့လူက ကောင်းကင်ဧကရာဇ်ဆိုတာကို ဟန်ကျွယ် စိတ်ကူးထဲတောင် ထည့်တွေးမိမှာ မဟုတ်ပါဘူး။
“ငါ သက်တမ်း သန်း၈၀ ကို ဖြုန်းတီးမိလိုက်ပြီဆိုတော့ ဒီအတိုင်း အလကားအဖြစ်ခံလို့ မရဘူး၊ မဟုတ်ရင် ငါ ကျင့်ကြံတဲ့အခါ စိတ်ငြိမ်မှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ထပ်ပြီး တွက်ချက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“လွမ်ဟွေအင်မော်တယ်ဧကရာဇ်က ဘယ်သူလဲဆိုတာကို ငါ သိချင်တယ်” ဟန်ကျွယ်ဟာ လွမ်ဟွေအင်မော်တယ်ဧကရာဇ်ရဲ့ ဇစ်မြစ်နဲ့ ဘာရည်ရွယ်ချက်ရှိတယ်ဆိုတာကို အခုထိ မသိသေးပါဘူး။
[သက်တမ်း သန်း၅၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မည်။
ဟန်ကျွယ်ရဲ့ မြင်ကွင်းတစ်ခုလုံး ထပ်ပြီးတော့ ချာချာလည်သွားပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ တခြားနေရာတစ်ခုကို ရောက်မသွားတော့ပါဘူး။ ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့…
ဒီရုပ်သွင်က တိထိုက်ပိုင် ဖြစ်နေလို့ပါပဲ။
ဟုတ်ပါတယ်။ တိထိုက်ပိုင်ပါ။ ဒါပေမဲ့ ဟန်ကျွယ်စိတ်ထဲက တိထိုက်ပိုင်ဟာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်တဲ့မျက်နှာ ရှိပါတယ်။ ဟန်ကျွယ်ဟာ ဘာတွေဖြစ်ကုန်မှန်း မသိတော့ပါဘူး။
‘တိထိုက်ပိုင်က လွမ်ဟွေအင်မော်တယ်ဧကရာဇ်လား’
‘ကောင်းကင်ဧကရာဇ်က ဒီအကြောင်းကိုသိလား’
‘ကောင်းကင်ဧကရာဇ် ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတာက လွမ်ဟွေအင်မော်တယ်ဧကရာဇ်ကြောင့်လား’
‘ဒါမှမဟုတ် လွမ်ဟွေအင်မော်တယ်ဧကရာဇ်က ရည်မှန်ချက်ကြီးကြီးရှိလို့ ကောင်းကင်ဧကရာဇ်ဘေးမှာ ပုန်းနေတာလား’
‘လွမ်ဟွေအင်မော်တယ်ဧကရာဇ်က ငါ့ကို မျက်နှာသာလည်း မပေး မုန်းလည်း မမုန်းတာ အံဩစရာမရှိတော့ပါဘူး၊ သူက ငါ့မိတ်ဆွေ ဖြစ်နေတာကို’
ဟန်ကျွယ်ဟာ တိထိုက်ပိုင်ပြောခဲ့ဖူးတဲ့ ကံကြမ္မာမြစ် ဖြတ်တောက်တဲ့အကြောင်းကို ပြန်တွေးမိလိုက်ပါတယ်။ သေချာတွေးကြည့်မယ်ဆိုရင် မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်နဲ့ တိထိုက်ပိုင်က ကံကြမ္မာမြစ်ကို ဘယ်လိုနည်းနဲ့မှ ဖြတ်တောက်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ခံစားချက်တွေ ရောထွေးသွားပါတယ်။
“ဟင်း…”
“ထားလိုက်ပါတော့… ဒီကိစ္စကို မေ့ထားတာကောင်းတယ်၊ ငါလုပ်ရမှာက တစိုက်မတ်မတ် ကျင့်ကြံအားထုတ်ဖို့ပဲ၊ သူတို့ဘာသာ ဘာပဲလုပ်လုပ် ငါ့ကိုပြဿနာမရှာဘူးဆိုရင် အနေသာကြီး”
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး စတင်ကျင့်ကြံလိုက်ပါတယ်။
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်ပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးကာ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို အထူးဂရုစိုက်လိုက်ပါတယ်။
အရင်ကလိုပဲ အင်မော်တယ်ကမ္ဘာမှာ ရှုပ်ထွေးမှုမျိုးစုံ ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ဂရုစိုက်ရလောက်တဲ့ အရေးကြီးကိစ္စတော့ မရှိသေးပါဘူး။
[ဟန်မင်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ အသိပေးချက်ကို မျက်နှာသေနဲ့ ကြည့်လိုက်ပါတယ် ‘ငါ့ရဲ့ ငတုံးညီလေးက ငါ့ကို ဖားချင်နေတာလား’ ဟန်ကျွယ်ဟာ ဟန်မင်နဲ့ တစ်ခါမှ မတွေ့ဖူး မဆက်ဆံဖူးတာကြောင့် ဟန်မင်ကို နည်းနည်းလေးတောင် သံယောဇဉ် မရှိပါဘူး။
ဒီလိုနဲ့ လေးငါးခြောက်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ဖို့ ပြင်နေစဉ်မှာပဲ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် တိုကင်တစ်ခုကို ထုတ်ယူလိုက်ပါတယ်။
ရွှေကျီးကန်းတိုကင်။
ကျန်းယီက ဟန်ကျွယ်ကို ရှာနေတာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ရွှေကျီးကန်း တိုကင်ထဲကို နတ်အာရုံ စေလွှတ်လိုက်ပါတယ်။
“စီးမာယိ… ငါ မင်းကို ဘိုးဘေးမှော်ဆရာမျှော်စင်အကြောင်း စုံစမ်းခိုင်းထားတာလေ၊ ဘာလို့ ဘာမှမလုပ်တာလဲ” ကျန်းယီရဲ့ လေသံက တော်တော်လေး မာနေပါတယ်။
“မကြာခင် သတင်းရတော့မှာပါ”
ကျန်းယီဟာ ဟန်ကျွယ်စကားကြောင့် ဒေါသထွက်သွားပါတယ် “ဘိုးဘေးမှော်ဆရာမျှော်စင်က လုယူခံလိုက်ရပြီကွ”
“ဟမ်… ဟုတ်လား”
ဟန်ကျွယ်ဟာ တအံတဩဖြစ်ဟန် ဆောင်လိုက်ပါတယ်။
ကျန်းယီက ဆက်ပြောပါတယ် “ဒီကိစ္စကို ထားလိုက်တော့၊ ငါ့မျိုးနွယ်စုက ငါ့ကို နတ်ဘုံရဲ့ အဆုံးသတ် အပျက်အစီးဆီ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ မင်းရော ငါနဲ့လိုက်မလား၊ အဲဒီမှာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူနဲ့တွေ့ပြီး သူ့ဆီက လမ်းပြမှု ရနိုင်တယ်”
‘ကောင်းကင်ဘဝဂ် ကျင့်ကြံသူနဲ့ တွေ့ရမယ်’
ဟန်ကျွယ်ဟာ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းပယ်လိုက်ပါတယ် “ထားလိုက်ပါတော့၊ ငါ မင်းကို ပြဿနာ မပေးချင်ပါဘူး၊ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ”
“အို… မင်းက ငါ့ကို ဂရုမစိုက်တာလား”
“မဟုတ်ပါဘူး၊ အဲဒီနေရာက ဝေးလွန်းတော့ တစ်ခုခုဖြစ်မှာ စိုးရိမ်ရတယ်”
“ဟမ်… မင်းကိုယ်မင်း ပြန်ကြည့်စမ်း၊ ဟိုဟာကြောက်လိုက် ဒီဟာကြောက်လိုက်နဲ့၊ နည်းနည်းလေးမှကို သတ္တိမရှိဘူး၊ မသွားချင်လည်း နေ၊ မင်းပြောပုံက ငါကပဲ မင်းကို အတူလိုက်ဖို့ တောင်းပန်နေရတဲပုံစံမျိုး ဖြစ်နေပြီ”
“တောင်းပန်ပါတယ်”
ဟန်ကျွယ်ဟာ ကျန်းယီက အတင်းဖိအားပေးမှာကို တကယ်ကြောက်နေတာပါ။ ဒီကိစ္စကြောင့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးသာ ပျက်စီးပြီး ရန်သူတွေ ဖြစ်သွားရင် ကျန်းယီအတွက် ကောင်းမှာ မဟုတ်ပါဘူး။
ကျန်းယီဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ငါ ပြန်လာတဲ့အချိန်ကျရင် ငါက ကြီးမားတဲ့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်မဲ့ ပြိုင်ဘက်ကင်း ထိပ်သီးကျင့်ကြံသူ ဖြစ်သွားမှာ၊ အဲဒီတော့မှ မင်း နောင်တမရနဲ့”
“မင်း အောင်မြင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်” ဟန်ကျွယ်ဟာ နှလုံးသားထဲကနေ ဆုတောင်းပေးလိုက်ပေမဲ့ ကျန်းယီကို ယမ်းပုံမီးကျ ဖြစ်သွားစေပါတယ်။
‘ကောင်စုတ်လေး… ငါပြန်လာမှ တွေ့မယ်’
“ဒါပဲ” ကျန်းယီဟာ နတ်အာရုံချင်း ဆက်သွယ်တာကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရွှေကျီးကန်းတိုကင်ကို ပြန်သိမ်းလိုက်ပါတယ်။ တာအိုစက်ကွင်း ရှိနေတာကြောင့် ဟန်ကျွယ်ဟာ နတ်ရွှေကျီးကန်းမိသားစုက စွမ်းအားကြီးပုဂ္ဂိုလ်တွေ တိုကင်ကနေပြီးတော့ သူ့ကို တွက်ချက်မှာကို မကြောက်ပါဘူး။
‘နတ်ဘုံက အဆုံးသတ်အပျက်အစီး… နာမည်ကတော့ ရှိန်လောက်ပါပေတယ်၊ ငါ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရင် သွားကြည့်အုန်းမှပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်းယီနောက်ကို လိုက်သွားမယ်ဆိုရင် ကျိန်းသေပေါက် အစော်ခံရမယ်ဆိုတာကို စိတ်ထဲကနေ အလိုလိုသိနေပါတယ်။ ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းထုတ်လိုက်ပြီး နတ်ဆိုးဧကရာဇ်ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
…..
နတ်ဆိုးဧကရာဇ်နန်းတော်။
နတ်ဆိုးဧကရာဇ်ဟာ ရှန်နန်းတော်သခင်နဲ့ အ‌ရေးကြီးကိစ္စတွေ ဆွေးနွေးတိုင်ပင်နေပါတယ်။ ခန်းမထဲမှာလည်း နတ်ဆိုးဧကရာဇ်နဲ့ ရှန်နန်းတော်သခင်ပဲ ရှိနေတာပါ။ ဒီအချိန်မှာ နတ်ဆိုးဧကရာဇ်ဟာ ကျိန်စာစွမ်းအားကို ရုတ်တရက် ခံစားရလိုက်တာကြောင့် အံကြိတ်လိုက်ပါတယ်။
“ဘာဖြစ်လို့လဲ၊ အမှောင်သခင်ကြီးက ထပ်ပြီး ကျိန်စာတိုက်ပြန်ပြီလား” ရှန်နန်းတော်သခင်က အပြုံးနဲ့ မေးလိုက်ပါတယ်။
နတ်ဆိုးဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပါတယ် “ကျုပ်ရော ကောင်းကင်တာအိုဗုဒ္ဓရော ကောင်းကင်ဧကရာဇ်ရော အမှောင်သခင်ကြီး ကျိန်စာတိုက်တာခံရမယ်၊ ခင်ဗျားကျတော့ ဘာလို့ ဘာမှမဖြစ်တာလဲ၊ ခင်ဗျားက အမှောင်သခင်ကြီးလား”
ရှန်နန်းတော်သခင်ဟာ လက်ဝှေ့ယမ်းပြီး ငြင်းဆန်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ကျုပ် ကျိန်စာတိုက်ခံရတာက ခင်‌ဗျားထက် အကြိမ်ရေ ပိုများတယ်၊ အမှောင်သခင်ကြီးက ကျုပ်ကို ဘာလို့ ဒီလောက်တောင် မုန်းနေလဲမသိဘူး၊ ကံကောင်းတာတစ်ခုက ကျုပ်လေ့ကျင့်ထားတဲ့ ဆန်းကြယ်စွမ်းအားက အမှောင်သခင်ကြီးရဲ့ ကျိန်စာစွမ်းအားကို ခုခံနိုင်တာပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset