အခန်း (၃၀၃) အမှောင်သခင်ကြီး အောင်ပွဲခံခြင်း
ကျန်းယီ ပျောက်သွားပေမဲ့ တိုက်ပွဲက ရပ်မသွားဘဲ ပိုပိုပြီးတော့ ကြည့်ကောင်းလာပါတယ်။ အင်အားစုအသီးသီးက ထိပ်သီးကျင့်ကြံသူတွေဟာ အားကောင်းမောင်းသန် မှော်ဆရာကို ဝိုင်းတိုက်ကြပါတယ်။ ဒီဝိုင်းတိုက်တဲ့သူတွေထဲမှာ ဂျိရှင်းရှန်လည်း ပါပါတယ်။
အားကောင်းမောင်းသန် မှော်ဆရာဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို ဘယ်လက်နဲ့ မြှောက်ကိုင်ပြီး ရန်သူတွေကို ညာလက်နဲ့ အသာအယာ တိုက်ခိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုတော့ စွမ်အားအနည်းဆုံးဖြစ်တဲ့ မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ်တောင် အသက်သေဆုံးမှု မရှိလို့ပါပဲ။
ဟန်ကျွယ်ဟာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်အသွင် ပြောင်းလဲလိုက်ပြီး အားကောင်းမောင်းသန် မှော်ဆရာကို အခွင့်အရေးရှာကာ တိုက်ခိုက်လိုက်ပါတယ်။ စနစ်ရဲ့ ဖုံးကွယ်မှုကြောင့် ဟန်ကျွယ်ရဲ့ ရောင်ဝါဟာ မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်ပဲ ရှိတာကြောင့် မှော်ဆရာဟာ ဟန်ကျွယ်ကို သိပ်ပြီး အလေးမထားပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ နေရာကနေ ရုတ်ခြည်းပျောက်ကွယ်သွားပြီး မှော်ဆရာဘေးနား ပေါ်လာကာ ဓားနဲ့ ခုတ်ပိုင်းလိုက်ပါတယ်။
ပြိုင်ဘက်ကင်းဓားချီ။
စွမ်းအားကြီးမားလွန်းတဲ့ ဓားချီကြောင့် မှော်ဆရာဟာ သွေးအန်ထွက်ပြီး လွှင့်စဉ်ထွက်သွားပါတယ်။ ဟန်ကျွယ်ဟာ အင်္ကျီစကို ဝှေ့ယမ်းပြီး ဘိုးဘေးမှော်ဆရာမျှော်စင်ကို စုပ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာ ကိုယ်ရွှေ့သိုင်းကိုသုံးပြီး ငရဲပြည်ကနေ ခုန်ထွက်လိုက်ပါတယ်။
“အား…”
အားကောင်းမောင်းသန် မှော်ဆရာဟာ မိုးမီးလောင်တဲ့မျက်နှာနဲ့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။
တကယ်တော့ ဟန်ကျွယ်က သူ့စွမ်းအားကို အကုန်ထုတ်မသုံးပါဘူး။ မဟုတ်ရင် အားကောင်းမောင်းသန် မှော်ဆရာဟာ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်းဓားချီကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။
ဂျိရှင်းရှန်ဟာ မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ကြက်သေသေသွားပါတယ် “ဘိုးဘေးမှော်ဆရာမျှော်စင်က အလုခံလိုက်ရပြီလား”
‘နေပါအုန်း… ဒီလူက မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်မလား… သူက သေသွားပြီ မဟုတ်ဘူးလား’ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်က မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းလိုက်တာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူပါ ‘သူက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ၊ ဒါမှမဟုတ် ညီအစ်ကိုတွေများလား’
ဟန်ကျွယ်ဟာ ဟင်းလင်းပြင်မှာ ဆက်တိုက်နေရာ ရွှေ့ပြောင်းပါတယ်။ အကြိမ်သုံးလေးဆယ် နေရာရွှေ့ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ငရဲပြည်ထဲ ပြန်ခုန်ဝင်ပြီး တိတ်ဆိတ်ကျွန်းထဲ ဝင်လိုက်ပါတယ်။
တိတ်ဆိတ်ကျွန်းထဲ ရောက်သွားမှာပဲ ဟန်ကျွယ်ဟာ စိတ်ချက်လက်ချ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ကျွန်းမှာ တာအိုစက်ကွင်း ရှိနေတဲ့အတွက် မှော်မျိုးနွယ်စုက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို မတွက်ချက်နိုင်လို့ပါပဲ။ မှော်မျိုးနွယ်စုက အင်အားနည်းပါးလာတာ ကြာပြီဖြစ်တဲ့အတွက် ကောင်းကင်ဘဝဂ်ကျင့်ကြံသူတောင် ရှိမှာ မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ ထူလင်းအာဆီ လျှောက်သွားပြီး ဘိုးဘေးမှော်ဆရာမျှော်စင်ကို ထုတ်ယူလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ဘိုးဘေးမှော်ဆရာမျှော်စင်ဟာ တောက်ပလာပါတယ်။ မြေပြင်မှာ တွန့်လိမ်နေတဲ့ ထူလင်းအာလည်း ရုတ်တရက် တန့်သွားပြီး ဘိုးဘေးမှော်ဆရာမျှော်စင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားပါတယ်။
လူတိုင်းဟာ မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် အံအားသင့်သွားကြပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ မျှော်စင်ကိုကြည့်ပြီး တအံတအံ မေးလိုက်ပါတယ် “ဒါက ဒဏ္ဍာရီလာ ဘိုးဘေးမှော်ဆရာမျှော်စင်လား”
ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို တစ်ချက်ကြည့်လိုက်ပါတယ် “မင်းက ဒီရတနာကို သိတာလား”
“သိပါတယ်၊ အဲဒီအနန္တကပ်ဘေး မပြီးခင်တုန်းက ဘိုးဘေးမှော်ဆရာအားလုံး သေဆုံးသွားခဲ့တယ်၊ အဲဒီမှာ ပြန်လည်မွေးဖွားခြင်းအဖြစ် အသွင်ပြောင်းလဲပြီးဖြစ်တဲ့ ဧကရီဟုတ်ထိုက သူ့ရဲ့ မျိုးနွယ်ဝင် အကုန်လုံးကို ဘိုးဘေးမှော်ဆရာမျှော်စင်ထဲမှာ သိမ်းထားခဲ့တယ်၊ ဧကရီဟုတ်ထိုရဲ့ ရည်ရွယ်ချက်က သူ့မျိုးနွယ်ဝင်တွေကို ကာကွယ်ဖို့ပဲ၊ ဒါပေမဲ့ ကောင်းကင်တာအိုက လက်မခံဘဲ အမှန်တရားစွမ်းအားကို အသုံးပြုပြီး ဘိုးဘေးမှော်ဆရာမျှော်စင်ကို ဖိနှိပ်ခဲ့တယ်၊ အဲဒီတုန်းက မှော်မျိုးနွယ်စုက အကုသိုလ်ကံ များလွန်းတော့ ကောင်းကင်တာအိုရဲ့ အမှန်တရားစွမ်းအားအောက်မှာ လုံးဝသန့်စင်ခံရပြီး အကုန်လုံး သေဆုံးသွားခဲ့တယ်၊ အဲဒီလိုနဲ့ ဘိုးဘေးမှော်ဆရာမျှော်စင်က အကျိုးဆောင် အကောင်းစား ရတနာ ဖြစ်လာတာပဲ”
ငရဲနက်နတ်ဆိုးသခင်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဒီဒဏ္ဍာရီက ရှေးကျလွန်းတဲ့အတွက် တကယ်ဖြစ်ခဲ့တာလားဆိုတာ ငရဲနက်နတ်ဆိုးသခင် မသိပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါဆိုရင် ဘိုးဘေးမှော်ဆရာမျှော်စင်က မှော်မျိုးနွယ်စုရဲ့ သင်္ချိုင်းဂူပေါ့၊ ဘယ်လိုလုပ်ပြီး အကောင်းစားရတနာ ဖြစ်သွားတာလဲ”
“မှော်မျိုးနွယ်စုက ဘိုးဘေးမှော်ဆရာမျှော်စင်ထဲမှာ သေဆုံးသွားပြီဆိုပေမဲ့ မှော်မျိုးနွယ်စုသွေး ပါတဲ့သူတွေက မျှော်စင်ကို အမှီပြုပြီး သူတို့ရဲ့သွေးစည်းကို သန့်စင်နိုင်တယ်၊ သူတို့တွေ အခုထိ ရှင်သန်နိုင်တာက ရှေးခေတ်လူသားတွေနဲ့ ပေါင်းစည်းခဲ့ကြလို့ပဲ၊ ဒီလိုပေါင်းစည်းခဲ့တော့ သူတို့သွေးတွေက မသန့်စင်ကြတော့ဘူး”
‘ဒီလိုလား’ ဟန်ကျွယ်ဟာ ပိုပြီးတော့ နားမလည်နိုင် ဖြစ်သွားပါတယ် ‘ဒီလောက် အရေးကြီးတဲ့ ရတနာကို မှော်မျိုးနွယ်စုက ထုတ်လွှတ်လိုက်ရတာလဲ… တစ်ခုခုဖြစ်သွားလို့လား’
ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ မှော်မျိုးနွယ်စုနဲ့ဆိုင်တဲ့ စာအိတ်တစ်အိတ်ကို သွားတွေ့ပါတယ်။
[သင့်မိတ်ဆွေ မုန့်ပေါ်သည် နတ်ဆိုးမျိုးနွယ်စု အင်မော်တယ်ဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော်လည်း ငရဲပြည်ရှိ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
‘မုန့်ပေါ်က ထပ်ပြီးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရပြန်ပြီလား… ဒီတစ်ခါ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်တာ ခံရတာဆိုတော့ ကြည့်ရတာ နတ်ဆိုးရုံးတော်က မှော်မျိုးနွယ်စုကို ပစ်မှတ်ထားနေပုံပဲ’
ဟန်ကျွယ် အတွေးများနေတုန်း တိတ်ဆိတ်ဂိုဏ်းရဲ့တပည့်တွေဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို ဝိုင်းကြည့်ကြပါတယ်။
အတန်ကြာတဲ့အခါမှာတော့ မျှော်စင်ထဲကနေ ထူလင်းအာရဲ့အသံ ထွက်ပေါ်လာပါတယ် “ဆရာသခင်… ကျွန်မ ကောင်းသွားပြီ၊ ဒီရတနာက ကျွန်မကို သခင်အဖြစ် အသိအမှတ်ပြုလိုက်တယ်၊ ဆရာသခင်ကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်၊ ကျွန်မ အပြင် ပြန်ရောက်ရင် ဆရာသခင် ဒီရတနာကို ပြန်ယူလိုက်ပါ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ပါဘူး၊ ဒီရတနာက မင်းတို့မှော်မျိုးနွယ်စုတွေ ပိုင်တာဆိုတော့ မင်းအပိုင်ပဲ”
ဟန်ကျွယ်ဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို မလိုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘေးမှော်ဆရာမျှော်စင်က ကြီးမားတဲ့ရေစက်တွေ ရှိလို့ပါပဲ။
“မင်းတို့တွေ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောရဘူး၊ နားလည်လား” ဟန်ကျွယ်ဟာ သူ့တပည့်တွေကို သတိပေးလိုက်ပါတယ်။ ဒီအခါမှာ ကျိုးမင်ယွဲ့က မနေနိုင်ဘဲ ဝင်ပြောပါတယ် “ကျွန်တော်တို့တွေက အပြင်ထွက်မှာမှ မဟုတ်တာ၊ ဘယ်သူ့ကို သွားပြောလို့ရမှာလဲ”
“ဖောင်း”
ချူရှီရန်ဟာ ကျိုးမင်ယွဲ့ကို မြေကြီးပေါ်လဲအောင် ရိုက်ချပြီး ဆူလိုက်ပါတယ် “မင်းက ဆရာဘိုးဘိုးက ဘယ်လို ပြန်ပြောနေတာလဲ”
ကျိုးမင်ယွဲ့ဟာ ဟန်ကျွယ်ကို အမြန်တောင်းပန်ပြီး ချူရှီရန်ကို မုန်းတီးတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ် ‘ဟင်း… လက်ကလည်း မြန်လိုက်တာ၊ ဘယ်အချိန်ကတည်းက အခွင့်အရေးကို ချောင်းနေတာလဲ မသိဘူး’
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။
ဟန်ကျွယ်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ဆက်ပြီးတော့ အဆင့်မြှင့်တင်ပါတယ်။ နှစ်ဝက်အတွင်းမှာ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို အခေါက်ခေါက်အခါခါ သွားပြီး ဓားတာအို ဆန်းကြယ်စွမ်းအား အကုန်လုံးကို နတ်မင်းအဆင့်ထိရောက်အောင် မြှင့်တင်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်နဲ့ တိုက်ခိုက်တဲ့အခါမှာတော့ တစ်ချက်တည်းနဲ့ အနိုင်ရသွားပါတယ်။ ကောင်းကင်ဧကရာဇ်နဲ့ တိုက်ခိုက်တဲ့အခါမှာတော့ အသက်ရှူကြိမ် သုံးကြိမ် ခံနိုင်လာပါတယ်။
တိုက်တိုင်းအောင်ဗုဒ္ဓ၊ တစ်ချက်တည်းသတ်။
ငရဲနက်နတ်ဆိုးသခင်၊ တစ်ချက်တည်းသတ်။
တခြားရန်သူတွေကိုလည်း တစ်ချက်တည်းနဲ့ ရှင်းပစ်နိုင်တာမို့ ဟန်ကျွယ်ဟာ ပျင်းရိလာပါတယ်။ စိတ်ထောင်းအားရ ဖြစ်စေတဲ့ တိုက်ပွဲဆိုတာက ကြုံရခဲလှပါတယ်။ ဒါကြောင့်မို့ ဟန်ကျွယ်ဟာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကိုတောင် ပြန်သတိရသွားပါတယ်။
‘ငါက အပျော်တွေးတာနော်၊ ဒီလိုရန်သူမျိုး နောက်ထပ် ပေါ်မလာပါစေနဲ့၊ မဟုတ်ရင် ငါ ထပ်ပြီး ပြေးရမှာ’
ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းက ထရီလီယံ ၃၀၀ မို့ နည်းနည်းပါးပါး သုံးလေးထရီလီယံက ဟန်ကျွယ်အတွက် အပန်းမကြီးပါဘူး။
‘ငါ့ အဆင့်တက်တာကလည်း ရှားတယ်၊ တပည့်အတွက် အကောင်းစား ရတနာ လုယူပေးတာကလည်း ပိုတောင် ရှားသေးတယ်၊ ဒီတော့ ငါ ဆယ်ဘီလံယံလောက်သုံးပြီး အောင်ပွဲခံသင့်တယ်’
ဟန်ကျွယ်ဟာ တွေးလေလေ သူ့အတွေးက မှန်ကန်တယ်လို့ ခံစားလာရပါတယ်။ ဟန်ကျွယ်ဟာ အခုဆိုရင် သက်တမ်း ၃၀၀၀ ပဲ ရှိပါသေးတယ်။ အင်မော်တယ်ကမ္ဘာက ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်ရင်တောင် အတော်လေး ငယ်ရွယ်နေပါသေးတယ်။ လူငယ်ဆိုတာက စိတ်ဓာတ်တက်ကြွပြီး မာနကြီးသူ မဟုတ်ပါလား။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဝိညာဉ်စွမ်းအားကို ပိုထုတ်ပြီး ကျိန်စာတိုက်တာကြောင့် သက်တမ်းတွေ တဖြည်းဖြည်း လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်း သုံးရတာကို စွဲသွားမှာဆိုးတဲ့အတွက် ကိုယ်ရေးအကျဉ်းချုပ်ကိုဖွင့်ပြီး ကျိန်စာတိုက်ပါတယ်။
…..
ကောင်းကင်ရုံးတော်၊ ဧကရာဇ်ပန်းခြံ။
ကောင်းကင်ဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓဟာ အကြောင်းအရာတစ်ခုကို ဆွေးနွေးနေတုန်း ကောင်းကင်တာအိုဗုဒ္ဓဟာ ရုတ်ခြည်း မျက်နှာပျက်သွားပါတယ်။
‘သေစမ်း… အမှောင်သခင်ကြီးက ကျိန်စာတိုက်ပြန်ပြီ’
ကောင်းကင်တာအိုဗုဒ္ဓဟာ ဝိညာဉ်စွမ်းအားကို ချက်ချင်းလှည့်ပတ်ပြီး ကျိန်စာစွမ်းအားကို ဖိနှိပ်လိုက်ပါတယ်။ ဒါကိုမြင်တဲ့ ကောင်းကင်ဧကရာဇ်က တအံတဩ မေးလိုက်ပါတယ် “ဗုဒ္ဓ… ဘာဖြစ်လို့လဲ”
ကောင်းကင်တာအိုဗုဒ္ဓဟာ မပြုံးချင်ပြုံးချင်နဲ့ ပြောလိုက်ပါတယ် “ဘာမှ မဟုတ်ပါဘူး၊ ဗုဒ္ဓဂိုဏ်းက တပည့်အချို့ ပြဿနာတက်တာပဲ၊ ကိုယ်တော် တွက်ချက်ကြည့်လိုက်အုန်းမယ်၊ ခဏစောင့်ပေးပါ”
ကောင်းကင်ဧကရာဇ်ဟာ ခေါင်းညိတ်ပြီး အရက်ဆက်သောက်ပါတဘ်။
အချိန်ကြာလာတဲ့အခါမှာတော့ ကောင်းကင်တာအိုဗုဒ္ဓရဲ့မျက်နှာဟာ ပိုပြီးတော့ ရုပ်ဆိုးလာပါတယ် ‘ခွီးတဲ့မှပဲ… အမှောင်သခင်ကြီးက ဒီတစ်ခါ အရင်တစ်ခေါက်ကထက် ပိုကြမ်းလာပါလား’ ကောင်းကင်တာအိုဗုဒ္ဓဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။
အရင်တုန်းက ကောင်းကင်တာအိုဗုဒ္ဓဟာ နတ်ဆိုးဧကရာဇ်ကို သရော်ခဲ့ပါတယ်။ အခုတော့ ကောင်းကင်တာအိုဗုဒ္ဓ ဝဋ်လည်ပါပြီ။ ကိုယ့်အလှည့်ကျမှပဲ ကောင်းကင်တာအိုဗုဒ္ဓဟာ နတ်ဆိုးဧကရာဇ်က ဘာလို့ ဒီလောက်ထိ ရူးသွပ်သွားရလဲဆိုတာ နားလည်သွားပါတယ်။
‘အမှောင်သခင်ကြီးရဲ့ ကျိန်စာစွမ်းအားက တော်တော်ကြီးတာပဲ၊ အရင်တုန်းက စမ်းကြည့်တာနဲ့ တူတယ်’
‘ဘာဖြစ်လို့ အမှောင်သခင်ကြီးက ငါ့ကို ဒီလိုကျိန်စာတိုက်ရတာလဲ’ ကောင်းကင်တာအိုဗုဒ္ဓဟာ အမှောင်သခင်ကြီးရဲ့စိတ်ကို နားမလည်နိုင် ဖြစ်သွားပါတယ်။
ကောင်းကင်တာအိုဗုဒ္ဓဟာ ကောင်းကင်ဧကရာဇ်ဘက်လှည့်ပြီး မေးလိုက်ပါတယ် “ဒါနဲ့ အရှင်မင်းကြီး… အမှောင်သခင်ကြီး ကျိန်စာတိုက်တာ အရှင်မင်းကြီး မခံရဘူးလား”
ကောင်းကင်ဧကရာဇ်ဟာ အရက်ခွက်ကိုချပြီး မဲ့ပြုံးပြုံးလိုက်ပါတယ် “ဘယ်က မခံရမှာလဲ၊ အခုဆို ငါ ကျင့်ကြံရမှာတောင် ခပ်ကြောက်ကြောက်ပဲ”
‘အို… သူ ကျိန်စာတိုက်ခံရနေတာပဲ၊ ဒါကြောင့် ဒီလောက်ထိ ရုပ်ဆိုးနေတာကို’ ကောင်းကင်ဧကရာဇ်ဟာ တစ်ခါမှာ ကျိန်စာမတိုက်ခံရသေးပါဘူး။ ဒါပေမဲ့ ဒီအတိုင်းပြောလိုက်ရင် အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်က လာတယ်ဆိုပြီး တခြားအင်အားစုတွေရဲ့ ပစ်မှတ်ထားတာကို ခံရမှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 303
? Views, Released on December 4, 2024