အခန်း (၂၉၇) ဟန်မင်၊ သွမ့်ဟုန်ချန်
‘ဟန်မင်… ဘယ်သူလဲဟ’
ဟန်ကျွယ်ဟာ ထူးဆန်းသွားပြီး လူမှုဆက်ဆံရေးကနေ ဟန်မင်အချက်အလက်ကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ဟန်မင်: အင်မော်တယ်ဧကရာဇ် မျိုးဆက်ဖြစ်ပြီး မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ်အဆင့် ရှိသည်။ သူ့အစ်ကို ဟန်ကျွယ်သည် လွမ်ဟွေအင်မော်တယ်ဧကရာဇ်၏ အမွေဆက်ခံသူအဖြစ် ရွေးချယ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် လွမ်ဟွေအင်မော်တယ်ဧကရာဇ်သည် ဟန်မင်ကို အထူးအလေးထားပြီး သေမျိုးမှ အင်မော်တယ်အဖြစ် ပြန်လည်မွေးဖွားစေခဲ့၏။ ဟန်မင်သည် သူယခုကဲ့သို့ ဘဝပြောင်းလဲရသည်မှာ သူ့အစ်ကိုကြောင့်ဟု သိသောကြောင့် သူ့အစ်ကို ဟန်ကျွယ်အား မနာလို မုန်းတီးနေ၏။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
‘ဘာလဲဟ… ငါ့မှ ညီတစ်ယောက် ရှိနေတာလား’ ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။
ဟန်ကျွယ်ဟာ လွမ်ဟွေအင်မော်တယ်ဧကရာဇ်ရဲ့ မျိုးဆက် ဖြစ်လာရတာက စနစ်ကြောင့်မှန်း သိတဲ့အတွက် လွမ်ဟွေအင်မော်တယ်ဧကရာဇ်ကို နည်းနည်းမှ ကျေးဇူးမတင်ပါဘူး။ နောက်ပြီး အခုမှပေါ်လာတဲ့ သူ့ညီကိုလည်း ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။
လွမ်ဟွေအင်မော်တယ်ဧကရာဇ် ဟန်မင်ကို ရွေးချယ်ရတဲ့အကြောင်းအရင်းကလည်း ဟန်ကျွယ်က တဟုန်ထိုး စွမ်းအားကြီးလာတဲ့အတွက် ဟန်ကျွယ်ကို ထိန်းချုပ်ဟန့်တားဖို့ နောက်ထပ်နယ်ရုပ်တစ်ရုပ် မွေးလိုက်တဲ့ သဘောပါ။
‘မင်းက ဒီငတုံးနဲ့ ငါ့ကို ခြိမ်းခြောက်ချင်တာလား… အိပ်မက်မက်မနေနဲ့’ ဟန်ကျွယ်ဟာ အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ်။ မဟာညီညွတ် ဆန်းကြယ်အင်မော်တယ်အဆင့်ရှိတဲ့ ဟန်မင်မပြောနဲ့ လွမ်ဟွေအင်မော်တယ်ဧကရာဇ်ဆိုရင်တောင် ဟန်ကျွယ်က မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ယောက်လုံး အင်မော်တယ်ဧကရာဇ်တွေမို့လိုပါ။ နောက်ပြီး ဟန်ကျွယ်က ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ထက် စွမ်းအားပိုကြီးတဲ့ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို ကျင့်ကြံထားတာပါ။
ရန်သူအားလုံးကို ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ စွမ်းအားကြီး ရန်သူဖြစ်တဲ့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် သေဆုံးသွားပြီ ဖြစ်ပေမဲ့ ဟန်ကျွယ်ဟာ ပေါ့ပေါ့လျော့လျော့မနေဘဲ ကြိုးကြိုးစားစား ကျင့်ကြံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ရွှေကျီး ရှန်ဧကရာဇ်ထက် စွမ်းအားပိုကြီးတဲ့ နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓတော့ ကျန်ရှိနေသေးတာကြောင့်ပါ။
ကျယ်ပြောလှတဲ့ ဟင်းလင်းပြင်တစ်နေရာက နေတစ်စင်းမှာ ငရဲပြည်လို အရှိန်အဟုန်နဲ့ အားကောင်းတဲ့ မီးလျှံတွေ တောက်လောင်နေပါတယ်။ ဒီနေရဲ့ တစ်နေရာမှာတော့ ကြီးမားတဲ့နန်းတော်ကြီးတစ်ဆောင် တည်ရှိနေပြီး နန်းတော်ဝမှာ ခြေသုံးချောင်း ရွှေကျီးကန်းနှစ်ကောင် ရှိနေပါတယ်။ နန်းတော်ခန်းမမှာ နေမီးလျှံစစ်တွေ လောင်ကျွမ်းနေတယ်ဆိုပေမဲ့ အသုံးအဆောင်ပစ္စည်းတွေ အလှဆင်ပစ္စည်းတွေကိုတော့ လောင်ကျွမ်းခြင်း မရှိပါဘူး။
ခန်းမထဲမှာတော့ ရုပ်သွင်တော်တော်များများ ရှိနေပြီး ဒီအထဲမှာ ကျန်းယီလည်း ပါပါတယ်။
စားပွဲထိပ်ဆုံးမှာတော့ ငှက်ခေါင်းနဲ့ လူခန္ဓာကိုယ်ရှိတဲ့ ရုပ်သွင်တစ်ခု ရပ်နေပါတယ်။ ဒီရုပ်သွင်ဟာ ကြက်သွေးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြောက်မက်ဖွယ်ရောင်ဝါ ထွက်ပေါ်နေပါတယ်။
ဒီရုပ်သွင်ကတော့ နတ်ရွှေကျီးမိသားစုရဲ့ မိသားစုဦးစီး သိလန်တျန်ပါ။
“မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် ကွယ်လွန်သွားပြီ၊ ဒီအတောအတွင်း သူ ဘယ်သူ့နောက်ကို လိုက်နေတာလဲ” သိလန်တျန်က အေးစက်တဲ့လေသံနဲ့ မေးလိုက်ပါတယ်။
ကျန်းယီက ပထမဆုံး ဖြေလိုက်ပါတယ် “သူက ကျွန်တော့် မိတ်ဆွေတစ်ယောက်နောက်ကို လိုက်နေတာ၊ ဒါပေမဲ့ ကျွန်တော့်မိတ်ဆွေက အင်မော်တယ်ဧကရာဇ် မဟုတ်ဘူး၊ ဒီတော့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို သတ်သွားတဲ့လူက တခြားစွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်လိမ့်မယ်” တခြားသူတွေလည်း ကျန်းယီစကားကို ခေါင်းညိတ်ထောက်ခံကြပါတယ်။
အရင်တစ်ခေါက်တုန်းက မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ လက်ချက်နဲ့ ကျန်းယီသေသွားတဲ့အတွက် နတ်ရွှေကျီးကန်း မိသားစုထဲမှာ တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရော ကျန်းယီရော နတ်ရွှေကျီးကန်း မိသားစုရဲ့ အင်တိုက်အားတိုက် ပြုစုပြိုးထောင်ထားတဲ့ ပါရမီရှင်တွေ ဖြစ်တဲ့တွက် ဘယ်သူ့ကိုပဲဆုံးရှုံးဆုံးရှုံး ကြီးမားတဲ့ နစ်နာမှုကြီးတစ်ခုပါ။
သိလန်တျန်က မျက်စိမှေးပြီး မေးလိုက်ပါတယ် “နတ်ရွှေကျီး ရှန်ဧကရာဇ်က ငရဲပြည်မှာ သေသွားတာမလား”
အဘိုးအိုတစ်ဦးက ခေါင်းညိတ်ပြီး အဖြေပေးပါတယ် “ဟုတ်တယ်၊ ကျွန်တော် ယမမင်းကို မေးကြည့်တော့ ဂူအောင်းကျင့်ကြံနေလို့ မသိဘူးတဲ့၊ တိကျောက်ဝမ်ကလည်း မိစ္ဆာဘိုးဘေး တိုက်ခိုက်တာ ခံထားရတော့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ဂရုစိုက်အားမှာ မဟုတ်ဘူး”
တခြားသူတွေကလည်း ထင်ကြေးအမျိုးမျိုး ပေးကြပါတယ်။
နောက်ဆုံးမှာတော့ ကျန်းယီဟာ မခံနိုင်တော့ဘဲ ပြောလိုက်ပါတယ် “သူ သေသွားတော့ ဘာဖြစ်လဲ၊ ဦးစီး… ကျွန်တော့်ကို အချိန်တစ်ခုသာ ပေးပါ၊ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ထက် သာလွန်အောင် ကျွန်တော် ကျင့်ကြံနိုင်ပါတယ်၊ နတ်ရွှေကျီးကန်း မျိုးနွယ်စုကို ဒီထက်အင်အားကြီးမားလာအောင် ကျွန်တော် လုပ်ပေးနိုင်ပါတယ်”
သိလန်တျန်ဟာ ကျန်းယီကို မျက်စိမှေးကြည့်ပြီး ပြုံးလိုက်ပါတယ် “ဒီအနန္တကပ်ဘေးမှာ မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ၊ ဝင်မှာလား ရှောင်မှာလား”
“ဝင်မှာပေါ့”
“မင်း သေမှာ မကြောက်ဘူးလား”
“ပါရမီရှင်ဆိုတာက အသက်ရှင်နေလို့ပဲ၊ ကျွန်တော်သာ ဒီကပ်ဘေးမှာ သေသွားရင် ကျွန်တော်က နတ်ရွှေကျီးကန်း မိသားစုရဲ့ ပါရမီရှင် မဟုတ်တော့ဘူး” ကျန်းယီဟာ ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက်ပါတယ်။ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် သေသွားပြီဖြစ်တဲ့အတွက် နတ်ရွှေကျီးကန်း မိသားစုမှာ ကျန်းယီက စွမ်းရည်အထက်ဆုံး ပါရမီရှင် ဖြစ်သွားပါပြီ။ ပါရမီအရာမှာ ကျန်းယီကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှာ မရှိတော့ပါဘူး။
သိလန်တျန်ဟာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပါတယ် “ဒီလိုဆိုရင် ငါ မင်းကို တာဝန်တစ်ခု ပေးမယ်၊ ငရဲပြည်ကိုသွားပြီး ရှေးဟောင်းမှော်ဆရာ မျှော်စင်ကိုရှာ ပြီးရင် ဖျက်ဆီးပစ်လိုက်”
ကျန်းယီဟာ နှစ်ခါမတွေးဘဲ သဘောတူလိုက်ပါတယ်။
ဒီအဖြစ်ကြောင့် ခန်းမတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး မှော်မျိုးနွယ်စုနဲ့ နတ်ရွှေကျီး မိသားစုကြားထဲမှာရှိနေတဲ့ ရန်ငြိုးရန်စကို ပြန်တွေးမိလိုက်ကြပါတယ်။
အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ထပ်မံတိုးတက်လာပြီး လောကဦး ကြယ်တာရာခန္ဓာကိုယ်ရဲ့ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံစုပ်ယူမှုဟာလည်း ပိုမို မြန်ဆန်လာပါတယ်။ ဒါကြောင့် အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်ဟာ ဟန်ကျွယ်နဲ့ သိပ်မဝေးကွားတော့ပါဘူး။
ဒါ့အပြင် ဟန်ကျွယ်ဟာ ဆယ်နှစ်တိုင်း အချိန်တစ်လသုံးပြီး ရန်သူတွေကို ဂရုတစိုက် ကျိန်စာတိုက်ပေးပါတယ်။ ဒါပေမဲ့လည်း ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ ကျင့်ကြံမှုကသာ ဆက်တိုက်လျော့ကျနေပြီး နတ်ဆိုးဧကရာဇ်၊ ကောင်းကင်တာအိုဗုဒ္ဓနဲ့ လီရွှမ်အောက်တို့ကတော့ သိပ်ပြီး ထူးခြားမှု မရှိပါဘူး။
ဟန်ကျွယ်ကလည်း အလျင်မလိုပါဘူး။ ရေစီးနဲ့ မျောပါပါတယ်။
ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါ ကေင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်ရဲ့ တိုက်ပွဲက နည်းနည်း ပြင်းထန်လာတာကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် ရှင်းဟုန်ရွှမ်ကလည်း အခွင့်အလမ်းတချို့ ရရှိထားတာ တွေ့လိုက်ရပါတယ်။ ကြည့်ရတာ ရှင်းဟုန်ရွှမ်ရဲ့ အဂ္ဂရွှေစွန်သွေးစည်းက သာမန်မဟုတ်ပုံပါပဲ။
ဒီလိုနဲ့ လေးငါးဆယ်ရက်အကြာ ဟန်ကျွယ် ကျိန်စာတိုက်လို့ မပြီးခင်မှာပဲ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာပါတယ်။
[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေ့တွေ့ရှိထားသည်။ မူလဇစ်မြစ်အား စစ်ဆေးနေသည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ ကံတရား အထောက်အပံ့ရှိတဲ့သူကို နောက်ထပ်ရှာမတွေ့တာ နှစ်ရာချီကြာနေပြီမို့လို့ပါ။ ထုန်ကျန့်ကမ္ဘာတစ်ခုလုံးမှာတောင် စနစ်က လက်ခံတဲ့ ကံတရား အထောက်အပံ့ရှိတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ကြည့်ရတာတော့ ဟန်ကျွယ် ကျင့်ကြံမှုအဆင့် မြင့်လာတာနဲ့အမျှ စနစ်ရဲ့ ကံတရား အထောက်အပံ့ရှိတဲ့လူ ကြမ်းခင်းသတ်မှတ်ချက်ကလည်း မြင့်လာပုံပါပဲ။
[သွမ့်ဟုန်ချန်: အင်မော်တယ်ဧကရာဇ် ပထမအဆင့်။ ကပ်ဘေးသခင်ဖြစ်ရန် မွေးဖွားလာသူဖြစ်ပြီး ရှေးဟောင်းနတ်ဘုရား ပြန်ဝင်စားသူ ဖြစ်သည်။ သွမ့်ဟုန်ချန်သည် အနန္တကပ်ဘေးတစ်ခုအတွင်း၌ သေဆုံးခဲ့ပြီး လက်ကျန်ဝိညာဉ်သည် အကုသိုလ်ကံနှင့်အတူ ငရဲပြည်၌ ဖိနှိပ်ခံခဲ့ရ၏။ နှစ်ပေါင်းများစွာ ဆင့်ကဲပြောင်းလဲပြီးနောက် သွမ့်ဟုန်ချန်၏ ခန္ဓာကိုယ်သည် အကုသိုလ်ကံမှ မွေးဖွားလာခဲ့၏။ ထို့အပြင် လက်ကျန်ဝိညာဉ်သည်လည်း အသိဉာဏ်ပွင့်လင်းပြီး အကုသိုလ်ကံကို စုပ်ယူကာ ပိုမိုသန်မာနိုင်၏။ သို့သော်လည်း သွမ့်ဟုန်ချန်သည် အကုသိုလ်ကံကို မချေဖျက်နိုင်ချေ။]
‘အား… ဒီကောင်က ကပ်ဘေးသခင်ဖြစ်မို့ မွေးဖွားလတာလား၊ ကပ်ဘေးသခင်က ဂျိရှင်းရှန် မဟုတ်ဘူးလား၊ ဒါမှမဟုတ် ကပ်ဘေးသခင်က တစ်ယောက်တည်း မဟုတ်တာလား’
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ရဲ့ တည်နေရာကို စစ်ဆေးလိုက်တဲ့အခါ နွေဦးပင်လယ်ရဲ့ မျက်နှာပြင်ပေါ်ကို တဖြည်းဖြည်း တက်လာတာ တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ မတော်တဆ ဖြစ်မှာကို ကာကွယ်တဲ့အနေနဲ့ ထုံးစံအတိုင်း အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး သွမ့်ဟုန်ချန်နဲ့ တိုက်ခိုက်ပါတယ်။
တစ်ချက်တည်း အသေသတ်။
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို တစ်ချက်တည်း သတ်နိုင်တဲ့အတွက် ဘာစိုးရိမ်မှုမှ မရှိတော့ပါဘူး။ ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို သွားမရှာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သွမ့်ဟုန်ချန်နဲ့ ရေစက်ပါပြီး ပြဿနာတွေ တောက်လျှောက်တက်လာမှာကို စိုးရိမ်လို့ပါပဲ။
ပင်လယ်ပြင်ထက်မှာ မျက်စိတစ်စုံ ထွက်ပေါ်လာပါတယ်။ ဒီမျက်စိတစ်စုံဟာ လုံးဝကို ကြည်လင် တောက်ပလွန်းလှပါတယ်။
“ငါ နောက်ဆုံးတော့ နိုးလာပြီပဲ”
သွမ့်ဟုန်ချန်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး နွေဦးပင်လယ်ထဲကနေ ကောင်းကင်ပြင်ကို ထိုးတက်လိုက်ပါတယ်။ လေပေါ်ရောက်သွားတဲ့ သွမ့်ဟုန်ချန်ဟာ သူ့ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်တဲ့အခါ အဝတ်အစား ဗလာနဲ့ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရတဲ့အတွက် ကျေနပ်သွားပါတယ်။
အဲဒီနောက် ညာလက်ကိုမြှောက်လိုက်တဲ့အခါမှာတော့ အောက်မှာရှိတဲ့ ငရဲရေတွေဟာ အပေါ်ကို ထိုးတက်လာပြီး သွမ့်ဟုန်ချန် တစ်ကိုယ်လုံးကို ရစ်ပတ်ကာ အဝါရောင်ဝတ်ရုံတစ်ခု ဖြစ်သွားပါတယ်။ ဒါ့အပြင် ဦးခေါင်းမှာလည်း နဂါးချိုနဲ့တူတဲ့ သရဖူတစ်ခု ပေါ်လာပါတယ်။
သွမ့်ဟုန်ချန်ဟာ အကြောဆန့်လိုက်ပြီး ရက်စက်တဲ့အပြုံး ပြုံးလိုက်ပါတယ် “ဟောင်တျန်… ငါ ပြန်ရှင်လာပြီ၊ ဒီတစ်ခါတော့ မင်းငါ့ကို ရှုံးပြီ” သွမ့်ဟုန်ချန်ဟာ ယုံကြည်မှုရှိစွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် ထွက်ခွာဖို့ ပြင်လိုက်တဲ့အခါ တစ်စုံတစ်ခုကို အာရုံခံမိသွားတာကြောင့် ချက်ချင်း လှည့်ကြည့်လိုက်ပါတယ်။
သွမ့်ဟုန်ချန်ရဲ့ အကြည့်ဟာ အဝေးတစ်နေရာမှာရှိတဲ့ ကျောက်ဆောင်လေးတစ်ခုကို ရောက်သွားပါတယ် “အား… ကြမ္မာဆိုးနတ်ဘုရားပါလား၊ သူက ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ”
သွမ့်ဟုန်ချန်ဟာ တိတ်ဆိတ်ကျွန်းဆီ ပျံသန်းသွားပါတယ် ‘ငါ ပြန်မွေးဖွားချင်းချင်း မကောင်းတဲ့ကိစ္စ လုပ်ရတော့မယ်၊ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 297
? Views, Released on December 3, 2024