Chapter – 15 ထူးဆန်းသည့် အသက်ရှူ လေ့ကျင့်ခန်း
အသက်ရှူခြင်းအား ထူးဆန်းသည့် စည်းချက်ဖြင့် ရှူသွင်းရှူထုတ်နေသည်။ ရံဖန်ရံခါ အသံမှာ ကျယ်လောင်ဆူညံပြီး ရံဖန်ရံခါ အသံမှာ တိုးကာအားပျော့သည်။ စည်းချက်အရှိန်မှာ မှန်းမရနိုင်အောင် ကွဲပြားနေသည်။ ချုံပြောရရင် ဤသည်မှာ အတော်ရှုပ်ထွေးသော စနစ်တစ်ခုဟု ဆိုရမည်။
ချူဖုန်းသည် နားလည်တတ်မြောက်နိုင်စွမ်း မြင့်မားသူဖြစ်သည်၊ သို့သော် အစဦးပိုင်းတွင် စည်းချက်နှင့် လိုက်မှီရန် ရုန်းကန်နေခဲ့ရသောကြောင့် တစ်ခါတစ်ရံတွင် မူမမှန်သော အသက်ရှူစည်းချက်ကြောင့် ရေနစ်သလို ခံစားချက်မျိုး ခံစားရပြီး ဆက်တိုက် ချောင်းဆိုးလာသည်။
ရွှေနွားပေါက်လေး သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ချူဖုန်း၏ အသက်ရှူခြင်းပုံစံအား မကိုင်တွယ်နိုင်သည်ကို တွေ့လိုက်ရသည်နှင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ နွားလေးသည် သူ့ကို လှောင်ပြောင်ရယ်နေခြင်းပင်။
“မင်း ဘာကိုရယ်နေတာလဲ” ချူဖုန်း မျက်စောင်းထိုးလိုက်သည်။ နောက်ဆုံးတွင်တော့ သူလည်း ကျိုးချွမ်လို ခံစားချက်မျိုး ခံစားလိုက်ရလေပြီ။ ထိုနွားပေါက်၏ လှောင်ပြောင်ခြင်းကို ခံရပြီးနောက် သူ့ကို ရိုက်ရန် ရွယ်လိုက်သည်။
မနက်ခင်းအလင်းမှာ မျက်လုံးမဖွင့်နိုင်လောက်သည်အထိ လင်းလက်တောက်ပနေပြီး လန်းဆန်းတက်ကြွစေသော အမြုတေအနှစ်သာရဖြင့် ပြည့်နှက်နေသည်။
ရွှေနွားပေါက်သည် သူ့ဇလုံထဲတွင် ခြေချိတ်ထိုင်နေသည်။ ရှူသွင်းရှူထုတ်လုပ်ကာ လေထုထဲရှိ ဆန်းကြယ်သောဒြပ်စင်များကို ရှူသွင်းကာ နေနှင့်လတို့၏ အနှစ်သာရကို စုစည်းနေသည်။
ထိုနွားပေါက်၏ ထူးခြားသော အသက်ရှူပုံစံကြောင့် သူ့ခန္ဓာကိုယ် ပို၍ တောက်ပြောင်လာသည်။ သူ့ခန္ဓာကိုယ်မှာ ရွှေဖြင့် ပွတ်ထားသလို ပို၍ ပို၍ တစ်မူထူးခြားလာသည်။
“မူး…”
အော်မြည်လိုက်သော အသံနှင့်အတူ သူ့နှာခေါင်းမှ မြူဖြူငွေ့သည် လေထဲသို့ အငွေ့ပျံထွက်လာသည်။ ထို့နောက် ထိုမြူသည် လေထဲတွင် အသံကျယ်ကျယ်နှင့် ပေါက်ကွဲသွားလေ၏။ ထိုအသံမှာ နားကန်းစေနိုင်လောက်သည့် မိုးကြိုးလျှပ်စီးသံကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသည်။
ဤရုတ်တရက်ဆန်သော ပေါက်ကွဲမှုက ချူဖုန်းကို သတိရှိစေသွားသည်။ အကယ်၍ မြူသာ လူ့ကိုယ်ပေါ် ရောက်သွားလျှင် မိုင်ထောင်ချီအဝေးသို့ လွင့်ထွက်နိုင်လိမ့်မည်ဟု သူတွေးမိသွားသည်။ ခန္ဓာကိုယ်လည်း အရိုးတစ်ခြား အသားတစ်ခြားဖြစ်မဖြစ်ဆိုသည်မှာ ခန့်မှန်းကြည့်လျှင်သိနိုင်သောကိစ္စဖြစ်သည်။
“မင်းက တော်လိုက်တာ နွားကလေး…”
ချူဖုန်းတစ်ယောက် အံ့အားသင့်နေရသည်။ ဒါသည် နွားပေါက်တစ်ကောင်၏ အသက်ရှူထုတ်ခြင်းသာ ဖြစ်သော်လည်း သေစေနိုင်စွမ်းရှိကြောင်း သူ သက်သေပြနေသည်။
“မင်းငါ့ကို ဒီလိုမျိုးအသက်ရှူတဲ့ပုံစံ သင်ပေးပါလား” သူသည် တတ်မြောက်လိုပြီး မျှော်လင့်နေမိသည်။ “မင်းခုနက လုပ်လိုက်တဲ့ အသက်ရှူလေ့ကျင့်ခန်းက ဒီလို သေစေတဲ့ ပေါက်ကွဲမှုမျိုး ဖြစ်စေတာ ဟုတ်တယ်မလား”
ရွှေနွားပေါက်မှ ပျော်ရွှင်နေလေ၏။ သူသည် ယုံကြည်မှုအပြည့် ခေါင်းကို ဂုဏ်ယူဝင့်ကြွားစွာ မော့လိုက်သည်။
နွားပေါက်လေး သူ့အသက်ရှူလေ့ကျင့်ခန်းအား ဂုဏ်ယူဝင့်ကြွားမှုအပြည့် ရှိနေသည်ကို တွေ့လိုက်ရသည့်အချိန်တွင် ဤအသက်ရှူလေ့ကျင့်ခန်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး တစ်မူထူးခြားတာမျိုး ဖြစ်လိမ်မည်ဟု သူ တွေးလိုက်သည်။
“ဒီအသက်ရှူလေ့ကျင့်ခန်းရဲ့ နောက်ကြောင်းဇာတ်လမ်းတွေ ဘာတွေမရှိဘူးလား” ချူဖုန်းမေးလိုက်သည်။ ဤမျှ သေးငယ်သည့် နွားပေါက်လေး ဤကဲ့သို့သောအသက်ရှူလေ့ကျင့်ခန်းတစ်ခုလုံးကို စဥ်းစားတီထွင်ထားခြင်း မဖြစ်နိုင်ကြောင်း သူသိနေသည်။
ရွှေနွားပေါက်သည် ရုတ်တရက် တုန်လှုပ်လာပြီး နိုးနိုးကြားကြားဖြင့် သတိရှိလာသည်။
ဒါက သူစဥ်းစားတာထက် ပိုပြီးဆန်းကြယ်နေတာလား… သူ၏ ရုတ်တရက် ပြောင်းလဲသွားပုံကိုကြည့်ပြီး ချူဖုန်း အံ့သြသွားသည်။
“မင်း ငါ့ကို သင်ပေးပါလား” သူ ကြည်ညိုသော အကြည့်ဖြင့် မေးလိုက်သည်။
သူသည် တစ်နေ့ကျ ငရဲပြည်ကြီး ပေါက်ကွဲထွက်လာသည့်အချိန် သူ့ကိုယ်သူ ကာကွယ်ခုခံနိုင်ရန် အစွမ်းတစ်မျိုးမျိုး တတ်ထားသင့်သည်ဟု သူ အမြဲတမ်း တွေးနေခဲ့သည်။ ကယ်ရာမဲ့ဖြစ်နေမည်ကို သူမလိုလား။
ဤသည်မှာ ကမ္ဘာပေါ်တွင် ပြောင်းလဲမှုပေါင်းစုံဖြစ်နေပြီး လူသားမျိုးနွယ်သာလျှင် ဆင့်ကဲမပြောင်းလဲသေးကြောင်း သူသိရသည်။ နွယ်ပင်များပင် အထိန်းအချုပ်မရှိ ကြီးထွားလာပြီး အာကာသမှ ဂြိုလ်တုများကို ဆွဲနိုင်နေလေပြီ။
တစ်နေ့ကျလျှင် ကမ္ဘာကြီးတွင် မှောင်မိုက်မှုနှင့် အန္တရာယ်ပေါင်းစုံ ပြည့်နှက်နေလိမ့်မည်။
ယခုမှာ အစပိုင်းသာ ရှိသေးသည်။
ထို့ကြောင့် ချူဖုန်း အလျင်လိုနေသည်။ အမြဲတမ်းပြောင်းလဲနေသော ဤကမ္ဘာပေါ်တွင် သူ အန္တရာယ်ကင်းကင်း နေလိုသည်။ ဤရွှေနွားပေါက်သည် မှော်သတ္တဝါဖြစ်သောကြောင့် ချူဖုန်း မျှော်လင့်ချက်ရှိလေပြီ။
ရွှေနွားပေါက်လေး တုံ့ဆိုင်းနေသည်။ သူသည်တွေဝေနေသော အကြည့်ဖြင့်ပင် ထိုဇလုံထဲ၌ ခြေချိတ်ကာ ဆက်ထိုင်နေသည်။
“တစ်နေ့ကျရင် မင်းကို ကြေးနီတောင်ပေါ်က ဟိုထူးဆန်းတဲ့ ချုံပုတ်လေးဆီ ခေါ်သွားနိုင်တယ်” ချူဖုန်း အပြုံးဖြင့်ပြောကာ သူ သဘောတူလာအောင် ဖြားယောင်းလိုက်သည်။ ” ဒါပေမဲ့ အရင်ဆုံး ဒီဗြောင်းဆန်နေတဲ့ လောကကြီးမှာ ငါ ကိုယ့်အသက်ကိုယ် ကာကွယ်နိုင်တဲ့ အင်အားမျိုးရှိမှရမယ်” ချူဖုန်း ထပ်ပြောလိုက်သည်။
“မူး…”
ရွှေနွားပေါက်သည် တစ်ခဏအတွင်း စိတ်ဆုံးဖြတ်ချက် ချလိုက်ပုံပေါ်သည်။ အော်မြည်ပြီးနောက် လေးနက်စွာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။
ချူဖုန်း ပျော်ရွှင်သွားရသည်။ နွားပေါက် ယခုလို လွယ်လွယ်နှင့် သဘောတူလိမ့်မည်ဟု သူမထင်ထားခဲ့။
နွားပေါက် ခေါင်းမာကာ ဇွတ်အတင်း တောင့်ခံပြီး သူ့အား လျစ်လျူရှုနေမည်ကို သူစိုးရိမ်နေခဲ့သည်။
ရွှေနွားပေါက်သည် သူ့ရှေ့ခြေထောက်ဖြင့် နေလုံးကို ညွှန်ပြလိုက်သည်၊ ထို့နောက် ချူဖုန်းကို တခြားခြေတစ်ဖက်ဖြင့် အရှေ့ဘက်ကို မျက်နှာမူရန် အမူအရာလုပ်ပြလိုက်သည်။ တောက်ပနေသော မနက်ခင်းအလင်းရောင်အောက်တွင် ထူးဆန်းသည့် အသက်ရှူစည်းချက်ကို သူတို့ အတူတူ ဆက်လုပ်လိုက်ကြသည်။
ချူဖုန်းသည် အတတ်မြန်သူတစ်ဦး။ ဒီတစ်ခါလည်း စိတ်မပျက်သွားစေပါ။ သူသည် နွားပေါက်၏ အသက်ရှူပုံစံကို အတုယူကာ နွားပေါက်အတိုင်း ရှူသွင်း ရှူထုတ် လုပ်နေလေ၏။ အသက်ရှူသံမှာ ရံဖန်ရံခါ ကျယ်လောင်ဆူညံပြီးနောက် ရံဖန်ရံခါ အားပျော့မှေးမှိန်သွားသည်။ ထပ်ခါ ထပ်ခါလုပ်ပြီးနောက် စည်းချက်ညီသော အသက်ရှူပုံစံ ဖြစ်လာသည်။
သို့သော် ချူဖုန်းအတွက် အမှန်တကယ် စည်းချက်ညီတာမျိုး မဟုတ်။ ၃ ၄ခါလောက် ရင်ဘတ်တွင် ဆို့နင်ကာ မွန်းကြပ်သော ခံစားချက်ကို ခံစားရပြီး ခဏအကြာ သူ မူးဝေကာ ခေါင်းကိုက်လာသည်။
သူ၏ ပင်ပန်းစွာ ရုန်းကန်မှုသည် နွားပေါက်၏ အေးဆေးလွတ်လပ်မှုဖြင့် နှိုင်းယှဥ်လိုက်လျှင် လုံးဝပင် ဆန့်ကျင်ဘက်ဖြစ်နေသည်။
နွားပေါက်သည် မျက်လုံးများ ပိတ်ထားကာ လွတ်လပ်အေးဆေးနေပြီး သူ့ကိုယ်ပေါ်မှ ပျော်ရွှင်ဖွယ်ရနံ့သင်းပါ ထွက်နေသည်။
လေးနက်သောပြဿနာတစ်ခုကို သတိထားမိသွား၍ ချူဖုန်း ရပ်လိုက်သည်။ ဤအသက်ရှူပုံစံသည် ထူးဆန်းပြီး တစ်မူထူးခြားသော်လည်း လူသားအားလုံးနှင့် သင့်တော်ချင်မှသင့်တော်လိမ့်မည်။ အတင်းအဓမ္မကျင့်ကြံခြင်းသည် ပြင်းထန်ပြီး သေစေနိုင်သော အကျိုးဆက်များ ဖြစ်လာနိုင်သည်။
ရွှေနွားပေါက်သည် လေထုထဲတွင် ထူးဆန်းကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသောကြောင့် မျက်လုံးဖွင့်ကာ ချူဖုန်းအား သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။ နွားပေါက်ကို ကြည့်ရသည်မှာ ချူဖုန်း ဘာလို့ ဆက်မလုပ်ပဲ ရပ်တန့်လိုက်တာလဲဟု မေးချင်လိုသောပုံ ပေါက်နေသည်။
“ငါ နည်းနည်း စိုးရိမ်မိတယ်.. ဒီလေ့ကျင့်မှုက လူသားတွေအတွက် သင့်တော်ရဲ့လားဆိုတာ ငါမသိဘူး” ချူဖုန်း ဒဲ့တိုးပင် ပြောလိုက်သည်။
သူ အံ့သြသွားသည်မှာ ရွှေနွားပေါက်သည် ချက်ချင်းပင် ခေါင်းငြိမ့်ပြလာသည်။
“အဆင်ပြေမယ်ဆိုတာ သေချာလား.. ဒီအသက်ရှူပုံစံက ဘယ်စနစ်မှာ ပါဝင်တာလဲ..သူက မျိုးစိတ်တိုင်း ကျင့်ကြံနိုင်တာလား” ချူဖုန်း သေချာသည့်အာမခံချက်တစ်ခုကို လိုချင်သည်။
ရွှေနွားပေါက်သည် ဂုဏ်ယူဝင့်ကြားမှုနဲ့ ပြည့်နေသည်။ နွားပေါက်သည် သူ့ခေါင်းကို မော့ကာ မျက်နှာပေါ်တွင် ချီရှားကြောင်ကဲ့သို့ အပြုံးရှိနေသည်။ သူ့ပုံစံမှာ ကမ္ဘာပေါ်ရှိ အကြီးစား မှော်အတတ်ကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။
ရွှေနွားပေါက်သည် ဇလုံထဲတွင် ခြေတစ်ဖက်ကို အပေါ်ညွှန်ပြပြီး နောက်တစ်ဖက်ကို အောက်ညွှန်ပြကာ ထိုင်နေသည်။ “မူး မူး မူး…”
“အေးအေး ငါသိပြီ၊ မင်းတစ်ယောက်တည်းကိုပဲ ကောင်းကင်နဲ့မြေကြီးက ချီးမြှောက်ထားတာ” ချူဖုန်း အလျင်အမြန်ပြောလိုက်သည်။
သူ ထိုင်လိုက်ကာ အသက်ရှူလေ့ကျင့်ခန်းကို နောက်တစ်ကြိမ် ကြိုးစားကြည့်သည်။ သူသည် ရွှေနွားပေါက် အသက်ရှူပုံစံအတိုင်း ချွတ်စွပ် လိုက်လုပ်နိုင်သည်၊ သို့သော် ထိရောက်မှုမှာ အားနည်းနေသေးသည်။ သူသည် မည်သည့်ထူးခြားမှုကိုမှ မခံစားရ။
ချူဖုန်းသည် လုံးဝအလျှော့မပေးပဲ လေ့ကျင့်ခန်းကို ဆက်တိုက်လုပ်နေလိုက်သည်။
နည်းစနစ်သည် ထူးဆန်းပြီး ရှုပ်ထွေးသော စည်းချက်ပုံစံရှိသော်လည်း သူသည် ဒီလေ့ကျင့်ခန်းတစ်ခုလုံးကို အလွတ်မှတ်နိုင်သည်။ သူလုပ်တာ တစ်ခုမှ မမှားသော်လည်း ထိရောက်မှုမှာ မရှိသေးပေ။
ထိရောက်မှု မရှိသေးသလို ကျန်နေခဲ့တာလည်း မရှိပေ။ ဒီထာဝရတိတ်ဆိတ်နေမှုကို ရုတ်တရက် နောက်ဆူညံကျယ်လောင်သော မိုးကြိုးသံက ဖောက်ဖျက်လိုက်သည်။ ထိုရွှေနွားပေါက်သည် နားကန်းစေနိုင်ပြီး ထူးဆန်းသောအားအင်တွေ သယ်ဆောင်ထားသည့် အော်ဟိန်းသံကို ပြုလုပ်လိုက်သည်။
ထိုအချိန်တွင် အရာအားလုံး တစ်ညီတညာတည်း ပဲ့တင်သံထပ်လာသည်။
အနံ့သင်းတစ်ခုသည် လေထုထဲကို ပျံ့နှံ့လာသည်။ အဖြူရောင်မြူလုံးကြီးသည် နေရာတစ်ခုလုံးကို လွှမ်းအုပ်လိုက်ပြီး ကျယ်လောင်သည့်မိုးခြိမ်းသံလည်း ဆက်လက်မြည်ဟီးနေသည်။
ချူဖုန်းသည် သူ့နားထဲတွင် ဆက်တိုက်တုန်ခါနေမှုကို ကြားနေရပြီး ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဥ် တို့သည် လေထုထဲရှိ တုန်ခါနေမှုနှင့် ပဲ့တင်သံထပ်နေသည်။ သူ အခြားဘာအသံမှ မကြားရပဲ အသံတိုးတစ်ခုတည်းကိုသာ ကြားနေရသည်။
ထိုအသံသည် တဖြည်းဖြည်း အကျယ်ဆုံးဖြစ်လာပြီး နောက်ဆုံးတွင် ထိုအသံသည် ရွှေနွားပေါက်၏ တိကျသောအသက်ရှူစည်းချက်နှင့် တူညီနေကြောင်း သူ သိလိုက်ရသည်။
ထိုပုံစံသည် နွားပေါက်၏ အသက်ရှူစည်းချက်အတိုင်း တစ်ထပ်တည်း ကျနေသည်။
သူသည် နွားပေါက်၏ သွေးစီးဆင်းနေသည့်အသံကိုပါ ကြားနေရသည်။ ထိုအသံသည် သူ၏အသက်ရှူပုံစံနှင့် စည်းချက်ညီညီ ပဲ့တင်ထပ်နေသည်။ အသံနှစ်ခု အတူတူ စည်းချက်ညီညီ အလုပ်လုပ်မှသာ ထူးခြားဆန်းကြယ်သောထိရောက်မှုကို ဖြစ်စေကြောင်း သိလိုက်ရသည်။
အော်ဟိန်းသံ၊ မိုးကြိုးသံ နှင့် မြူတို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်းပင်။ ချူဖုန်းသည် နတ်ဆန်သော အနှစ်သာရသည် သူ့ခန္ဓာကိုယ်တွင်း ဝင်လာသည်ကို ခံစားလိုက်ရသည်။
ချူဖုန်းသည် မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် မြူခိုးများ ပျောက်ကွယ်သွားပြီး နွားပေါက်၏ ခန္ဓာကိုယ်အတွင်းသို့ အကုန်ဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူ နွားပေါက်ကို ကျေးဇူးတင်သည့်အနေဖြင့် ဦးညွတ်ပြလိုက်သည်။
အခု ချူဖုန်း သဘောပေါက်သွားသည်။ ခုနကထိ သူသည် နွားပေါက်ကို အတုယူကာ ဒီအသက်ရှူပုံစံ၏ အပေါ်ယံအဆင့်သာ ကျင့်ကြံနေတာ ဖြစ်သည်။ အခုမှာသာလျှင် ဒီအသက်ရှူစနစ်၏ အဓိက”ဝိညာဥ်” ကို စတင်ခြင်းဖြစ်သည်။
ရွှေနွားပေါက်သည် ဆန်းကြယ်သောနည်းဖြင့် အသက်ရှူစနစ်၏ “ဝိညာဥ်”ကို သူ့ထံ လက်ဆင့်ကမ်းလိုက်သည်။ ဝိညာဥ်အစား အပေါ်ယံအဆင့်ကိုသာ ကျင့်ကြံလျှင် ဘာအကျိုးမှ ရှိမည်မဟုတ်။
သူ ဤအသက်ရှူခြင်းပုံစံပေါ်တွင် စိတ်နှစ်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။ ယခုဆိုလျှင် သူသည် “ဝိညာဥ်”ကို ရယူပြီးပြီ ဖြစ်၍ အရာအားလုံး မတူညီသလို ခံစားရလာသည်။ ချက်ချင်းပင် သက်ရောက်မှုများ ဖြစ်လာြီး ပူပြင်းသည့် နေရောင်အောက်တွင် သူသည် စွမ်းအားပြည့်လာသလို ခံစားလိုက်ရသည်။
သူ ယခင်က တစ်ခါမှ မခံစားဖူးသည့် လွတ်လပ်ပေါ့ပါးခြင်းနှင့် သက်သောင့်သက်သာရှိခြင်းကို ဤထူးခြားသော မနက်ခင်း၌ ခံစားနေရသည်။ သူ့ကိုယ်ပေါ်ရှိ မွေးညှင်းပေါက်တိုင်းမှာ ပြေလျော့နေပြီး ပေါ့ပါးနေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် အနွေးဓာတ်တစ်ခု စီးဆင်းနေသည်ကို ခံစားနေရသည်။
ချူဖုန်းသည် ခန္ဓာကိုယ်ကို မလှုပ်ပဲ ထို အသက်ရှူပုံစံတွင် စိတ်နှစ်ထားလိုက်သည်။ ရွှေရောင်မနက်ခင်းအလင်းရောင်မှာ သူ့မျက်နှာပေါ်သို့ ကျရောက်နေပြီး ရွှေမှုန်အလွှာဖြင့် ကာထားသလို ဖြစ်နေသည်။
ရွှေနွားပေါက်သည် ပါးစပ်အဟောင်းသားဖြစ်ကာ အံ့သြသွားသည်။ ချူဖုန်း မျက်လုံးပြန်မပွင့်လာသည်အထိ သူ ချူဖုန်းကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
နေမင်းမှာ မြင့်သထက်မြင့်လာလေပြီ။ ချူဖုန်းသည် သူ့ကိုယ်တွင် အားအင်နှင့် စွမ်းအားအပြည့်ရှိနေသည်ကို ခံစားရသည်။ သူသည် မနေ့ညက ၃နာရီလောက်သာ အိပ်ထားသော်လည်း မပြောပြတတ်သော အပန်းပြေမှုနှင့် လွတ်လပ်ပေါ့ပါးမှုကို ခံစားနေရသည်။
“ဆန်းကြယ်လိုက်တာ” ချူဖုန်းသည် အံ့အားတကြီး ပြောလိုက်သည်။
ဤသည်မှာ သူတစ်ခါမှ မခံစားဖူးသော သက်သောင့်သက်သာရှိမှုနှင့် ကျေနပ်ပီတိဖြစ်မှုမျိုးပင်။ သူ့ခန္ဓာကိုယ်တွင် ရွှေမှုန်များဖြင့် ပျံ့ကြဲနေပြီး အားအင်လည်း ပြည့်နှက်နေသည်။ သူ့ခန္ဓာကိုယ်မှာ အဆုံးမရှိစွမ်းအားနှင့် အင်အားတို့ သိုလှောင်ထားရာ ကြီးမားသောသိုလှောင်အိမ်ကြီးလို ဖြစ်နေကြောင်း သူခံစားရသည်။
သူ ဆက်လုပ်ချင်သေးသည်။ သူ့အတွက် ဤလေ့ကျင့်ခန်းမှာ ကောင်းကင်ဘုံပင် ဖြစ်သည်။
သို့သော် ရွှေနွားပေါက်သည် သူ့ကို တားဆီးလိုက်သည်၊ ဒီနေ့အတွက် ဘာမှထပ်လုပ်စရာ မရှိကြောင်း အရိပ်အမြွက်ပေးလာသည်။
“တစ်နေ့ကို ဒီလောက်ပဲလုပ်ရမှာလား” ချူဖုန်း အံ့အာားသင့်သွားရသည်။
ရွှေနွားပေါက် ခေါင်းငြိမ့်ပြလိုက်သည်။
ချူဖုန်း အိမ်ထဲဝင်ကာ နှစ်ရှည်ကာလ လူမနေထားသော အခန်းကို သေချာ သန့်ရှင်းဖုန်သုတ်နေသည်။ သူ အိမ်မှုကိစ္စလုပ်ပြီးနောက် စျေးဝယ်ရန် ထွက်သွားလိုက်သည်။
သူ့အံ့သြသွားသည်မှာ စျေးဝယ်စင်တာကြီးမှာ လူရှင်းနေသည်။ နောက်ထပ်မိုင်အနည်းငယ် ထပ်လျှောက်သွားပြီး သာ ၃၊ ၄ရက်စာလောက်ခံမည့် ပစ္စည်းများကိုကို ဝယ်ယူနိုင်ခဲ့သည်။
အခုတလော ဖြစ်ပွားသည့် ထူးဆန်းအဖြစ်အပျက်မျိုးစုံကြောင့် အားလုံးတုန်လှုပ်ချောက်ချားနေကြသည်။ လူများသည်လည်း ကမ္ဘာပျက်သုဥ်းမှုဖြစ်မည်ကို စိုးရိမ်၍ လိုအပ်သည်တို့ကို အလျင်အမြန်စုဆောင်းနေကြသည်ပင်။
“ကျိုးချွမ် ပြောတာမှန်တယ်… ငါ မင်းကို နာမည်ပေးသင့်တယ်ထင်တယ်… မဟုတ်ရင် မင်းကို ဘယ်လိုခေါ်ရမှန်းမသိတော့ဘူး..”
ချူဖုန်းသည် နွားပေါက်အား သူ့မူလနာမည် မေးရန်စဥ်းစားနေသော်လည်း နွားပေါက်သည် အော်မြည်သံဖြင့်သာ ပြန်ဖြေသည်။ ဤသည်မှာ နွားဘာသာစကား မတတ်သော ချူဖုန်းအတွက် အသုံးမဝင်။
“နွားနတ်ဆိုး လို့ခေါ်ရင်လည်း မဆိုးပါဘူး” သူ အကြံပေးလိုက်သည်။
သို့သော် သူအကြံမှာ ရွှေနွားပေါက် မထီမဲ့မြင်ပြုသော အကြည့်ကိုသာ လက်ခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် နွားပေါက်သည် ကျိုးချွမ်ကို လုံးဝငတုံးကောင်ဟု သတ်မှတ်ထားသောကြောင့် သူပေးထားသည့်နာမည်ကို ဂရုမစိုက်ပဲ မနေနိုင်။
နောက်ဆုံးတွင်တော့ ချူဖုန်းသည် သူ စဥ်းစားမိသော အခြားနာမည်များကို ပြောပြလိုက်သည်။ ထိုနာမည်များထဲတွင် “နွားဝါ”ဟူသည့် နာမည်ကို ကြားလိုက်ရသည့်အချိန်တွင်တော့ ထိုနွား ကျေနပ်သွားပုံပေါ်သည်။
ချူဖုန်းသည် အံ့သြသွားရသည်။ သူ့စိတ်ထဲတွင် အခြားဆန်းသစ်သော နာမည်များ ရှိသော်လည်း “နွားဝါ”ဟူသော နာမည်လောက် နွားပေါက်ကို ဆွဲဆောင်ခြင်း မရှိပါ။
ချူဖုန်း နွားပေါက်လေးကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ကျိုးချွမ်နှင့် နောက်တစ်ခေါက်တွေ့လျှင် ဤနာမည်အား သူ ဘယ်လို တုန့်ပြန်မည်ကို သူသိချင်မိသည်။ ကျိုးချွမ်သည် “နွားနတ်ဆိုး” ဟူသည့် နာမည်ထွက်လာအောင် အားစိုက်ထုတ်ထားသော်လည်း ဤနွားပေါက်က ကမ္ဘာပေါ်တွင် အပျင်းဆုံးလူသားကိုပင် သန်းဝေစေနိုင်သည့် “နွားဝါ” ဟူသည့် ရိုးလွန်းသည့်နာမည် ကိုသာ သဘောကျလိမ့်မည်လို့ သူမထင်ထားခဲ့။
“ငါတို့ နောက်တစ်ခု ထပ်စဥ်းစားကြမလား” ချူဖုန်း အကြံပြုလိုက်သည်။
“မူး…..” နွားပေါက်သည် မကျေနပ်သော အကြည့်ဖြင့် စိုက်ကြည့်လာသည်။
သူ့ခန္ဓာကိုယ်သည် ရွှေမှုန်များဖြင့် တောက်ပနေသည်။ ဤသည်မှာ သူ့ရတနာ၊ သူ့ဂုဏ်ပင်ဖြစ်သည်။ “နွားပေါက် ဖုံးကွယ်ထားတာတွေ ရှိဦးမလား…” ချူဖုန်း မှန်းလိုက်သည်။ ဥပမာ သွေးနှင့်ချီ စီးဆင်းနေသည့် သူ့အတွင်းသွေးကြောထဲ၌ ရွှေစီးဆင်းနေသောကြောင့် သူက “အဝါရောင်” ပါသောနာမည်ကို သဘောကျခြင်းလား.. “အဲ့လို ဖြစ်လောက်လား” ချူဖုန်း မေးလိုက်သည်။
နေ့လယ်ခင်းအချိန်ဖြစ်သည်။ ချူဖုန်းသည် နွားဝါအတွက် လတ်လတ်ဆတ်ဆတ် ကောက်ရိုးခြောက်နှင့် သစ်တော်သီး၊ ပန်းသီးအချို့ကို ပြင်ဆင်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း ရိုးရှင်းသော ဟင်းအချို့သာ စားလိုက်သည်။
ထို့နောက် သူ့လွယ်အိတ်ထဲမှ ကျောက်တုံးသေတ္တာကို သတိထားပြီး ထုတ်ယူလိုက်သည်။ သေတ္တာမှာ ခွန်းလွန်တောင်ခြေတွင် ရှာတွေ့ခဲ့သည့် ၃လက်မရှိသည့် ကုဗတုံးသေတ္တာပင်။
ထိုကျောက်သေတ္တာကို မြင်သည်နှင့် နွားဝါ၏မျက်လုံးထဲတွင် မူမမှန်သော အကြည့်တို့ ထွက်ပေါ်လာသည်။ ဤအကြည့်သည် ချူဖုန်းကိုပင် ကျောချမ်းသွားစေသည်။
“မလုပ်နဲ့ ဒါ မင်းစားလို့ရတဲ့ဟာ မဟုတ်ဘူး” ချူဖုန်း သတိပေးလိုက်သည်။
နွားဝါသည် သေတ္တာထဲရှိ ထိုအစေ့များကို စိုက်ကြည့်နေသည်။ တစ်ခုသည် မီးသွေးကဲ့သို့ မဲတူးနေပြီး နောက်တစ်ခုမှာ ပြားကပ်နေသည်။ နောက်ဆုံးတစ်ခုမှာ ရှုံ့တွနေလေ၏။ ထိုအစေ့များ၏ အခြေအနေကို တွေ့ရသည်နှင့် နွားဝါသည် သူ့မျက်နှာပေါ်တွင် ရွံရှာသည့်အကြည့်မျိုး ဖြစ်ပေါ်လာလေသည်။
“အထင်မသေးနဲ့” ချူဖုန်းသည် တမင်တကာ ဆန်းကြယ်သောပုံစံမျိုး ထင်အောင် ပြောလိုက်သည်။ “ဒါတွေက သာမန်အစေ့မဟုတ်ဘူး”
သူ ဤကဲ့သို့ပြောလေလေ နွားဝါ ဤအစေ့များကို စိတ်မဝင်စားလေလေ ဖြစ်ကြောင်း သူသိသည်။ မဟုတ်ရင် နွားဝါသည် အနားလာကာ ဒီအစေ့၃စေ့လုံးကို တစ်ခါတည်း မျိုချပစ်နိုင်ချေ ရှိနေသည်။ ထိုအခါ ဒီအစေ့များ၏ မလွဲရှောင်နိုင်သော သေခြင်းတရားကို ကာကွယ်နိုင်လိုက်မည်မဟုတ်ပေ။
“မူး”
နွားဝါသည် ခေါင်းခါလိုက်ကာ ချုဖုန်းအား မထီမဲ့မြင် ရယ်လိုက်လေသည်။
ချူဖုန်းသည် ခြံဝင်းထဲတွင် တွင်းတူးပြီးနောက် ပြောလေသည်။
” ကောင်းပြီ .. ငါ မင်းကို ပြောပြမယ်… ပထမဆုံးအစေ့ကို စီဝမ်မူ ဖြစ်လာစေချင်တယ်.. ဒုတိယအစေ့ကို ၉ထပ်မြောက် ကောင်းကင်ရဲ့ နတ်သမီးလေးဖြစ်စေချင်တယ်.. တတိယ အစေ့ကို… အမ်…. လောလောဆယ် စဥ်းစားလိုက်ဦးမယ်”
အပိုင်း ၁၅ ပြီး၏။