Switch Mode

Chapter – 285

အခန်း (၂၈၅) အင်မော်တယ်ဧကရာဇ် တတိယအဆင့်၊ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်အား သတ်ဖြတ်ရန် စီစဉ်ခြင်း
ဟန်ကျွယ်ဟာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က သူ့နေရာကို သိသွားမှာ စိုးရိမ်တဲ့အတွက် ရင်တထိတ်ထိတ် ဖြစ်သွားပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်က မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို မယှဉ်နိုင်သေးပါဘူး။ ဟန်ကျွယ် ရင်ထိတ်နေတုန်းမှာပဲ နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ နတ်အာရုံဟာ ပျောက်ကွယ်သွားပါတယ်။
‘သူ ငါ့ကို သတိမထားမိဘူးလား…’
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို သူ့တာအိုစက်ကွင်းက နတ်အာရုံကို ဟန့်တားနိုင်တာ သတိရသွားပါတယ်။ အခုဆိုရင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ်အဆင့် ဖြစ်တာကြောင့် တာအိုစက်ကွင်းကလည်း နတ်မင်းအဆင့် ကျင့်ကြံသူရဲ့ နတ်အာရုံကိုတောင် ဟန့်တားနိုင်နေပါပြီ။
ဒါကြောင့် နတ်ရွှေကျီး ရှန်ဧကရာဇ်က တိတ်ဆိတ်ကျွန်းကို ဝင်မတိုးမချင်း ဟန်ကျွယ်ကို ရှာတွေ့မှာ မဟုတ်ပါဘူး။ တိတ်ဆိတ်ကျွန်းက အတော်လေးကြီးမားတယ်လို့ ထင်ရပေမဲ့ ကြီးမားကျယ်ပြန့်လွန်းတဲ့ နွေဦးမြစ်နဲ့ နှိုင်းယှဉ်ရင်တော့ ကျောက်ဆောင်တစ်ခုသာသာပါ။
တစ်ချိန်တည်းမှာပဲ နွေဦးမြစ်ပေါ်မှာ ခရီးနှင်နေတဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ထူးဆန်းလိုက်တာ… ဒီကောင်ရဲ့ရောင်ဝါက ဒီနေရာမှာ ဘာဖြစ်လို့ ပျောက်သွားရတာလဲ၊ နွေဦးမြစ်ထဲ ကျသွားတာလား”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ရှာနေတာ နှစ်ချီနေပါပြီ။ ဒါပေမဲ့ အခုထိ ရှာမတွေ့နိုင်သေးတာကြောင့် ယမ်းပုံမီးကျ ဖြစ်နေပါတယ်။ ဟန်ကျွယ် မသေသေးတာကိုတော့ နတ်ရွှေကျီး ရှန်ဧကရာဇ်က ကျိန်းသေပေါက် သိနေပါတယ်။ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ကိုယ်တိုင်ကိုယ်ကျ မသတ်ရဘူးဆိုရင် သူ့ရင်ထဲက ‌ဒေါသကလည်း ပျောက်မှာ မဟုတ်ပါဘူး။
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်နဲ့ တွေ့ပြီးကတည်းက မကြာခဏ ကျိန်စာတိုက်ခဲ့ရပါတယ်။ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကျိန်စာတိုက်ခံရသူက ဘယ်သူဘယ်ဝါမှန်း တွက်ချက်မရပေမဲ့ ဟန်ကျွယ်လို့ ကျိန်းသေပေါက် ယုံကြည်ထားပါတယ်။
အင်မော်တယ်ကမ္ဘာမှာ ကျိန်စာတိုက်တာက မရှားပါဘူး။ ကျင့်ကြံသူအတော်များများလည်း ကျိန်စာတိုက်နိုင်ကြပါတယ်။ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဒီကျိန်စာတိုက်ခံရတဲ့ကိစ္စကို ထုတ်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာတဲ့အထိ ကျိန်စာတိုက်ခံရတဲ့ အကြောင်းကို ထုတ်ပြောတာကို ကိုယ့်မျက်နှာ ကိုယ်ပြန်ရိုက်သလို ဖြစ်နေလို့ပါပဲ။
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာတာကြောင့် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။ နတ်ရွေကျီး ရှန်ဧကရာဇ်ရဲ့ အော်ဟစ်သံဟာ ငရဲပြည်တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားပါတယ်။
တိတ်ဆိတ်ကျွန်းပေါ်က လူတွေလည်း နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ အော်သံကြောင့် ထိတ်လန့်သွားကြပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အလန့်တကြား ပြောလိုက်ပါတယ်။
“သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရှာတွေ့သွားတာလဲ”
ငရဲနက်နတ်ဆိုးသခင်ဟာ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ဆိုပေမဲ့ အင်မော်တယ်ဧကရာဇ် နဝမအဆင့်ရှိတဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို မယှဉ်နိုင်သေးပါဘူး။
တခြားသူတွေလည်း တုန်လှုပ်ချောက်ချားသွားကြပါတယ်။ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က ဟန်ကျွယ် အနိုင်မယူနိုင်တဲ့အတွက် ပထမဆုံးထွက်ပြေးရတဲ့ ရန်သူတော်ကြီး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ သူ့လူတွေဆီ အသံလွှင့်ပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်က သူတို့ကို ရှာမတွေ့တဲ့အတွက် မစိုးရိမ်ဖို့နဲ့ တိတ်ဆိတ်ကျွန်းထဲက မထွက်ဖို့ ပြောလိုက်ပါတယ်။ ဒီတော့မှာပဲ တိတ်ဆိတ်ကျွန်းဂိုဏ်းဝင်တွေဟာ စိတ်သက်သာရာ ရသွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်သာ အန္တရာရှိရင် သူတို့ဂိုဏ်းချုပ်က ဘာစကားမှမပြောဘဲ တချိုးတည်း ထွက်ပြေးမှာကို သိနေလို့ပါ။
ဟန်ကျွယ်ဟာ ရင်ထဲက စိုးရိမ်မှုကို ဖိနှိပ်ပြီး စောင့်နေလိုက်ပါတယ်။ မကြာခင်မှာပဲ ကျယ်လောင်စူးရှလှတဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ အော်ဟစ်သံဟာ ရပ်တန့်သွားပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ရောင်ဝါကလည်း လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီငှက်စုတ်က ရင်ဆိုင်ဖို့ တော်တော်ခက်တာပဲ၊ ကြည့်ရတာ သူက ငါ မသေမချင်း မနားမဲ့ပုံပဲ’
တစ်နေ့ကျလို့ နတ်ရွှေကျီး ရှန်ဧကရာဇ်သာ ဟန်ကျွယ်ဆီ တံခါးလာခေါက်ရင် ဟန်ကျွယ် ပုန်းဖို့ မီတော့မှာ မဟုတ်ပါဘူး။
[သင့်တွင် အလွန်ကြီးမားသော အန္တရာယ်တစ်ခု ကြုံတွေနေရပြီ ဖြစ်သည့်အတွက် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ အနန္တကပ်ဘေးထဲသို့ ဝင်ရောက်ပြီး ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပြီး အခွင့်အရေးကို စောင့်ဆိုင်းပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ကျပမ်း သဘာဝရတနာ တစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ ရုတ်တရက် သူ့‌ရှေ့မှာပေါ်လာတဲ့ စာကြောင်းသုံးကြောင်းကြောင့် မျက်ခုံးပင့်တက်သွားပါတယ် ‘နောက်ဆုံးတော့ ငါ့မှာ ရွေးချယ်ဖို့ အခွင့်အရေး ရှိလာပြီပဲ၊ ဆုတွေက သိပ်အကောင်းကြီး မဟုတ်ဘူးဆိုပေမဲ့ မဆိုးပါဘူး’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ချက်ချင်းပဲ ရွေးချယ်လိုက်ပါတယ်။
[သဘာဝရတနာ ပုကျုံးနတ်ပန်းအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ပုကျုံးနတ်ပန်း: လောကဦးရတနာတစ်ပါး ဖြစ်ပြီး ဒဏ္ဍာရီလာပုကျုံးတောင်၌ ရှင်သန်၏။ ပုကျုံးနတ်ပန်းသည် ကမ္ဘာအနှစ်အား စုပ်ယူပြီး မကုန်ဆုံးနိုင်သော ရှန်တျန်ချီအား ထုတ်လွှတ်ပေး၏။]
ဟန်ကျွယ်ဟာ ပုကျုံးနတ်ပန်းကို ချက်ချင်းပဲ ထုတ်ယူပြီး ကောင်းကင်ကိုးလွှာရေစင်ဘေးမှာ စိုက်လိုက်ပါတယ်။ ကောင်းကင်ကိုးလွှာရေစင်ဟာ အင်မော်တယ်ချီကို ထုတ်လွှတ်နေသေးပေမဲ့ အရင်လိုမျိုး မိုးမြေသားတော်ကို မပြတော့ပါဘူး။
“သခင်… အဲဒါ ဘာပန်းလဲ” ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။ ဟန်ကျွယ်လည်း ပုကျုံးနတ်ပန်းအကြောင်းကို အကျဉ်းချုံးပြီး ပြောပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှန်တျန်ချီက ဘာချီမှန်း မသိသေးပေမဲ့ ဆဋ္ဌမအာရုံအရ အင်မော်တယ်ချီထက် ပိုကောင်းလိမ့်မယ်လို့ ခံစားနေရပါတယ်။
ဟန်ကျွယ်ဟာ ပုကျုံးနတ်ပန်းကို စိုက်ပြီးသွားပေမဲ့ ချက်ချင်း မကျင့်ကြံသေးပေမဲ့ အချိန်အတော်ကြာ စောင့်ဆိုင်းပါတယ်။ လဝက်ကြာလို့ နတ်ရွှေကျီး ရှန်ဧကရာဇ်က လုံးဝထွက်ခွာသွားတာ သေချာတော့မှာ သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး စိတ်ချလက်ချ ကျင့်ကြံအားထုတ်ပါတယ်။
ဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ရှစ်နှစ်နီးပါး ကြာတဲ့အခါမှာတော့ ပုကျုံးနတ်ပန်းဟာ ရှန်တျန်ချီကို စတင်ထုတ်လွှတ်ပါတယ်။ ပုကျုံးနတ်ပန်း ထုတ်လွှတ်တဲ့ ရှန်တျန်ချီက နည်းနည်းနောနော မဟုတ်တဲ့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး ပြည့်နှက်သွားပါတယ်။
ဝူတောက်ကျန့်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် အံဩတကြီး မျက်လုံးဖွင့်လိုက်ပါတယ်။
ဟန်ကျွယ်လည်း အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှန်တျန်ချီကို တစ်ခါရှူရှိုက်တာက အင်မော်တယ်ချီကို ဆယ်ခါရှူရှိုက်တာနဲ့ ညီနေလို့ပါပဲ။ နောက်ပြီး ရှန်တျန်ချီဟာ အင်မော်တယ်ချီထက် အရည်အသွေးပိုကောင်းသလို ပိုပြီးတော့လည်း သန့်စင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို အရင်ကထက် ပိုပြီးတော့ မြန်သွားစေပါတယ်။
ဟန်ကျွယ်ဟာ ရှန်တျန်ချီကို စုပ်ယူရင်း ဆက်လက်ကျင့်ကြံပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ချီစုပ်ယူမှုက မြန်ဆန်လွန်းတာကြောင့် ပုကျုံးနတ်ပန်းဟာ ဟန်ကျွယ် လိုသလောက် မထုတ်ပေးနိုင်ပါဘူး။ ပုကျိုးနတ်ပန်းက အခုမှ အပင်ပေါက်ပဲ ရှိသေးတာကြောင့် ကြီးထွားလာဖို့ အချိန်လိုပါသေးတယ်။
ဒီကိစ္စအတွက် ဟန်ကျွယ်ဟာ စိတ်ပျက်ခြင်း မရှိပါဘူး။ အနည်းဆုံးတော့ မျှော်လင့်ချက်ရှိလာပြီ မဟုတ်ပါလား။
ရှန်နန်းတော်၊ နက်မှောင်တဲ့ အကျဉ်းထောင်အတွင်း။
ကျန်းကူရှင်းဟာ ကြမ်းပြင်ပေါ်မှာထိုင်နေပြီး မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေက သူ့ကို ဝန်းရံထားပါတယ်။ ကျန်းကူရှင်းဟာ ဆုတ်ပြဲနေတဲ့ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ဆံပင်တွေကလည်း ရှုပ်ပွနေပေမဲ့ မျက်နှာကတော့ အလွန်တရာမှ တည်ငြိမ်နေပါတယ်။
အကျဉ်းထောင်တံခါး အပြင်ဘက်ကနေ ရုပ်သွင်တစ်ခု အမှောင်ထဲက ထွက်ပေါ်လာပါတယ်။ ဒီရုပ်သွင်ဟာ အလွန်အဖိုးထိုက်တန်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး ကျန်းကူရှင်းကို မနာလိုစွာ ကြည့်လိုက်ပါတယ်။
“မင်းက နောက်တစ်ဆင့် တက်သွားပြန်ပြီလား”
ကျန်းကူရှင်းဟာ တစ်ဖက်လူရဲ့အမေးကို ပြန်မဖြေပေမဲ့ တစ်ဖက်လူက ဆက်ပြောပါတယ် “ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော် စစ်ဖြစ်တာ နှစ်အတော်ကြာပြီ၊ နန်းတော်သခင်လည်း ထွက်သွားပြီ၊ နောက်ကျရင် ရှန်နန်းတော်ကို ငါ အုပ်ချုပ်ရမှာ၊ ငါ မင်းကို ဘယ်လိုမျိုး နှိပ်စက်သင့်တယ်လို့ ထင်လဲ”
ဒီလူက ကျန်းကူရှင်းနဲ့ ရန်ငြိုးရန်စရှိတဲ့ ယွီတျန်ပေါင်ပါ။
ဒီတစ်ခါတော့ ကျန်းကူရှင်းက ပြန်ဖြေလိုက်ပါတယ် “မင်းနည်းလမ်းတွေက ငါ့ကို အရှုံးပေးအောင် မလုပ်နိုင်ဘူး၊ မင်း ငါရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကိုပဲ နှိပ်စက်နိုင်တယ်၊ ငါ့တာအိုနှလုံးသားကိုတော့ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး၊ ငါ မသေသေးသမျှ ကာလပတ်လုံး မင်း အိပ်ကောင်းချင်း မအိပ်ရ စားကောင်းချင်း မစားရမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာကနေ ငါထွက်တာနဲ့ မင်းကိစ္စတုံးပြီးပဲ”
ယွီတျန်ပေါင်ဟာ ကျန်းကူရှင်းရဲ့ စကားကြောင့် အနာပေါ်တုတ်ကျ ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။ ဒါကြောင့်လည်း ယွီတျန်ပေါင်ဟာ ကျန်းကူရှင်းကို သတ်ချင်တာပါ။ ဒါပေမဲ့ သူ့အထက်ကပုဂ္ဂိုလ်က ကျန်းကူရှင်းကို ကာကွယ်ထားပါတယ်။
ယွီတျန်ပေါင်ဟာ ရုတ်တရက် နှာ‌ခေါင်းရှုံ့လိုက်ပါတယ် “ဓားတာအိုမြစ်ကို ငါ ဖျက်ဆီးမယ်ဆိုရင်ရော…”
ကျန်းကူရှင်းဟာ မျက်နှာပျက်သွားပါတယ်။
“မင်းနဲ့ ဓားတာအိုမြစ်က ဘာဆက်နွှယ်မှုရှိလို့ ခန္ဓာကိုယ်ကိုတောင် စွန့်ပစ်ပြီး သွားစောင့်ကြပ်ရတာလဲ” ယွီတျန်ပေါင်က စိတ်ဝင်တစား မေးလိုက်ပါတယ်။
ကျန်းကူရှင်းဟာ ဘာမှပြန်မဖြေဘဲ ပါးစပ်ပိတ်နေပါတယ်။ ကျန်းကူရှင်းရဲ့ အပြုအမူကြောင့် ယွီတျန်ပေါင်ဟာ ဒေါသချောင်းချောင်း ထွက်သွားပါတယ် ‘ကောင်းပြီလေ၊ မင်းအဲဒီလောက်တောင် စောင့်ကြပ်ချင်တဲ့ ဓားတာအိုမြစ်ကို ငါ ဖျက်ဆီးပြမယ်’
……
နှစ် ၄၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း အင်မော်တယ် တတိယအဆင့်ကို ရောက်ရှိသွားတာကြောင့် ဝိညာဉ်စွမ်းအား ထိုးတက်ပြီး ဝိညာဉ်အသွင်ပြောင်းလဲကာ စွမ်းအားပိုကြီးသွားပါတယ်။ သုံးနှစ်ကြာ ကျင့်ကြံမှုကို ခိုင်ခံ့အောင် လုပ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူ့လက်ရှိစွမ်းအားနဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို အနိုင်မယူနိုင်သေးပေမဲ့ မရှုံးတော့ဘူးလို့ တွက်ထားပါတယ်။
နှစ်နှာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နာရီကျော်တိုက်ပွဲမှာ ဟန်ကျွယ်ဟာ နတ်ရွှေကျီး ရှန်ဧကရာဇ်သတ်တာ မခံရပေမဲ့ ဟန်ကျွယ်ကလည်း နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး။
‘ဒီလိုဆို မဖြစ်သေးဘူး’
ဟန်ကျွယ်ဟာ ဓားတာအိုဆန်းကြယ်စွမ်းအား အသစ်ကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ် ဖန်တီးချင်တဲ့ ဓားတာအိုဆန်းကြယ်စွမ်းအားက ကောင်းကင်ဓားတာအိုနဲ့ မတူဘဲ ရုတ်တရက် ပေါက်ကွဲထွက်ပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်ကို တစ်ချက်တည်း သတ်နိုင်မဲ့ ဓားတာအို ဆန်းကြယ်စွမ်အားကို ဖန်တီးချင်တာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset