အခန်း (၂၉၆) ထုန်ကျန့်ကမ္ဘာအား တိုးချဲ့ခြင်း
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်စကားကို ကြားတာနဲ့ ဂျိရှင်းရှန်နဲ့ ဝေးဝေးမှာနေဖို့ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ် ‘ငါက မင်းကို စေတနာနဲ့ လာကယ်တာလေ၊ မင်းက ငါ့ကို အနန္တကပ်ဘေးထဲ ဆွဲထည့်နေရလားဟ’
ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင့်အား ကပ်ဘေးသခင်က အနန္တကပ်ဘေးအတွင်းသို့ အတူဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သောကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ကပ်ဘေးသခင်၏ ဖိတ်ခေါ်ချက်ကို လက်ခံ၍ အနန္တကပ်ဘေးအတွင်းသို့ ဝင်ရောက်ပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါး၊ အကောင်းဆုံးရတနာ တစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]
[၂။ ကပ်ဘေးသခင်၏ ဖိတ်ခေါ်ချက်ကို ငြင်းပယ်၍ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် စနစ်အဆင့်မြှင့်တင်ခြင်းကို ရရှိမည်။]
ဟန်ကျွယ် တစ်ချက်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[စနစ် အဆင့်မြှင်တင်နေသည်။]
နောက်ဆုံးမှာတော့ ဟန်ကျွယ်မှာ စနစ်အဆင့်မြှင့်တင်ဖို့ အခွင့်အရေး ရရှိသွားပါပြီ။ ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားတာကြောင့် ဂျိရှင်ရှန်ကို အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ် “မင်းလည်း ငါ့အကြောင်းကို မသိတာ မဟုတ်ဘဲနဲ၊ ငါ သေမှာ အရမ်းကြောက်တယ်၊ အဲဒီတော့ မင်းနဲ့ မလိုက်နိုင်ဘူး”
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ရဲ့ အဖြေကြောင့် စိတ်ပျက်သွားပါတယ် ‘ငါတို့နှစ်ယောက်ဆိုရင် ပိုပြီးတော့ အောင်မြင်မှာ… မဟုတ်သေးပါဘူး… ငါ ဘာလို့ ဒီလိုတွေးနေရတာလဲ၊ ငါက ဒီကောင်ကို ဖိနှိပ်ဖို့ ဆုံးဖြတ်ထားပြီးသားလေ’
ဂျိရှင်းရှန်ရဲ့ အကြည့်တွေဟာ ကျောက်တောင်လို ပြန်ပြီးတော့ ခိုင်ခံ့မာကျောသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ဟာ စကားဆက်မပြောကြတော့ပါဘူး။ ဒီလိုနဲ့ နာရီအနည်းငယ် အကြာမှာတော့ ဂျိရှင်းရှန်ခန္ဓာကိုယ်က ပြန်တည်ဆောက်ပြီးသွားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။
ဂျိရှင်းရှန်ခေါင်းပေါ်မှာ သရဲပုံရိပ် ထပ်ပေါ်လာပါတယ်။ သရဲပုံရိပ်ဟာ ဟန်ကျွယ်ထွက်သွားတဲ့ဘက်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “ဟင်း… မိတ်ဆွေကောင်းဆိုတာက ဘဝမှာ ရှားပါလွန်းတယ်၊ မင်းမှာ ဒီလိုမိတ်ဆွေကောင်း တစ်ယောက် ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ တော်တော် အထင်ကြီးဖို့ကောင်းတယ်”
ဂျိရှင်းရှန်ဟာ သရဲပုံရိပ်ရဲ့စကားကြောင့် သေမျိုးကမ္ဘာမှာ ဟန်ကျွယ်နဲ့ ဆုံစည်းခဲ့ရတဲ့ အချိန်တွေကို ပြန်တွေးမိသွားပြီး ခေါင်းခါကာ ရယ်မောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ငရဲပြည်အနှံ့ကို ရူးသွပ်စွာ လျှောက်သွားပါတယ်။ အကြိမ်ထောင်သောင်းချီ နေရာပြောင်းပြီးမှ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းထဲကို ခုန်ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက် ပြန်ရောက်တဲ့အခါမှာတော့ ပြုံးလိုက်ပါတယ် ‘ဒီလိုဆိုရင် ဘယ်သူမှ ငါ့ကို နောက်ယောင်ခံနိုင်မှာ မဟုတ်တော့ဘူး’
“ဆရာသခင်… ဘာလို့အပြင်ကနေ ပြန်လာတာလဲ” ထူလင်းအာက စပ်စုလိုက်ပါတယ်။
“အပြင်မှာ လေထန်နေလို့၊ ငါ သွားတားတာ”
ထူလင်းအာဟာ ဟန်ကျွယ်စကားကြောင့် အပြင်ဘက်ကို ကြည့်လိုက်တဲ့အခါ မှောင်မည်းနေတဲ့ ကောင်းကင်ပြင်ကိုသာ တွေ့ရပြီး လေထန်တာကို လုံးဝ မတွေ့ရပါဘူး။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို စစ်ဆေးလိုက်တဲ့အခါ ဖူစန်းသစ်ပင်ရဲ့ အသိဉာဏ်က ပိုတိုးတက်လာတာကို တွေ့လိုက်ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဖူစန်သစ်ပင်ရဲ့ အသိဉာဏ်ဟာ ဟန်ကျွယ်ကို မခုခံတော့ဘဲ အနားကပ်ခံပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး ဖူစန်းသစ်ပင်ရဲ့ စိတ်ဝိညာဉ် လွတ်လွတ်လပ်လပ် ကြီးထွားလာအောင် ပြုစုပါတယ်။
“သခင်… မုရုံချီက ကျွန်တော်တို့ကို အနိုင်ကျင့်တယ်” ဟန်သုံးဟာ ဟန်ကျွယ်ဆီ ပြေးလာပြီး တိုင်ပါတော့တယ်။ တခြားဘူးသီးညီနောင်တွေကလည်း မခံမရပ်နိုင် ဖြစ်နိုင်ကြပါတယ်။ ဘူးသီးညီနောင် ရှစ်ဖော်ဟာ မုရုံချီထက် ရာထူးပိုမြင့်ပေမဲ့ မုရုံချီကို အနိုင်မယူနိုင်ကြပါဘူး။
မုရုံချီက ပခုံးတွန့်ပြီး ငြင်းပါတယ် “အနိုင်ကျင့်တာ မဟုတ်ပါဘူး၊ လက်ရည်စမ်းနေတာပါ၊ ကျွန်တော်ကို ချောက်မချနဲ့၊ ဂိုဏ်းတူဦးလေးလည်း ပဋိပက္ခကောင်းကင်ခွေးကို အနိုင်ယူခဲ့တာပဲ မဟုတ်ဘူးလား”
ပဋိပက္ခကောင်းကင်ခွေးဟာ မုရုံချီစကားကို ကြားတာနဲ့ သနားစဖွယ်မျက်နှာလုပ်ပြီး အသည်းအသန် ခေါင်းညိတ်လိုက်ပါတယ်။ အမြဲတမ်း ရှုံးနိမ့်နေတဲ့အတွက် ပဋိပက္ခကောင်းကင်ခွေးဟာ သူ့ကိုယ်သူ ယုံကြည်မှု ကင်းမဲ့လုနီး ဖြစ်လာပါပြီ။
ဒီအချိန်မှာ ကျိုးမင်ယွဲ့က ရုတ်တရက် မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “ဆရာတူဦးလေးမုရုံ… ကျွန်တော်တို့တွေ လက်ရည်စမ်းကြမလား”
မုရုံချီဟာ ကျိုးမင်ယွဲ့ကိုကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ပါတယ်။
ဒီအတောအတွင်းမှာ ကျိုးမင်ယွဲ့ရဲ့ သွေးစည်းက စတင်ပြောင်းလဲလာပါတယ်။ ဘဝဟောင်းက နတ်ဆိုးသူတော်စင် သွေးစည်း အသက်ပြန်ဝင်လာတာကြောင့် ကျိုးမင်ယွဲ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ ကျင့်ကြံမှုကလည်း ခပ်သွက်သွက် တိုးတက်လာပါတယ်။
ကျိုးမင်ယွဲ့ကို မခံမရပ်နိုင်ဖြစ်စေတာ တစ်ခုကတော့ ဘယ်လောက်ပဲ ကြိုးစားကျင့်ကြံ ကျင့်ကြံ သူ့ဆရာသခင် ချူရှီရန်ကို မမီနိုင်တာပါ။ ချူရှီရန်က မကျင့်ကြံချင်ဘူး ဘယ်လောက်ပဲပြောပြော ကျိုးမင်ယွဲ့ထက် အဆင်ကြီးတစ်ဆင့် သာနေစမြဲပါ။
“မင်းတို့တွေ စိတ်ကြိုက် လက်ရည်စမ်းနိုင်တယ်၊ လက်လွန်ခြေလွန်တော့ မလုပ်ကြနဲ့၊ ဂိုဏ်းတူအချင်းချင်း သတ်ဖြတ်တာက စည်းကမ်းချိုးဖောက်တာပဲ” ဟန်ကျွယ်ဟာ ဂရုမစိုက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
တိတ်ဆိတ်ကျွန်းပေါ်မှာ တစ်ချိန်လုံး ကျင့်ကြံနေရတာက ပျင်းရိဖွယ်ကောင်းလှပါတယ်။ ဂိုဏ်းသားအချင်းချင်း လက်ရည်စမ်းတာက တိတ်ဆိတ်ဂိုဏ်းသားတွေကို နည်းနည်းတော့ အပျင်းပြေစေပါတယ်။ ဟန်ကျွယ်လိုမျိုး လူတိုင်း ဂူအောင်းနိုင်ကြတာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလိုလက်ရည်စမ်းတာကလည်း တိတ်ဆိတ်ကျွန်းထဲမှာပဲ လက်ရည်စမ်းရမှာပါ။ အပြင်ထွက်ပြီး လက်ရည်စမ်းခွင့် လုံးဝ မရှိပါဘူး။ ဒါ့အပြင် အားကုန်လည်း ထုတ်သုံးခွင့် မပြုပါဘူး။ တစ်နည်းအားဖြင့် တိတ်ဆိတ်ကျွန်းရဲ့ အရံအတားတွေနဲ့ နွေဦးမြစ်ကို မသက်ရောက်စေတဲ့ စွမ်းအားပဲ ထုတ်သုံးလို့ရပါတယ်။
ဖူစန်းသစ်ပင်ရဲ့ စိတ်ဝိညာဉ်ကို ငါးမိနစ်လောက် ပြုစုပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ဖို့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ပါတယ်။
ဟန်ကျွယ်ဟာ ခုတင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်က တကယ်သေ မသေ ဆိုတာကို လူမှုဆက်ဆံရေးကနေ စစ်ဆေးပါတယ်။ လူမှုဆက်ဆံရေးထဲမှာ နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ပုံရိပ်ကို လုံးဝမတွေ့ရတော့မှ ဟန်ကျွယ်တစ်ကိုယ်လုံး ပေါ့ပါးလွတ်လပ်သွားပါတယ်။
‘နောက်ဆုံးတော့ ငါ့ရန်သူကြီးလည်း မရဏလမ်း မြန်သွားရရှာပြီ၊ မုန်းတီးမှုကလည်း ထပ်တိုးမလာဘူးဆိုတော့ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ငါ သတ်လိုက်တာ ဘယ်သူမှမသိပုံပဲ’
‘ကံကြမ္မာ ဆန်းကြယ်စွမ်းအားက တော်တော်စွမ်းအားကြီးတာပဲ၊ ဒီဆန်းကြယ်စွမ်းအားကြောင့်သာ မဟုတ်ရင် ငါ့ရန်သူတွေက ဆုံးမှာကို မဟုတ်တော့ဘူး’
ခုနစ်လရှစ်လအကြာ ဟန်ကျွယ် ကျင့်ကြံအားထုတ်နေတုန်းမှာပဲ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ခေါ်သံကို ကြားလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ နတ်အာရုံကို ထုန်ကျန့်ကမ္ဘာဆီ စေလွှတ်ပြီး ဝတ်ရုံဖြူဗုဒ္ဓနဲ့ သွားတွေ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ တာအိုဘုံကျောင်းထဲမှာ ထိုင်နေတဲ့ ဝတ်ရုံဖြူဗုဒ္ဓဆီ ရောက်သွားပါတယ်။
“ဂိုဏ်းချုပ်… ကျွန်တော် ထုန်ကျန့်ကမ္ဘာကနေ ဘုံပျံတက်သွားတဲ့လူတွေကို ပြန်ခေါ်ချင်တယ်” ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ကို ဦးညွှတ်ပြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘယ်နှယောက် ပြန်ခေါ်ထားလဲ၊ လူသိပ်များရင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်အုန်းမယ်” ဝတ်ရုံဖြူဗုဒ္ဓက တအံတဩ မေးလိုက်ပါတယ် “ဒီလောက်တောင် ကြာနေပြီ၊ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က ကျွန်တော်တို့နောက်ကို လိုက်နေတုန်းလား”
ဝတ်ရုံဖြူဗုဒ္ဓစကားကို ကြားမှ ဟန်ကျွယ်ဟာ နတ်ရွှေကျီး ရှန်ဧကရာဇ် သေသွားတာကို သတိရသွားပါတယ် ‘ဟုတ်သားပဲ၊ နတ်ရွှေကျီး ရှန်ဧကရာဇ်မှ မရှိတော့တာ၊ ငါ့က ဘာကိုကြောက်ရမှာလဲ’
နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓက ဟန်ကျွယ်ကို မုန်းတီးပေမဲ့ ဟန်ကျွယ်ဆီလာဖို့လောက်ထိ အားယားမနေပါဘူး။ ဟန်ကျွယ် ထုန်ကျန့်ကမ္ဘာနဲ့အတူ ထွက်ပြေးရတာကလည်း နတ်ရွှေကျီး ရှန်ဧကရာဇ် လိုက်သတ်လို့ပဲ မဟုတ်ပါလား။
“မင်း ဘယ်နှယောက် ပြန်ခေါ်ထားလဲ”
“အနည်ဆုံး တစ်ထောင်လောက်တော့ ရှိမယ်၊ အခုအချိန်မှာ အင်မော်တယ်ကမ္ဘာက ဝရုန်းသုန်းကား ဖြစ်နေတော့ သူတို့လည်း နေရထိုင်ရခက်လာတယ်၊ အဲဒါကြောင့် သေမျိုးကမ္ဘာရဲ့ ကံတရား အထောက်အပံ့က တိုးသွားပြီး ကြားတာနဲ့ သေမျိုးကမ္ဘာကို ပြန်လာပုန်းချင်နေကြတယ်၊ ဒါပေမဲ့ သူတို့တွေ ထုန်ကျန့်ကမ္ဘာကို ရှာမတွေ့ကြာဘူး”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် အဖြေပြန်ပေးလိုက်ပါတယ် “ကောင်းပြီ… သူတို့ကို အရင်ထုန်ကျန့်ကမ္ဘာ ရှိခဲ့တဲ့ ဟင်းလင်းပြင်မှာ စုခိုင်းလိုက်၊ နှစ်ငါးဆယ်ကြာရင် ငါ သူတို့ကို ထုန်ကျန့်ကမ္ဘာဆီ ပို့ဆောင်ပေးမယ်”
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်”
အဲဒီနောက် ဝတ်ရုံဖြူဗုဒ္ဓဟာ ထုန်ကျန့်ကမ္ဘာရဲ့ အခြေအနေကို ဟန်ကျွယ်ဆီ တင်ပြပါတယ်။ ထုန်ကျန့်ကမ္ဘာဟာ ကျင့်ကြံမှုအဆင့် အထက်စည်း ဆက်တိုက် တိုးလာတဲ့အပြင် သက်ရှိတွေကလည်း ပိုမိုပေါက်ဖွားလာပါတယ်။ လူသားနဲ့ နတ်ဆိုးတွေဟာ အချင်းချင်း မနှောင့်ယှက်ကြဘဲ အရူးအမူး ကျင့်ကြံကြပါတယ်။
ဒါကြောင့် ဝတ်ရုံဖြူဗုဒ္ဓမှာ စောဒကတက်စရာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ထုန်ကျန့်ကမ္ဘာက သေးငယ်လွန်းတာပါ။
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓနဲ့ စကားပြောပြီးတဲ့အခါမှာတော့ လောကဦးကမ္ဘာထဲက ဟင်းလင်းပြင်ချီကို ထုန်ကျန့်ကမ္ဘာဆီ ပို့ဆောင်ပြီး ထုန်ကျန့်ကမ္ဘာကို တိုးချဲ့ပါတယ်။ ဒီတိုးချဲ့မှုက တော်တော်လေး နှေးပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း ထုန်ကျန့်ကမ္ဘာကို တိုးချဲ့နိုင်တာမို့ ဘာပြဿနာမှ မရှိပါဘူး။
မျက်တောင်တစ်ခတ်အတွင်း ဆယ်နှစ်တာ ကုန်ဆုံးသွားပေမဲ့ ဟန်ကျွယ်ရဲ့စနစ်က အခုထိ အဆင့်မြှင်တင်လို့ မပြီးသေးပါဘူး။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်မောင်းထုတ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထုံးစံအတိုင်း ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကံတရားမြစ်ထဲသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် အလွန်အန္တရာယ်များသည့် နတ်မင်းအဆင့် ဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်သွား၏။]
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် မဟာညီညွတ်မှု ရွှေအင်မော်တယ်ဆီမှာ ညွှန်ကြားပြသမှုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၄၉၂၃၂
[သင့်မိတ်ဆွေ ကျန်းယီသည် သင့်ရန်သူ လီရွှမ်အောက်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ချီလင်အားဝါးမြိုပြီး သွေးစည်း ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ မုန့်ပေါ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
တိုက်ပွဲတွေ ဖြစ်နေတုန်းပေမဲ့ အရင်ကလောက် မကြမ်းတော့ဘဲ တော်တော်လေး ငြိမ်နေပါတယ်။ မုန်တိုင်းလာခါနီ လေငြိမ်တာမျိုး ဖြစ်နိုင်သလို အနန္တကပ်ဘေးထဲမှာ အမြဲတမ်း သူသေကိုယ်သေ မတိုက်ခိုက်ကြတာလည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ မုန့်ပေါ် ကျိန်စာတိုက်ခံရတာကို တွေ့လိုက်ရတဲ့အတွက် နှလုံးခုန်မြန်သွားပါတယ် ‘တစ်ယောက်ယောက်က အမှောင်သခင်ကြီးယောင်ဆောင်ပြီး ကျိန်စာလိုက်တိုက်နေတာလား’
ဒီလိုအချိန်က ကိုယ့်ရန်သူကို ကျိန်စာတိုက်ပြီး အမှောင်သခင်ကြီးပေါ် ပုံချဖို့ အကောင်းဆုံးအချိန်ပါ။
‘ဒီလိုဆိုရင်.. ဒီကောင်တွေက သူတို့ဘာသာ ကျိန်စာတိုက်ပြီး အမှောင်သခင်ကြီးပေါ် ပုံချနေကြတာလား’
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး အမှောင်သခင်ကြီးဆိုတဲ့ နာမည်ကို တွက်ချက်ကြည့်လိုက်တဲ့အခါမှာ ဘာရေစက်မှာ မရှိတာကို တွေ့လိုက်ရပါတယ်။
‘ထားလိုက်ပါတော့… သူတို့တွေ ဘာပဲလုပ်လုပ် အနန္တကပ်ဘေး ပြီးခါနီရင် ဘယ်နှယောက် ရှင်ကျန်ခဲ့မှာလဲ’
အခုအချိန်မှာ ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က အနန္တကပ်ဘေးကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်ဖို့ပါ။
[ဟန်မင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 296
? Views, Released on December 3, 2024