Switch Mode

Chapter – 295

အခန်း (၂၉၅) နတ်ရွှေကျီးရှန်ဧကရာဇ်အား သုတ်သင်ခြင်း
နာကျင်စွာ ခံစားနေရတဲ့ ဂျိရှင်းရှန်ကိုကြည့်ပြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ စိတ်ပြေလက်ပျောက် ဖြစ်သွားပါတယ် “နှာမြောဖို့ကောင်းလိုက်တာ… မင်းနေရာမှာသာ အဲဒီခွေးဆိုရင် ငါ ဒီထက်ပိုပြီးတော့ပျော်မှာ… ဟား..ဟား…”
ဂျိရှင်းရှန်ခေါင်းပေါ်မှာ ရှိနေတဲ့ သရဲပုံရိပ်က ဒေါသတကြီး ပြောလိုက်ပါတယ် “နတ်ရွှေကျီး မိသားစု… မင်းတို့တွေ ကျိန်းသေပေါက် ပြန်ပေးဆပ်ရလိမ့်မယ်”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ စိတ်မရှည်တော့တာကြောင့် လက်ဝှေ့ယမ်းလိုက်တဲ့အခါ သရဲပုံရိပ် ပျောက်ကွယ်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဂျိရှင်းရှန်ရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး ဟန်ကျွယ်နဲ့ ပတ်သက်တဲ့မှတ်ဉာဏ်တွေကို ဖတ်ဖို့ ပြင်လိုက်ပါတယ်။
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်ကို မရှာနိုင်ဘူးဆိုတာ မယုံပါဘူး။ ကျိန်စာတိုက်ခံရတာကို ပြန်တွေးမိတိုင်း နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဒေါသထောင်းခနဲ ထွက်သွားပါတယ်။ ဒီအချိန်မှာပဲ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ တရင်းတနှီးရှိတဲ့ ရောင်ဝါတစ်ခုက သူ့ဆီ ချဉ်းကပ်နေတာကို သတိထားမိသွားပါတယ်။
နတ်ရွှေကျီး ရှန်ဧကရာဇ် လှည်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ ဝိညာဉ်အပိုင်းအစတွေကို တွေ့လိုက်ရတာကြောင့် အံအားသင့်ပြီး ပြုံးမိလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ အပြုံးဟာ အေးစက်သွားပါတယ်။
‘နောက်ဆုံးတော့ တွေ့ပြီပဲ’
ဟန်ကျွယ်က ပထမဆုံး ရန်စလိုက်ပါတယ် “ငှက်စုတ်… သတ္တိရှိရင် အဲဒီလူကိုလွှတ်ပြီး ငါ့ဆီလာခဲ့”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်စကားကို ဂရုမစိုက်ဘဲ ဂျိရှင်းရှန်ခေါင်းကို ဆွဲညှစ်လိုက်တဲ့အတွက် ဂျိရှင်းရှန်ခေါင်းတစ်ခုလုံး ကျေမွပြီး အသွေးအသားတွေ လွှင့်စဉ်ထွက်ကုန်ပါတယ်။ ဂျိရှင်းရှန်ရဲ့ ဝိညာဉ်ကတော့ နတ်ရွှေကျီး ရှန်ဧကရာဇ် လက်ထဲမှာ ရှိနေတုန်းပါပဲ။
“ငှက်စုတ်… မင်းသာ သူ့ကို သတ်မယ်ဆိုရင် ငါ့ခန္ဓာကိုယ်စစ်က ဒီကိုလာမှာ မဟုတ်ဘူး၊ မင်းဘာသာ မတွေ့မချင်း လိုက်ရှာပေတော့”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး ဂျိရှင်းရှန်ဝိညာဉ်ကို လွှတ်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ဂျိရှင်းရှန်ရဲ့ ဝိညာဉ်ကို လက်ထဲစုပ်ယူလိုက်ပါတယ်။
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “နောက်ဆုံးတော့ မင်း မပုန်းနိုင်တော့ဘူးဘဲ”
ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်ပါတယ် “ခင်ဗျားက ကျုပ်ကို လိုက်ရှာနေတာ မဟုတ်ဘူးလား”
ဂျိရှင်းရှန်ရဲ့ ဝိညာဉ်ဟာ အတော်လေး အားနည်းနေပါပြီ။ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကိုကြည့်ပြီး ခက်ခက်ခဲခဲ အားယူကာ ပြောလိုက်ပါတယ် “ဒီနေရာကနေ… မြန်မြန်ထွက်သွား… မင်းက… သူ့… ပြိုင်ဘက်…”
“စကားမပြောနဲ့၊ အရင်ဆုံး အနားယူ၊ ဒီကိစ္စကို ငါ့ဘာသာ ဖြေရှင်းမယ်”
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ရဲ့ တည်ငြိမ်နေတဲ့ မျက်နှာကို တွေ့လိုက်ရတဲ့အတွက် အံဩမှင်သက်သွားပြီး ရင်ထဲက ကြောက်ရွံ့မှုလည်း ပြေလျော့သွားပါတယ်။
‘ဒီကောင်က ဒီလောက်တောင် သူရဲဘောကြောင်တာ… သူ့ကိုယ်သူ ယုံကြည်မှုမရှိဘူးဆိုရင် ဒီနေရာကို ခြေဦးတောင်လှည့်မှာ မဟုတ်ဘူး’
ဒါပေမဲ့လည်း ဂျိရှင်းရှန်ဟာ မနေနိုင်ဘဲ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို လှမ်းကြည့်လိုက်တဲ့အခါ သူတို့ကို မထီမဲ့မြင် ကြည့်နေတာကို တွေ့လိုက်ရတဲ့အတွက် ‌ဒေါသထောင်းခနဲ ထွက်သွားပါတယ်။ ဂျိရှင်းရှန်က နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ဒေါသထွက်တာ မဟုတ်ပါဘူး။ သူ့ကိုယ်သူ ဒေါသထွက်နေတာပါ။
‘ငါက တော်တော် အားနည်းလွန်းတယ်၊ အရမ်းကို အားနည်းလွန်းတယ်’
“ကောင်လေး… မင်းက ငါ့ကို ဘာလို့ အမှောင်ထဲကနေ ဆက်ပြီးတော့ ကျိန်စာမတိုက်တော့တာလဲ” မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ အေးစက်စွာ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ စကားကြောင့် ထိတ်လန့်သွားပါတယ် ‘ဒီကောင်က ငါကျိန်စာတိုက်တာကို ဘယ်လိုလုပ်ပြီးတော့ သိနေတာလဲ… မဟုတ်သေးဘူး… ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးဧကရာဇ်တောင် ရှာမတွေ့တာ၊ ဒီငှက်စုတ်က ဘယ်လိုလုပ်ပြီး သိရမှာလဲ၊ စိတ်မှန်းနဲ့ ပြောတာပဲ ဖြစ်ရမယ်’
ဟန်ကျွယ်က တအံတဩ ဖြစ်သွားတဲ့မျက်နှာနဲ့ ပြန်မေးလိုက်ပါတယ် “ခင်ဗျားလည်း ကျိန်စာတိုက်ခံရတာပဲလား” အဲဒီနောက် ဟန်ကျွယ်ဟာ ပြုံးပြီး စနောက်လိုက်ပါတယ် “အခု ကျုပ် ခံစားလို့ ပိုကောင်းသွားပြီ၊ ကျိန်စာတိုက်ခံရတာ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူးဘဲ”
ဟန်ကျွယ်စကားကြောင့် မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်း မဟုတ်ဘူးလား၊ မင်းလည်း ကျိန်စာတိုက်ခံရတာပဲလား”
ဟန်ကျွယ်ဟာ ပခုံးတွန့်လိုက်ပါတယ် “အမှောင်သခင်ကြီးနာမည်ကို ခင်ဗျား မကြားဘူးလား၊ သူက အနန္တကမ္ဘာမှာရှိတဲ့ အင်အားစုတွေ အကုန်လုံးကို ကျိန်စာတိုက်နေတာ၊ ခင်ဗျားနဲ့ ကျုပ်က အင်မော်တယ်ဧကရာဇ်တွေဆိုမှာတော့ ပစ်မှတ်ထားခံရမှာပဲ”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်စကားကြောင့် ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ်။
‘ဒါလည်း ဟုတ်တာပဲ၊ သူ့က ငါ့ပြိုင်ဘက်မှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ငါကျင့်ကြံမှု လျှော့ကျအောင် ကျိန်စာတိုက်နိုင်မှာလဲ’ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ အတွေးနက်သွားပါတယ် ‘အမှောင်သခင်ကြီးတဲ့လား… မင်းနာမည်ကို ငါမှတ်ထားမယ်’ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ အတွေးများနေပေမဲ့ သူ့အကြည့်ကတော့ ဟန်ကျွယ်ဆီကနေ တစ်လက်မမှ သွေဖယ်မသွားပါဘူး။
မကြာခင်မှာပဲ အဝေးတစ်နေရာကနေ ပျံသန်းလာတဲ့ ရုပ်သွင်တစ်ခုကို မြင်လိုက်ရပါတယ်။ ဒီရုပ်သွင်ကတော့ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်စစ်ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို လက်ထဲမှာ ဆုပ်ကိုင်ကာ ပျံသန်းလာတာဖြစ်ပြီး ဝိညာဉ်အပိုင်းအစကို ပြန်စုပ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဆီ တစ်လှမ်းချင်း လျှောက်သွားပါတယ်။
“တကယ်ဆိုရင် ကျုပ်တို့ကြားမှာ ဘာရန်ငြိုးရန်စမှလည်း မရှိဘူး၊ ခင်ဗျားက ဘာလို့ ကျုပ်နောက်ကို လိုက်နေရတာလဲ”
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်း ကြောက်နေတာလား”
“အင်း… ကြောက်တယ်၊ ကျုပ်တို့တွေ…”
“မရဘူး… ငါမင်းကို သတ်ရ…” နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မောက်မာစွာ အော်ဟစ်လိုက်ပါတယ်။
ဒါပေမဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ် စကားမဆုံးခင်မှာပဲ ဟန်ကျွယ်က ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ရုတ်တရက် ခုတ်ချလိုက်တဲ့ဓားချက်ကြောင့် ငရဲပြည်ရဲ့ အမှောင်ထုမှာ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး တိမ်ပင်လယ်ကို နှစ်ခြမ်းခွဲကာ မဟာလွတ်လပ်မှု နတ်ရွှေကျီကန်းကို ထိမှန်သွားပါတယ်။
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ချက်ချင်းခုခံပေမဲ့ ကျိန်စာတိုက်ခံထားရတဲ့ ဒဏ်ရာက ပြန်မကောင်းသေးတာကြောင့် ဟန်ကျွယ်ရဲ့ ဓားချီကို ကာကွယ်နိုင်ခြင်း မရှိပါဘူး။ နောက်ပြီးတော့ ဒီဓားချီက ဟန်ကျွယ် အသစ်ဖန်တီးထားတဲ့ ဓားတာအိုဆန်းကြယ်စွမ်းအား ပြိုင်ဘက်ကင်းဓားချီပါ။
ပြိုင်ဘက်ကင်းဓားချီဟာ အလွန်လျင်မြန်တဲ့ အလျင်နဲ့ ရန်သူခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ကြမ္မာဓားချီ မဟာဘီလိုမျိုး ရန်သူကို ချုပ်နှောင်ပါတယ်။ ပြီးတဲ့အခါမှာတော့ သုံးလောက သန့်ရှင်းခြင်းလို့မျိုး ပေါက်ကွဲထွက်ပြီး ရန်သူခန္ဓာကိုယ်ရဲ့ နေရာငယ်လေးတစ်ခုကို ဖျက်ဆီးပစ်ပါတယ်။
“အို.. မကောင်းတော့ဘူး… ငါ ဆက်မခံနိုင်တော့ဘူး”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ကြောက်ရွံ့စိတ်ဝင်လာပါတယ်။ ဒါပေမဲ့ အရာအားလုံး နောက်ကျသွားခဲ့ပါပြီ။ အသက်ရှူကြိမ် တစ်ဝက်မှာတင် နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ဝိညာဉ်ဟာ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်ဓားချီကို မခုခံနိုင်တော့ဘဲ လုံးဝဖျက်ဆီးခံလိုက်ရပါတယ်။
အဖြစ်အပျက်က မြန်ဆန်လွန်းတဲ့အတွက် ဂျိရှင်းရှန်ဟာ ဘာဖြစ်မှန်းတောင် မသိလိုက်ပါဘူး။
ဟန်ကျွယ်ဟာ နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ရောင်ဝါကို မခံစားရတော့မှ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ နတ်ရွှေကျီး ရှန်ဧကရာဇ်သာ အင်မော်တယ်ဧကရာဇ် နဝမအဆင့်မှာ ရှိနေသေးရင် အခုလိုမျိုး ခဏလေးနဲ့ သတ်လို့ရမှာ မဟုတ်ပါဘူး။
ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ရဲ့ ကျိန်စာတိုက်မှုကြောင့် နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကျင့်ကြံမှုအဆင့်လျှောကျပြီး ဝိညာဉ်စွမ်းအားကလည်း အရင်လို အားမကောင်းတော့ပါဘူး။ ဒါကြောင့် အခုလိုမျိုး တစ်ခဏအတွင်း သုတ်သင်ခံလိုက်ရတာပါ။
ဒါ့အပြင် ပြိုင်ဘက်ကင်းဓားချီက ကံကြမ္မာဆန်းကြယ်စွမ်းအား ဖြစ်တဲ့အတွက် နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ဘယ်သူသတ်လိုက်တယ်ဆိုတာ နတ်ရွှေကျီး မိသားစုက တွက်ချက်နိုင်မှာ မဟုတ်ပါဘူး။
နတ်ရွှေကျီး ရှန်ဧကရာဇ်ကို သုတ်သင်ပြီးတာနောက် ဟန်ကျွယ်ဟာ ဂျိရှင်းရှန်နဲ့ ချက်ချင်း ထွက်ပြေးပါတယ်။ အချိန်အတော်ကြာ ပြေးလွှားပြီးမှ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအားနဲ့ ခန္ဓာကိုယ် ပြန်တည်ဆောက်ဖို့ ကူညီလိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ အခုထိ ကြောင်တောင်တောင် ဖြစ်နေတုန်းပါပဲ ‘ပြိုင်ဘက်ကင်းလုနီး ဖြစ်နေတဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်က ချောင်ချောင်လက်ထဲမှာ တစ်ကွက်တောင် မခံနိုင်ဘူး… ဒါ လုံးဝ မဖြစ်နိုင်ဘူး… ငါ အိပ်မက်မက်နေတာများလား’
ဟန်ကျွယ်က ဂျိရှင်းရှန်ကို မေးလိုက်ပါတယ် “မင်း ဘာလို့ ကောင်းကင်ရုံးတော်မှာ မနေတာလဲ”
ဒီတော့မှ ဂျိရှင်းရှန်ဟာ သတိပြန်ဝင်လာပြီး မချိပြုံးပြုံးလိုက်ပါတယ် “ငါ စွမ်းအားပိုကြီးချင်လို့ ထွက်လာတာ၊ နောက်ဆုံးရလဒ်ကတော့… ဟင်း…” ဂျိရှင်းရှန်ရဲ့ သက်ပြင်းချသံမှာ လက်မခံနိုင်မှုတွေ နောင်တရမှုတွေ ပါဝင်နေပါတယ်။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ အဖြေကြောင့် ပြောစရာ စကားမရှိတော့ပါဘူး။ ဂျိရှင်းရှန်ကိုက ကံဆိုးလွန်းတာ မဟုတ်ပါလား။
“မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို တိတ်ဆိတ်ကျွန်းဆီ ခေါ်သွားချင်ပါတယ်။ ဒါပေမဲ့ ဂျိရှင်းရှန်က မာနကြီးပြီး တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနိုင်တဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့် တိတ်ဆိတ်ကျွန်းရဲ့ တည်နေရာကို ပေါက်ကြားစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ဂျိရှင်းရှန်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ် “တိကျောက်ဝမ်က ငါ့ကို ကပ်ဘေးသခင်ဆိုပြီး ဖမ်းဆီးနှိပ်စက် စော်ကားခဲ့တယ်၊ အဲဒီအတွက် ငါ အနန္တကပ်ဘေးထဲဝင်ပြီး ကပ်ဘေးသခင်လုပ်ဖို့ စဉ်းစားထားတယ်၊ ငါ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပြီး အနန္တကမ္ဘာကို စုစည်းမယ်”
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ လေသံကနေ အဆုံးမဲ့သတ်ဖြတ်ငွေ့တွေကို ခံစားမိပါတယ်။ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို ဖျောင်းဖျချင်ပေမဲ့လည်း ဖျောင်းဖျလို့မရဘူးဆိုတာကို စိတ်ထဲကနေ သိနေပါတယ်။ ဒါကြောင့် ဘာမှ မပြောတော့ပါဘူး။
နှစ်ယောက်လုံး တစ်ယောက်မှ စကားမပြောတဲ့အတွက် တိတ်ဆိတ်ခြင်းကို စိုးမိုးသွားပါတယ်။
အတန်ကြာမှ ဂျိရှင်းရှန်က မေးလိုက်ပါတယ် “ချောင်ချောင်… မင်းရဲ့ကျင့်ကြံမှုအဆင့်က ဘယ်ထိ‌ရောက်ပြီလဲ၊ အင်မော်တယ်ဧကရာဇ် ဖြစ်နေပြီလား”
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ အဖြေပေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အဖြေကြောင့် ဂျိရှင်းရှန်ဟာ မဲ့ပြုံးပြုံးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ ကွာခြားမှုက မနည်းသွားတဲ့အပြင် တိုးလာလို့ပါပဲ။
‘ချောင်ချောင်က တော်တော် စွမ်းအားကြီးတာပဲ… မဖြစ်ဘူ… ငါ သူ့ကို ရှုံးလို့မဖြစ်သေးဘူး’
ဂျိရှင်းရှန်က ပြင်းပြတဲ့အကြည့်နဲ့ မေးလိုက်ပါတယ် “ငါတို့နှစ်ယောက်ပေါင်းပြီး အင်မော်တယ်ကမ္ဘာကို သိမ်းပိုက်ရအောင်၊ ငါတို့နှစ်ယောက်ရဲ့ ပူးပေါင်းအားနဲ့ဆိုရင် ကံတရား အထောက်အပံ့တွေကို လိုသလောက် လုယူပြီး သက်ရှိအားလုံးကို ဖိနှိပ်နိုင်မှာ ကျိန်းသေတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset