Switch Mode

Chapter – 299

အခန်း (၂၉၉) မှောင်မိုက်သော အနာဂတ်
‘သက်တမ်း တစ်ဘီလံယံတောင် ကုန်မယ်… လာနောက်နေတာလား’ ဟန်ကျွယ်ဟာ ဆက်မတွက်ချက်ဖို့ စဉ်းစားလိုက်ပေမဲ့ နည်းနည်း ချီတုံချတုံ ဖြစ်သွားပါတယ်။ ဟန်ကျွယ်မှာ သက်တမ်း ၁၀ ထရီလံယံကျော် ရှိတဲ့အတွက် တစ်ဘီလံယံက မပြောပလောက်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သက်တမ်း တစ်ဘီလံယံ ဆုံးရှုံးသွားမှာကို မခံစားနိုင်ပါဘူး။
ဒါ့အပြင် ဟန်ကျွယ်ဟာ ဒီလိုသက်တမ်းသုံးစွဲတာကို စွဲသွားမှာလည်း ကြောက်နေပါတယ်။ ပုံမှန်ကျိန်စာတိုက်နေတဲ့အတွက် ဟန်ကျွယ်ရဲ့ သက်တမ်းဟာ အမြဲတမ်း ကုန်ဆုံးနေပါတယ်။ ဒီလိုအခြေအနေမှာ ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ဖို့အတွက် သက်တမ်းတွေ ထပ်သုံးမယ်ဆိုရင် အနာဂတ်မှာ ကျိန်စာတိုက်ရင်း တွက်ချက်ရင်းနဲ့ သေရမဲ့ကိန်း ရှိနေပါတယ်။
အကောင်းဘက်က စဉ်းစားကြည့်တော့လည်း ၀.၀၀၁ ရာခိုင်နှုန်း သက်တမ်းကို သုံးပြီး ကောင်းကင်တာအို အနာဂတ်ဖြစ်ပျက်မှုကို တွက်ချက်မယ်ဆိုရင် ဟန်ကျွယ်ဟာ ဖြစ်ပေါ်လာမဲ့ ဘေးအန္တရာယ်တွေကို ကြိုတင်ရှောင်ရှားနိုင်မှာပါ။ စွမ်းအားကြီးမားတဲ့ရန်သူတွေ ရှိလာမယ်ဆိုရင်လည်း ကြိုတင်ပြင်ဆင်နိုင်မှာပါ။
‘ဒီတစ်ခါပဲ၊ နောက်တစ်ခါ ဒီလိုမျိုး သက်တမ်းတစ်ဘီလံယံကို သုံးရမယ်ဆိုရင် ဒီလုပ်ဆောင်ချက်ကို ငါ မသုံးတော့ဘူး’ ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီး နှလုံးနာနာနဲ့ပဲ ဆက်လက်တွက်ချက်မည်ကို ရွေးချယ်လိုက်ပါတယ်။
ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ချာချာလည်သွားပြီး တော်တော်လေး ခံစားရခက်သွားပါတယ်။ ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်တာက ရလဒ်ကိုပဲ ပြောပြရတာ မဟုတ်ပါဘူး။ ဘာတွေမဖြစ်ပျက်ဘူး ဆိုတာကိုလည်း တွက်ချက်ရပါတယ်။
အချိန်တစ်ခု ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရုတ်တရက် နိုးသွားပြီး နေရာတစ်ခုမှာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရပါတယ်။ လောကတစ်ခုလုံး ဆိတ်သုဉ်းနေပြီး နေလတွေလည်း မှောင်မိုက်နေပါတယ်။ မရေမတွက်နိုင်တဲ့ အလောင်းကောင်တွေဟာ နေရာတကာ ပြန့်ကျဲနေပြီး အနက်ရောင်သွေးတွေကလည်း သွေးချောင်းစီးရုံတင်မကပါဘူး။ သွေးပင်လယ် ဖြစ်နေပါတယ်။
ဆိတ်သုဉ်းပျက်ဆီးခြင်းက လောကတစ်ခုလုံးကို စိုးမိုးနေပါတယ်။
ဟန်ကျွယ်ဟာ အရပ်ဆယ်မျက်နှာကို မျှော်လင့်ချက်ကင်းမဲ့တဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်လိုက်ပါတယ် ‘ဒါက အနန္တကပ်ဘေးပြီးသွားတဲ့ လောကကြီးရဲ့ အခြေအနေလား’ ဟန်ကျွယ်ဟာ အနန္တကပ်ဘေးဟာ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲဆိုတာကို နောက်ဆုံးမှာတော့ နားလည်သဘောပေါက်သွားပါပြီ။
‘အား…’ ဟန်ကျွယ်ဟာ ရုတ်တရက် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ အကြည့်နောက်ကို လိုက်ကြည့်မယ်ဆိုရင် မိုးကုပ်စက်ဝိုင်းအောက်မှာ ကျောက်တောင်ကြီးပမာ ကြီးကျယ်လှတဲ့ ရုပ်သွင်တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်သွင်ရဲ့ လက်တွေဟာ ခုတ်ဖြတ်ခံထားရပြီး ဆံပင်တွေကလည်း ဖွာလန်ကြဲနေပါတယ်။ သူ့မျက်နှာက ရက်စက်တဲ့အငွေ့အသက်ရှိပြီး မျက်လုံးတွေက အသက်မဲ့နေပါတယ်။ ဒီရုပ်သွင်ဟာ ခန္ဓာကိုယ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး ဝိညာဉ်ကတော့ ပျက်စီးသွားတာ ကြာပါပြီ။
ကောင်းကင်ဧကရာဇ်။
ဟန်ကျွယ်ဟာ ငယ်ထိပ် မိုးကြိုးပစ်ချခံလိုက်ရသလိုပါပဲ ‘ကောင်းကင်ဧကရာဇ် သေသွားတာလား… ဒါဆိုရင် ဒီအနန္တကပ်ဘေးမှာ ဘယ်သူက အနိုင်ရသွားတာလဲ’
ဒီအချိန်မှာပဲ တိမ်ပင်လယ်ကနေ ရွှေရောင်ဖြာထွက်လာပြီး လောကတစ်ခုလုံး လင်းထိန်သွားပါတယ်။
“အော့မီတော်ဖော…”
ဩဇာအာဏာပြည့်ဝတဲ့ အသံတစ်သံဟာ မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားပြီး ပုကျုံးနတ်တောင်လို ကြီးကျယ်ခမ်းနားလှတဲ့ ရွှေရောင်ဗုဒ္ဓဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပါတယ် “ကိုယ်တော်က ကောင်းကင်တာအိုဗုဒ္ဓပဲ၊ လောကရဲ့ အကုသိုလ်ကံတွေကို ဖယ်ရှားဖို့ ဗုဒ္ဓဂိုဏ်းကို ကိုယ်တော်ဦးဆောင်မယ်၊ ကိုယ်တော်တို့က လောကကြီးရဲ့ အလင်းရောင်ကို ဆောင်ယူပေးပြီး အမိုက်မှောင်ကို ဖယ်ရှားပေးမယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ် ‘ဗုဒ္ဓဂိုဏ်းက အနိုင်ရသွားတာလား၊ ဒါ ကောင်းကင်တာအိုဗုဒ္ဓပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓက သူ့ကို မုန်းတီးမှု ကြယ်လေးပွင့် ရှိနေတာကို မမေ့ပါဘူး။
‘အနန္တကပ်ဘေးမှာ ရန်သူနိုင်သွားတာလား၊ ဒါဆို မဖြစ်သေးဘူး၊ ငါက တိုက်တိုင်းအောင်ဗုဒ္ဓကို သတ်ထားတာဆိုတော့ ကောင်းကင်တာအိုဗုဒ္ဓက ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး’
ဟန်ကျွယ် စိတ်ပျက်လက်ပျက် ဖြစ်သွားတုန်းမှာပဲ ကောင်းကင်တာအိုဗုဒ္ဓ ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ ရွှေရောင်အလင်းတန်းတွေ ပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး မည်းနက်သွားပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ ကောင်းကင်တာအိုဗုဒ္ဓဟာ တစ်ခဏအတွင်းမှာပဲ ရက်စက်ကြမ်းတမ်း ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပါတယ်။
ကြီးမားတဲ့ အနက်ရောင် တောင်ပံတစ်စုံဟာလည်း ကောင်းကင်တာအိုဗုဒ္ဓရဲ့ ကျောဘက်ကနေ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားတာကြောင့် လောကတစ်ခုလုံး အမှောင်ပြန်ကျသွားပါတယ်။
“အလင်းရောင်နဲ့ မျှော်လင့်ချက်ဆိုတာ ခဏတာပဲ၊ တကယ့်အမှောင်ထုက အခုမှစမှာ…” ကောင်းကင်တာအိုဗုဒ္ဓရဲ့ အရူးသဖွယ်အသံဟာ မိုးမြေတစ်ခွင်ကို ထပ်မံပဲ့တင်ထပ်သွားပါတယ်။
“ဝုန်း…”
ဟန်ကျွယ်ရှေ့က အရာအားလုံးဟာ ကြေးမုံတစ်ချပ်လို ကွဲကျေသွားပြီး ဟန်ကျွယ်ရဲ့သိစိတ်ဟာ အစစ်အမှန်ဆီ ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့နဖူးကို ပြန်စမ်းကြည့်တဲ့အခါ ချွေးတွေစိုရွှဲနေတာကို တွေ့လိုက်ရပါတယ်။
“သခင်… ဘာဖြစ်လို့လဲ” ဝူတောက်ကျန့်က စိုးရိမ်စိတ်နဲ့ မေးမြန်းလိုက်ပါတယ်။
ဒီတော့မှာ ဟန်ကျွယ်ဟာ သတိပြန်ဝင်လာပါတယ် “ဘာမှမဖြစ်ပါဘူး၊ မင်း အရင်ဆုံး အပြင်ထွက်အုန်း”
ဝူတောက်ကျန့်ဟာ မှင်သက်သွားပေမဲ့ တစ်ခဏမျှတုံ့ဆိုင်းပြီးနောက် လိုဏ်ဂူအပြင်ဘက် ထွက်ခွာသွားပါတယ်။
ဝူတောက်ကျန့် အပြင်ရောက်သွားတာနဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ဝိညာဉ်စွမ်းအား လောင်းထည့်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ကြမ္မာဆိုးစာအုပ်ဟာ အနက်ရောင် အလင်းတန်းထွက်ပေါ်လာပြီး ဟန်ကျွယ်မျက်နှာကို လာဟပ်ပါတယ်။
‘အနန္တကပ်ဘေးမှာ ရန်သူနိုင်လို့ လုံးဝမဖြစ်ဘူး၊ ဒီကံတရားကို ငါပြောင်းလဲမယ်’
‘ကောင်းကင်တာအိုဗုဒ္ဓ… သက်ရှိအားလုံးအတွက် ခင်ဗျားကို အားနာနာနဲ့ ကျိန်စာတိုက်ရတော့မယ်၊ ငါ့ကို ခွင့်လွှတ်ပါ’
ဟန်ကျွယ်ဟာ စောစောကပုံရိပ်တွေကို ပြန်မြင်ယောင်မိပြီး အရိုးထဲထိအောင် စိမ့်တက်သွားပါတယ်။ ဒီပုံအတိုင်းဆိုရင် မိစ္ဆာမျိုးနွယ်စုက အစောကြီးကတည်းက ဗုဒ္ဓဂိုဏ်းထဲမှာ သူလျှိုတွေလွှတ်ထားပုံပါပဲ။ နောက်ပြီး ကောင်းကင်တာအိုဗုဒ္ဓကလည်း မိစ္ဆာဘိုးဘေးရဲ့ အလောင်းကနေ အသွင်ပြောင်းလဲလာတာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို စတင်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ အခုချိန်ကစပြီး တခြားရန်သူတွေကို ငါးရက်စီနဲ့ ကောင်းကင်တာအိုဗုဒ္ဓကိုတော့ အထူးဆုအဖြစ် ဆယ်ရက် ကျိန်စာတိုက်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
ဟန်ကျွယ် ဒီလိုကျိန်စာတိုက်တာက သူ့အတွက် မဟုတ်ပါဘူး။ သက်ရှိတွေ အားလုံးအတွက်ပါ။ ဒီအချိန်မှာ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ လောကကောင်းကျိုး ထမ်းဆောင်နေတဲ့ သူရဲကောင်းတစ်ယောက်လို ခံစားလိုက်ရပါတယ်။
ကောင်းကင်ဘုံ အနောက်ဘက်၊ မိုးကြိုးဘုံကျောင်း။
ကျင့်ကြံအားထုတ်နေတဲ့ ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘ထပ်လာပြန်ပြီ၊ ဒီအမှောင်သခင်ကြီးက ဘာတွေလုပ်နေတာလဲ’ ကောင်းကင်တာအိုဗုဒ္ဓဟာ မပျော်မရွှင် ဖြစ်သွားပြီး စိတ်လေးသွားပါတယ်။
ကောင်းကင်တာအိုဗုဒ္ဓရဲ့ မူလအစီအစဉ်က နတ်ဆိုးရုံးတော်၊ ရှန်နန်းတော်နဲ့ ကောင်းကင်ရုံးတော်တို့ကို အချင်းချင်း တိုက်ခိုက်ခိုင်းပြီး ကြားထဲကနေ အမြတ်ထုတ်ဖို့ပါ။ ဒါပေမဲ့ ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာတဲ့ အမှောင်သခင်ကြီးကြောင့် အရာအားလုံး ပြောင်းလဲသွားပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ် အများကြီးက အမှောင်သခင်ကြီးဟာ မိစ္ဆာမျိုးနွယ်စုနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီးက မိစ္ဆာမျိုးနွယ်စုနဲ့ ဘာမှမပတ်သက်မှန်း ကောင်းကောင်းကြီး သိပါတယ်။
‘ကောင်းကင်ဘုံမှာ ရည်မှန်းချက်ကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ နောက်ထပ်အင်အားစုတစ်စု ရှိနေတာပဲ… ဟင်း…’ ကောင်းကင်တာအိုဗုဒ္ဓဟာ သက်ပြင်းချလိုက်ပြီး အနန္တကမ္ဘာအကြောင်းကို ခရေစေ့တွင်းကျ မသိသေးဘူးလို့ ခံစားလိုက်ရပါတယ်။ ဒါ့အပြင် အမှောင်တားမြစ်နယ်မြေနဲ့ ပဋိပက္ခတားမြစ်နယ်မြေ ပေါ်လာတာကလည်း ကောင်းကင်တာအိုကို ပိုပြီးတော့ လျှို့ဝှက်ဆန်းကြယ်သွားစေခဲ့ပါတယ်။
‘မဖြစ်ဘူး… ငါ ဒီအတိုင်း သေမှာ ထိုင်စောင့်နေလို့ မဖြစ်ဘူး’ ကောင်းကင်တာအိုဗုဒ္ဓဟာ ထိုင်နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
တိတ်ဆိတ်ကျွန်းပေါ်က တိတ်ဆိတ်ဂိုဏ်းသားအားလုံးဟာ ဖူစန်းသစ်ပင်အောက်မှာ စုစည်းနေကြပါတယ်။ ဒီအထဲမှာ ငရဲနက်ဖီးနစ်မိသားစု၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့လည်း ပါဝင်ပါတယ်။ သူတို့အကုန်လုံးက ဟန်ကျွယ်လာတာကို စောင့်နေကြတာပါ။ သူတို့တွေဟာ ဟန်ကျွယ် သူတို့ကို ဆင့်ခေါ်ရတဲ့အ အကြောင်းအရင်းကို တီးတိုးတီးတိုးနဲ့ ဆွေးနွေးနေကြပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပါတယ်။ ဟန်ကျွယ် ထွက်လာတာကို တွေ့လိုက်ရတဲ့အတွက် မီးကိုရေနဲ့ဖြန်းလိုက်သလို အကုန်လုံး ငြိမ်ကျသွားပါတယ်။
ဟန်ကျွယ်ဟာ သူ့လူတွေရှေ့ကို လျှောက်သွားပြီး မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းရဲ့ လမ်းစဉ်က သိုသိုသိပ်သိပ် ကျင့်ကြံအားထုတ်ဖို့ပဲ၊ ဒါပေမဲ့ အခုအချိန်မှာ အနန္တကပ်ဘေး ကျရောက်နေပြီဆိုတော့ စွမ်းအားကြီးမားလာဖို့ ကျင့်ကြံရုံနဲ့ မလုံလောက်ဘူး”
လူတိုင်းဟာ ထိတ်လန့်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူတို့ကို အပြင်လွှတ်တော့မယ်လို့ တွေးမိလိုက်ကြလို့ပါပဲ။
ပဋိပက္ခကောင်းကင်ခွေးဟာ ဟန်တောင်မဆောင်နိုင်ဘဲ တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။ လီရွှမ်အောက် မျက်လုံးဖောက်ထုတ်တာကို ခံရပြီးကတည်းက ပဋိပက္ခကောင်းကင်ခွေးဟာ အပြင်ဘက်ကို ခြေတစ်လှမ်းတောင် မလှမ်းရဲတော့ပါဘူး။
ငရဲကြက်နက်ဟာလည်း အပြင်ကိုကြောက်တက်တဲ့ရောဂါ ရှိနေပါတယ်။
လီယောင်လည်း မျက်မှောင်ကြုတ်သွားပါတယ် ‘ငါတို့တွေ ဒီအတိုင်းဆက်ပြီး ကျင့်ကြံလို့မရတော့ဘူးလား’
ဒီအချိန်မှာ ဟန်ကျွယ်က ဆက်ပြောပါတယ် “ငါ မင်းတို့အတွက် သိစိတ်နဲ့ ဝင်တိုက်ခိုက်လို့ရတဲ့ တိုက်ပွဲနေရာတစ်ခုကို ဖန်တီးပေးထားတယ်၊ ဒီအထဲမှာ မင်းတို့တွေ ဘယ်လောက်သေသေ ဘာမှမဖြစ်ဘူး၊ မင်းတို့အချင်းချင်း တိုက်ခိုက်နိုင်သလို ငါ ရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေကိုလည်း စိန်ခေါ်တိုက်ခိုက်နိုင်တယ်”
ဟန်ကျွယ်ဟာ သူ့တပည့်တွေကို အသွင်တူလက်ရည်စမ်းပွဲအကြောင်း အသေးစိတ် ရှင်းပြပါတယ်။ ဟန်ကျွယ်ရဲ့ အသေးစိတ် ရှင်းလင်းချက်ကြောင့် လူတိုင်းဟာ စိတ်ဝင်တစား ဖြစ်သွားကြပါတယ်။ ဟန်ကျွယ်ဟာ သူ့တပည့်တွေရဲ့ အမူအရာကို အကဲခတ်မိတာကြောင့် သူ့တပည့်တွေအကုန်လုံးကို အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက် အသုံးပြုခွင့် ပေးလိုက်ပါတယ်။
“မင်းတို့တွေ တိတ်ဆိတ်ကျွန်းမှာ ရှိနေသမျှကာလပတ်လုံး ကြိုက်တဲ့အချိန် ဝင်တိုက်ခိုက်နိုင်တယ်” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။
“အသွင်တူလက်ရည်စမ်းပွဲ… ဘယ်လိုမျိုးလဲ” ရေရွတ်သံ အဆုံးမှာပဲ မုရုံချီဟာ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ တခြားသူတွေလည်း မုရုံချီအတိုင်းပါပဲ။ သူတို့တွေ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ချင်တာနဲ့ သူတို့ရဲ့သိစိတ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ရောက်သွားပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ လူအများစုဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ရောက်သွားကြပါတယ်။
ကျိုးမင်ယွဲ့က စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ဆရာဘိုးဘိုးက အရမ်းစွမ်းအားကြီးတာပဲ၊ ဒီဆန်းကြယ်စွမ်းအားလည်း အတော်လန်းတယ်၊ ကျွန်တော်တို့တွေ ဒီအသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်ရည်ခိုက်ရည် တိုးတက်အောင် လုပ်နိုင်ရုံတင် မဟုတ်ဘူး၊ ဆန်းကြယ်စွမ်းအားကိုလည်း တိုက်ပွဲအတွင်းမှာ လေ့ကျင့်လို့ရတယ်”
ငရဲနက်နတ်ဆိုးသခင်ဟာ အုံ့မှိုင်းတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ…”
“ဆရာဘိုးဘိုးက ကောင်းကင်ဧကရာဇ်နဲ့တောင် တိုက်ခိုက်ခဲ့တာဆိုတော့ ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ” မုရုံချီက အံဩတကြီး ပြောလိုက်ပါတယ်။
အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ရောက်ပြီးတဲ့အခါ လူတိုင်းဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အသွင်တူလက်ရည်စမ်းပွဲထဲမှာရှိတဲ့ ပြိုင်ဘက်တွေက ဟန်ကျွယ် အနိုင်ရပြီးသားလူတွေလို့ တွေးလိုက်ကြလို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset