အခန်း (၂၈၁) နတ်ရွှေကျီး ရှန်ဧကရာဇ် အတွင်းနတ်ဆိုး ဖြစ်ပေါ်ခြင်း
ဒီလိုနဲ့ နှစ်ပေါင်း ၅၀ ကုန်ဆုံးသွားပါတယ်။
ငရဲပြည်မှာ ပုန်းအောင်းနေပြီးကတည်းက ဟန်ကျွယ်ဟာ နောက်ထပ် အနှောင့်အယှက် မတွေ့ရတော့ပါဘူး။ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကလည်း ဟန်ကျွယ် ပုန်းအောင်းနေတဲ့ နေရာကို မခန့်မှန်းမိပါဘူး။
ဟန်ကျွယ်ဟာ တိတ်တဆိတ် ကျင့်ကြံအားထုတ်ရင်း တဖြည်းဖြည်း စွမ်းအားကြီးမားလာပါတယ်။
တိတ်ဆိတ်ဂိုဏ်းဝင်တွေလည်း ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ကြပါတယ်။ ဒါပေမဲ့ ထုန်ကျန့်ကမ္ဘာရဲ့ သက်ရှိတွေကတော့ ငရဲပြည်ကို ရောက်နေမှန်း မသိကြသေးပါဘူး။
ဝတ်ရုံဖြူဗုဒ္ဓဟာ အင်မော်တယ်ဧကရာဇ် ဖြစ်လာပြီးနောက် ကျင့်ကြံအားထုတ်တာ ရပ်ပြီး ကမ္ဘာအနှံ့ခရီးထွက်ကာ တာအိုဟောကြားပါတယ်။ တာအိုဟောကြားတာအပြင် ဘုံပျံမတက်သင့်တဲ့ အကြောင်းကိုလည်း ကောလဟာလ ဖြန့်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ထုန်ကျန့်ကမ္ဘာကို နောက်ထပ်အင်မော်တယ်ကမ္ဘာတစ်ခုအဖြစ် ဖန်တီးချင်တာပါ။
အန္တကပ်ဘေး ဖြစ်ပေါ်တိုင်း အင်မော်တယ်ကမ္ဘာဟာ ကြီးကြီးမားမား ထိခိုက်ပြီး သက်ရှိများစွာ သေကျေပျက်စီးရပါတယ်။ အတိတ်မှာတုန်းက အင်မော်တယ်ကမ္ဘာဟာ လက်ရှိအကျယ်အဝန်းထက် အဆထောင်ပေါင်းများစွာ ကျယ်ပြန့်ပါတယ်။ ဒါပေမဲ့ အနန္တကပ်ဘေးအတွင်းမှာ ထိပ်သီးတွေ အချင်းချင်း တိုက်ခိုက်ကြပြီး ကွဲကျေကုန်လို့ တဖြည်းဖြည်း သေးလာတာပါ။
ဒီလိုအပုံတစ်သောင်းမှာ တစ်ပုံကျန်နေတာတောင် အင်မော်တယ်ကမ္ဘာက အရမ်းကျယ်ပြန့်ပါတယ်။ ဥပမာပေးရရင် အင်မော်တယ်ဧကရာဇ်တောင် အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ရုတ်ခြည်း မသွားလာနိုင်ပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရန်သူတော်ကြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဆယ်နှစ်တိုင်း မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ဆယ်ရက် ကျိန်စာတိုက်ပါတယ်။ မဟာလွတ်လပ်မှုချီက မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို အမြဲတမ်း ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ဟန်ကျွယ် မယုံကြည်ပါဘူး။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း စာအိတ်တွေကိုလည်း အမြဲစစ်ဆေးပါတယ်။
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် ရွှေတောင်ပံဂဠုန်တစ်ကောင် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေကျန်းယီသည် သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၃၉၈၂၂
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ မော့ကျူသည် လောကဦးလျှို့ဝှက်ဂိုဏ်းအတွင်းသို့ မတော်တဆ ဝင်ရောက်မိသွားသည်။]
[သင့်မိတ်ဆွေ မုန့်ပေါ်သည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော်လည်း ကံကောင်းထောက်မစွာ ပင်မခန္ဓာကိုယ်က အသက်ပြန်သွင်းခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ လုံရှန်သည် နတ်ဆိုးသူတော်စင်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ကောင်းကင်စစ်သားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၈၀၂၄၄
ဟန်ကျွယ်ဟာ ဆက်ဖတ်လေလေ ငရဲပြည်မှာ လာပုန်းတာကို ဝမ်းသာလေလေပါပဲ။
‘ငါ ကောင်းကင်ရုံးတော်ကို မသွားတာ မှန်တယ်၊ မဟုတ်လို့ကတော့ အခုအချိန်ဆို အစော်ခံနေရလောက်ပြီ’ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေ ဘေးကင်းဖို့ ဆုတောင်းရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဟွမ်ဂျိဟောင်က ကောင်းကင်ရုံးတော်ရဲ့ ဆန်ကျင်ဘက်မှာရပ်ပြီး ကောင်းကင်စစ်သားတွေကို သတ်ဖြတ်နေတာ သတိထားမိသွားပါတယ်။ ဒီကိစ္စကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းချမိလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် မဟုတ်ပါလား။ ဟန်ကျွယ်အတွက်တော့ သူ့ကို လာပြီးမခြိမ်းခြောက်ရင် အရာအားလုံး အဆင်ပြေပါတယ်။
ဆယ်ရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို ကျိန်စာတိုက်ဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ အသိပေးချက်တစ်ခု ရောက်လာပါတယ်။
[သင့်ရန်သူ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်သည် သင့်ကျိန်စာကြောင့် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
ဟန်ကျွယ်ဟာ ကျေနပ်အံအားသင့်သွားပါတယ် ‘ဟင်း…. နောက်ဆုံးတော့ မင်းဆီမှာ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာပြီပဲ… ဘယ်လိုရှိစ… ဒါ အစပဲ ရှိသေးတယ်’
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။ အဲဒီနောက် နတ်ဆိုးဧကရာဇ်ကို ဆက်ကျိန်စာတိုက်ပါတယ်။
နတ်ဘုရားခန်းမ။
ပလ္လင်ပေါ်မှာ စံမြန်းနေတဲ့ ကောင်းကင်ဧကရာဇ်ဟာ မောပန်းနွမ်းလျဟန် ရှိလာပါတယ်။ နတ်ဘုရားခန်းမထဲမှာ အင်မော်တယ်နှစ်ပါးပဲ ရှိပါတယ်။ တစ်ပါးကတော့ တိထိုက်ပိုင်ဖြစ်ပြီး နောက်တစ်ပါးကတော့ ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားတဲ့ ကောင်းကင်စစ်သူကြီးပါ။
ဒီကောင်းကင်စစ်သူကြီးက သိုင်းနတ်ဘုရား စစ်သူကြီးလောက် ဗိုလ်ကျစိုးမိုးမှု မရှိပါဘူး။ သူ့ရုပ်သွင်ကလည်း သန်မာပုံ မပေါ်ပါဘူး။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကနေ ပြိုင်ဘက်ကင်းတဲ့ ရောင်ဝါတစ်ခု ထွက်ပေါ်နေပါတယ်။
ဒီကောင်းကင်စစ်သူကြီးက မဟာစစ်သူကြီးသုံးပါးရဲ့ ခေါင်းဆောင် ကောင်းကင်နတ်ဘုရား စစ်သူကြီးပါ။
တိထိုက်ပိုင်က မေးလိုက်ပါတယ် “အရှင်မင်းကြီး… တွက်ချက်ပြီးသွားပြီလား”
“အင်း… တွက်ချက်ပြီးပြီ၊ သူတို့အားလုံး လုံခြုံတယ်၊ သူတို့က တစ်နေရာရာမှာ ပုန်းအောင်းပြီး ကျင့်ကြံအားထုတ်နေကြတာ”
ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် တိထိုက်ပိုင်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
“ဒီတစ်ကြိမ် ကောင်းကင်ရုံးတော် ရှုံးသွားပြီ၊ အခုငါတို့လုပ်ရမှာက အစွမ်းကုန် ခုခံဖို့ပဲ၊ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ထွက်ခွာခွင့် မပြုတော့နဲ့” ကောင်းကင်ဧကရာဇ်ဟာ မတ်တတ်ရပ်ပြီး ညွှန်ကြားလိုက်ပါတယ်။
‘ရှုံးသွားပြီလား’ တိထိုက်ပိုင်ဟာ တော်တော်လေး စိတ်ဓာတ်ကျသွားပါတယ်။
ကောင်းကင်နတ်ဘုရား စစ်သူကြီးကတော့ မဆိုစလောက်သာ မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှမပြောပါဘူး။
ဘာပဲဖြစ်ဖြစ် နတ်ဆိုးတွေရဲ့ အင်အားက အဆမတန် ကြီးမားလွန်းလို့သာ ကောင်းကင်ဧကရာဇ်လိုမျိုး ကောင်းကင်ရုံးတော် အရှင်သခင်တစ်ယောက်ရဲ့ ပါးစပ်က ရှုံးတယ်ဆိုတဲ့ စကားလုံး ထွက်ကျလာတာ ဖြစ်ပါတယ်။ သာမန်အင်အားလောက်နဲ့တော့ ကောင်းကင်ဧကရာဇ်က ရှုံးတယ်ဆိုတဲ့စကားလုံးကို သုံးမှာ မဟုတ်ပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်နတ်ဘုရား စစ်သူကြီးကိုကြည့်ပြီး ပြောလိုက်ပါတယ် “တောင်ဘက်မုခ်ဝကို စောင့်ကြပ်ချည်၊ ဒီမုခ်ဝ လုံးဝကျိုးပျက်လို့ မဖြစ်ဘူး၊ မင်း အသက်နဲ့ရင်းပြီး ဒီတာဝန်ကို ထမ်းဆောင်နိုင်မလား”
ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ လက်သီးဆုပ်ပြီး ကတိပေးလိုက်ပါတယ် “အသက်တစ်မျှင်ပဲ ကျန်တယ်ဆိုရင်တောင် တောင်ဘက်မုခ်ဝကို ဘယ်နတ်ဆိုးစစ်သားမှ ဝင်မလာစေရပါဘူး”
ကောင်းကင်ဧကရာဇ်ဟာ လက်ဝှေ့ယမ်းပြီး ထွက်သွားဖို့ အချိန်ပြလိုက်တဲ့အတွက် တိထိုက်ပိုင်နဲ့ ကောင်းကင်နတ်ဘုရား စစ်သူကြီးဟာ နတ်ဘုရားခန်းမထဲကနေ ထွက်သွားကြပါတယ်။
ခန်းမထဲမှာ ဘယ်သူမှ မရှိတော့တဲ့အခါ ကောင်းကင်ဧကရာဇ်ဟာ ဖြည်းညင်းစွာ ပြန်ထိုင်လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ တော်တော်လေး အိုစာသွားပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ခန်းမအပြင်ဘက်က ကောင်းကင်ကို လှမ်းကြည့်ပြီး ရေရွတ်လိုက်ပါတယ် “ကပ်ဘေးသခင်က ပေါ်မလာသေးဘူး၊ ကောင်းကင်ရုံးတော်က ရှုံးသွားပါပြီလား…”
“တာအိုဘိုးဘေးပြောတာ မှန်လောက်တယ်၊ ကောင်းကင်ရုံးတော်ရဲ့ ရွှေခေတ်က ငါ့ဆီမှာ မဟုတ်ဘူး… အနာဂတ်မှာပဲ…”
အင်မော်တယ်ကမ္ဘာအပြင်ဘက်က အင်မော်တယ်ကျွန်းတစ်ကျွန်းရဲ့ တာအိုကျောင်းတစ်ကျောင်းထဲမှာ ဟွမ်ဇွမ်တျန်ဟာ တခြားတပည့်တွေနဲ့ ဒူးထောက်နေပါတယ်။
“အနန္တကပ်ဘေးက စတင်ခဲ့ပြီ၊ ဒါက ကျယ်ကျောင်းတော် အင်အားပြန်ကောင်းလာဖို့ အခွင့်အရေးပဲ၊ ကျယ်ကျောင်းတော်သာ နောက်ဆုံးအနိုင်ရသူ ဖြစ်ရင် ငါတို့တွေက နောက်ခေတ်ရဲ့ အရှင်သခင်ပဲ” သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးက လက်သီးဆုပ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
သက်လတ်ပိုင်း ကျင့်ကြံသူရှေ့မှာ ဒူးထောက်နေတဲ့ တပည့်တွေကလည်း အတူတူပဲ စိတ်လှုပ်ရှားနေကြပါတယ်။
“ကျယ်ကျောင်းတောက အင်အား ပြန်ကြီးလာတော့မယ်”
“ကျယ်ကျောင်းတော် ပြန်မွေးဖွားလာတော့မယ်”
“ကျယ်ကျောင်းတော်က လောကကြီးကို စိုးမိုးနိုင်တော့မယ်”
ဟွမ်ဇွမ်တျန်ကတော့ စိတ်မလှုပ်ရှားနိုင်ဘဲ မျက်မှောင်ကြုတ်သွားပါတယ်။
‘သေစမ်း… ဒီကောင်စုတ်တွေက အေးအေးဆေးဆေး မကျင့်ကြံနိုင်ဘူးလား၊ အပြင်လောကမှာ ဒီလောက် အန္တရာယ်များတဲ့ဟာကို’ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ အမိန့်အတိုင်း ကျယ်ကျောင်းတော်ထဲ ဝင်ပြီး ပုန်းအောင်းနေခဲ့ပါတယ်။ ဟွမ်ဇွမ်တျန် ရှိနေတဲ့နေရာက ကျယ်ကျောင်းတော်ရဲ့ ကျွန်းပေါင်းများစွာထဲက ကျွန်းလေးတစ်ကျွန်းပါ။
ကျယ်ကျောင်းတော်ထဲ ဝင်လာပြီးနောက် ဟွမ်ဇွမ်တျန်ရဲ့ အမြင်တွေဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျောင်းတော်မှာ ထိပ်သီးကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေလို့ပါပဲ။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ စီစဉ်မှုအတွက် အရမ်းကို ကျေးဇူးတင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျောင်းတော်မှာ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်မယ်ဆိုရင် အင်မော်တယ်တွေကို ကျော်တက်ပြီး သေခြင်းရှင်ခြင်းကို ကျော်ဖြတ်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိလ် ဖြစ်လာနိုင်လို့ပါပဲ။
ဒါပေမဲ့ ကျွန်းသခင်တဖြစ်လဲ ဟွမ်ဇွမ်တျန်ရဲ့ ဆရာသခင်ဟာ သူ့တပည့်တွေကို ကပ်ဘေးထဲ ဦးဆောင်ချင်နေပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ကျွန်းသခင်ကိုကြည့်ပြီး မိုးကာဝတ်ရုံဂိုဏ်းရဲ့ အကြီးအကဲတွေကို ပြန်မြင်ယောင်မိလိုက်ပါတယ်။
‘ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ’
ကျွန်းသခင်အပေါ်ထားရှိတဲ့ ဟွမ်ဇွမ်တျန်ရဲ့ ကြည်ညိလေးစားမှုတွေဟာ နေလာနှင်းပျောက် ဖြစ်ကုန်ပြီး ဟွမ်ဇွမ်တျန်ရဲ့ ရင်ထဲမှာလည်း ကျွန်းသခင်ကို ဖယ်ရှားချင်တဲ့ ရည်မှန်းချက်တစ်ခု ဖြစ်တည်လာပါတယ်။ ဒါပေမဲ့ ဒီနေရာက ကျယ်ကျောင်းတော်ပါ။ သေမျိုးကမ္ဘာ မဟုတ်ပါဘူး။
နောက်ပြီး ဟွမ်ဇွမ်တျန်က တပည့်တွေထဲမှာ စွမ်းအားအနည်းဆုံးမို့ ကျွန်းသခင် ရာထူးကို ရယူဖို့ဆိုတာ မိုးပေါ် လှေကားထောင်တက်တာထက် ပိုခက်ပါတယ်။
‘မဖြစ်ဘူး… ငါ နည်းလမ်းရှာရမယ်၊ မဟုတ်ရင် ငါ သေလိမ့်မယ်’ ဟွမ်ဇွမ်တျန်ဟာ ရှေးခေတ်သမိုင်းကို ဖတ်ရှုခဲ့ပြီးပါပြီ။ အနန္တကပ်ဘေးအကြောင်း ပိုသိလေလေ ဟွမ်ဇွမ်တျန်ဟာ အနန္တကပ်ဘေးကို ပိုကြောက်လေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲစွမ်းအားကြီးကြီး အနန္တကပ်ဘေးထဲ ဝင်လိုက်တာနဲ့ သေဖို့က ၉၉ ရာခိုင်နှုန်း သေချာနေပြီမို့လို့ပါ။
အနန္တကပ်ဘေးမှာ ပေါ်ထွက်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်းလိုလိုက သိုသိုသိပ်သိပ် ကျင့်ကြံနေပြီး ကပ်ဘေးပြီးခါနီးမှာ ကံတရားအထောက်အပံ့ကို လိုက်သိမ်းကြတာပါ။ ဒါကြောင့်လည်း သူတို့နာမည်တွေက ခေတ်အဆက်ဆက် ဖြတ်သန်းပြီး အမြဲတမ်း ရှင်သန်ကျန်ရစ်နေခဲ့တာပါ။
‘သမိုင်းမှာ ဒီလောက်ထင်ရှားတဲ့ သာဓကတွေ ရှိနေတာကို ဒီစောက်ရူးတွေက ဘာဖြစ်လို့ အနန္တကပ်ဘေးထဲ ဝင်ချင်နေရတာလဲ’
ဟွမ်ဇွမ်တျန်ဟာ ကျယ်ကျောင်းတော် တပည့်တွေရဲ့ခေါင်းထဲမှာ ဘာရှိနေလဲဆိုတာကို နားမလည်နိုင်ပါဘူး။ ဟွမ်ဇွမ်တျန်ဟာ ကပ်ဘေးထဲကို လုံးဝ မဝင်ချင်ပါဘူး။ အဲဒါကြောင့် ကပ်ဘေးထဲ မဝင်ရအောင် အကြံစထုတ်ပါတော့တယ်။
ဟင်းလင်းပြင်မှာ ခြေသုံးချောင်းရှိတဲ့ ရွှေကျီးကန်းတစ်ကောင် ထိုင်နေပါတယ်။ ဒီရွှေကျီးကန်းကတော့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ပါ။ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ သေမျိုးကမ္ဘာတစ်ခုကို ဝါးမြိုပြီးစမို့ သန့်စင်ရင်း အနားယူနေတာပါ။
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဗိုက်ထဲက သက်ရှိတွေရဲ့ အော်ဟစ်ငိုကြွေးသံကို နားထောင်ပြီး ပြုံးလိုက်ပါတယ်။ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ သက်ရှိအားလုံးရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ရတာ အရမ်းသဘောကျပါတယ်။ ပြောရမယ်ဆိုရင် မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ရည်မှန်းချက်က ကောင်းကင်တာအိုကို ခြေနင်းကျောက်ပြားအဖြစ် သုံးပြီး သက်ရှိအားလုံးကို လက်ထဲမှာ ကစားဖို့ပါ။
ဒါပေမဲ့ ရုတ်တရက် ဆိုသလို ဟန်ကျွယ်ကို တွေးမိသွားတာကြောင့် ဒေါသထောင်းခနဲ ထွက်သွားပါတယ် “ဒီခွေးကောင်လေးက ဘယ်နားမှာ သွားပုန်းနေတာလဲ”
ဟန်ကျွယ်က ငရဲပြည်ကို တိုက်ရိုက်ခုန်ဆင်းသွားတာမို့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဆန်းကြယ်စွမ်းအားသုံးပြီး ခြေရာခံလို့မရပါဘူး။
ဒီအချိန်မှာပဲ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရှေ့ကို ရုပ်သွင်တစ်ခု ရောက်လာပါတယ်။ ဒီရုပ်သွင်ကတော့ ကျန်းယီပါ။
ကျန်းယီဟာ သူ့ခန္ဓာစစ်ကို ထုတ်ဖော်လိုက်ပြီး မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ကျုပ်ကြားတာ ခင်ဗျားက ထုန်ကျန့်ကမ္ဘာရဲ့ အစောင့်ကို လိုက်ရှာနေတယ်ဆို၊ သူက ကျုပ် သဘောကျတဲ့ ဂျူနီယာတစ်ယောက်ပဲ၊ ကျုပ်ကို မျက်နှာပေးတဲ့အနေနဲ့ သူ့နောက်ကို မလိုက်ပါနဲ့လား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 281
? Views, Released on December 3, 2024