Switch Mode

Chapter – 305

အခန်း (၃၀၅) သွမ့်ဟုန်ချန် အညံခံခြင်း၊ ဟန်မင်၏ နာကြည်းမှု
‘လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်အာရုံကို ဖြန့်ကျက်လိုက်ပါတယ်။
နွေဦးပင်လယ်ရဲ့ တစ်နေရာမှာ လေမရှိဘဲ လိုင်းလုံးကြီးတွေ လိမ့်တက်နေတဲ့အတွက် တော်တော်လေး ထူးဆန်းလှပါတယ်။ ဟန်ကျွယ်လည်း မျက်မှောင်ကြုတ်သွားပြီး နွေဦးပင်လယ်ရဲ့ ပင်လယ်ရေ မျက်နှာပြင်အောက်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။
နွေဦးပင်လယ်က အဆုံးမရှိတဲ့အတွက် ဟန်ကျွယ်ရဲ့ အင်မော်တယ်ဧကရာဇ် နတ်အာရုံဟာ အောက်ဆုံးထိအောင် မသွားနိုင်ပါဘူး။ အတန်ကြာအောင် စစ်ဆေးကြည့်ပေမဲ့ ဟန်ကျွယ်ဟာ လေမလာဘဲ လှိုင်းထရတဲ့ အကြောင်းအရင်းမှန်ကို ရှာမတွေ့နိုင်တာကြောင့် ငရဲနက်နတ်ဆိုးသခင်ရဲ့ အမြင်ကို မေးလိုက်ပါတယ် “ဒီကိစ္စကို မင်း ဘယ်လိုထင်လဲ”
ငရဲနက်နတ်ဆိုးသခင်ဟာ မချိုပြုံး ပြုံးလိုက်ပါတယ် “ကျွန်တော်က ဘယ်လိုလုပ်ပြီး သိမှာလဲ၊ အရင်တုန်းက ကျွန်တော် ငရဲပြည်ကို လာခဲတယ်၊ ဒီနေရာက အရမ်းအန္တရာယ်များတယ်၊ ကျွန်တော့်စိတ်ထဲမှာ ငရဲပြည်က အင်မော်တယ်ကမ္ဘာထက် ပိုပြီးတော့ အန္တရာယ်များတယ်”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ညွှန်ကြားလိုက်ပါတယ် “ဆက်ပြီးတော့ စောင့်ကြည့်ထား၊ တစ်ခုခုထူးခြားတာရှိရင် ငါ့ကို အချိန်မရွေး လာအကြောင်းကြားချည်”
“နားလည်ပါပြီ” ငရဲနက်နတ်ဆိုးသခင်ဟာ ကတိပေးပြီးနောက် ထွက်မသွားသေးဘဲ ချီတုံချတုံ ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ ချီတုံချတုံဖြစ်နေတဲ့ ငရဲနက်နတ်ဆိုးသခင်ကို တစ်ချက်ကြည့်ပြီး မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ၊ ပြောမှာသာ ပြောစမ်းပါ”
ဒီတော့မှာ ငရဲနက်နတ်ဆိုးသခင်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် ငရဲကြက်နက်ကို ကျွန်တော်တို့ ငရဲနက်ဖီးနစ်မိသားစုရဲ့ နယ်မြေဆီလွှတ်ပြီး ဘိသိက်ပေးချင်တယ်၊ ဒါမှ သူ ငရဲဖီးနစ် ဖြစ်လာမှာ”
ဟန်ကျွယ်ဟာ ငရဲကြက်နက်က အပြင်လောကကို အရမ်းကြောက်မှန်း သိတာကြောင့် ငရဲနက်နတ်ဆိုးသခင်ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ပြီး အခုအချိန်က အနန္တကပ်ဘေး ကျရောက်နေတဲ့ကာလ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အနန္တကပ်ဘေး ကျရောက်နေတဲ့ကာလမှာ အပြင်ထွက်တာနဲ့ ကပ်ဘေးထဲ ပါသွားဖို့က ၉၉ ရာခိုင်နှုန်း ကျိန်းသေတယ်၊ ကပ်ဘေးပြီးမှ ဒီအကြောင်းကို ဆက်ဆွေးနွေးကြတာပေါ့၊ မင်းက ငရဲဖီးနစ်မိသားစု ပျက်သုဉ်းသွားတာကို မြင်ချင်လို့လား၊ အခု အနန္တကပ်ဘေးက အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အနန္တကပ်ဘေးတွေနဲ့ မတူဘူး၊ ဒီတစ်ခေါက် အနန္တကပ်ဘေးက အပြောင်းအလဲတွေ အရမ်းများတဲ့အပြင် အရမ်းလည်း အန္တရာယ်များတယ်”
ဟန်ကျွယ်ရဲ့ လေးနက်တဲ့စကားကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ လက်ရောခေါင်းရော ချက်ချင်းခါလိုက်ပြီး အပြင်ထွက်ဖို့ မစဉ်းစားရဲတော့ပါဘူး။ သေသေချာချာ တွေးကြည့်မယ်ဆိုရင် ဟန်ကျွယ်စကားကို အဓိပ္ပာယ်ရှိပါတယ်။ စွမ်းအားနဲ့ အသက်မှာ အသက်က ပိုပြီးတော့ အရေးကြီးတယ် မဟုတ်ပါလား။
ငရဲနက်နတ်ဆိုးသခင်ဟာ သူ့ကိုယ်သူ ကျိန်ဆဲလိုက်ပါတယ် ‘ခွီးတဲ့မှာပဲ… ဂိုဏ်းချုပ် ရှိပေလို့ပဲ၊ မဟုတ်လို့ အပြင်ထွက်မိရင် ငါ သေဖို့က ၉၉ ရာခိုင်နှုန်း သေချာတယ်…’
‘ငါ အပြင်ထွက်လို့ မဖြစ်ဘူး၊ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရဲ့ ကြီးထွားမှုအကြောင်း မေးမြန်းပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ကာ ဆက်လက်ကျင့်ကြံပါတယ်။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နောက်ကနေ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာပြီး ပြောလိုက်ပါတယ် “သခင်.. လင်းအာရဲ့ ဝိညာဉ်ရတနာက အရမ်းစွမ်းအားကြီးတာပဲ၊ သခင်ဆီမှာရော ကျွန်မအတွက် အဲဒီလိုမျိုး ရတနာတစ်ပါးလောက် မရှိဘူးလား”
“မရှိဘူး၊ အဲဒီမျှော်စင်က မှော်မျိုးနွယ်စုရဲ့ ရတနာပဲ၊ မင်းမှာ အင်အားကြီးမားတဲ့ နောက်ခံမရှိတာကိုပဲ အပြစ်တင်ရမယ်”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကြောင့် နှုတ်ခမ်းမဲ့သွားပါတယ်။
ဟန်ကျွယ်က ဝူတောက်ကျန့်ကိုကြည့်ပြီး ပြုံးလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် မင်းက ငါ့နောက်လိုက်မှာပဲ မဟုတ်ဘူးလား၊ ဘာလို့ တိုက်ချင်ခိုက်ချင် ဖြစ်နေရတာလဲ၊ မင်းရဲ့ ကျင့်ကြံမှု တိုးတက်လာတာနဲ့ ဝိညာဉ်ရတနာရဲ့ အသုံးဝင်မှုကလည်း လျော့နည်းလာလိမ့်မယ်”
“အဲဒီလိုလား”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကို အကြွင်းမဲ့ မယုံကြည်တာကြောင့် နည်းနည်းတော့ စိတ်ချမ်းမသာ ဖြစ်တုန်းပါပဲ။ ဒါကလည်း ဝူတောက်ကျန့်ကို အပြစ်ဆိုလို့ မရပါဘူး။ ထူလင်အားဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို ရပြီးကတည်းက တပည့်တွေထဲမှာ စွမ်းအားအကြီးဆုံး ဖြစ်လာပါတယ်။ ဘယ်သူ့မှ ထူလင်းအာကို အနိုင်မယူနိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်က စိတ်ကောက်နေမှန်း သိတာကြောင့် လက်ယက်ခေါ်လိုက်ပါတယ် “ဒီနားလား… ငါ မင်းကို ကောင်းကင်ဓားတာအို ဆက်သင်ပေးမယ်၊ ကောင်းကင်ဓားတာအိုကို မင်း တတ်မြောက်သွားရင် ထူလင်းအာက မင်းပြိုင်ဘက် မဟုတ်တော့ဘူး” ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကြောင့် ကျေနပ်အံအားသင့်သွားပြီး ဟန်ကျွယ်နားကို ချက်ချင်း ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအိုကို တစ်ဆင့်ချင်း သင်ပေးပြီး သူ့လေ့ကျင့်တုန်းက ရရှိခဲ့တဲ့ အတွေ့အကြုံကိုလည်း တစ်ခါတည်း ခေါင်းထဲ ထည့်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နှစ်ကြာတဲ့အခါမှာတော့ ဝူတောက်ကျန့်ဟာ သူ့ဖျာပေါ် ပြန်ထိုင်ပြီး ကောင်းကင်ဓားတာအိုကို စတင်သုံးသပ်ပါတယ်။
ဟန်ကျွယ်ဟာ သိစိတ်ကို လောကဦးကမ္ဘာဆီ စေလွှတ်လိုက်ပါတယ်။ သွမ့်ဟုန်ချန်ရဲ့ ဝိညာဉ်ဟာ တော်တော်လေးကို အားနည်းနေပြီး ဟန်ကျွယ် အတွေးတစ်ချက်နဲ့တင် ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ဒါပေမဲ့ သွမ့်ဟုန်ချန်က ပထမဆင့် အင်မော်တယ်ဧကရာဇ်မို့ ဟန်ကျွယ်ဟာ ဒီအတိုင်း သတ်ပစ်လိုက်ရမှာ နှမြောနေပါတယ်။
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ရဲ့ ဝိညာဉ်ထဲမှာ လမ်းခြောက်သွယ် အမှတ်အသား မှတ်ထားပြီးပြီမို့ သွမ့်ဟုန်ချန်ရဲ့ သေခြင်းရှင်ခြင်းကို အတွေးတစ်ချက်နဲ့တင် ထိန်းချုပ်နိုင်နေပါပြီ။
“အသက်ရှင်ချင်လား”
ဟန်ကျွယ်ရဲ့ အသံဟာ လောကဦးကမ္ဘာမှာ ပဲ့တင်ထပ်သွားပါတယ်။ ပြိုကွဲလုနီး ဖြစ်နေတဲ့ သွမ့်ဟုန်ချန် ဝိညာဉ်ဟာ ချက်ချင်း နိုးလာပြီး ချက်ချင်း အော်ပြောလိုက်ပါတယ်။
“ရှင်ချင်ပါတယ်၊ ရှင်ချင်ပါတယ်”
“ကျွန်တော့်ကို လွှတ်ပေးပါ၊ အသက်သာ ရှင်ရမယ်ဆိုရင် ဘာမဆို လုပ်ပေးနိုင်ပါတယ်”
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ရဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “မင်း ငါ့ကို မုန်းသေးလား”
“မမုန်းပါဘူး၊ လုံးဝ မမုန်းတော့ပါဘူး”
“မင်စကားက မရိုးသားဘူး၊ ငါ မင်းကို ဖိနှိပ်ထားရတာက ငါ့တပည့်ကို အတင်းလုယူဖို့ ကြိုးစားလို့ပဲ၊ ငါ့နေရာမှာ မင်းသာဆိုရင် ဒီအတိုင်း လွှတ်ပေးလိုက်ပါ့မလား”
“ကျွန်တော် တကယ်ပဲ မမုန်းပါဘူး၊ ကျွန်တော် မှားမှန်းသိပါပြီ၊ ကျွန်တော်အမှားကိုလည်း မြင်ပါပြီ”
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဟင်း… ကြည့်ရတာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာက တကယ်ကို ရှားပါးတဲ့မျိုးစိတ်ပဲ ထင်တယ်’
သွမ့်ဟုန်ချန်ဟာ ဟန်ကျွယ်ဆီ စကားပြန်မရတဲ့အတွက် ပိုပြီးတော့ စိုးရိမ်စိတ်ဝင်လာပါတယ် ‘မဟုတ်သေးဘူး… သူက ငါ့ခံစားချက်ကို ထိုးဖောက်မြင်နိုင်တာလား’ သွမ့်ဟုန်ချန်ဟာ ချက်ချင်းပဲ အမုန်းတရားတွေကို ဖယ်ထုတ်လိုက်ပြီး အသက်ရှင်မယ်ဆိုရင် ဘယ်လောက်ထိ ပျော်စရာ ကောင်းမလဲဆိုတာ တွေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာ‌တော့ အဲဒီလို အသက်ရှင်ခွင့်ပေးတဲ့….။
[သွမ့်ဟုန်ချန်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
‘ကြယ်သုံးပွင့်လား… မဆိုးဘူး’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ မျက်လုံးဖွင့်လိုက်ပြီး ညလက်ကို ဝှေ့ယမ်းကာ သွမ့်ဟုန်ချန်ရဲ့ ဝိညာဉ်ကို လွှတ်ပေးလိုက်ပါတယ်။
သွမ့်ဟုန်ချန်ဟာ သူ့ရှေ့က အရာအားလုံးကိုကြည့်ပြီး ကြက်သေသေကာ သူ့မျက်လုံးကို မယုံနိုင်လောက်အောင် ဖြစ်သွားပါတယ်။
“အခုအချိန်ကစပြီး မင်း ဒီကျွန်းပေါ်မှာ နေရမယ်၊ အပြင်ကို ခြေတစ်လှမ်းတောင် မလှမ်းရဘူး၊ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ချည်၊ မင်းလိုကောင်မျိုးက အနန္တကပ်ဘေးမှာ နယ်ရုပ်အဆင့်ပဲ ရှိတယ်”
ဟန်ကျွယ်စကားကြောင့် သွမ့်ဟုန်ချန်ဟာ သတိပြန်ဝင်လာပြီး ဟန်ကျွယ်ကို ချက်ချင်းပဲ ကျေးဇူးတင်စကား ဆိုပါတယ်။
[သွမ့်ဟုန်ချန်သည် သင့်အပေါ် အကောင်းမြင်စိတ် တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျင့်ကြံခြင်းလောကမှာ ရန်သူ့ကို မိတ်ဆွေအဖြစ် သတ်မှတ်တာက ကိုယ့်နားမှာ နျူကလိယဗုံးတစ်လုံး ထားရသလိုမျိုး မို့လို့ပါ။ ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို လွှတ်ပေးရဲတာက သွမ့်ဟုန်ချန်ရဲ့ သေခြင်းရှင်ခြင်းကို အတွေးတစ်ချက်တည်းနဲ့ ထိန်းချုပ်နိုင်နဲ့ လမ်းခြောက်သွယ် အမှတ်အသားကြောင့်ပါ။ မဟုတ်လို့ကတော့ ဘယ်လောက်ပဲ နှမြောစရာကောင်းကောင်း အရှင်ထားမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး သွမ့်ဟုန်ချန်ကို အပြင်ထွက်ခိုင်းလိုက်ပါတယ်။ သွမ့်ဟုန်ချန်သာ စိတ်လိုက်မာန်ပါ လုပ်မယ်ဆိုရင်တော့ ဟန်ကျွယ်က ချက်ချင်း သတ်ပစ်မှာပါ။
သွမ့်ဟုန်ချန်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လိုက်ရတဲ့အခါမှာ ရင်တုန်နေပါတယ်။ သွမ့်ဟုန်ချန်ဟာ ငတုံးမဟုတ်တဲ့အတွက် ဟန်ကျွယ် သူ့ကို စိတ်ချလက်ချ လွှတ်ပေးလိုက်တာက ပိုင်ကွက်ရှိလို့ဆိုတာ ကျိန်းသေပေါက် တွက်ဆမိပါတယ်။ ဒါကြောင့် စိတ်လိုက်မာန်ပါ မလုပ်ရဲပါဘူး။
သွမ့်ဟုန်ချန်ဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတာမို့ တခြားသူတွေကို နှုတ်ဆက်ဖို့ တော်တော်လေးကို ရှက်ကိုးရှက်ကန်း ဖြစ်နေပါတယ်။ ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ရဲ့ အခြေအနေကို သိမြင်တာကြောင့် သွမ့်ဟုန်ချန်ကို အသွင်တူလက်ရည်စမ်းပွဲထဲ ဆွဲထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာ ငရဲနက်နတ်ဆိုးသခင်ဆီ အသံလွှင့်ပြီး သွမ့်ဟုန်ချန်ကို စိန်ခေါ်တိုက်ခိုက်ခိုင်းပါတယ်။
သွမ့်ဟုန်ချန်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ပထမဆုံးအကြိမ် ဝင်ရတာမို့ အံဩတကြီး ဖြစ်နေပါတယ်။ ဒါကြောင့် ငရဲနက်နတ်ဆိုးသခင်ရဲ့ တစ်ချက်တည်းသတ်တာကို ခံလိုက်ရပါတယ်။
သွမ့်ဟုန်ချန်ဟာ မကျေနပ်ဘဲ ထပ်ပြီးတော့ တိုက်ခိုက်ပါတယ်။ ဒီတစ်ခါလည်း တစ်ချက်တည်း အသတ်ခံရပါတယ်။ အကြိမ်တစ်ရာနီးပါး စိန်ခေါ်တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ သွမ့်ဟုန်ချန်ဟာ စိတ်ဓာတ်ကျသွားပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူ့လုပ်ရပ်က ဘယ်လောက်ထိ ရယ်စရာကောင်းလဲဆိုတာ သိလိုက်ရလို့ပါပဲ။
‘ငါက ဒီလိုကျွန်းကို လူတစ်ယောက် လုဖို့ လာရတယ်လို့၊ ငါ့အစွမ်းက ဒီဖီးနစ်စုတ်ရဲ့ တိုက်ကွက်တစ်ကွက်ကိုတောင် မခုခံနိုင်ရှာဘူး… ဟင်း…’ သွမ့်ဟုန်ချန်ဟာ နေရာတစ်နေရာ ရှာထိုင်ပြီး သူ့ခန္ဓာကိုယ်ကို ကုသပါတယ်။
အပြာရောင်ကောင်းကင်အောက်မှာ တောင်တန်းတွေနဲ့ လေပေါ်ကျွန်းများစွာ တည်ရှိနေပါတယ်။ အဝေးကနေပဲ ကြည့်ကြည့် အပေါ်စီးကနေပဲကြည့်ကြည့် တကယ်ကို ရှုမငြီးတဲ့ မြင်ကွင်းတစ်ခုပါ။
လေပေါ်ကျွန်းတစ်ကျွန်းရဲ့ ကျယ်ဝန်းလှတဲ့ ကွင်းတစ်ကွင်းမှာ ယောက်ျားတစ်ယောက် ကျင့်ကြံ အားထုတ်နေပါတယ်။ ဒီယောက်ျားဟာ ဆက်တိုက်ရွှေ့လျားပြီး ရုပ်ခန္ဓာကို လေ့ကျင့်နေတာပါ။ လက်သီးချက် ခြေထောက်ကန်ချက်တွေဟာ လေလိုလျင်မြန်ပြီး ပတ်ဝန်းကျင် အာကာသနိယာမကို အချိန်မရွေး ပြိုလဲသွားစေနိုင်တဲ့အထိ ပြင်းထန်လှပါတယ်။
ဒီယောက်ျားရဲ့မျက်နှာဟာ ဟန်ကျွယ်နဲ့ ဆင်တူပေမဲ့ ဟန်ကျွယ်လောက်တော့ မချောပါဘူး။ ဒီယောက်ျားဟာ ပိုပြီးတော့ ခန္ဓာကိုယ် ထွားကျိုင်းပြီး လူသားပုံစံ သားရဲတစ်ကောင်လိုပါ။
သူကတော့ တခြားသူ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ညီငယ် ဟန်မင်ပါ။
အတန်ကြာ ကျင့်ကြံပြီးတဲ့နောက်မှာတော့ ဟန်မင်ဟာ ကျင့်ကြံတာ ရပ်လိုက်ပါတယ်။ ခန္ဓာကိုယ်က စိုရွှဲနေတဲ့ ချွေးတွေဟာ အငွေ့ပျံ့ပြီး မြူခိုးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ ဒီအချိန်မှာပဲ ကွင်းပြင်စွန်းမှာ အနက်ရောင်အရိပ်တစ်ရိပ် ထွက်ပေါ်လာပါတယ်။ ဒီအနက်ရောင်အရိပ်ရဲ့ နောက်ကျောမှာတော့ လည်ပတ်နေတဲ့ ယင်ယန်စက်ဝိုင်းတစ်ခု ကပ်ပါလာပါတယ်။
ဟန်မင်ဟာ ဒီလူကို မြင်လိုက်ရတဲ့အတွက် ကျေနပ်အံအားသင့်သွားပြီး ချက်ချင်း ဒူးထောက်ကာ လက်သီးဆုပ်လိုက်ပါတယ် “ဆရာသခင် ရောက်လာပြီလား၊ ကျွန်တော် အခု အပြင်ထွက်လို့ ရပြီလား”
အနက်ရောင်အရိပ်ဟာ အေးစက်တဲ့မျက်လုံးအစုံကို ဖွင့်ကာ ပြောလိုက်ပါတယ် “အပြင်ထွက်မယ်၊ မင်းရဲ့ ဒီအစွမ်းလေးနဲ့လား၊ မင်းက ဟန်ကျွယ်ထက် အများကြီး နိမ့်ပါးနေသေးတယ်၊ ဟန်ကျွယ်က မင်းကို လက်ညိုးတစ်ချောင်းတည်းနဲ့တင် အနိုင်ယူနိုင်တယ်”
အနက်ရောင်အရိပ်ရဲ့ စကားကြောင့် ဟန်မင်ဟာ မျက်မှောင်ကြုတ်သွားပြီး မျက်လုံးတွေထဲမှာ နာကြည်းမှုတွေ ပြည့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနက်ရောင်အရိပ်က အမြဲလိုလို ဟန်ကျွယ်နာမည်သုံးပြီး ဟန်မင်ကို ဖိအားပေးလို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset