Switch Mode

Chapter – 302

အခန်း (၃၀၂) ထရီလီယံ ၃၀၀၊ ဘိုးဘေးမှော်ဆရာမျှော်စင်
ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်း ကမ္ဘာနှစ်ခုမှာ အကြိမ်ထောင်ပေါင်းများစွာ နေရာရွှေ့ပြီးမှပဲ တိတ်ဆိတ်ကျွန်းဆီ ပြန်ပါတယ် ‘ငါ ဒီနေရာမှာ ပုန်းနေတယ်ဆိုတာကို ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး’ ဟန်ကျွယ်ဟာ ခေါင်းမော့ရင်ကော့ပြီး တွေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာက ပြန်လာတဲ့သူတွေကို ထုန်ကျန့်ကမ္ဘာဆီ ပို့ဆောင်ပြီးပြီမို့ အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်ကို တက်ရောက်ဖို့ ပြင်ဆင်ပါတယ်။ ကျန်းယီ အကူအညီတောင်းတဲ့ ကိစ္စကိုတော့ ဟန်ကျွယ်က ခေါင်းထဲ မထည့်ပါဘူး။
ဒါကလည်း ကျန်းယီ ကောင်းကျိုးအတွက်ပါ။ ဘိုးဘေးမှော်ဆရာမျှော်စင်က နာမည်ကြားရုံနဲ့ ကောင်းတဲ့နေရာမဟုတ်မှန်း သိသာလှပါတယ်။ သွေးချောင်းစီးစေနိုင်တဲ့ နာမည်မျိုးဖြစ်တာကြောင့် ‌ဝေးနိုင်သမျှ ဝေးဝေးမှာနေတာ အကောင်းဆုံးပါ။
ဟန်ကျွယ်ဟာ နောက်ထပ်နှစ်အနည်းငယ်အတွင်း ဘာမုန်းတီးမှုမှ လက်ခံမရှိတဲ့အတွက် လုံးဝ သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီက သစ္စာဖောက်ပြီး သူပြောလိုက်တဲ့ လုပ်ကြံဇာတ်လမ်းကို လျှောက်ဖွမှာ စိုးရိမ်နေတာပါ။
ဒီလိုနဲ့ နှစ် ၃၀ ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့အတွက် အခွင့်အရေး ရရှိသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ဘက် နှင်ထုတ်ပြီး အဆင့်စတက်ပါတယ်။
ငရဲပြည်ရဲ့ တောင်တန်းတစ်ခုမှာ တောင်တွေ ပြိုလဲပြီး ဖုန်မှုန့်တွေ အလိမ့်လိမ့်တက်နေပါတယ်။ မိုင်ထောင်ချီတဲ့ မြေပြင်ပတ်လည်ဟာလည်း အက်ကြောင်းတွေထပ်နေပြီး လေပေါ်မှာတော့ ဂျိရှင်းရှန်တစ်ယောက် ဝဲပျံနေပါတယ်။ ဂျိရှင်းရှန်ဟာ မြေပြင်က အရာဝတ္ထုတစ်ခုကို ဝင်းလဲ့တောက်ပတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေပါတယ်။
ဂျိရှင်းရှန် ပခုံးပေါ်မှာထိုင်နေတဲ့ သရဲက ပြုံးလိုက်ပါတယ် “မင်းသာ ဒီမျှော်စင်ကို သိမ်းပိုက်နိုင်မယ်ဆိုရင် အင်မော်တယ်ကမ္ဘာကို စိန်ခေါ်လို့ရသွားပြီ”
ဂျိရှင်းရှန်ဟာ မျှော်စင်ကိုကြည့်ပြီး မချင့်မရဲ ဖြစ်သွားပါတယ်။ အရင်တစ်ခေါက်ကလည်း ဂျိရှင်းရှန်ဟာ တိကျောက်ဝမ်နန်းတော်မှာ နတ်လက်နက်သွားခိုးတာ မအောင်မြင်တဲ့အပြင် တော်တော်လေး ခံစားခဲ့ရပါတယ်။ ဒီတစ်ခေါက်လည်း ထပ်ကျဆုံးမယ်ဆိုရင် ဂျိရှင်းရှန်ရဲ့ တာအိုနှလုံးသားက တော်တော်လေးကို ဒဏ်ရာရသွားမှာပါ။
‘ငါ ဒီလိုရတနာကိုသာ မယူနိုင်ဘူးဆိုရင် ဘာလို့ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်နေအုန်းမှာလဲ’
ကြီးမားတဲ့မျှော်စင်ဟာ မြေပြင်ပေါ်ကနေ လေပေါ်ကို တဖြည်းဖြည်း မြှောက်တက်လိုက်ပါတယ်။ ဒီမျှော်စင်က အပေါ်ယံကြည့်ရင် ကျောက်တုံးနဲ့ ပြုလုပ်ထားတဲ့ မျှော်စင်တစ်ခုမို့ ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး။ ဒါပေမဲ့ သေချာကြည့်မယ်ဆိုရင်တော့ ဒီမျှော်စင်ရဲ့ တံခါးပေါက်တိုင်းမှာ အရိုးခြောက်တွေကို တွေ့မြင်နိုင်မှာပါ။ ဒီအရိုးခြောက်တွေက သက်ရှိအားလုံးရဲ့ အရိုးတွေ ဖြစ်ပါတယ်။
ဂျိရှင်းရှန်ဟာ ဒီမျှော်စင်ကိုကြည့်ပြီး နှလုံးခုန် မြန်လာပါတယ် “ဒါ ဘယ်လိုရတနာမျိုးလဲ၊ ဘာလို့ ဒီလောက်တောင် သတ်ဖြတ်ငွေ့ ပြင်းထန်နေရတာလဲ” ဂျိရှင်းဟာ စိတ်ထဲမှာ တအံတဩ ဖြစ်သွားပြီး ထူးဆန်းတဲ့ ကျောက်တုံးမျှော်စင်ကို လိုချင်စိတ်ပြင်းပြတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ကြောက်မက်ဖွယ်ဖိအားတစ်ခု ကောင်းကင်ပေါ်ကနေ ကျဆင်းလာပါတယ် “ဟမ်… မင်းက ငါတို့ရဲ့ ရတနာကို ခိုးချင်တာလား၊ ကောင်လေး… ကိုယ့်သေတွင်း ကိုယ်တူးနေတာလား” အေးစက်တဲ့အသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ချမ်းစိမ့်စိမ့် ဖြစ်သွားပါတယ်။
ဂျိရှင်းရှန်ဟာ ထူးဆန်းတဲ့ ကျောက်တုံးမျှော်စင်ဆီ အမြန်ပြေးပြီး အရင်ဦးအောင် လုယူဖို့ ကြိုးစားပါတယ်။
“ဝုန်း..”
ကောင်းကင်ပေါ်ကနေ ကြီးမားတဲ့လက်ဝါးတစ်ဖက်ဟာ ကောင်းကင်ပြိုကျသလို သက်ဆင်းလာပါတယ်။ ဒီလက်ဝါးရှေ့မှာ အရာအားလုံးက ပုရွက်ဆိတ်လိုပဲ သေးငယ်လွန်းလှပါတယ်။
…..
သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်ကို ရောက်ရှိသွားပြီး ဝိညာဉ် အသွင်ပြောင်းလဲကာ ဝိညာဉ်စွမ်းအားလည်း ဆတိုး တိုးတက်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်မြဲအောင်လုပ်ပြီး သူ့ရဲ့ ကိုယ်ရေးအကျဉ်းချုပ်ကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၃,၅၃၈/၃၀၄,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: အင်မော်တယ် (လောကဦး ကြယ်တာရာ ခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို]
‘ငါ့သက်တမ်းက ထရီလီယံ ၃၀၀ တောင် ဖြစ်သွားပြီ… ဟား..ဟား… ငါ့ကို ဘယ်သူယှဉ်နိုင်အုန်းမှာလဲ’ ဟန်ကျွယ်ဟာ ဘဝမြင့်သွားပါတယ်။ စတုတ္ထအဆင့် အင်မော်တယ်ဧကရာဇ် ဖြစ်တာထက် သက်တမ်းတိုးသွားတာကို ဟန်ကျွယ်က ပိုပြီးတော့ သဘောကျပါတယ်။
ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ရတဲ့အတွက် သက်တမ်းအများကြီး ကုန်ဆုံးပေမဲ့ အဆင့်တက်တိုင်းမှာ သက်တမ်းက သုံးလိုက်တာထက် ပိုပိုတိုးလို့လာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့သက်တမ်းတွေကို တခြားနေရာမှာ အသုံးချချင်လာပါတယ်။
‘ငါမှာ ထရီလီယံ ၃၀၀ တောင် ရှိနေတာပဲ၊ ဆယ်ဘီလီယံလောက် သုံးလိုက်တာက ဘာဖြစ်မှာလဲ… သေသေချာချာ တွက်ကြည့်ရင် ၀.၀၁ ရာခိုင်နှုန်းတောင် မရှိဘူး’
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ သူ့သက်တမ်းတွေကို ကျိန်စာတိုက်တာနဲ့ ကောင်းကင်လျှို့ဝှက် တွက်ချက်တဲ့နေရာမှာ ခပ်များများ အသုံးချဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
နှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့် ကျင့်ကြံမှုဟာ လုံးဝခိုင်မြဲသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဓားတာအိုကို အရင်ဆုံး သုံးသပ်ပြီး သူ့ရဲ့ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိရောက်အောင် မြှင့်တင်ဖို့ ပြင်ဆင်ပါတယ်။
ဒါပေမဲ့ ဒီအချိန်မှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကနေ ဝူတောက်ကျန့်ရဲ့အသံကို ကြားလိုက်ရပါတယ် “သခင်… ကိစ္စကြီးတော့ ဖြစ်နေပြီ”
ဝူတောက်ကျန့်ရဲ့ စိုးရိမ်တကြီး စကားသံကြောင့် ဟန်ကျွယ်ဟာ နတ်အာရုံကို အပြင်ဘက် ဖြန့်ကျက်လိုက်တဲ့အခါ ရန်သူဆိုလို့ သရဲတစ်ကောင်တောင် မတွေ့ရပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့တပည့်တွေကို စစ်ဆေးလိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ထူလင်းအာရဲ့ မူမမှန်တဲ့ အခြေအနေကို တွေ့သွားပါတယ်။
ထူလင်းအာဟာ မြေကြီးပေါ်မှာ တွ့န်ခွေနေပြီး မျက်နှာကလည်း အလွန်တရာ နာကျင်ပုံ ပေါက်နေပါတယ်။ ဟန်ကျွယ်ဟာ ထူလင်းအာဘေးနားကို ရုတ်ခြည်းရောက်သွားပြီး ဒူးတစ်ဖက်ထောက်ကာ ထူလင်းအာရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ပါတယ်။
ဒီအခါမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက ထူလင်းအာရဲ့သွေးကို နှိုးဆွနေတာ တွေ့လိုက်ရပါတယ်။
‘သွေးစည်းမှာ ပြဿနာတက်နေတာလား… ဘာဖြစ်တာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ထူလင်းအာကို ဝိညာဉ်စွမ်းအားသုံးပြီး ကုသကြည့်ပေမဲ့ အချည်းနှီးပါပဲ။
“ဘိုးဘေး… ဘိုးဘေးမှော်ဆရာ… ဘိုးဘေးမှော်ဆရာမျှော်စင်…” ထူလင်းအာဟာ တုန်ယင်တဲ့အသံနဲ့ ထစ်ထစ်ငေါ့ငေါ့ ပြောပြီးတဲ့အခါမှာတော့ သတိလစ်သွားပါတယ်။
‘ဘိုးဘေးမှော်ဆရာမျှော်စင်… ဒါ ကျန်းယီ ရှာနေတဲ့ရတနာ မဟုတ်လား’ ဟန်ကျွယ်ဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ်။
ဒီအချိန်မှာပဲ ထူလင်းအာရဲ့ ဒွါရကိုးပေါက်ကနေ သွေးတွေ ယိုစီးထွက်လာတာကြောင့် တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေ အကုန်လုံး အလန့်တကြား ဖြစ်သွားကြပါတယ်။
“ကျွန်တော်တို့တွေ ဘာလုပ်သင့်လဲ ဆရာဘိုးဘိုး”
“သူ ဘာဖြစ်တာလဲ”
“တိုက်ခိုက်လွန်းလို့ ဒီလိုဖြစ်သွားတာလား”
“တစ်ခုခု မဟုတ်သေးဘူး၊ သူ့သွေးစည်းမှာ တစ်ခုခုဖြစ်သွားပုံပဲ”
“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ၊ ငါတို့တွေ ဘာလုပ်ကြမလဲ”
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ ထူလင်းအာနဲ့ အတူကျင့်ကြံတာ အတော်ကြာပြီမို့ ထူလင်းအာ တစ်ခုခုဖြစ်မှာကို မမြင်ချင်ကြပါဘူး။
ဟန်ကျွယ်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “မင်းတို့တွေ ဒီနေရာကို စောင့်ကြပ်ထားကြ၊ ငါ အပြင်ထွက်အုန်းမယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကနေ ခုန်ထွက်ပြီး မေ့လျော့ခြင်းတံတားဆီ ပျံသန်းသွားပါတယ်။ အခုအချိန်မှာ ထူလင်းအာကို ကယ်နိုင်တဲ့လူက မုန့်ပေါ်ကလွဲလို တခြားလူမရှိပါဘူး။
မကြာခင်ပဲ ဟန်ကျွယ်ဟာ ကြီးမားကျယ်ပြန့်တဲ့ ရောင်ဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဒီရောင်ဝါက ထူလင်းအာရဲ့ ရောင်ဝါနဲ့ အတော်လေး ဆင်တူပြီး ရှေးကျကာ အင်အားကြီးမားပါတယ်။
‘ဒါ…’
ဟန်ကျွယ်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ဦးတည်ရာကို ချက်ချင်းပြောင်းလိုက်ပါတယ်။
အက်ကြောင်းထပ်နေတဲ့ ဖုန်ဆိုးမြေမှာ ဖုန်အလူးလူးထနေပြီး မရေမတွက်နိုင်တဲ့ လျှပ်စီးနက်တွေ ယှက်သမ်းနေပါတယ်။ မြေကြီးပေါ်မှာ ယမ်းပုံမီးကျဖြစ်နေတဲ့ ဂျိရှင်းရှန်တစ်ယောက် လဲလျောင်းနေပါတယ်။
ဂျိရှင်းရှန်ရဲ့ အကြည့်နောက်ကို လိုက်မယ်ဆိုရင် ကောင်းကင်ပေါ်မှာ ပျံသန်းနေတဲ့ အားကောင်းမောင်းသန် ယောက်ျားတစ်ယောက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအားကောင်းမောင်းသန် ယောက်ျားဟာ ရက်စက်တဲ့မျက်နှာရှိပြီး သူ့ခန္ဓာကိုယ် ဝက်ဝံတစ်ကောင်လို ကြံ့ခိုင်လွန်းပါတယ်။ ဒီအားကောင်းမောင်းသန် ယောက်ျားဟာ မီးဘီးကို စီးထားပြီး ခါးမှာလည်း ရေလွှမ်းနဂါးတစ်ကောင် ရစ်ခွေနေပါတယ်။
“မှော်မျိုးနွယ်စုကောင် သေစမ်း”
ကျယ်လောင်တဲ့ အော်ဟစ်သံနဲ့အတူ မိုးမြေတစ်ခွင်လုံး မီးလျှံဟပ်သွားပါတယ်။ ဆံပင်တွေ ဖွာလန်ကြဲနေတဲ့ ကျန်းယီဟာ နေမီးလျှံစစ်နဲ့ အားကောင်းမောင်းသန် ယောက်ျားကို တဟုန်ထိုး တိုက်ခိုက်ပါတယ်။
မြေကြီးပေါ်မှာလည်း တခြားစွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတွေ ရှိနေပါတယ်။ သူတို့အထဲမှာ အားအနည်းဆုံးက မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ်ပါ။ ဂျိရှင်းရှန်ဟာ အံကြိတ်လိုက်ပါတယ် “ငါ သူ့ကို အနိုင်မယူနိုင်ဘူးပဲ”
ဂျိရှင်းရှန်ရဲ့ ပခုံးပေါ်မှာ သရဲပေါ်လာပြီး ခပ်တိုးတိုး ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် မင်းဒီရတနာကို လက်လွှတ်ခံလို့ မဖြစ်ဘူး၊ ဘိုးဘေးမှော်ဆရာမျှော်စင်က အကောင်းစားရတနာ၊ မင်းသာ ဒီရတနာကို ရမယ်ဆိုရင် အနန္တကပ်ဘေးထဲဝင်ပြီး ကံတရားအထောက်အပံ့ကို သိမ်းပိုက်နိုင်ပြီ၊ မဟုတ်လို့ကတော့ မင်းက စတေးခံပဲ ဖြစ်လိမ့်မယ်”
သရဲရဲ့စကားကြောင့် ဂျိရှင်းရဲ့ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။
“မင်းတို့ သူခိုးတွေကများ ငါတို့မျိုးနွယ်စုရဲ့ ရတနာကို ခိုးယူချင်းသေးတယ်၊ ကိုယ့်အစွမ်းအစ ဘယ်လောက်ရှိတယ်ဆိုတာကို မသိကြဘူး” အားကောင်းမောင်းသန် ယောက်ျားဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို မြှောက်ပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်ပါတယ်။ သူ့ရဲ့ ကြိမ်းမောင်းသံဟာ မြေပြင်ကို သွက်သွက်အောင် တုန်လှုပ်စေပြီး တိမ်ပင်လယ်မှာ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေပါတယ်။
အားကောင်းမောင်းသန် ယောက်ျားဟာ အရူးအမူး ပျံသန်းလာတဲ့ ကျန်းယီကို လက်သီးနဲ့ လှမ်းထိုးလိုက်ပါတယ်။ ဒီလက်သီးရှေ့မှာ ကမ္ဘာတစ်ခုလုံး ရပ်တန့်သွားသလိုပါပဲ။ ကျန်းယီဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ရှောင်တိမ်းဖို့ ကြိုးစားပေမဲ့ မမီလိုက်ပါဘူး။
ကျန်းယီဟာ အားကောင်းမောင်းသန် ယောက်ျားရဲ့ လက်သီးချက်နဲ့ သွေးပွက်ပွက်အန်ပြီး နောက်ကိုလွှင့်စဉ်ထွက်သွားပါတယ်။ လွှင့်စဉ်ထွက်သွားတဲ့အရှိန်က မြန်ဆန်လွန်းတာကြောင့် အာကာသနိယာမ ကျိုးပျက်ပြီး ကျန်းယီဟာ ဟင်းလင်ပြင်ထဲ ကျသွားပါတော့တယ်။
အဝေးတစ်နေရာကနေ တိုက်ပွဲကိုကြည့်နေတဲ့ ဟန်ကျွယ်ဟာ အဖြစ်အပျက်အလုံးစုံကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ် ‘မှော်မျိုးနွယ်စုက တော်တော်လေး စွမ်းအားကြီးတာပဲ၊ လက်သီးအရှိန်ကတောင် အာကာသနိယာမကို ချိုးဖျက်နိုင်တယ်’
အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ အားကောင်းမောင်းသန် ယောက်ျားရဲ့ လက်ထဲက ဘိုးဘေးမှော်ဆရာမျှော်စင်ဆီ ‌ရောက်သွားပါတယ် ‘ထူလင်းအာက ဒီမျှော်စင်နာမည်ကို တနေတာဆိုတော့ ဒီမျှော်စင်က သူ့ကို ကုသပေးနိုင်လို့လား… ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာ မမှားပါဘူးလေ’
 ဟန်ကျွယ်ဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို လုယူဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ အားကောင်းမောင်းသန်ယောက်ျားကို တစ်ချက်တည်းနဲ့ သတ်နိုင် မသတ်နိုင် စဉ်းစားပါတယ်။ အဲဒီလို စဉ်းစားတဲ့အခါမှာ အားကောင်းမောင်းသန် ယောက်ျားက မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ထက် နည်းနည်းအားနည်းတာကို သွားတွေ့ပါတယ်။ ဒါပေမဲ့ ဒီအားကောင်းမောင်းသန် ယောက်ျားက မှော်မျိုးနွယ်စု ဖြစ်တာကြောင့် ဟန်ကျွယ်ဟာ သတ်ဖို့ မစဉ်းစားထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ဟန်ကျွယ်နဲ့ မှော်မျိုးနွယ်စုက မဟာမိတ်တွေလို ဖြစ်နေလို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset