Switch Mode

Chapter – 279

အခန်း (၂၇၉) နတ်ဘုရားရွေးချယ်ခုံ၊ နတ်ဆိုးဧကရာဇ်၏ သတ်ဖြတ်ငွေ့
ကောင်းကင်စစ်သားတွေ ထပ်ပြီး သတင်းလာမပို့တော့တဲ့အခါမှာ နတ်ဘုရားခန်းမတစ်ခုလုံး ဝရုန်းသုန်းကာ ဖြစ်သွားပါတယ်။ အင်မော်တယ် နတ်ဘုရားတွေဟာ အတွေးမျိုးစုံ ခံစားချက်မျိုးစုံ အမူအရာမျိုးစုံ ဖြစ်ကုန်ကြပါတယ်။ ဒီအချိန်မှာ အင်မော်တယ် နတ်ဘုရားတွေက လူသားတွေထက်တောင် ယောင်ယက်ခတ်နေကြပါသေးတယ်။
“ဟမ်…”
ကောင်းကင်ဧကရာဇ်ရဲ့ အေးစက်လှတဲ့အသံကြောင့် အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး တိတ်ဆိတ်သွားပြီး ဘယ်သူမှ ပါးစပ် မဟရဲတော့ပါဘူး။ ကောင်းကင်ရုံးတော်မှာ ကောင်းကင်ဧကရာဇ်ရဲ့ အာဏာကို လွန်ဆန်နိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။
“ကောင်းကင်စစ်သူကြီးတွေက ပြန်ရောက်လာတော့မှာ၊ မင်းတို့တွေ အချိန်နည်းနည်း ဆွဲထားရုံပဲ၊ ဒီအချိန်မှာ နတ်ဆိုးရုံးတော်က ငါတို့ထက်တောင် ပိုစိတ်လောနေလိမ့်မယ်၊ ကောင်းကင်ရုံးတော်က ရှုံးဖို့မတက်နိုင်သလို နတ်ဆိုးရုံးတော်ကရော ရှုံးဖို့တက်နိုင်မှာလား၊ နောင်တရနေမဲ့အစား ရန်သူကို ဘယ်လိုသတ်ရမလဲဆိုတော စဉ်းစားသင့်တယ်” ကောင်းကင်ဧကရာဇ်ရဲ့ အသံဟာ စိုးရိမ်ကြောင့်ကြမှုအလျဉ်း မရှိပါဘူး။ အရာအားလုံးက အစီအစဉ်အတိုင်း ဖြစ်ပျက်နေသလိုပါပဲ။
အတိတ်မှာတုန်းက အဓိကအင်အားစုလေးစုဟာ အချင်းချင်း တိုက်ခိုက်ကြတယ်ဆိုပေမဲ့ စည်းရှိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ နတ်ဆိုးဧကရာဇ်က ရူးသွပ်နေပြီ ဖြစ်တဲ့အတွက် ကောင်းကင်ရုံးတော်သာ ရှုံးနိမ့်မယ်ဆိုရင် အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး မျိုးတုံးခံရမှာပါ။ နောက်ပြီး အခုအချိန်က အနန္တကပ်ဘေးအစပါ။
တိထိုက်ပိုင်က မေးလိုက်ပါတယ် “သေမျိုးကမ္ဘာတွေကိုရော ဘယ်လိုလုပ်မှာလဲ”
“နတ်ဘုရားရွေးချယ်ခုံကို အသက်သွင်းပြီး ကောင်းကင်ဘုံတွေကို ကြော်ငြာလိုက်၊ သေမျိုးတွေကိုလည်း သေမျိုးကမ္ဘာကနေ ‌ကောင်းကင်ရုံးတော်ထိ ရောက်အောင်လာနိုင်ရင် အင်မော်တယ် နတ်ဘုရားအဖြစ် ခန့်အပ်မယ်၊ သူတို့တွေ သေမျိုးကမ္ဘာမှာ စိတ်ကြိုက် တိုက်ခိုက်နိုင်တယ်၊ နောက်ပြီး ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်တာအိုကျောက်ပြားကို ပင်မကောင်းကင်တာအိုနဲ့ ပေါင်းစပ်လိုက်တော့”
ကောင်းကင်ဧကရာဇ်ရဲ့ လေးနက်တဲ့ ညွှန်ကြားမှုကြောင့် အင်မော်တယ် နတ်ဘုရားတွေ အကုန်လုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြပါတယ်။
‘အရှင်မင်းကြီးက အကုန်ထုတ်တိုက်ပြီပဲ…’
ထုန်ကျန့်ကမ္ဘာထက်က ဟင်းလင်းပြင်။
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို အပေါ်စီးကနေ ငုံ့ကြည့်ပြီး ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ကာ ထုန်ကျန့်ကမ္ဘာတစ်ခုလုံးကို ဖုံးအုပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ထုန်ကျန့်ကမ္ဘာကို လောကဦးကမ္ဘာထဲ ထည့်ဖို့ ကြိုးစားပါတယ်။
ဒါပေမဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ခုက တားဆီးထားတာကြောင့် ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာကို လောကဦးကမ္ဘာထဲ ဆွဲထည့်ဖို့နေနေသာသာ တစ်လက်မတောင် ရွှေ့မရပါဘူး။
‘ကောင်းကင်တာအိုပဲ’
ဟန်ကျွယ်ဟာ သူ့ဝိညာဉ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းချလိုက်ပါတယ် ‘ဟင်း… ထင်တဲ့အတိုင်း အလုပ်မဖြစ်ဘူးပဲ’
‘ဒါလည်း ယုတ္တိရှိတာပဲ၊ သေမျိုးကမ္ဘာတွေသာ ရွှေ့လို့ရနေရင် ဘယ်သူကဖျက်ဆီးမှာလဲ’ ဟန်ကျွယ်ဟာ ရွေးချယ်ရခက်တဲ့ အခြေအနေကို ရောက်ရှိသွားပါတယ် ‘ငါ ဘာလုပ်သင့်လဲ၊ ထုန်ကျန့်ကမ္ဘာကို လက်လွှတ်လိုက်ရမလား… လက်လွှတ်လို့ မဖြစ်ဘူး’
နောက်ဆုံးကြံရာမရတဲ့အစား ဟန်ကျွယ်ဟာ ကျိန်စာတိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်မှာ ၇ ထရီလီယံ သက်တမ်း ရှိနေတာကြောင့် မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို သေအောင် ကျိန်စာတိုက်ဖို့ တွန့်ဆုတ်မနေပါဘူး။ အနည်းဆုံး အတွင်းနတ်ဆိုးဖြစ်ပေါ်ပြီး အချိန်တိုအတွင်း ထုန်ကျန့်ကမ္ဘာဆီ မလာနိုင်ရင်လည်း ဟန်ကျွယ်အတွက် အဆင်ပြေပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး စတင်ကျိန်စာတိုက်ပါတယ်။
ဆယ်ရက်အကြာမှာတော့ ဟန်ကျွယ်ရဲ့ မျက်လုံးကနေ သွေး စထွက်လာပါတယ်။
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်မျက်နှာတစ်ခုလုံး သွေးတွေချည်း ဖြစ်သွားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် ဒဏ်ရာရတာကို မမြင်ရသေးပါဘူး။
‘သေစမ်း… ဒီကောင်က တောင့်လှချည်လား’
ဟန်ကျွယ်ဟာ အရှုံးမပေးဘဲ ဆက်ကျိန်စာတိုက်ပါတယ်။ ဒီလိုနဲ့ နောက်ထပ်တစ်လ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရဲ့ လက်တွေက အကွဲကွဲအပြဲပြဲဖြစ်ကာ သွေးတွေက မြင်မ‌ကောင်းအောင် ပန်းထွက်လာပါတယ်။ ဟန်ကျွယ်ရဲ့ သက်တမ်းကလည်း ၁၀ သန်း ဆုံးရှုံးသွားပါပြီ။
နောက်ဆုံးမှာတော့…။
[သင့်ရန်သူ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်သည် သင့်ကျိန်စာစွမ်းအားကြောင့် တာအိုနှလုံးသား ပြင်းထန်စွာ ထိခိုက်သွား၏။ သို့သော် မဟာလွတ်လပ်မှုချီက တာအိုနှလုံးသားအား ပြန်လည်ကုသလိုက်၏။]
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး သွေးအန်ချင်စိတ် ပေါက်သွားပါတယ် ‘မဟာလွတ်လပ်မှုချီက ဘာလဲဟ..’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပြီး မျက်နှာက သွေးတွေကို သုတ်လိုက်ပါတယ်။ စိတ်ဓာတ်ကျလွန်းတာကြောင့် ဟန်ကျွယ်မျက်နှာက တော်တော်လေး အိုစာသွားပါပြီ။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်ကာ အကျိုးအကြောင်း မေးမြန်းပါတယ်။
“မဟာလွတ်လပ်မှုချီ၊ ဒါက ဒဏ္ဍာရီလာချီပဲ၊ ဒီဟာက ပညာရှိတစ်ဦး ဖန်းတီးထားတဲ့ ဆန်းကြယ်စွမ်းအားလို့ ပြောတယ်၊ အခုလက်ရှိလောကမှာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ပဲ ဒီဆန်းကြယ်စွမ်းအားကို တတ်မြောက်တယ်၊ ကျန်တာတော့ ငါလည်း မပြောတက်ဘူး”
“မင်းက မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ပစ်မှတ်ထားချင်လို့လား၊ မင်း လက်လျှော့လိုက်တာ ကောင်းလိမ့်မယ်၊ သူက အင်မော်တယ်ဧကရာဇ်တွေထဲမှာ ပြိုင်ဘက်ကင်းတယ်၊ နတ်မင်းအဆင့်ကို ကြိုက်တဲ့အချိန် ဝင်နိုင်တယ်၊ အခု ကောင်းကင်ရုံးတော်က အန္တရာယ်ကြားထဲ ရောက်နေတာဆိုတော့ အင်မော်တယ် နတ်ဘုရားတွေက သေမျိုးကမ္ဘာတွေကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ကြပြီ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး မကောင်းတဲ့ ခံစားချက် ရလိုက်ပါတယ် ‘ငါ့နောက်ခံက ပြိုလဲတော့မှာလဲ’ ဟန်ကျွယ်လည်း မနေနိုင်ဘဲ မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ဒီအန္တရာယ်ကို ကျော်လွှားနိုင်ပါ့မလား”
တိထိုက်ပိုင်ဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကောင်းကင်ရုံးတော်က အနန္တကပ်ဘေး ဘယ်နှခုကို ဖြတ်ကျော်ခဲ့ပြီးပြီလဲ၊ အခုက အရမ်းအန္တရာယ်များရုံပါ၊ ငါတို့တွေ သေမျိုးကမ္ဘာတွေကို ဂရုမစိုက်နိုင်တော့ဘူး၊ အဲဒီကမ္ဘာတွေ ပျက်စီးသွားရင်လည်း အသစ်ဖန်တီးရုံပေါ့”
ဟန်ကျွယ်ဟာ ဖော်ပြလို့မရတဲ့ ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရပါတယ်။ ကောင်းကင်ရုံးတော်အတွက် ဝမ်းနည်းတာလား သေမျိုးကမ္ဘာတွေအတွက် ဝမ်းနည်းတာလား ဟန်ကျွယ်ကိုယ်တိုင်လည်း မသိပါဘူး။
နတ်အာရုံ ပြတ်တောက်သွားတဲ့နောက် ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို ဆင့်ခေါ်လိုက်ပြီး ငရဲပြည်ထဲ ခုန်ဆင်းကာ တိတ်ဆိတ်ကျွန်းထဲ အမြန်ဝင်လိုက်ပါတယ်။
“အရင်ဆုံး အစီအရင်စလုပ်၊ မင်းပြီးရင် ငါ့ကိုယ်ပွားကို ပြောလိုက်” ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို လက်ညိုးထိုးပြလိုက်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်အမိန့်အတိုင်း အစီအရင်လုပ်ဖို့ ပြင်ဆင်ပါတယ်။ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ကတော့ သေမျိုးကမ္ဘာဆီ ပြန်တက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ငါ အဆိုးဆုံးကိုတွေးပြီး ကြိုပြင်ဆင်ထားလို့ပဲ၊ ထုန်ကျန့်ကမ္ဘာကို မကာကွယ်နိုင်ရင်တောင် အနည်းဆုံးတော့ တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်နိုင်သေးတာပဲ’
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာအတွက် သူ့အသက်ကို စတေးမှာတော့ မဟုတ်ပါဘူး။
ဝူတောက်ကျန့်က စိုးရိမ်ကြောင့်ကြတဲ့မျက်နှာနဲ့ မေးလိုက်ပါတယ် “သခင်… ကျွန်မတို့တွေ ထွက်ပြေးကြမှာလား”
ဝူတောက်ကျန့်ဟာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က စွမ်းအားကြီးလွန်းလို့ ကောင်းကင်ဧကရာဇ်တောင် ကိုယ်တိုင်လာရတယ်လို့ တစ်ခြားလူတွေပြောတာ ကြားပြီးပါပြီ။
“အင်း… ဟုတ်တယ်၊ အရင်တုန်းက ငါ လိမ်နေတယ်လို့ မင်းထင်ခဲ့တာမလား၊ အခုတော့ စွမ်းအားကြီးတဲ့ ရန်သူက တကယ်ရောက်လာခဲ့ပြီ”
ဝူတောက်ကျန့်က အလေးအနက် ပြောလိုက်ပါတယ် “သခင် ဘယ်သွားသွား ကျွန်မက လိုက်မှာပါ၊ ဒုက္ခခံရမယ်ဆိုရင်လည်း အတူတူလိုက်ခံမယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
‘ငါ့ကို ထွက်ပြေးအောင်လုပ်နိုင်တဲ့ ပထမဆုံးရန်သူက မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် ဖြစ်လာပါလား၊ အရင်တုန်းက ရန်သူတွေက တစ်ချက်တည်း ပွဲပြီးရင်းပြီး မဟုတ်ရင်လည်း ငါ့ဆီတောင် ရောက်မလာနိုင်ခဲ့ကြဘူး’
“အနန္တကမ္ဘာ နားထောင်ကြ၊ ဒီနေ့ကစပြီး ကောင်းကင်ရုံးတော်က နတ်ဘုရာရွေးချယ်ခုံကို ဖွင့်လှစ်လိုက်ပြီ၊ သက်ရှိအကုန်လုံး ကောင်းကင်ဘုံကို တက်လာနိုင်ပြီး ကောင်းကင်ရုံးတော်ရဲ့ အရှေ့ အနောက် တောင် မြောက် မုခ်ဝလေးခုကို ရှာတွေ့မယ်ဆိုရင် အင်မော်တယ် ဒါမှမဟုတ် နတ်ဘုရား ဖြစ်လာနိုင်တယ်၊ အခုအချိန်ကပြီး သေမျိးကမ္ဘာတွေ တိုက်ခိုက်နိုင်ပြီ၊ အင်မော်တယ် နတ်ဘုရားတွေက သေမျိုးကမ္ဘာတွေကို ဆက်ပြီး မထိန်းချုပ်တော့ဘူး”
ကျယ်လောင်လှတဲ့အသံဟာ သေမျိုးကမ္ဘာတစ်ခုလုံး ပဲ့တင်ထပ်သွားပါတယ်။ ဒီအသံကို ထုန်ကျန့်ကမ္ဘာတစ်ခုတည်း ကြားရတာ မဟုတ်ပါဘူး။ တခြား သေမျိုးကမ္ဘာတွေလည်း ကြားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ် ‘ကောင်းကင်ရုံးတော်က ဒီလိုမျိုး လက်လျှော့လိုက်တာလား’ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်က နည်းနည်း နှလုံးသားမဲ့တယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စက ကောင်းတဲ့ကိစ္စလို့ ဟန်ကျွယ် တွေးမိလိုက်ပြန်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတွေကို လက်လွှတ်လိုက်ပြီ ဖြစ်တဲ့အတွက် နတ်ဆိုးရုံးတော်က သေမျိုးကမ္ဘာတွေကို တိုက်ခိုက်ပြီး ကောင်းကင်ရုံးတော်ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ မကောင်းတဲ့တစ်ချက် ရှိနေပါသေးတယ်။ အဲဒါကတော့ နတ်ဆိုးတွေက သေမျိုးကမ္ဘာတွေကို စိတ်ကြိုက်ဝင်လို့ ရသွားတာပါပဲ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် မျက်နှာပြောင်းသွားပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်မှာ ပေါ်လာပြီး ထုန်ကျန့်ကမ္ဘာကို သူ့ဝိညာဉ်စွမ်းအားနဲ့ ဆွဲယူလိုက်ပါတယ်။
ဒီအခါမှာ ကြီးမားလှတဲ့ ထုန်ကျန့်ကမ္ဘာက စတင်ရွှေ့လျားလာပါတယ်။ ထုန်ကျန့်ကမ္ဘာကို ကာကွယ်ထားတဲ့ ကောင်းကင်တာအိုစွမ်းအားက ပျောက်ကွယ်သွားပါပြီ။
‘ဒါ ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတွေကို လက်လွှတ်လိုက်တာနဲ့ သက်ဆိုင်လိမ့်မယ် ထင်တယ်… ဒါပေမဲ့ ဒါက ငါ့အတွက် သတင်းကောင်းပဲ’
…..
မိုးကြိုးတိမ်တိုက်တွေရဲ့ အထက်မှာ ပေတစ်သောင်းကျော် မြင့်မားတဲ့ ခန်းမားတစ်ခု ရှိနေပါတယ်။ ဒီခန်းမမှာ မျက်နှာကျက်မရှိဘဲ ကြီးမားလှတဲ့ ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင် ရှိနေပါတယ်။ သူ့ကိုယ်ပေါ်က နေမီးလျှံစစ်တွေဟာ နေကိုးစင်းအပြိုင် ပေါ်ထွန်းလာသလို လောင်ကျွမ်းနေပါတယ်။
ဒီရွှေကျီးကန်းကတော့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ပါ။
နတ်ဆိုးရောင်ဝါလုံးတစ်လုံးဟာ မိုးကြိုးတိမ်တိုက်တွေကို ထိုးဖောက်ပြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရှေ့ကို ရောက်လာကာ ကြီးမားတဲ့ မျက်နှာတစ်ခုအသွင် ပြောင်းလဲသွားပါတယ်။ ဒီမျက်နှာက နတ်ဆိုးဧကရာဇ်ရဲ့မျက်နှာပဲ ဖြစ်ပါတယ်။
“ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာတွေကို လက်လွှတ်လိုက်ပြီ၊ မင်း ထုန်ကျန့်ကမ္ဘာကို သွားဝါးမြိုလို့ရပြီ” နတ်ဆိုးဧကရာဇ်က သတ်ဖြတ်ငွေ့လျှံထွက်နေတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “မင်း မပြောလည်း ငါ သွားမှာပါ၊ ဒါပေမဲ့ မင်းက အဲဒီသေမျိုးကမ္ဘာကို ဘာလို့ ဒီလောက်တောင် မုန်းနေရတာလဲ”
“ငါ့သားက အဲဒီကမ္ဘာမှာ သေသွားတာ၊ ဘယ်သူသတ်လဲဆိုတာ ငါ မတွက်ချက်နိုင်ဘူး၊ နောက်ပြီးတော့ အဲဒီကမ္ဘာမှာ ကောင်းကင်ဧကရာဇ် သားတော်ရှိတယ်၊ ဒါ့အပြင် ငရဲနက်နတ်ဆိုးကလည်း ငါ့ကို သစ္စာဖောက်သွားတယ်၊ အဲဒါကြောင့် အဲဒီသေမျိုးကမ္ဘာက လုံးဝပျက်စီးရမယ်”
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ မကြာခင် ပြန်လာခဲ့မယ်၊ အဲဒီကောင်စုတ်လေးကို သေဖို့ တောင်းပန်ရတဲ့အထိ လုပ်ပေးမယ်” မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်ကို သတိရသွားတာကြောင့် အံကြိတ်လိုက်ပါတယ် ‘ဟို သုံးစားမရတဲ့နှစ်ကောင်ကလည်း အဲဒီမှာ ရှိနေတယ်… သူတို့အကုန်လုံး သေရမယ်’
“ကောင်းပြီလေ… ကပ်ဘေးပြီးတာနဲ့ မင်းလိုချင်တာ ရစေရမယ်” နတ်ဆိုးဧကရာဇ်ဟာ စကားဆုံးတာနဲ့ ပျောက်ကွယ်သွားပါတယ်။
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ တလက်လက် တောက်သွားပါတယ်။ သူ့ဘာတွေးနေလဲဆိုတာကိုတော့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset