Switch Mode

Chapter – 289

အခန်း (၂၈၉) ပြီးပြည်စုံသော ဓားအင်မော်တယ်
ဟန်ကျွယ်ဟာ ယွီတျန်ပေါင် ပုန်းအောင်းနေတဲ့ စေတီရှေ့မှာ ပေါ်လာပြီး နတ်သတ်ဓား၊ ဟွမ်သွမ့်ဓား၊ မိုးမြေလောကဦးဓားနဲ့ ဝမ်မင်ဓားကို ချက်ချင်းထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နတ်သတ်အစီအရင်ကို အသုံးပြုပြီး ယွီတျန်ပေါင် ပုန်းအောင်းနေတဲ့ စေတီကို ထွက်ပြေးမရအောင် ချိပ်ပိတ်လိုက်ပါတယ်။
စေတီထဲကနေ ယွီတျန်ပေါင်ရဲ့အသံ ထွက်ပေါ်လာပါတယ် “လွီပု… မင်း ငါ့ကို တကယ်သတ်ချင်တာလား၊ ငါက ရှန်နန်းတော်ရဲ့ ယာယီနန်းတော်သခင် ယွီတျန်ပေါင်ပဲ၊ မင်း ငါ့ကို သတ်မယ်ဆိုရင် ရှန်နန်းတောင်သခင်က မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး”
ဟန်ကျွယ်က ဒေါသတကြီး ပြန်ပြောလိုက်ပါတယ် “ငါတို့နတ်ဆိုးရုံးတော်က ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်းနဲ့ ကောင်းကင်ရုံးတော်ကို ဖိနှိပ်ထားတာ မင်းတို့ ရှန်နန်းတော်သခင်ကို ကြောက်စရာလား၊ မင်းငါ့ကို လာနောက်နေတာလား…”
“မင်း…” ယွီတျန်ပေါင်ဟာ သွေးအန်လုနီး ဖြစ်သွားပါတယ် ‘ထောင်လွှားလိုက်တာ၊ ငါ မင်းကို မနိုင်လို့သာ မဟုတ်လို့ကတော့ မင်းခန္ဓာကိုယ်ကို တစ်စဆီ ဆွဲဆုတ်ပစ်တယ်’
ဟန်ကျွယ်ဟာ ဘာစကားမှမပြောဘဲ နတ်သတ်အစီအရင်ကို ခင်းကျင်းပါတယ်။ ယွီတျန်ပေါင်ကလည်း ဘာမှပြောစရာ မရှိတော့တဲ့အတွက် တိတ်ဆိတ်သွားပါတယ်။
နတ်သတ်အစီအရင် ပြီးစီးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ယွီတျန်ပေါင် ပုန်းအောင်းနေတဲ့ စေတီကို စတင် တိုက်ခိုက်ပါတော့တယ်။ နတ်သတ်အစီအရင်ရဲ့ ကြောက်မက်ဖွယ် စွမ်းအားဟာ စေတီကို ပြင်းထန်စွာ တိုက်ခိုက်ပေမဲ့လည်း ယွီတျန်ပေါင် ပုန်းအောင်းနေတဲ့ စေတီက အင်မော်တယ် ကျောက်တောင်လို ခိုင်ခံ့နေတဲ့အတွက် လှုပ်ရုံတောင်လှုပ်ပြီး မပြိုကွဲပါဘူး။
စေတီအတွင်းမှာ ပုန်းအောင်းနေတဲ့ ယွီတျန်ပေါင်ဟာ မန္တန်ရွတ်ဆိုပြီး အကူအညီတောင်းရင်း ကျိန်ဆဲလိုက်ပါတယ် ‘နတ်ဆိုးရုံးတော် အစုတ်ပလုတ်’
အနန္တကပ်ဘေးက စတင်ခဲ့ပြီဖြစ်တဲ့အတွက် အင်မော်တယ်ကမ္ဘာမှာ သတ်ဖြတ်မှုတွေ များလာပြီး အကုသိုလ်က ဆတိုးထိုးတက်လာပါတယ်။ ဒီအကုသိုလ်ကံတွေရဲ့ နှောင့်ယှက်မှုကြောင့် ယွီတျန်ပေါင်ဟာ ရှန်နန်းတော်နဲ့ ဆက်သွယ်လို့ကို မရသေးပါဘူး။
‘ငါ ဘာလုပ်သင့်လဲ… ငါ ချောက်ချားလို့ မဖြစ်ဘူး၊ ဒီကောင် ငါ့စေတီကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး’
“ဝုန်း…”
စေတီတစ်ခုလုံး ကွဲကျေသွားပါတယ်။
ယွီတျန်ပေါင်ဟာ မျက်လုံးပြူးသွားပြီး တုန်လှုပ်ချောက်ချားသွားပါတယ် “ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဒီစေတီက ဧကရာဇ်တာအို အကောင်းစား ရတနာလေ”
ဟန်ကျွယ်က အင်္ကျီလက်ကို ထပ်ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ နတ်သတ်အစီအရင်ဟာ ထပ်မံအသက်ဝင်လာပြီး ယွီတျန်ပေါင်ကို တိုက်ခိုက်ပါတော့တယ်။ ယွီတျန်ပေါင်ဟာ ပါးစပ်ဟချိန်တောင် မရဘဲ အသည်းအသန် ခုခံလိုက်ရပါတယ်။
ယွီတျန်ပေါင် ဘယ်လိုပဲခုခံပါစေ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ပဲရှိတာမို့ နတ်သတ်အစီအရင်ကို ဘယ်လိုမှ တောင်မခံနိုင်ရှာဘဲ အသက်ရှူကြိမ်နှစ်ကြိမ်အတွင်း ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးသွားပါတယ်။
ယွီတျန်ပေါင်ဟာ မသေခင်မှာ ဟန်ကျွယ်ကို ကျိန်ဆဲသွားပါသေးတယ် “လွီပု… မင်းစောင့်နေ၊ ငါ မင်းကို ကမ္ဘာမကျေဘူး”
[ယွီတျန်ပေါင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။ ဒီစာကြောင်းကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ရှန်နန်းတော်မှာ ဝိညာဉ်အပိုင်းအစ ချန်ထားခဲ့တာလား’
‘ဟမ်… မင်းက ငါ့ကို မုန်းပြီး အေးအေးဆေးဆေး နေရမယ် ထင်နေတာလား’ ဟန်ကျွယ်ဟာ လူဆိုးပြုံး ပြုံးလိုက်ပြီး ဓားတွေကို ပြန်သိမ်းကာ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ကြောက်မက်ဖွယ်ရောင်ဝါတစ်ခုက သူ့ကို ချိန်ရွယ်ထားတာ ခံစားလိုက်ရပါတယ်။
အင်မော်တယ်ဧကရာဇ် တတိယအဆင့်ရှိတဲ့ ဟန်ကျွယ်ဟာ ရောင်ဝါနဲ့တင် ချောက်ချားသွားပါတယ် ‘အို… မကောင်းတော့ဘူး၊ ရှန်နန်းတော်က လူတွေ ရောက်လာတာလား’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ နေရာကနေ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ် ဘယ်ကိုပြေးပြေး ကြောက်မက်ဖွယ်ရောင်ဝါရဲ့ ချန်ရွယ်မှုကနေ မလွတ်ပါဘူး။
“မပြေးနဲ့… ငါ မင်းကို မသတ်ပါဘူး” ညင်သာတဲ့အသံကြောင့် ဟန်ကျွယ်ဟာ ရပ်တန့်သွားပြီး ဘေးဘီဝန်းကျင်ကို သေချာအကဲခတ်လိုက်တဲ့အခါ သူ့ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။
ဒီရုပ်သွင်ဟာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ဓားတစ်လက် ချိတ်ဆွဲထားပါတယ်။ ဝတ်ရုံစိမ်းနဲ့လူဟာ ဟန်ကျွယ်ကို ခြေအစခေါင်းအဆုံးကြည့်ပြီး စနောက်သံနဲ့ မေးလိုက်ပါတယ် “မင်းက ဘယ်လိုလုပ်ပြီး ကောင်းကင်ဓားတာအိုကို သိနေရတာလဲ”
ဟန်ကျွယ်ဟာ ရင်ထဲမှာ ထိတ်လန့်သွားပြီး ဘယ်လိုပြန်ဖြေရမလဲ မသိတော့ပါဘူး။
“ကောင်းကင်ဧကရာဇ်က မင်းကို သင်ပေးထားတာလား” ဝတ်ရုံစိမ်းက အပြုံးနဲ့ မေးလိုက်ပါတယ် “မကြောက်ပါနဲ့… ကောင်းကင်ဧကရာဇ်ကို ကောင်းကင်ဓားတာအို သင်ပေးလိုက်တဲ့လူက ငါပဲ၊ ကောင်းကင်ရုံးတော်မှာ တိထိုက်ပိုင်ပဲ ကောင်းကင်ဓားတာအိုကို တတ်မြောက်တာ၊ ဒါပေမဲ့ သူ့ဓားတာအိုက အရမ်းအားနည်းတယ်၊ နောက်ပြီး တိထိုက်ပိုင်က ကောင်းကင်ရုံးတော်အတွက် သူ့အင်မော်တယ်ဓားတာအိုသီးကို စတေးခဲ့တာဆိုတော့ သူများတွေကို သင်ပေးနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ကောင်းကင်ဓားတာအိုကို သင်ပေးနိုင်တဲ့လူက ကောင်းကင်ဧကရာဇ်ပဲ ရှိတော့တယ်”
[လီတောက်ခုံးသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကြောင့် လူမှုဆက်ဆံရေးကနေ လီတောက်ခုံးရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[လီတောက်ခုံး: ကျင့်ကြံမှုမသိ။ ရွမ်လိန့်ကျောင်းတော်၏ အကြီးဆုံးတပည့်ဖြစ်ပြီး အနန္တဧကရာဇ်၊ ပြီးပြည်စုံသော ဓားအင်မော်တယ်၊ တာအိုဘိုးဘေး၏ အမွေဆက်ခံသူ ဖြစ်သည်။ ထို့အပြင် တာအိုဂိုဏ်း ကျောင်းတော်သုံးခု၏ အမွေအနှစ်အကုန်လုံးကို ဆက်ခံရရှိထားသူလည်း ဖြစ်သည်။ သင် တက်မြောက်ထားသော ကောင်းကင်ဓားတာအိုအားကြောင့် လီတောက်ခုံးသည် သင့်အား စိတ်ဝင်စားသွားခဲ့သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
‘ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါက လီရွှမ်အောက်ရဲ့ ဂိုဏ်းတူအစ်ကိုပဲ’ လီရွှမ်အောက်က ပဋိပက္ခကောင်းကင်ခွေးရဲ့ မျက်လုံးကို ဖောက်ထုတ်ခဲ့တဲ့အတွက် ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို ဆယ်နှစ်တိုင်း ကျိန်စာတိုက်ဖို့ မမေ့ပါဘူး။
ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်နှစ်ယောက်က သေအတူရှင်အတူမို့ လီတောက်ခုံးက လီရွှမ်အောက်ဘက်မှာ ရပ်တည်လိမ့်မယ်ဆိုတော့ ဗေဒင်မေးစရာ မလိုပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ မျက်နှာသာပေးမှု ကြယ်တစ်ပွင့်ကို သာယာနေမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဟုတ်တယ်၊ ကောင်းကင်ဧကရာဇ်က ကျုပ်ကို သင်ပေးထားတာ၊ ကျုပ်က ဓားတာအိုမြစ်ကို အေးအေးဆေးဆေး စောင့်ကြပ်နေတာ၊ စောစောကလူက ဓားတာအိုမြစ်ကို အပိုင်သိမ်းဖို့ကြံတဲ့အပြင် ကျုပ်ကိုလည်း သတ်ချင်တယ်လေ”
ဟန်ကျွယ်ဟာ လီတောက်ခုံးက ပြီးပြည်စုံတဲ့ ဓားအင်မော်တယ်မှန်း သိတဲ့အတွက် ဓားတာအိုကို မြတ်နိုးလိမ့်မယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါကြောင့် ဓားတာအိုအကြောင်း မပါပါအောင် ထည့်ပြောလိုက်တာပါ။
လီတောက်ခုံးဟာ ဟန်ကျွယ်ကို အကဲခတ်ပြီး ပြုံးလိုက်ပါတယ် “မင်း ကောင်းကင်ဧကရာဇ်ကို ဆရာသခင်အဖြစ် အသိအမှတ် ပြုထားပြီလား”
ဟန်ကျွယ်က ခေါင်းခါလိုက်ပါတယ်။
“ဒါဆို ငါ့တပည့်လုပ်” လီတောက်ခုံးက ပြင်းပြတဲ့အကြည့်နဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘အပြောင်းအလဲက မြန်လှချည်လား’
လီတောက်ခုံးက ပြုံးလိုက်ပါတယ် “မင်းသာ ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် ရှန်နန်းတော်က မင်းကို ပြဿနာလာရှာမှာ ကြောက်စရာမလိုဘူး”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “စွမ်းအားကြီးလှချည်လား၊ ခင်ဗျားက ကောင်းကင်ဧကရာဇ်ထက်တောင် စွမ်းအားကြီးပြီး အာဏာပိုကြီးတယ်ပေါ့”
“ဒီလောကမှာ ပြိုင်ဘက်ကင်းတယ်လို့တော့ ငါ မပြောရဲဘူး၊ ဒါပေမဲ့ ငါ ဘယ်သူကိုမှ မကြောက်ဘူး၊ အာဏာကတော့ ကောင်းကင်ရုံးတော်လောက် မထက်ဘူး၊ ဒါပေမဲ့ ငါက အကြီးမားဆုံးစွမ်းအားကို ပိုင်ဆိုင်ထားတယ်” လီတောက်ခုံရဲ့အသံဟာ ထောင်လွှာခြင်းမရှိသလို ပျော့ညံခြင်းလည်း မရှိပါဘူး။ ဒီကားလုံးတွေက ဟန်ကျွယ်နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။
ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ နောက်ခံကို တွေးမိပြီး စိတ်ပါသွားပါတယ်။
ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်။
အနန္တဧကရာဇ်။
ပြီးပြည့်စုံတဲ့ ဓားအင်မော်တယ်။
တာအိုဘိုးဘေးရဲ့ ဆက်ခံသူ။
ဒီနာမည်တွေက ကောင်းကင်ဧကရာဇ်ထက် ပိုပြီးတော့ အထင်ကြီး လေးစားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့ ဂိုဏ်းတူညီ လီရွှမ်အောက်က တွေးမိသွားတာကြောင့် စိတ်ပြောင်းသွားပါတယ်။
“ကျုပ် မငြင်းလို့ မရဘူးလား”
လီတောက်ခုံးဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ငါရဲ့ ဂိုဏ်းတူညီလေးက လွဲပြီး တခြားဘယ်သူ့ကိုမှ ငါ ဖိအားမပေးဘူး၊ မင်း လက်မခံရင်လည်း ထားလိုက်ပါတော့” အဲဒီနောက် လီတောက်ခုံးဟာ လှည့်ထွက်သွားပါတယ်။
ဟန်ကျွယ်ကတော့ နေရာမှာတင် တိတ်တိတ်လေး ရပ်နေပါတယ်။ လီတောက်ခုံး လုံးဝပျောက်ကွယ်သွားတော့မှာပဲ ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ် ‘ဒီလူက အရမ်းစွမ်းအားကြီးပေမဲ့ ငါ့လို ပြဿနာမလိုချင်တဲ့ပုံပဲ’
အဲဒီနောက် ဟန်ကျွယ် ထွက်သွားဖို့ ပြင်လိုက်တဲ့အခါမှာတော့ လီတောက်ခုံးက ရုတ်တရက် ‌ရှေ့မှာပေါ်လာပါတယ် “ဟမ်… မင်းတကယ်ပဲ စိတ်မဝင်စားဘူးလား”
ဟန်ကျွယ်: “….”
လီတောက်ခုံးက ဆက်ပြောပါတယ် “အန္တကပ်ဘေးက စတင်ခဲ့ပြီ၊ မင်းသာ ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် ငါ မင်းကို ကာကွယ်ပေးနိုင်တယ်”
“ခင်ဗျားက ကျုပ်ကို ဘယ်လိုကာကွယ်မှာလဲ”
“မင်းငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုပြီးရင် ပြောပြမယ်”
“အဲဒါဆိုလည်း ထားလိုက်တော့”
“ငါက သာမန်လူ မဟုတ်ဘူး၊ မင်းသာ ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုလိုက်မယ်ဆိုရင် မင်း လုံးဝ အံဩမှင်သက်သွားဖို့ အာမခံတယ်” 
‘ကျုပ် ခင်ဗျား ဘယ်သူလဲဆိုတာ သိပါတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။
လီတောက်ခုံးဟာ ပြုံးလိုက်ပေမဲ့ စိတ်ထဲမှာတော့ ကျိန်ဆဲလိုက်ပါတယ် ‘ဒီကောင်စုတ်လေးက ငါ့ကို ငြင်းရဲတယ်၊ ဒါပေမဲ့ ဒီကောင်လေးက နတ်သတ်အစီအရင်ကိုတောင် ကျွမ်းကျင်တယ်ဆိုတော့ သူ့ဓားတာအိုအရည်အချင်းက အရမ်းရှားတဲ့အထဲမှာပါတယ်၊ ဒီလိုအရည်အချင်းရှိသူ တစ်ယောက်က အနန္တကပ်ဘေးထဲမှာ သေဆုံးသွားရင် နှမြောစရာချည်း၊ ရှန်နန်းတော်ထဲ ရောက်သွားရင် ပိုလို့တောင် နှမြောဖို့ကောင်းအုန်းမယ်’
လီတောက်ခုံးဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ဆက်ပြောပါတယ် “ငါမင်းကို ကောင်းကင်ဓားတာအိုထက် ပိုစွမ်းတဲ့ ဓားတာအို သင်ပေးမယ်၊ ဒီဓားတာအိုနဲ့ဆိုရင် နတ်မင်းအဆင့်နဲ့ ကောင်ကင်ဘဝဂ်အဆင့်တောင် ရောက်နိုင်တယ်”
ဟန်ကျွယ်ဟာ ဘယ်လိုမှ ဆက်ပြီး တောင့်မခံနိုင်တော့ပါဘူး “ကျုပ်က ခင်ဗျားကို ဆရာသခင်အဖြစ် အသိအမှတ်ပြုမယ်ဆိုရင် အလုပ်လုပ်‌ပေးရမှာလား”
လီတောက်ခုံးက ခေါင်းခါလိုက်ပါတယ် “မလုပ်ရပါဘူး၊ ငါ တာအိုဟောကြားတာကို နားထောင်ရုံပဲ”
“ကောင်းကင်ဧကရာဇ်က… ကျုပ်အပေါ် အ‌တော်ကောင်းတယ်၊ ကျုပ် သူ့ကို မေးကြည့်အုန်းမယ်” ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ဆိုတဲ့ စာသားကို ခပ်ကျယ်ကျယ် ပြောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset