အခန်း (၂၈၃) ဒုတိယအင်မော်တယ်ကမ္ဘာ
‘နတ်ဆိုးဧကရာဇ်ကို ပူးပေါင်းပြီး သတ်မယ်… ဒီလူ ရူးသွားပြီလား’
ဟန်ကျွယ်ဟာ တာအိုအရှင်သခင်က သူ့ကို လှည့်စားနေတယ်လို့ ခံစားလိုက်ရပါတယ်။ အခုအချိန်မှာ နတ်ဆိုးရုံးတော်က ကောင်းကင်ရုံးတော် ရှန်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းကို နှိပ်ကွပ်ထားတာပါ။ ဒီလိုအချိန်မျိုးမှာ တာအိုအရှင်သခင်က ဒီလိုစကားမျိုးပြောတာ တော်တော်လေးကို ယုတ္တိမရှိပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကျုပ်တို့ အတူပူးပေါင်းပြီး တိုက်ခိုက်ရုံနဲ့ နတ်ဆိုးဧကရာဇ်ကို သတ်နိုင်လိမ့်မယ်လို့ ခင်ဗျား ဘယ်ကနေ ယုံကြည်ချက် ရလာတာလဲ”
တာအိုအရှင်သခင်က ပြောလိုက်ပါတယ် “နတ်ဆိုးဧကရာဇ်က နဂိုကတည်းက အရိုင်းဆန်တယ်၊ သူက အမြဲတမ်းလိုလို စွမ်းအားပိုကြီးချင်နေတာ၊ အခုလို နတ်ဆိုးရုံးတော်က အသာစီးရနေချိန်မှာ တစ်ယောက်ယောက်က သူ့ကို လုပ်ကြံရဲလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး”
“ဒါက ခင်ဗျားအကြံလား၊ ဒါမှမဟုတ် ရှန်နန်းတော်ရဲ့ အကြံလား”
“ဘာကွာလို့လဲ”
“ရှန်နန်းတော်ရဲ့အကြံဆိုရင် ကျုပ်ကို လှည့်ဖြားမှာ စိုးရိမ်မိတယ်”
“ရှန်နန်းတော်က မင်းကို အပြစ်ပြုမိထားလို့လား”
“ကျုပ်အစ်ကိုတော် ကျန်းကူရှင်းကို ခင်ဗျားတို့တွေ ဖမ်းထားတာလေ”
“အို… မင်းနဲ့ ကျန်းကူရှင်းက သွေးသောက်ညီအစ်ကိုတွေလား”
“မှန်းကြည့်ပေါ့” ဟန်ကျွယ်ဟာ မရောမရာ ပြန်ဖြေလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှန်နန်းတော်က ကျန်းကူရှင်းကို အသုံးချပြီး သူ့ကို အကြပ်ကိုင်မှာစိုးလို့ပါ။
တာအိုအရှင်သခင်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်က ဆက်ပြောပါတယ် “နတ်ဆိုးဧကရာဇ်ကို သတ်ဖို့က အရမ်းအန္တရာယ်များတယ်၊ ကျုပ်က သေမှာကြောက်တယ်၊ အဲဒီတော့ ဒီကိစ္စကို မေ့ပစ်လိုက်တော့…”
‘ဒီလူက ငါ့ကို လာနောက်နေတာပဲ…’
တာအိုအရှင်သခင်က ပြောလိုက်ပါတယ် “မင်းနဲ့ငါ နှစ်ယောက်စလုံးမှာ ပဋိပက္ခရုပ်ခန္ဓာ ရှိတယ်၊ ငါ့ဆီမှာလည်း နတ်ဆိုးဧကရာဇ်ကို လှည့်စားဖို့နည်းလမ်းတစ်ခုရှိတယ်၊ ငါတို့တွေသာ နတ်ဆိုးဧကရာဇ်နားကို ချဉ်းကပ်နိုင်မယ်ဆိုရင် နတ်ဆိုးဧကရာဇ်ကို တစ်ချက်တည်း ဇီဝိန်ချွေနိုင်မဲ့ အကောင်းစား ရတနာတစ်ပါး ငါ့မှာရှိတယ်”
“ဒီကိစ္စကို မေ့လိုက်ပါ… ကျုပ်မှာ အဲဒီလောက် သတ္တိမရှိဘူး”
“ဟမ်…” တာအိုအရှင်သခင်ဟာ စိတ်ဆိုးမာန်ဆိုး အင်္ကျီလက်စကို ဆက်ခနဲ ခါလိုက်ပါတယ်။
ဟန်ကျွယ်နေရာမှာသာ တခြားပါရမီရှင်တွေဆိုရင် ကျိန်းသေပေါက် စိတ်လှုပ်ရှားပြီး လက်ခံလိုက်မှာပါ။ ဒီအခွင့်အရေးက လောကတစ်ခွင် နာမည်ကျော်ဖို့ ရှားပါးလွန်းတဲ့ အခွင့်အရေးတစ်ခု မဟုတ်ပါလား။
တာအိုအရှင်သခင်ဟာ ဒေါသကို မြိုသိပ်လိုက်ပါတယ် “ငါတို့တွေ နတ်ဆိုးဧကရာဇ်ကို သတ်နိုင်မယ်ဆိုရင် ငါတို့နှစ်ယောက်စလုံး အလွန်ကြီးမားတဲ့ ကံတရား အထောက်အပံ့ကို ရရှိနိုင်တယ်၊ ဒီကြီးမားတဲ့ ကံတရား အထောက်အပံ့နဲ့ဆိုရင် ကောင်းကင်ဘဝဂ်အဆင့်က ငါတို့အတွက် မရေရာ မသေချာတဲ့ အိပ်မက် မဟုတ်တော့ဘူး”
‘ကောင်းကင်ဘဝဂ်အဆင့်… ဒီစကားကိုသာ သူများတွေကြားရင် ကျိန်းသေပေါက် ရယ်မှာပဲ၊ ဒါပေမဲ့ သူ့မှာ ပဋိပက္ခရုပ်ခန္ဓာရှိတော့ ပြောသင့်ပါတယ်လေ၊ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က ပဋိပက္ခရုပ်ခန္ဓာထက် စွမ်းအားပိုကြီးတဲ့ လောကဦးရုပ်ခန္ဓာပါ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာတွေးလိုက်ပြီး ပြန်ပြောလိုက်ပါတယ် “အနန္တကပ်ဘေးက ကျရောက်နေပြီ၊ ဒီတော့ ကပ်ဘေးနဲ့ အဝေးမှာနေတာ ပိုကောင်းလိမ့်မယ်၊ ကျုပ်တို့ရဲ့ အရည်အချင်းနဲ့ဆိုရင် သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံလို့ရတာပဲ၊ ဘာလို့ ကပ်ဘေးထဲ ဝင်ရှုပ်နေမှာလဲ”
“ကျုပ်တို့ရဲ့ခေတ်က အနာဂတ်မှာလေ… အခုမဟုတ်ဘူး” ဟန်ကျွယ်ဟာ လေးလေးနက်နက် အကြံပေးလိုက်ပါတယ်။ တာအိုအရှင်သခင်သာ အနန္တကပ်ဘေးထဲမှာ သေသွားရင် ဟန်ကျွယ်ဟာ ပြိုင်ဘက်မရှိတော့ဘဲ အထီးကျန်ရတော့မှာပါ။
ဒါပေမဲ့ တာအိုအရှင်သခင်ဟာ ဟန်ကျွယ်ရဲ့ အကြံပေးစကားကို နားမထောင်ပါဘူး “ထားလိုက်ပါတော့၊ မင်း မလုပ်ရဲရင်လည်းနေ၊ ဒါပေမဲ့ ဒီကိစ္စကိုတော့ သူများတွေ မသိစေနဲ့” စကားအဆုံးမှာပဲ တာအိုအရှင်သခင်ဟာ ပဋိပက္ခနယ်မြေကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ ပဋိပက္ခနယ်မြေကနေ ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ရဲ့ ဖိတ်ခေါ်ချက်ကြောင့် နည်းနည်းလေးတောင် စိတ်လှုပ်ရှားသွားခြင်း မရှိပါဘူး။ နောက်ပြီး တာအိုအရှင်သခင်က သူ့အပေါ်မှာ မျက်နှာသာပေးမှု နည်းနည်းလေးတောင် မရှိတဲ့အတွက် ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို လုံးဝမယုံကြည်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။
ဒီလိုနဲ့ ဆယ်နှစ် ကုန်ဆုံးသွားပြီး ဟန်ကျွယ် ကျိန်စာတိုက်ရမဲ့အချိန် ရောက်ရှိလို့လာပါတယ်။ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်၊ နတ်ဆိုးဧကရာဇ်တို့ကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်၏ အတွင်းနတ်ဆိုးသည် များစွာကြီးထွားလာပြီး သူ့ဝိညာဉ်သည်လည်း အကုသိုလ်ကံ လွှမ်းမိုးခြင်းကို ခံလာရပါပြီ။]
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ရွှေဂဠုန်နတ်ဆိုးသခင်၏ ဝိညာဉ်သည် ချောက်ချားပြီး ကျင့်ကြံမှု လျော့ကျသွား၏။]
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ် ‘နောက်ဆုံးတော့ ငါကြိုးစားမှုရဲ့ အသီးအပွင့်ကို မြင်ရပြီပဲ’ ဟန်ကျွယ်ဟာ သူ့ရန်သူတော်တွေ ကျိန်စာတိုက်ခံရပြီး သေမဲ့နေ့ကို စိတ်ကူးထဲ မြင်ယောင်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်မှာ ရန်သူအများကြီး မရှိတဲ့အတွက် ရေစက် သိပ်မရှိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ပထမဦးဆုံး အနန္တကပ်ဘေးကို ရင်ဆိုင်ရတာဖြစ်တဲ့အတွက် နည်းနည်းတော့ ရင်ထိတ်နေတုန်းပါပဲ။
နတ်ဆိုးဧကရာဇ်ကို ကျိန်စာတိုက်ပြီးလို့ ငါးရက်အကြာမှာတော့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး တပည့်တွေကို ပညာသင်ပေးဖို့အတွက် ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံတာအပြင် တပည့်တွေကိုလည်း ပြုစုပြိုးထောင်ပေးပါတယ်။ ဒါမှ အနန္တကပ်ဘေးက ငရဲပြည်ကို သက်ရောက်လာရင် ဟန်ကျွယ်မှာ ကူညီပေးမဲ့သူတွေ ရှိလာမှာပါ။
ငရဲပြည်မှာ နေလ မထွက်သလို ရာသီစက်ဝန်းလည်း အပြောင်းအလဲ မရှိတာကြောင့် တိတ်ဆိတ်ကျွန်းဟာ အမြဲတမ်း မှောင်မည်းနေပါတယ်။ အာတနဲ့ ရှောင်အာကလည်း တိတ်ဆိတ်ကျွန်းရဲ့နေရာကို သူများတွေ သိသွားမှာစိုးတဲ့အတွက် ဘာအလင်းရောင်မှ မထုတ်လွှတ်ရဲပါဘူး။
အချိန်ဟာ တိတ်ဆိတ်စွာပဲ ကုန်ဆုံးနေပါတယ်။ ငရဲပြည်ဟာ ကောင်းကင်တာအို ပစ်ပယ်ခြင်းခံရသလို ထာဝရ အမှောင်ထု လွှမ်းမိုးနေပါတယ်။ သရဲတွေကလည်း တိတ်ဆိတ်ကျွန်းပေါ်ကနေ ဖြတ်မပျံသလောက်ပါပဲ။ တော်ရုံတန်ရုံသရဲတွေကလည်း နွေဦးမြစ်ထဲကို မဆင်းရဲကြပါဘူး။ ဆင်းရင်လည်း ကောင်းကင်ဘဝဂ်ကျင့်ကြံသူတောင် သူ့တို့ကိုကယ်နိုင်မှာ မဟုတ်ပါဘူး။
နွေဦးမြစ်ရဲ့အနက်ကို ဘယ်သူမှမသိကြပါဘူး။ ဒါပေမဲ့ နွေဦးမြစ်ထဲကို ပြုတ်ကျတဲ့သရဲတိုင်းလိုလိုက ထာဝရပျောက်ကွယ်သွားမှာ ကျိန်းသေပါတယ်။
ဟန်ကျွယ်ကလည်း နွေဦးမြစ်ရေက တိတ်ဆိတ်ကျွန်းကို လွှမ်းမိုးသွားမှာ ကြောက်ပါတယ်။ ဒါပေမဲ့ အတန်ကြာလေ့လာပြီးတဲ့အခါမှာတော့ တိတ်ဆိတ်ကျွန်းပေါ်က သဘာဝအရံအတားက အလွန်ခိုင်ခံတဲ့အတွက် ဟန်ကျွယ်ရဲ့ စိုးရိမ်မှုတွေ ပျောက်ကွယ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျိန်းသေတာတစ်ခုကတော့ ဒီနေရာက အရင်နေရာထက် အများကြီး ပိုလုံခြုံပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေ အပြိုင်အဆိုင် ကြိုးစားကျင့်ကြံကြဖို့အတွက် ဟန်ကျွယ်ဟာ နှစ်တစ်ရာတိုင်း ပြိုင်ပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တပည့်တွေအားလုံး ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး အဆင့်သက်မှတ်မှာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဟန်ကျွယ်ကိုယ်တိုင်လည်း ပါပါတယ်။ ဟန်ကျွယ်ရဲ့ အဓိကရည်ရွယ်ချက်က ငရဲနက်နတ်ဆိုးသခင်နဲ့ ဝတ်ရုံဖြူဗုဒ္ဓကို ဖိနှိပ်ဖို့ပါ။
တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမဦးဆုံး ပြိုင်ပွဲက နောက်နှစ်တစ်ရာမှ ကျင်းပမှာဖြစ်တဲ့အတွက် တပည့်တွေမှာ ပြင်ဆင်ဖို့ အချိန်ရပါသေးတယ်။ အဆင့်သက်မှတ်မယ်ဆိုတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းဝင်တွေ အကုန်လုံး စိတ်လှုပ်ရှားကြကုန်ပါတယ်။
ဗုဒ္ဓဂိုဏ်းဝင် ဖြစ်ခဲ့ဖူးတဲ့ ရွှင်ချန်အန်းတောင် အငယ်တွေကို မရှုံးချင်ပါဘူး။ ဟန်ညီနောင်ရှစ်ဖော်ကလည်း ယုတ္တိမဲ့အောင် အရည်အချင်းရှိလွန်းတဲ့အတွက် တချို့နေရာတွေမှာ လီယောင်နဲ့ လုံဟောင်ကိုတောင် မီနိုင်ပါတယ်။
မုရုံချီကလည်း စစ်နတ်ဘုရားအမွေ နိုးထလာပြီကတည်းက သူ့စွမ်းအားဟာ ကျင့်ကြံမှုအဆင့်ထက် အများကြီ ပိုသာလာပါတယ်။ အခုအချိန်မှာ တပည့်အကုန်လုံးက သူတို့ရဲ့အရည်အချင်းတွေ ထုတ်ပြလာပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အနာဂတ်ကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်လိုက်ပါတယ်။
၁၇ နှစ်ကြာပြီးနောက်။
ကောင်းကင်တာအိုတိုကင်ဟာ ရုတ်တရက် ပူပြင်းလာတဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို အပြင်ထုတ်ပြီး လွှင့်ပစ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လောကဦးကမ္ဘာထဲက ထုန်ကျန့်ကမ္ဘာကို နတ်အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။
‘ဝတ်ရုံဖြူဗုဒ္ဓက ဘာတွေလုပ်နေပြန်ပြီလဲ…’ အတန်ကြာ စစ်ဆေးပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အကြောင်းအရင်းမှန်ကို သိသွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ကိုယ်ပွားထောင်ချီခွဲပြီး ထုန်ကျန့်ကမ္ဘာအနှံ့ လျှောက်သွားကာ သက်ရှိအားလုံးကို တာအိုဟောကြားပါတယ်။ မဟာညီညွတ်မှု မြေအင်မော်တယ်ကစလို့ သာမန်သေမျိုး လယ်သမားတစ်တောင် ဝတ်ရုံဖြူဗုဒ္ဓရဲ့ တာအိုဟောကြားမှုကို နားထောင်နိုင်ပါတယ်။ ဒါကြောင့် ထုန်ကျန့်ကမ္ဘာက လူတိုင်းဟာ ချန်ကျောင်းတော်ရဲ့ တာအိုကျင့်စဉ်တွေကို သိရှိလာပြီး နှစ်အနည်းငယ်အတွင်း လူတိုင်းသိတဲ့ ပညာရပ်တွေအဖြစ် ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ ရယ်ရမလို ငိုရမလိုပါပဲ။ ချန်ကျောင်းတော်သာ ဒီအကြောင်းကိုသိရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဟန်ကျွယ် မသိပါဘူး။
တာအိုဟောကြားတာက ကောင်းတဲ့ကိစ္စဆိုပေမဲ့ လူတိုင်းလိုလို သိကုန်ကြတော့ အရင်လို အံဩစရာ မကောင်းတော့ပါဘူး။ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့ ချန်ကျောင်းတော်ဟာ တခြားဂိုဏ်းတွေကို မမီဘူးလို့ လူတွေ ခံစားလာကြရမှာပါ။ အလွယ်ရတာကို လူတွေ အလေးမထားတာ ပုံမှန်ပဲ မဟုတ်ပါလား။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ချန်ကျောင်းတော်နဲ့ ဘာဆက်နွှယ်မှုမှ မရှိတဲ့အတွက် ဝတ်ရုံဖြူဗုဒ္ဓကို မတားပါဘူး။ ဒါ့အပြင် ထုန်ကျန့်ကမ္ဘာ အင်အားကြီးလေလေ ပိုကောင်းလေလေပါပဲ။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ တခြားလူတွေက ဟန်ကျွယ်ကို ရှာဖို့ဆိုတော အတော်လေး ခက်သွားပါပြီ။
ဟန်ကျွယ်ရဲ့ နတ်အာရုံကို အာရုံခံမိတာကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ ရုတ်တရက် မျက်လုံးပွင့်လာပြီး ပြောလိုက်ပါတယ် “ဂိုဏ်းချူပ်… ကျွန်တော် အကူအညီတစ်ခု တောင်းစရာရှိတယ်”
ဟန်ကျွယ်လည်း နတ်အာရုံနဲ့ ပြန်မေးလိုက်ပါတယ် “ဘာကိစ္စလဲ…”
“ထုန်ကျန့်ကမ္ဘာကြောင့် ချန်ကျောင်းတော်က ကျွန်တော့်ကို ပစ်မှတ်ထားလာပြီ”
“ချန်ကျောင်းတော်က မင်းကို ပြဿနာလာရှာတော့မှာလား”
“ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ သူတို့တွေ ငရဲပြည်ကို ဆင်းလာရဲမှာ မဟုတ်ဘူး၊ ဂိုဏ်းချုပ်နဲ့ ကောင်းကင်ဧကရာဇ်က ဆက်ဆံရေးကောင်းတယ်မလား၊ ကောင်းကင်ဧကရာဇ်က ချန်ကျောင်းတော်နဲ့ ရင်းနှီတယ်ဆိုတော့ ဂိုဏ်းချုပ် သူ့ကို အကူအညီတောင်းပြီး ချန်ကျောင်းတော်ကို ပြဿနာမရှာဖို့ ပြောခိုင်းပါလား”
“ကောင်းကင်ဧကရာဇ်က မင်းကို ဘာလို့ ကူညီမှာလဲ”
“ကျွန်တော် ထုန်ကျန့်ကမ္ဘာကို ဒုတိယအင်မော်တယ်ကမ္ဘာ ဖြစ်လာအောင် ပြုစုပြိုးထောင်ဖို့ ယုံကြည်ချက်ရှိတယ်၊ အင်မော်တယ်ကမ္ဘာအတွက် တိုက်ခိုက်နေမဲ့အစား ကောင်းကင်ရုံးတော်က နောက်ထပ် အင်မော်တယ်ကမ္ဘာတစ်ခုကို သူတို့ဘာသာ မဖန်တီးသင့်ဘူးလား” ဝတ်ရုံဖြူဗုဒ္ဓက ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်ပါတယ်။
“မင်းက ဘာလို့ ဒီလောက်တောင် ယုံကြည်ချက် ရှိနေရတာလဲ”
ဝတ်ရုံဖြူဗုဒ္ဓက ပြန်ဖြေပါတယ် “ကျွန်တော်က ဗုဒ္ဓဂိုဏ်းနဲ့ ချန်ကျောင်းတော်ရဲ့ ပညာရပ်တွေကို ကျွမ်းကျင်တယ်၊ နောက်ပြီး အင်မော်တယ်ကမ္ဘာကို ခရီးနှင်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အမွေအနှစ်တွေကိုလည်း ရရှိခဲ့တယ်၊ ဒါတွေနဲ့ဆိုရင် ထုန်ကျန့်ကမ္ဘာကို အင်မော်တယ်ကမ္ဘာ ဖြစ်လာအောင် လုပ်ဖို့က မခက်တော့ဘူး၊ အဲဒီအချိန်ကျရင် ကောင်းကင်ရုံးတော်ရဲ့ ကံတရား အထောက်အပံ့နဲ့ ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့က အတူတကွ ပေါင်းစပ်သွားပြီး နှစ်ဦးစလုံးရဲ့ ကံတရား အထောက်အပံ့က အရင်ကထက် အများကြီး တိုးသွားလိမ့်မယ်”
“အခု ကျွန်တော်တို့က ငရဲပြည်မှာဆိုတော့ ချန်ကျောင်းတော်က ကျွန်တော်ရဲ့ တည်ရှိမှုကို မတွက်ချက်နိုင်ဘူး၊ ဒါပေမဲ့ ကျွန်တော်စိုးရိမ်တာက သူတို့တွေ လူလွှတ်ပြီး စုံစမ်းခိုင်းမှာကိုပဲ၊ ထုန်ကျန့်ကမ္ဘာက တစ်ခဏအတွင်း လျင်လျင်မြန်မြန် တိုးတက်လာတော့ သူတို့တွေ မလိုချင်ဘဲ ဘယ်နေပါ့မလဲ”
“ကောင်းပြီလေ” ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝတ်ရုံဖြူဗုဒ္ဓကြောင့်သာ မဟုတ်ရင် ထုန်ကျန့်ကမ္ဘာက အခုလိုအခြေအနေမျိုးကို ရောက်မလာနိုင်လို့ပါပဲ။
ဟန်ကျွယ်ဟာ သိစိတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝူတောက်ကျန့်ကို အပြင်ထွက်ခိုင်းကာ ကောင်းကင်ဧကရာဇ်ကို တလိုက်ပါတယ်။ ဒါပေမဲ့ နှစ်နာရီကြာသွားတာတောင် ကောင်းကင်ဧကရာဇ်က စကားမပြန်ပါဘူး။
‘ကောင်းကင်ဧကရာဇ် တစ်ခုခု ဖြစ်နေတာလား…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်လေးသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 283
? Views, Released on December 3, 2024