အခန်း (၂၈၇) ဖူစန်းသစ်ပင် စိတ်ဝိညာဉ်ဖြစ်တည်ခြင်း၊ ကပ်ဘေးသခင်အား ဖိနှိပ်ခြင်း
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံရာကထလာပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ကျိန်စာတိုက်ပါတယ်။ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ငရဲပြည်ကနေ ထွက်မသွားသေးတာကြောင့် နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ မြည်တွန်သံကို တိတ်ဆိတ်ကျွန်းကနေ မကြာမကြာ ကြားနေရပါသေးတယ်။
အခုအခြေအနေကို ကြည့်ရတာတော့ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်က ငရဲပြည်မှာ ပုန်းနေမှန်း ခန့်မှန်းမိတဲ့အတွက် ဖမ်းလိုမမိမချင်း မပြန်မဲ့ပုံပါ။
ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၆၅၂၁
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ငရဲပြည်ရှိ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် တာအိုနှလုံးသား နိုးထလာပြီး ကျင့်ကြံမှု များစွာတိုးတက်ကာ အရံအတားအား ဖောက်ထွက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် အင်မော်တယ်နတ်ဘုရားတစ်ပါး တိုက်ခိုက်မှုကြောင့် သေလုမျောပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာ လီရွှမ်အောက်၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
[သင့်တပည့် ထူလင်းအာသည် လောကဦးကမ္ဘာတွင် ခရီးသွားရသည်ဟု အိပ်မက်မြင်မက်ပြီး ဘိုးဘေးမှော်ဆရာများ၏ သင်ကြားပြသမှုကို ရရှိခဲ့သည်။]
[သင့်မိတ်ဆွေ ကျန်းယီသည် ခန္ဓာကိုယ်အား ပြန်လည်တည်ဆောက်ရင်း သွေးစည်း ပြောင်းလဲသွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ရွှေဂဠုန်နတ်ဆိုးသခင်၏ ကျင့်ကြံမှုအဆင့်သည် မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်သို့ လျှောကျသွား၏။]
[သင့်မိတ်ဆွေ မော့ကျူသည် ရှေးဟောင်းရတနာအား မတော်တဆ ရရှိသွား၏။]
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်ကြည့်တဲ့အခါမှာ သူ့မိတ်ဆွေတွေက ဒီအတောအတွင်း အတော်လေး တိုးတက်လာတာကို တွေ့လိုက်ရပါတယ်။
ကောင်းကင်ဧကရာဇ်ကလည်း အရံအတားထဲကနေ ထိုးဖောက်ထွက်သွားပြီ ဖြစ်တဲ့အတွက် ကောင်းကင်ရုံးတော်က လောလောဆယ်တော့ ပြိုကွဲမှာ မဟုတ်သေးပါဘူး။
ထူလင်းအာကလည်း ဘိုးဘေးမှော်ဆရာအမွေကြောင့် စွမ်းအားတွေ ထိုးတက်သွားပါတယ်။
ဟန်ကျွယ် အပျော်ဆုံးကတော့ သူ့ကျိန်စာစွမ်းအားကြောင့် ရွှေဂဠုန်နတ်ဆိုးသခင် ဧကရာဇ်အဆင့်ကနေ လျှောကျသွားတာပါ။ ဟန်ကျွယ်ဟာ နတ်ရွှေကျီး ရှန်ဧကရာဇ်ကိုလည်း ရွှေဂဠုန်နတ်ဆိုးသခင်လိုမျိုး ဖြစ်စေချင်ပါတယ်။ ဒါမှ ကြက်ကလေး ငှက်ကလေးလို အလွယ်တကူ သုတ်သင်နိုင်မှာပါ။
တစ်လကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။
ရွှင်ချန်အန်း၊ စုချီ၊ ထုလင်းအာ၊ လုံဟောင်၊ မြွေနဂါးဘုရင်၊ ငရဲကြက်နက်၊ ပဋိပက္ခကောင်းကင်ခွေး၊ လီယောင်၊ မုရုံချီ၊ ချူရှီရန်၊ ကျိုးမင်ယွဲ့၊ ငရဲနက်နတ်ဆိုးသခင်၊ အာတ၊ ရှောင်အာ၊ ဘူးသီးညီနောင်ရှစ်ဖော်နဲ့ ငရဲနက်ဖီးနစ်တွေအကုန်လုံး ကျင့်ကြံအားထုတ်နေကြပါတယ်။
ငရဲနက်ဖီးနစ်တွေ ရောက်လာကတည်းက ငရဲကြက်နက်ဟာ အရင်ကလောက် မဆူတော့ဘဲ တော်တော်လေး အသံတိတ်သွားပါတယ်။ ကြည့်ရတာတော့ ငရဲနက်ဖီးနစ်မိသားစုထဲမှာ ပြဿနာနည်းနည်း ရှိပုံပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်က ဒီကိစ္စကို ဂရုမစိုက်ပါဘူး။ ငရဲကြက်နက်က လာပြီးတောင်းပန်ရင်တော့ တစ်မျိုးပေါ့။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရှေ့မှာ မတ်တတ်ရပ်ပြီး နတ်အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။ ဖူစန်းသစ်ပင်ဟာ ငရဲပြည်ကို ရောက်လာကတည်းက ခပ်မြန်မြန် ကြီးထွားလာပါတယ်။ အခုဆိုရင် ပင်စည်က ပိုကြီးလာပြီး အကိုင်းအခက်တွေလည်း အများကြီး ထွက်လာပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အကြောင်းကို ပြန်တွေးမိလိုက်ပါတယ်။ ဖူစန်းသစ်ပင်ဟာ နတ်သစ်ပင်ဖြစ်တဲ့အတွက် မိုးမြေစိတ်ဝိညာဉ်ချီကို တိုးတက်စေပါတယ်။ ဒါ့အပြင် နှစ်တစ်သောင်းပြည့်ရင် ရွှေကျီးကန်းကို ဆွဲဆောင်နိုင်ပြီး နှစ်တစ်သန်းဆိုရင်တော့ တခြားကမ္ဘာတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဖူစန်းသစ်ပင်က နှစ်တစ်ထောင် မပြည့်ခင်မှာဘဲ ရွှေကျီးကန်းကို ဆွဲဆောင်နိုင်တာကြောင့် တခြားကမ္ဘာတွေနဲ့ ဆက်စပ်ဖို့လည်း သိပ်မကြာလောက်ဘူးလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ တစ်နေ့ကျလို့ ဖူစန်းသစ်ပင်သာ တခြားကမ္ဘာတွေနဲ့ ဆက်စပ်နိုင်သွားရင် ဟန်ကျွယ်ဟာ သူမနိုင်တဲ့ စွမ်းအားကြီး ရန်သူကို ရင်ဆိုင်ရရင်တောင် တစ်ခဏချင်း ထွက်ပြေးနိုင်မှာပါ။
“ဆရာသခင်… ကျွန်တော် ကောင်းကင်ရုံးတော်ကို ပြန်လို့ရမလား” ဘေးနားကအသံကြောင့် ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါမှာ လုံဟောင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ လုံဟောင်ဟာ အရွယ်ရောက်လာပြီ ဖြစ်တဲ့အတွက် ကောင်းကင်ဧကရာဇ်နဲ့ တစ်ပုံစံတည်းလိုလိုပါပဲ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်လိုမျိုး အရှိအဟုန်တော့ မရှိပါဘူး။
“အပြင်မှာက အရမ်းအန္တရာယ်များတယ်”
“ခမည်းတော်က ကျွန်တော့်ကို ဆင့်ခေါ်တာ၊ ကောင်းကင်ရုံးတော်က ကျွန်တော့်ကို လိုအပ်နေပြီ” လုံဟောင်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ်။
‘ကောင်းကင်ဧကရာဇ်က ဆင့်ခေါ်တာလား’ ဟန်ကျွယ်ဟာ ပြောစရာစကား မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံဟောင်က ကောင်းကင်ဧကရာဇ်ရဲ့ သားတော်ဖြစ်နေလို့ပါ။
“မင်းတကယ်ပဲ ပြန်သွားချင်တာလား” ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ထပ်မေးလိုက်ပါတယ်။
လုံဟောင်ဟာ ခေါင်းညိတ်ပြီး လေးနက်တဲ့ မျက်ဝန်းတွေနဲ့ ပြန်ဖြေပါတယ် “ဟုတ်ပါတယ်၊ တကယ်ပြန်သွားချင်တာပါ”
လုံဟောင်ဟာ အရာအားလုံးကို စိုးမိုးအုပ်ချုပ်ဖို့ မွေးဖွားလာသူ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံဟောင်ဟာ ဟန်ကျွယ်ကို ကြောက်တာကြောင့် သူ့ဆန္ဒကို ဖုံးကွယ်ပြီး အချိန်အတော်ကြာ ကျင့်ကြံခဲ့ပါတယ်။ အရင်တုန်းက ကောင်းကင်ဧကရာဇ်ရဲ့ ဆင့်ခေါ်မှုကို မရတာကြောင့် ဒီအတိုင်း ဆက်ကျင့်ကြံခဲ့တာပါ။ အခု ကောင်းကင်ဧကရာဇ်ရဲ့ ဆင့်ခေါ်မှုက လုံဟောင်အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။
ဟန်ကျွယ်ဟာ လုံဟောင်ကို ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ငရဲပြည်ကနေ ခုန်ထွက်ကာ ဟင်းလင်းပြင်ဆီ ရောက်သွားပါတယ်။ လုံဟောင် ပါးစပ်မဟခင်မှာဘဲ ဟန်ကျွယ်က ပျောက်ကွယ်သွားပါတယ်။ လုံဟောင်ဟာ ချက်ချင်းဦးညွှတ်ပြီး လေးငါးဆယ်ခါ ခေါ်ပေမဲ့ ဟန်ကျွယ်ဆီက စကားပြန်မရပါဘူး။
အကြောင်းအရင်းတချို့ကြောင့် လုံဟောင်ဟာ နောင်တရသလို ခံစားလိုက်ရပါတယ် ‘မဖြစ်ဘူး… ငါ ကလေးလို လုပ်နေလို့ မရဘူး၊ ဆရာသခင်ကို စိတ်ပျက်စေလို မဖြစ်ဘူး’ လုံဟောင်ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။
ဖူစန်းသစ်ပင်အောက်ကို ဟန်ကျွယ် ပြန်ရောက်တာနဲ့ တိတ်ဆိတ်ဂိုဏ်းဝင်တွေ ဝန်းရံတာ ခံလိုက်ရပါတယ်။
“ဆရာသခင်… ဟောင်အာက ထွက်သွားပြီလား”
“ဂိုဏ်းချုပ်… ကောင်းကင်ရုံးတော် တစ်ခုခုဖြစ်လို့လား၊ ကောင်းကင်ဧကရာဇ်က သူ့သားတော်ကိုတောင် ပြန်ခေါ်တယ်ဆိုတော့ ကောင်းကင်ရုံးတော်မှာ လူမကျန်တော့တဲ့ပုံပဲ”
“လုံဟောင် ခေါင်းထဲမှာ ဘာရှိနေတာလဲ၊ အပြင်မှာ ဒီလောက်အန္တရာယ်များတာကို ဘာလို့ ပြန်သွားရတာလဲ”
“ဟားဟား… သူပြန်လာလို့ရှိရင် ငါက သူ့ကို ကျော်တက်သွားမှာ ကျိန်းသေတယ်”
ပဋိပက္ခကောင်းကင်ခွေးက ထမေးလိုက်ပါတယ် “ဘာလဲ… မင်းက ငါ့ကို လှောင်နေတာလား”
ဟန်ကျွယ်ဟာ နားငြီးလာတာကြောင့် လက်ဝှေ့ယမ်းပြီး သူ့လူတွေကို ခပ်ဝေးဝေးမှာနေဖို့ အချက်ပြလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ဆက်ပြီးတော့ စစ်ဆေးပါတယ်။
တိတ်ဆိတ်ဂိုဏ်းဝင်တွေဟာ ဟန်ကျွယ်နဲ့ ဝေးရာကို လျှောက်သွားပြီး လုံဟောင်အကြောင်းကနေ စပ်မိစပ်ရာ ဆက်ဆွေးနွေးကြပါတယ်။
အချိန်အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တအံတဩ မျက်လုံးဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖူစန်းသစ်ပင်က အသိဉာဏ်နည်းနည်း ရှိလာလို့ပါပဲ။
ဖူစန်းသစ်ပင်ရဲ့ အသိဉာဏ်က အတော်လေး အားနည်းပြီး အရမ်းလည်း ဆန်းကြယ်ပါတယ်။ ဖူစန်းသစ်ပင်ရဲ့ အသိဉာဏ်ဟာ ဟန်ကျွယ် မတွေ့အောင် ကြိုးစားရှောင်ပေမဲ့ နောက်ဆုံးမှာတော့ ဟန်ကျွယ်လက်က မလွတ်ပါဘူး။
‘ဖူစန်းသစ်ပင်က စိတ်ဝိညာဉ် ဖြစ်တည်လာတော့မှာလား’ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် ဖူစန်းသစ်ပင်ရဲ့ အသိဉာဏ်ကို ဆက်ကြီးထွားခွင့် ပြုလိုက်ပါတယ်။
ဘယ်နတ်ပစ္စည်းမဆို ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်းလိုမျိုး ကိုယ်ပိုင်အသိဉာဏ် မွေးဖွားနိုင်ပါတယ်။ ရွှင်ချန်အန်းနဲ့ ဝူတောက်ကျန့်က အကောင်းဆုံး ဥပမာပဲ မဟုတ်ပါလား။
နောင်တစ်ချိန်ကျရင် ဖူစန်းသစ်ပင်က ဝီရိယတောင်ကို ကာကွယ်မဲ့ စွမ်းအားကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အတပ်မပြောနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ကာ ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။
…..
ငရဲပြည်၊ တိကျောက်ဝမ်နန်းတော်။
ဂျိရှင်းရှန်ရဲ့ ခြေလက်လေးဖက်ဟာ သံကြိုးကြီးတွေနဲ့ ချည်နှောင်ခံထားရပြီး ခန္ဓာကိုယ်ကလည်း လေပေါ်မြှောက်နေကာ လျှပ်စီးနက်တွေ အဆက်မပြတ်ပစ်ခွင်းတာကို ခံနေရပါတယ်။ ဒီတရစပ် ပစ်ခွင်းနေတဲ့ လျှပ်စီးနက်တွေက ဂျိရှင်းရှန်ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးနေတာပါ။ ဒါပေမဲ့ ဂျိရှင်းရှန်ဟာ အသားတွေ ပဲ့ကျသွားရင်တောင် တစ်ချက်မမဲ့ပါဘူး။
ဂျိရှင်းရှန်ရဲ့ စူးရှတဲ့အကြည့်တွေဟာ ကြာပလ္လင်ပေါ်မှာထိုင်နေတဲ့ ဘုန်းကြီးဝတုတ်ဆီမှာပါ။
ဘုန်းကြီးဝတုတ်ဟာ သနားကြင်နာတဲ့ မျက်နှာထားရှိပြီး ပါးစပ်ကလည်း တတွက်တွတ်နဲ့ ပုတီးစိပ်နေပါတယ်။
အစိမ်းရောင်မီးခိုင်းတွေဟာ နန်းတော်တစ်ခု ပြည့်နှက်နေပြီး တစ်ခါတစ်ရံကျရင် ဒီမီးခိုးစိမ်းတွေက နတ်ဆိုးတွေ သရဲတွေ အဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်လေကျရင်တော့ ဗုဒ္ဓနဲ့ နတ်ဘုရားအသွင် ပြောင်းလဲသွားပါတယ်။
နောက်ဆုံးမှာတော့ ဂျိရှင်းရှန်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ခင်ဗျားက ကျုပ်ကို ဘယ်အချိန်အထိ နှိပ်စက်နေမှာလဲ၊ ကျုပ်က ကပ်ဘေးသခင် မဟုတ်ပါဘူးလို့ ခင်ဗျားကို ပြောပြီးလေ၊ အနန္တကမ္ဘာကို ဖျက်ဆီးဖို့ ကျုပ်တစ်ခါမှ မတွေးထားဘူး”
ဂျိရှင်းရှန်ဟာ တော်တော်လေး စိတ်ဓာတ်ကျနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်လက်နက်ကို လာလုတာ မအောင်မြင်တဲ့အပြင် ပထမတုန်းက လွတ်ပေးခဲ့တဲ့ တိကျောက်ဝမ်က ရုတ်တရက်ကြီး လိုက်ဖမ်းပြီး အခုလို နှိပ်စက်နေလို့ပါပဲ။ ဒီထက်ပိုပြီး မုန်းဖို့ကောင်းတာကတော့ တိကျောက်ဝမ်က သူ့ကို ကပ်ဘေးသခင်လို ထင်နေတာပါ။
တိကျောက်ဝမ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “ကပ်ဘေးသခင်က သူ့ကိုယ်သူ ကပ်ဘေးသခင်လို့ ဘယ်တုန်းကမှ တွေးထားမှာ မဟုတ်ဘူး”
“အဲဒါဆိုရင် ကျုပ်က ကပ်ဘေးသခင်ပါလို့ ခင်ဗျားဘာလို့ အတပ်ပြောနိုင်ရတာလဲ”
“ရှန်နန်းတော်၊ နတ်ဆိုးရုံးတော်၊ ကောင်းကင်ရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်း အကုန်လုံးရဲ့ အဆိုအရ ကပ်ဘေးသခင်က ငရဲပြည်မှာ နေပြီးတော့ ဆန်းကြယ်စွမ်းအားကို လေ့လာသုံးသပ်နေတယ်တဲ့၊ အဲဒါ မင်း မဟုတ်ဘူးလား”
“ကျုပ်ဘာသာ ဆန်းကြယ်စွမ်းအား လေ့ကျင့်တာ ဘာမှားလို့လဲ”
“အော့မီတော်ဖော”
ဂျိရှင်းရှန်ဟ အမျက်ချောင်းချောင်း ထွက်သွားပါတယ် ‘ဒီကတုံးက တော်တော်ကို ကျိုးကြောင်း မဆီလျော်တာပဲ၊ ထင်ရာလျှောက်လုပ်တဲ့ ကတုံးစုတ်’ ဂျိရှင်းရှန်က အံကြိတ်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ကျုပ်ကို ဘယ်တော့မှ လွှတ်ပေးမှာလဲ”
“အော့မီတော်ဖော… ကိုယ်တော်က သာမန်လူတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် ကိုယ်တော့်ဘဝကို အစတေးခံပြီး ဒါယကာကို ထာဝရဖိနှိပ်မှာ”
“ကတုံးစုတ်…”
တိကျောက်ဝမ်ဟာ မျက်လုံးမှိတ်လိုက်ပြီး ကျမ်းစာတွေ ရွတ်ဖက်ကာ ပုတီးစိပ်ပါတော့တယ်။
ဂျိရှင်းရှန်ဟာ ဒေါသထွက်လွန်းတာကြောင့် သွေးအန်ထွကသ်ွားပါတယ်။
“မကြောက်နဲ့၊ ငါ မင်းကို ကူညီပေးမယ်” ဂျိရှင်းရှန်ဟာ အသံတစ်သံကို နားထဲမှာ ကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲကနေ မီးခိုးနက်တစ်ခု လျင်မြန်စွာ ပျံထွက်သွားတာကို တွေ့လိုက်ရပါတယ်။
တိကျောက်ဝမ်ဟာ တစ်စုံတစ်ခုကို အာရုံခံမိတာကြောင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ မီးခိုးနက်ကို တွေ့သွားပါတယ် “မိစ္ဆာမျိုးနွယ်စု”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 287
? Views, Released on December 3, 2024