အခန်း (၂၇၁) နတ်သတ်ဓားအစီအရင်
‘နတ်ဆိုးဧကရာဇ်က ဒီလောက်တောင် ရက်စက်တာလား’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ တိထိုက်ပိုင်ရဲ့စကားကို ကြားပြီးနောက် ဟန်ကျွယ် ခေါင်းထဲဝင်လာတဲ့ ပထမဆုံးအတွေးက နတ်ဆိုးဧကရာဇ်ကို သေအောင် ကျိန်စာတိုက်ဖို့ပါ။ နတ်ဆိုးဧကရာဇ်က မုန်းတီးမှု ကြယ်ခြောက်ပွင့်တောင် ရှိတဲ့အတွက် ဟန်ကျွယ်သေရင်တောင် အမုန်းပြေချင်မှ ပြေမှာပါ။
ဒါ့အပြင် ကောင်းကင်ရုံးတော် ပြိုလဲတာနဲ့ နတ်ဆိုးရုံးတော်က ဟန်ကျွယ်ကို ပစ်မှတ်ထားလာမှာ ဗေဒင်မေးစရာ မလိုပါဘူး ‘အင်း… ငါ ဒီကိစ္စအတွက် စီစဉ်သင့်တာတွေ စီစဉ်သင့်နေပြီ’
တိထိုက်ပိုင်နဲ့ စကားခဏ ပြောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းလိုက်ပါတယ်။
[သင်သည် ဘုံပျံမတက်ဘဲ သိုသိုသိပ်သိပ် ကျင့်ကြံမည်ကို ရွေးချယ်ခဲ့၍ ဆုလာဘ်အဖြစ် အကောင်းစား ရတနာ တစ်ပါးအား ရရှိပါသည်။]
[ဝမ်မင်ဓားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဝမ်မင်ဓား: ဧကရာဇ်တာအို အကောင်းစား ရတနာဖြစ်ပြီး မိုးမြေတစ်ခွင်ရှိ အသက်ဓာတ်များ စုစည်းကာ သဘာဝအလျောက် ဖြစ်ပေါ်လောသော ဓားကောင်းတစ်လက် ဖြစ်သည်။ ဓားချီသည် အဆုံးမဲ့ပြီး မကုန်ဆုံးနိုင်သောကြောင့် အလွန်စွမ်းအားကြီး၏။]
ဟန်ကျွယ်ဟာ သူ့ရှေ့က စာကြောင်းသုံးကြောင်းကို ကြည့်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။
အခုဆိုရင် ဟန်ကျွယ်ဆီမှာ ဟွမ်သွမ့်ဓား၊ နတ်သတ်ဓား၊ မိုးမြေလောကဦးဓားနဲ့ ဝမ်မင်ဓား ရှိသွားပြီဖြစ်တာကြောင့် ကောင်းကင်ဓားတာအိုရဲ့ နတ်သတ်ဓားအစီအရင်ကို အသုံးပြုလို့ ရသွားပါပြီ။
ကောင်းကင်ဓားတာအိုရဲ့ နတ်သတ်ဓားအစီအရင်ဟာ စွမ်းအားကြီးမားတဲ့ ဝိညာဉ်ရတနာလေးပါးနဲ့မှ ထုတ်သုံးနိုင်တာဖြစ်ပြီး အဖျက်စွမ်းအားကလည်း အလွန်ကြောက်ဖို့ကောင်းတဲ့အထိ ပြင်းထန်လှပါတယ်။
ဒီနှစ်ထဲမှာ ငရဲကြက်နက်ရဲ့ ကျင့်ကြံမှုက တဟုန်ထိုး တိုးတက်လာပါတယ်။ ငရဲနက်နတ်ဆိုးသခင် ရောက်လာပြီးနောက်ပိုင်းမှ ဒီလိုတိုးတက်လာတာ ဖြစ်တဲ့အတွက် ငရဲနက်နတ်ဆိုးသခင်ကြောင့်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။
‘ငါ သူ့ကို တိတ်ဆိတ်ဂိုဏ်းထဲ သိမ်းသွင်းသင့်လား…. နောက်ပြီး ဒီကောင်က နတ်ဆိုးရုံးတော်ကဆိုတော့ ဒီမှာ အကြာကြီးနေဖို့ အဆင်မပြေလောက်ဘူး’
ဟန်ကျွယ်ဟာ အတွေးတွေကို ခေါင်းထဲကို ရှင်းထုတ်လိုက်ပြီး ဝမ်မင်ဓားကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သန့်စင်ပါတယ်။ ပြီးသွားတဲ့အခါမှာတော့ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ငရဲနက်နတ်ဆိုးသခင်နဲ့ တိုက်ခိုက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအိုရဲ့ စတုတ္ထအဆင့် နတ်သတ်ဓားအစီအရင်ကို သုံးပြီး ငရဲနက်နတ်ဆိုးသခင်ကို သတ်နိုင်သွားပါတယ်။ ဒါပေမဲ့ တစ်ချက်တည်း သတ်နိုင်မှာ မဟုတ်ပါဘူး။ နတ်သတ်ဓားအစီအရင် ထုတ်ဖော်ဖို့အတွက် အချိန်နည်းနည်း လိုပါတယ်။
‘မကောင်းသေးဘူး… ငါ သူ့ကို တစ်ချက်တည်း အပြတ်မရှင်းနိုင်ရင် အလွယ်တကူ သွားမတိုက်တာ ပိုကောင်းလိမ့်မယ်’ ဟန်ကျွယ်ဟာ စပြီးတော့ စိုးရိမ်လာပါတယ်။
အင်မော်တယ်ကမ္ဘာမှာ ဝရုန်းသုန်းကား ဖြစ်နေပေမဲ့ သေမျိုးကမ္ဘာကတော့ ယာယီငြိမ်းချမ်းနေပါတယ်။
ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုလည်း တော်တော်လေး တိုးတက်လာပါတယ်။ ကျင့်ကြံမှု တိုးတာလာတဲ့အလျောက် ဟန်ကျွယ်ရဲ့ နတ်သတ်ဓားအစီအရင် ထုတ်ဖော်နိုင်စွမ်းကလည်း တဖြည်းဖြည်း မြန်ဆန်လာပါတယ်။ ဒီလိုမြန်ဆန်လာတဲ့အတွက် ငရဲနက်နတ်ဆိုးသခင်ကို သတ်ဖို့ကြာချိန်ကလည်း တော်တော်လေး လျော့ကျသွားပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးနဲ့ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြောစရာရှိတာဆိုလို့ ငရဲနက်နတ်ဆိုးသခင်က ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ကြီးကြပ်ရေးမှူး လုပ်နေတာပါ။ ဒီအချိန်မှာ ငရဲနက်နတ်ဆိုးသခင်က ငရဲကြက်နက်ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ကြားပေးနေပါတယ်။
“ဟင်းလင်းပြင်မှာ စကားပြောရအောင်”
ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်ရဲ့အသံကြောင့် မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ် ‘နောက်ဆုံးတော့ သူ ထပ်ပြီး မစောင့်နိုင်တော့ဘူးပဲ’
ငရဲနက်နတ်ဆိုးသခင်ဟာ ဝီရီယတောင်က လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူကို အမြဲတမ်း သတိကြီးကြီးထားပြီး စောင့်ကြည့်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝီရိယတောင်ထဲက အခြေအနေကို သူ မမြင်နိုင်သလို တစ်ဖက်လူရဲ့ ရောင်ဝါကိုလည်း လုံးဝ အာရုံခံလို့မရလို့ပါပဲ။ ဒီအချက်တွေကြောင့် တစ်ဖက်လူက သူ့ထက်စွမ်းအားပိုကြီးတယ်လို့ ငရဲနက်နတ်ဆိုးသခင်က ယုံကြည်နေပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မတ်တတ်ရပ်လိုက်ပါတယ် “ငါ အပြင်ခဏ သွားအုန်းမယ်”
ငရဲကြက်နက်ဟာ အများကြီး မတွေးဘဲ ကျင့်ကြံမှုကိုသာ အာရုံစိုက်ပါတယ်။
ဟင်းလင်းပြင်တစ်နေရာ။
ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး တအံတဩ ဖြစ်သွားပါတယ် ‘ချောလှချည်လား’ ငရဲနက်နတ်ဆိုးသခင်ဟာ အင်မော်တယ်ကမ္ဘာမှာ အသက်ရှင်ခဲ့တာ နှစ်သန်းချီခဲ့ပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ထက် ချောမောတဲ့ယောက်ျားကို လုံးဝမတွေ့ဖူးပါဘူး။ ဟန်ကျွယ်ရဲ့ ရုပ်ရုည်နဲ့ ကိုယ်ဟန်က ယောက်ျားရော မိန်းမရောကိုပါ ကိုင်လှုပ်နိုင်စွမ်း ရှိပါတယ်။
“မင်း ဘာလိုချင်တာလဲ” ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ အကြောင်းအရင်းတစ်ချို့ကြောင့် ဟန်ကျွယ်ရဲ့ အကြည့်ကို ရင်ဆိုင်ရတဲ့အခါမှာ စိတ်ထဲ လေးလံသွားပါတယ် ‘ငါက ပဥ္စမအဆင့် အင်မော်တယ်ဧကရာဇ်… ဘာဖြစ်လို့ အကြည့်တစ်ချက်ကို လန့်နေရတာလဲ’
ငရဲနက်နတ်ဆိုးသခင်က ပြောလိုက်ပါတယ် “ခင်ဗျားရဲ့ကြက်က ကျုပ်နဲ့ ဆက်နွှယ်နေတယ်”
“ဒါပဲလား”
“နတ်ဆိုးဧကရာဇ်က ရွှေဂဠုန်နတ်ဆိုးသခင်အတွက် ကလဲ့စားချေခိုင်းလိုက်သေးတယ်”
“ဒါဆိုရင် မင်းက ငါ့ကို ဘာလို့ မတိုက်ခိုက်တာလဲ” ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်က ဒီလောက်ထိ ရိုးသားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ငရဲနက်နတ်ဆိုးသခင်က ကူကယ်ရာမဲ့တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “အနန္တကပ်ဘေးက လာနေပြီ၊ ဒါကြောင့် ဘာမဟုတ်တဲ့ကိစ္စတစ်ခုအတွက်နဲ့ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက်ကို ရန်မစချင်ဘူး၊ ဒါကြောင့် ဒီကိစ္စကို ဝတ်ကျေတမ်းကျေ လုပ်နေတာ”
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး မေးလိုက်ပါတယ် “မင်း ငါရဲ့ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်မလား၊ တိတ်ဆိတ်ဂိုဏ်းက အနန္တကပ်ဘေးထဲ ဝင်မှာ မဟုတ်ဘူး၊ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးလို့ ရတာပေါ့”
ငရဲနက်နတ်ဆိုးသခင်ဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ကတော့ ငရဲနက်နတ်ဆိုးသခင်ကို မျက်တောင်မခတ် စိုက်ကြည့်နေပြီး အချိန်မရွေးတိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ငရဲနက်နတ်ဆိုးသခင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “တိတ်ဆိတ်ဂိုဏ်းထဲဝင်ရင် ကျုပ်က ဘာရမှာလဲ”
“မင်းရန်သူက ငါ့ရန်သူပဲ”
“ဒီလောက်နဲ့ မရဘူး၊ မစိုးရိမ်ပါနဲ့၊ ကျုပ်က ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာပဲ နေမှာပါ၊ ဘယ်သူ့ကို ဒုက္ခမပေးပါဘူး၊ အနန္တကပ်ဘေးပြီးတာနဲ့ ကျုပ် ထွက်သွားမှာပါ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘အနန္တကပ်ဘေးပြီးအောင် စောင့်ချင်တာလား… သွားသေလိုက်ပါလား…’
‘မင်းကိုယ်မင်း လူရွှင်တော်များ မှတ်နေလား၊ အနန္တကပ်ဘေးက နှစ်ပေါင်းသောင်းချီကြာမှာကို၊ ငှားစားမယ်ဆိုရင်တောင် ပိုက်ဆံတော်တော်လေး ရမှာ’
ဟန်ကျွယ်က မေးလိုက်ပါတယ် “ငရဲကြက်နက်နဲ့ မင်းက ဘယ်လိုပတ်သက်တာလဲ”
ငရဲကြက်နက်ဆိုတဲ့ စကားလုံးကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ မတက်နိုင်တဲ့အပြုံးပြုံးပြီး ပြောလိုက်ပါတယ် “အဲဒီကောင်က…”
ဟန်ကျွယ်ဟာ လက်ထဲမှာ ရုတ်ခြည်းပေါ်လာတဲ့ ဟွမ်သွမ့်ဓားကို ဆုပ်ကိုင်ပြီး အားကုန်ခုတ်ချလိုက်ပါတယ်။
ကောင်းကင်ဓားတာအို ပထမအဆင့်၊ ကောင်းကင်ထိုးဖောက်ခြင်း။
ငရဲနက်နတ်ဆိုးသခင်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး လက်မြှောက်ကာ ဟန့်တားလိုက်ပေမဲ့ ပြင်းထန်လွန်းတဲ့ ဓားချီကြောင့် နောက်ကို လွှင့်စဉ်ထွက်သွားပါတယ်။
ဟန်ကျွယ် နတ်သတ်ဓား၊ မိုးမြေလောကဦးဓားနဲ့ ဝမ်မင်ဓားကို ချက်ချင်း ထုတ်ယူလိုက်ပါတယ်။ ဒီလိုနဲ့ ဓားလေးချောင်းဟာ အတူတူပျံသန်းသွားပြီး နတ်သတ်ဓားအစီအရင်ကို စတင် ထုတ်ဖော်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်လိုက်ပြီး ဒေါသတကြီး အော်မေးလိုက်ပါတယ် “မင်း ဘာလိုချင်တာလဲ”
ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို ဂရုမစိုက်ဘဲ သူ့လက်ကို ဓားအဖြစ်အသုံပြုကာ ကောင်းကင်ကိုးလွှာ၊ သုံးလောကသန့်ရှင်းကို ထုတ်ဖော်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ နောက်ဘက်မှာ ဓားချီပင်လယ်ကိုးစင်း ထွက်ပေါ်လာပြီး ဘီလီယံချီတဲ့ ဓားအရိပ်တွေ ထွက်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ မရေမတွက်နိုင်အောင် များပြားလှတဲ့ ဓားအရိပ်တွေဟာ ငရဲနက်နတ်ဆိုးသခင်ဆီ ပျံသန်းသွားပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ အစွယ်နဲ့တူတဲ့ ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဘယ်လက်နဲ့ နိုးလိုက်တဲ့အခါ နတ်ဆိုးချီတွေ လိမ့်ထွက်လာပါတယ်။ အဲဒီနောက်ကို ဓားကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ကြောက်မက်ဖွယ် နတ်ဆိုးချီဟာ မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေ သရဲတွေ အသွင် ပြောင်းလဲသွားပြီး သုံးလောကသန့်ရှင်းခြင်းက တဟုန်ထိုးပျံသန်းလာတဲ့ ဓားအရိပ်တွေနဲ့ တိုက်ခိုက်ပါတယ်။ လူနှစ်ယောက် တိုက်ခိုက်နေတယ်ဆိုပေမဲ့ မျိုးနွယ်စုနှစ်စု စစ်ခင်းနေသလိုပါပဲ။
‘ငါ ထင်ထားသလိုပဲ၊ ဒီကောင့်မှာ စိတ်ကောင်းမရှိဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ငရဲနက်နတ်ဆိုးသခင်က ထွက်မပြေးဘဲ ပြန်တိုက်ခိုက်တာကြောင့် ဟန်ကျွယ်က အခုလို ကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။
[ငရဲနက်နတ်ဆိုးသခင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
ဒီစာကြောင်းကြောင့် ဟန်ကျွယ်ရဲ့ သတ်ဖြတ်ငွေ့ဟာ လျှံတက်လာပါတယ်။ ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းကိုသုံးပြီး ဓားအရိပ်ကြားထဲ ရောဝင်ကာ ငရဲနက်နတ်ဆိုးကို တိုက်ခိုက်လိုက်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ အကောင်းဆုံးကြိုးစားပြီး ခုခံပေမဲ့ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားက မကုန်ခမ်းနိုင်တာကြောင့် တဖြည်းဖြည်း အရေးနိမ့်လာပါတယ်။ ဒါကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ပေတစ်ထောင်ရှည်လျားတဲ့ အနက်ရောင်တောင်ပံကို ဖြန့်ထုတ်ရင်း ရှေ့ခုန်တက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ငရဲနက်နတ်ဆိုးသခင်ရဲ့ အနက်ရောင်တောင်ပံမှာ မီးလျှံတွေ တောက်လောင်လာပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ ဓားကို မြှောက်လိုက်တဲ့အခါမှာတော့ အနက်ရောင်မီးလျှံတွေ ထွက်ပေါ်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ အနက်ရောင်မီးမိုးအဖြစ် ပြောင်းလဲကာ ဟန်ကျွယ်ပေါ်ကို ထိုးဆင်းပါတယ်။
သုံးလောကသန့်ရှင်းနဲ့ အနက်ရောင်မီးမိုးဟာ တစ်ခုခုကို ချေဖျက်တာကြောင့် ဟင်းလင်းပြင်တစ်ခုလုံး ဓားချီနဲ့ နတ်ဆိုးချီတွေ ပြည့်နှက်ကုန်ပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်ရဲ့ နတ်သတ်ဓားအစီအရင်က ပြီးလုနီးနီး ဖြစ်နေပါပြီ။
ငရဲနက်နတ်ဆိုးသခင်ကလည်း ဒီဓားအစီအရင်ကို သတိထားမိပါတယ် ‘ဒီကောင် ဘာဓားအစီအရင် သုံးနေတာလဲ’ ငရဲနက်နတ်ဆိုးသခင်ဟာ မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် နောက်ဆုတ်ချင်သွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဘာမပြောညာမပြော ရုတ်တရက် တိုက်ခိုက်မှုကို ပြန်တွေးမိပြီး ထောင်းခနဲ ဒေါသထွက်သွားပါတယ် ‘ငါ့လို ပဥ္စမအဆင့် အင်မော်တယ်ဧကရာဇ်ကိုတောင် မျက်နှာသာ မပေးဘူးဆိုတော့ မင်းအရည်အချင်းက ဘယ်လောက်ရှိလဲ ကြည့်အုန်းမယ်’
ငရဲနက်နတ်ဆိုးသခင်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီး ထပ်တိုက်ဖို့ ပြင်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ရဲ့ အနောက်ဘက်မှာ ရုတ်တရက် ပေါ်လာပြီး ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ဒြပ်စင်ငါးပါး နတ်အလင်းတန်း ထွက်ပေါ်လာပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ ဒြပ်စင်ငါးပါး နတ်အလင်းတန်းကို ဓားနဲ့ကာကွယ်လိုက်ပေမဲ့ ဓားက သူ့လက်ထဲကနေ လွှင့်ထွက်သွားပါတယ်။
‘မဖြစ်နိုင်တာ’
ဒီအဖြစ်ကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ထိတ်လန့်သွားပြီး ချက်ချင်း ရှောင်တိမ်းကာ ဟန်ကျွယ်ဆီကို အနက်ရောင်မီးတွေ ပစ်လွှတ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့ ဓားလေးချောင်းဟာ နတ်သတ်ဓားအစီအရင်ကို စီရင်ပြီးသွားပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ဟာ ဟင်းလင်းပြင်တစ်ခုလုံးကို ပြည့်နှက်သွားပါတယ်။ အဲဒီနောက် ဓားလေးချောင်းဟာ ငရဲနက်နတ်ဆိုးသခင်ဆီကို ဦးတည် ပျံသန်းသွားပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ ဓားလေးချောင်းကို မော့ကြည့်ပြီး တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်ပါတယ် “နတ်သတ်ဓားအစီအရင်… ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်က ဗဟုသုတတော့ ရှိသားပဲ၊ မဆိုးဘူး’
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီးပြီမို့ ငရဲနက်နတ်ဆိုးသခင်က နတ်သတ်ဓားအစီအရင်ကို ဘယ်လိုမှ မခုခံနိုင်မှန်း သေချာသိပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 271
? Views, Released on December 3, 2024