Switch Mode

Chapter – 308

အခန်း (၃၀၈) အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်နဂါးအား စားသောက်ကြခြင်း
ရွှယ်မင်းဟယ် ရုတ်တရက် ပေါ်လာတာက ဟန်ကျွယ်ကို ရင်ထိတ်သွားစေပါတယ်။ ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်က တိတ်ဆိတ်ကျွန်းကို ရုတ်တရက် တိုက်ခိုက်မှာ ကြောက်နေတာပါ။ ဟန်ကျွယ်ဟာ သူ့လူတွေဆီ အသံလွှင့်ပြီး စကားမပြောဖို့ သတိပေးလိုက်ပါတယ်။
တကယ်တော့ ဟန်ကျွယ်က အပိုလုပ်တာပါ။ တာအိုစက်ကွင်းရဲ့ ကန့်သတ်မှုကြောင့် အထဲမှာ ဘာတွေပဲဖြစ်နေပါစေ အပြင်ဘက်က မသိနိုင်ပါဘူး။
ငရဲနက်နတ်ဆိုးသခင်၊ သွမ့်ဟုန်ချန်နဲ့ တပည့်တွေအားလုံးဟာ ထိတ်လန့်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကို သတိကြီးကြီးထားစေတဲ့သူက ကျိန်းသေပေါက် စွမ်းအားကြီးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ခန့်မှန်းမိလိုက်ကြလို့ပါပဲ။
နွေဦးပင်လယ်ဟာ ဆက်ပြီးတော့ ဂယက်ထနေပြီး ပင်လယ်ရေမျက်နှာပြင်ကို ကြီးမားတဲ့တစ်စုံတစ်ခုက ထိုးဖောက်တော့မဲ့အသွင် ဖြစ်ပေါ်လာပါတယ်။
ဒီအချိန်မှာပဲ လေထုကိုခွင်းလာတဲ့ အသံတွေ ကြားလိုက်ရပြီး ကြောက်မက်ဖွယ် ရောင်ဝါတွေ ထုတ်လွှတ်နေတဲ့ ကျင့်ကြံသူတွေ ပျံသန်းလာပါတယ်။ ဒီအထဲမှာ တိကျောက်ဝမ်လည်း ပါပါတယ်။
ဒီလူတွေအထဲမှာ မျက်စိထဲ အမြင်သာဆုံးကတော့ အနက်ရောင်နဂါးဝတ်ရုံ ဝတ်ဆင်ထားတဲ့ ယောက်ျားတစ်ယောက်ပါ။ ဒီယောက်ျားဟာ ခေါင်းမှာ ပုလဲသရဲဖူဆောင်းထားပြီး မျက်နှာကလည်း ပါးသိုင်းမွေးတွေ မုတ်ဆိတ်မွေးတွေနဲ့ ပြည့်နှက်နေပါတယ်။ သူ့မျက်လုံးတွေဟာ တည်ကြည် လေးနက်နေပြီး ခန္ဓာကိုယ်က ထုတ်လွှတ်နေတဲ့ ‌ရောင်ဝါကလည်း တစ်ဖက်လူတွေကို အတော်လေး ဖိနှိပ်နေပါတယ်။
ဟန်ကျွယ်ဟာ ဒီလူကို မြင်တာနဲ့ တာအိုစက်ကွင်း ပတ်ဝန်းကျင်က စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ပါတယ်။
[ငရဲမင်း: ကျင့်ကြံမှုမသိ။ အောက်ပိုင်းကမ္ဘာ၏ အရှင်သခင်။] 
စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်က ရွှယ်မင်းဟယ်ကနေ ငရဲမင်း ဖြစ်သွားတဲ့အတွက် ဟန်ကျွယ်ဟာ နည်းနည်းတော့ စိတ်သက်သာရာ ရသွားပါတယ်။ အနည်ဆုံးတော့ ငရဲမင်းဟာ အောက်ပိုင်းကမ္ဘာရဲ့ အရှင်သခင်ဖြစ်တဲ့အတွက် မဆိုင်တဲ့လူကို အကြောင်းမရှိဘဲ ဒုက္ခပေးမှာတော့ မဟုတ်ပါဘူး။ 
ငရဲမင်းဟာ အောက်ပိုင်းကမ္ဘာက ထိပ်သီးကျင့်ကြံသူတွေနဲ့ နွေဦးပင်လယ်ကို ရောက်လာပြီး လှိုင်းထန်နေတဲ့ ပင်လယ်ရေမျက်နှာပြင်ကို ကြည့်လိုက်ပါတယ်။
“ရွှယ်မင်းဟယ်… မင်း ကောင်း‌ကောင်း မနေဘူးဆိုရင် ငါ့ကို အဆိုးမဆိုနဲ့” ငရဲမင်းက ဒေါသတကြီး ပြောလိုက်ပါတယ်။ ငရဲမင်းရဲ့ စကားအဆုံးမှာပဲ လှိုင်းထန်နေတဲ့ နွေဦးပင်လယ်ဟာ ငြိမ်သက်သွားပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ရွှယ်မင်းဟယ်ရဲ့ အသံ ထွက်ပေါ်လာပါတယ် “ငရဲမင်း… အနန္တကပ်ဘေးက ကျရောက်နေပြီ၊ အောက်ပိုင်းကမ္ဘာ အင်အားကြီးလာမှာကို မမြင်ချင်ဘူးလား”
ရွှယ်မင်းဟယ်ရဲ့ စကားကို ကြားလိုက်ရတဲ့ ငရဲမင်းဟာ မျက်နှာသေနဲ့ ပြန်ပြောလိုက်ပါတယ် “မင်းလို သနားစရာကောင်းတဲ့ ပမွှားလေးက ငါ့ကို ကူညီနိုင်မှာမို့လို့လား၊ မင်းက အနန္တကပ်ဘေးကို မဖြတ်ကျော်နိုင်ခဲ့တဲ့ အရှုံးသမားတစ်ယောက်၊ ကိုယ့်ဘာသာ အေးဆေးနေစမ်းပါ”
ရွှယ်မင်းဟယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “အနည်းဆုံးတော့ ငါက တိုက်ခိုက်ရဲသေးတယ်၊ မင်းက တိုက်တောင် တိုက်ရဲလို့လား”
ရွှယ်မင်းဟယ်ရဲ့ စကားကြောင့် ငရဲမင်းဟာ တိတ်ဆိတ်သွားပါတယ်။
“ဝုန်း…”
သွေး‌ရောင် အလင်းတန်းဟာ နွေဦးပင်လယ်ထဲကနေ ထိုးထွက်လာပြီး မိုးကုပ်စက်ဝိုင်းအောက်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပါတယ်။ ငရဲမင်းနဲ့ အောက်ပိုင်းကမ္ဘာရဲ့ ထိပ်သီးကျင့်ကြံသူတွေလည်း သွေးရောင်အလင်းတန်းနောက်ကို ချက်ချင်း လိုက်ကြပါတယ်။
အကုန်လုံး ပျောက်ကွယ်သွားတော့မှာပဲ ဟန်ကျွယ်ရင်ထဲက အလုံးကြီး ကျသွားပါတယ် ‘စနစ် အဆင့်မြှင့်ထားတာ ကံကောင်းသွားတယ်၊ မဟုတ်ရင် သူတို့တွေ ငါ့ကို ရှာတွေ့သွားမှာ’
ဟန်ကျွယ်ဟာ သေချာအောင် တိတ်ဆိတ်ကျွန်းပတ်လည်က စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ကို နောက်တစ်ခါ ထပ်ပြီးတော့ စစ်ဆေးလိုက်ပါတယ်။
[ကျို့ယိုနဂါး: အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်။ ကျို့ယိုငရဲမှ အကျဉ်းသားတစ်ဦး ဖြစ်သည်။]
‘အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်လား’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပြီး အသွင်တူလက်ရည်စမ်းပွဲထဲ ချက်ချင်းဝင်ကာ ကျို့ယိုနဂါးနဲ့ တိုက်ခိုက်ပါတယ်။ အသက်ရှူကြိမ် တစ်ကြိမ် အကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
‘တော်သေးတယ်၊ ဒီကောင်ကို ငါ တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လို့’
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စစ်ဆေးတဲ့အခါမှာ တိတ်ဆိတ်ကျွန်းပတ်လည်မှာ ကျို့ယိုနဂါးကလွဲရင် တခြားသူ ဘယ်သူမှ မရှိတာကို တွေ့လိုက်ရတဲ့အတွက် သက်သာရာ ရသွားပါတယ်။
‘ဒီနဂါးစုတ် ငါ့ကို ပြဿနာ လာမရှာပါစေနဲ့၊ မဟုတ်ရင်…’ ဟန်ကျွယ်ရဲ့ မျက်လုံးမှာ သတ်ဖြတ်ငွေ့တွေ ပြည့်နှက်သွားပါတယ်။
ဖူစန်းသစ်ပင်အောက်။
လီယောင်က ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “သူတို့တွေ ထွက်သွားပြီလား”
သွမ့်ဟုန်ချန်က ခေါင်းညိတ်လိုက်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ မျက်စိမှေးပြီး ပြောလိုက်ပါတယ် “ငါတို့ကျွန်းအောက်မှာ နောက်တစ်ကောင် ရှိသေးတယ်၊ ဒီကောင်က ငါ့ထက် စွမ်းအားပိုကြီးတယ်”
ငရဲနက်နတ်ဆိုးသခင်ရဲ့ စကားကြောင့် လူတိုင်း မျက်လုံးပြူးသွားပါတယ်။
တိတ်ဆိတ်ကျွန်း ပတ်လည်က ပင်လယ်ရေပြင်ဟာ ဘောင်ဘင်ခတ်လာပြီး တိတ်ဆိတ်ကျွန်းတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်လာပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ ကျွန်းအောက်ခြေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာမှာ ကြီးမားတဲ့အရာဝတ္ထုကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။
နဂါးမျက်လုံးတစ်လုံးနဲ့တင် ဆယ်မိုင်ကျော်ရှိတဲ့အတွက် ကျို့ယိုနဂါးက ဘယ်လောက်ထိ ကြောက်မက်ဖို့ကောင်းလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
‘ဒီနဂါးစုတ်က ငါ့တိတ်ဆိတ်ကျွန်းကို ဘာလုပ်ချင်နေတာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး တိတ်ဆိတ်ကျွန်းတစ်ခုလုံးကို နတ်အာရုံနဲ့ ဖုံးအုပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး တိတ်ဆိတ်ကျွန်းကို အဝေးတစ်နေရာ ရွှေ့လိုက်ပါတယ်။ ဒါပေမဲ့ ကျို့ယိုနဂါးက နောက်ကနေ လိုက်လာပါတယ်။
ဟန်ကျွယ်ဟာ မနေနိုင်တော့ဘဲ ကျို့ယိုနဂါးကို အသံလွှင့်ပြီး မေးလိုက်ပါတယ် “မင်း ဘာလုပ်နေတာလဲ”
“ဘာလုပ်ရမှာလဲ၊ မင်းကို စားဖို့ပေါ့… ဟား..ဟား…” ကျို့ယိုနဂါးရဲ့ ရယ်သံဟာ အရိုင်းဆန်လွန်းလှပါတယ်။
“တကယ်ကြီးလား”
“တကယ်ပေါ့”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ပျောက်ကွယ်သွားပါတယ်။
“ဝုန်း…”
တိတ်ဆိတ်ဂိုဏ်းသားတွေဟာ နားကွဲမတက် ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး တိတ်ဆိတ်ကျွန်းတစ်ခုလုံး လွှင့်စဉ်ထွက်သွားတာကို ခံစားလိုက်ရပါတယ် ‘ဘာဖြစ်တာလဲ’
ဒီအချိန်မှာပဲ တိတ်ဆိတ်ကျွန်းဟာ နွေဦးပင်လယ်ရေ မျက်နှာပြင်ပေါ် ပြန်ကျလာပြီး မိုင်သန်းချီကို တစ်ခဏအတွင်း ခရီးနှင်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်က တအံတဩ ပြောလိုက်ပါတယ် “ဟိုကောင်ရောင်ဝါ မရှိတော့ဘူး”
ဒီအချိန်မှာပဲ ဟန်ကျွယ်အသံ ထွက်ပေါ်လာပါတယ် “သေသွားပြီ”
ဟန်ကျွယ်စကားကြောင့် ငရဲနက်နတ်ဆိုးသခင်နဲ့ သွမ့်ဟုန်ချန်ဟာ တအံတဩ ဖြစ်သွားကြပါတယ်။ တခြားတပည့်တွေကတော့ အံဩခြင်းမရှိဘဲ စိတ်သက်သာရာ ရသွားကြပါတယ်။
တိတ်ဆိတ်ကျွန်းဟာ ရှေ့ကို ဆက်ပြီးတော့ ရွှေ့လျားပါတယ်။ တစ်နာရီကြာမှာပဲ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ရပ်တန့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပြီး ပြောလိုက်ပါတယ် “ငရဲနက်ဖီးနစ်၊ ပဋိပက္ခကောင်းကင်ခွေး၊ ရွှေကျီးကန်း၊ မြွေနဂါးဘုရင်၊ ငရဲကြက်နက်… မင်းတို့တွေ ဒီနားလာကြ”
ဟန်ကျွယ်ဟာ တောင်တန်းတစ်ခုပေါ် တက်သွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာ ကျို့ယိုနဂါးရဲ့ အလောင်း ထွက်ပေါ်လာပါတယ်။
ကျို့ယိုနဂါးဟာ အနက်ရောင်နဂါးဖြစ်ပြီး ရှည်လျားတဲ့ ကြေးခွံတွေရှိပါတယ်။ ဆူးချွန်တွေ ဝန်းရံထားသလိုမျိုး ရှိတဲ့အတွက် ကျို့ယိုနဂါးက ကြောက်မက်ဖွယ်ကောင်းသလို ကျောချမ်းစရာလည်း ကောင်းလှပါတယ်။ တိတ်ဆိတ်ဂိုဏ်းက လူတွေလည်း တောင်တန်းပေါ် ပျံသန်းလာပြီး ကျို့ယိုနဂါးရဲ့ ကြီးမားတဲ့အလောင်းကို မြင်လိုက်ရတဲ့အခါမှာ ကြက်သေသေသွားကြပါတယ်။
“ဒါက ဘယ်လိုနဂါးလဲ”
“ဒါက ငရဲနက်နတ်ဆိုးသခင် ခုနကပြောတဲ့ စွမ်းအားကြီး ကျင့်ကြံသူလား”
“ဒီနဂါက တော်တော် ထူးဆန်းတာပဲ”
“ဆရာဘိုးဘိုးက ငါတို့ကို စားစေချင်တာလား”
“ကျိန်းသေပေါက်ပဲပေါ့၊ ဟိုမှာ ငရဲကြက်နက် အပြေးတကောလာနေတာကို မမြင်ဘူးလား”
အဲဒီနောက် ငရဲကြက်နက်၊ ငရဲနက်ဖီးနစ်၊ ပဋိပက္ခကောင်းကင်ခွေး၊ ရွှေကျီးကန်းနဲ့ မြွေနဂါးဘုရင်တို့ဟာ ကျို့ယိုနဂါးကို စတင်စားသောက်ကြပါတော့တယ်။ ကျို့ယိုနဂါးရဲ့ခန္ဓာကိုယ်ကို ဟန်ကျွယ်က ဆွဲသေးထားလို့ပါ။ မဟုတ်ရင် တိတ်ဆိတ်ကျွန်းနဲ့ ဆံ့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သူ့လူတွေ အလုအယက် စားသောက်နေကြတာကို ကြည့်ပြီး ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ တခြားသူတွေကလည်း အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ရဲ့ ခန္ဓာကိုယ်က ငရဲကြက်နက်တို့ကို ဘယ်လိုဖြစ်စေမလဲဆိုတာ စိတ်ဝင်တစား စောင့်ဆိုင်းနေကြပါတယ်။
ထူလင်းအာဟာ ဝူတောက်ကျန့်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ဒီကောင်တွေက ပုံမှန်ဆိုရင် စကားနားထောင်လို့ လူရိုးလေးတွေလို့ ထင်ထားတာ၊ ဒီလောက်ထိ ကြမ်းတမ်းလိမ့်မယ်လို့ ထင်မထားဘူး” ဝူတောက်ကျန့်ကလည်း ခေါင်းညိတ်လိုက်ပြီး ကြောက်ရွံ့သံနဲ့ ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်မတို့တွေ နောက်ကျရင် သူတို့ကို ဂရုစိုက်ရလိမ့်မယ်”
မကြာခင်မှာပဲ မြွေနဂါးဘုရင်ဟာ မြေကြီးပေါ် လဲကျသွားပြီး တစ်ကိုယ်လုံး တွန့်လိမ်ကာ ဒွါရကိုးပေါက်ကနေ သွေးတွေ စီးထွက်လာပါတယ်။ ဒီလိုဖြစ်ရတာဟာ မြွေနဂါးဘုရင်ရဲ့ ခန္ဓာကိုယ်က အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ရဲ့ အသွေးအသားကို တောင့်မခံနိုင်တာကြောင့်ပါ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ မြွေနဂါးဘုရင်ဆီ ရောက်သွားပြီး ဝိညာဉ်စွမ်းအားနဲ့ ဒဏ်ရာတွေကို ကုသပေးလိုက်ပါတယ်။
တခြားသူတွေကတော့ မြွေနဂါးဘုရင်ထက် အခြေအနေ ပိုကောင်းကြပါတယ်။ သူတို့ရဲ့ သွေးစည်းတွေက သာမန်မဟုတ်တဲ့အတွက် အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ရဲ့ အသွေးအသားကို တောင့်ခံနိုင်ကြပါတယ်။ မြွေနဂါးဘုရင်ဟာ ဒဏ်ရာတွေ ပြန်ကောင်းသွားတဲ့အခါ ကျို့ယိုနဂါးရဲ့ ခန္ဓာကိုယ်ကို ဆက်ပြီးတော့ စားသောက်ပါတယ်။
ဒီစားသောက်ပွဲကြီးက လေးငါးဆယ်နာရီကျော် ကြာပါတယ်။ ငရဲဖီးနစ်ခုနစ်ကောင်၊ ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေး၊ အာတ၊ ရှောင်အာနဲ့ မြွေနဂါးဘုရင်တို့ဟာ ကျို့ယိုနဂါးရဲ့ခန္ဓာကိုယ်ကနေ အကျိုးအမြတ် တော်တော်လေး ရလိုက်ကြပြီး သူတို့သွေးစည်းတွေကလည်း အရင်ကထက် ပိုပြီးတော့ သန်မာသွားကြပါတယ်။
သူ့လူတွေ ဘာမှမဖြစ်ဘူးဆိုတာ သေချာတော့မှ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
‘အောက်ပိုင်းကမ္ဘာက မလုံခြုံတော့ဘူး၊ ငါ နေရာပြောင်းသင့်ပြီလား’ ဟန်ကျွယ်ဟာ အတွေးများသွားပြီး အတန်ကြာအောင် ဝေခွဲမရ ဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ဒီကိစ္စကို ခဏမေ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် နေရာပြောင်းချင်ရင်တောင် ပြောင်းဖို့နေရာ ရှာမတွေ့နိုင်သေးလို့ပါပဲ။
 ဟန်ကျွယ်ဟာ အောက်ပိုင်းကမ္ဘာက လုံးဝဖရိုဖရဲ ဖြစ်တော့မှာ အောက်ပိုင်းကမ္ဘာကနေ ထွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ရွှေငါးကြင်းကျွန်း၊ တာအိုဘုံကျောင်းအတွင်း။
ဟွမ်ဇွမ်တျန်ဟာ ကြမ်းပြင်မှာ ဒူးထောက်ပြီး ကြိုးကြာဖြူပါးစပ်ထဲက စာလိပ်ကို လက်နှစ်ဖက်နဲ့ တရိုတသေ လက်ခံလိုက်ပါတယ်။
ကြိုးကြာဖြူက အဓိပ္ပာယ်ရှိရှိ‌ ပြောလိုက်ပါတယ် “ပါရမီရှင် အင်မော်တယ်‌ တွေ့ဆုံပွဲက အခွင့်အရေးကောင်းတစ်ခုပဲ၊ ငါ့ကို စိတ်မပျက်စေနဲ့” 
ဟွမ်ဇွမ်တျန်ဟာ အပေါ်ယံမှာ စိတ်လှုပ်ရှားနေပေမဲ့ စိတ်ထဲမှာတော့ ငိုနေပါတယ် ‘နောက်ထပ် ပြဿနာ လာပြန်ပြီလား’
ဟွမ်ဇွမ်တျန်ဟာ ခေါင်းမော့ပြီး မေးလိုက်ပါတယ် “ကျယ်ကျောင်းတော်နဲ့ ကျွန်တော်တို့ ချန်ကျောင်းတော်ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ”
ကြိုးကြာဖြူက ပြောလိုက်ပါတယ် “မသိသင့်တာကို မမေးနဲ့၊ ပါရမီရှင် အင်မော်တယ် တွေ့ဆုံပွဲက အနန္တကပ်ဘေးရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးလိမ့်မယ်၊ မင်း အခွင့်အရေးကောင်းကောင်း မရဘူးဆိုရင် ကျွန်းသခင်နေရာမှာ ဆက်နေဖို့ စိတ်မကူးနဲ့၊ တပည့်တွေအများကြီးက မင်း ကျွန်းသခင်လုပ်တာကို ကျေနပ်ကြတာ မဟုတ်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset