အခန်း (၂၆၈) အနန္တကပ်ဘေး စတင်ခြင်း
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ဒွါရတွေကနေ သွေးတွေ စီးကျလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်တာကြောင့် သူ့ပဓာနဝိညာဉ်သာ ဘာမှမဖြစ်ဘူးဆိုရင် ခန္ဓာကိုယ်ပျက်စီးသွားလည်း ဘာမှမဖြစ်ပါဘူး။
ဟန်ကျွယ် ဒီလောက် ကျိန်စာတိုက်ပေမဲ့လည်း နတ်ဆိုးဧကရာဇ်က ဘာမှမဖြစ်သေးပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် နတ်ဆိုးဧကရာဇ်ရဲ့ ကျင့်ကြံမှုက အတော်လေး မြင့်မားတာကို သိနိုင်ပါတယ်။
ဟန်ကျွယ်ဟာ သူ့သက်တမ်းကို ကြည့်လိုက်ပြန်တော့လည်း နှစ်တစ်သောင်းပဲ ဆုံးရှုံးသေးတဲ့အတွက် ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ သက်တမ်း သန်း ၁၀၀ သုံးပြီး ကျိန်စာတိုက်ဖို့ စိတ်ဒုန်းဒုန်း ချထားပါတယ်။ နတ်ဆိုးဧကရာဇ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရမရဘူး ဆိုရင်တောင် အနည်းဆုံးတော့ အတွင်းနတ်ဆိုး ဖြစ်ပေါ်လာရပါမယ်။
နောက်ပြီး ဒီအချိန်မှာ ကောင်းကင်ရုံးတော်ကလည်း နတ်ဆိုးရုံးတော်ကို တိုက်ခိုက်နေတာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ ကျိန်စာစွမ်းအားက နတ်ဆိုးဧကရာဇ်ကို ကျိန်းသေပေါက် စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။
‘အရှင်မင်းကြီး… ကျွန်တော်က ကောင်းကင်ရုံးတော်ကို တိတ်တိတ်လေး ကူညီနေတော့၊ ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှု စိတ်မပျက်စေပါနဲ့’ ဟန်ကျွယ်ဟာ ဒီစကားကို စိတ်ထဲမှာ ပြောရဲပါတယ်။ ထုတ်မပြောရဲပါဘူး။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ သွေးမျက်နှာကို ကြည့်ပြီး နှလုံးသားတစ်ခုလုံး နာကျင်သွားပါတယ် ‘သခင်က ကပ်ဘေးကို ရှောင်လွှဲဖို့ ကြိုးစားနေတာ ဖြစ်မယ်’
‘ဟင်း… ငါ ဘယ်အချိန်မှ သခင်ကို ကာကွယ်နိုင်မှာလဲ’ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို ကာကွယ်လိုချင်တဲ့စိတ်ကြောင့် ကြိုးကြိုးစားစား ကျင့်ကြံပါတော့တယ်။
နတ်ဆိုရုံးတော်၊ နတ်ဆိုးဧကရာဇ်နန်းတော်။
ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးရာချီဟာ ခန်းမထဲမှာ စုစည်းနေကြပါတယ်။ ဒီနတ်ဆိုးတွေက နတ်ဆိုးရုံးတော်ရဲ့ နတ်ဆိုးသူတော်စင်တွေပဲ ဖြစ်ပါတယ်။ နတ်ဆိုးဧကရာဇ်ဟာ နတ်ဆိုးသူတော်စင်တွေ တင်ပြတဲ့ ကောင်းကင်ရုံးတော်နဲ့ စစ်ပွဲအခြေအနေကို နားထောင်ပြီး ဒေါသထွက်လာပါတယ်။
‘ကောင်းကင်ဧကရာဇ်စုတ်… ငါတို့တွေက ဟန်ပြတိုက်ခိုက်ဖို့ပဲ သဘောတူထားတာကို၊ ဘာလို့ ဒီလောက်တောင် အသည်းအသန် တိုက်ခိုက်နေရတာလဲ’ နတ်ဆိုးဧကရာဇ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး ကောင်းကင်ဧကရာဇ်က သူ့ကို နှစ်ကျပ်ကွက်နင်းသွားပြီလို့ ခံစားလိုက်ရပါတယ်။
ဒီအချိန်မှာပဲ ကြမ္မာဆိုးတစ်ခုက နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်လိုက်ပါတယ်။ ဒီကြမ္မာဆိုးက သူ့ကံတရား အထောက်အပံ့၊ ရေစက်နဲ့ ကျင့်ကြံမှုကိုတောင် ဝါးမြိုဖျက်ဆီးနေတာ တွေ့လိုက်ရတဲ့အတွက် နတ်ဆိုးဧကရာဇ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။
‘နောက်တစ်ခါ လာပြန်ပြီလား’
နတ်ဆိုးဧကရာဇ်ဟာ တစ်ဖက်လူက သူ့တာအိုနှလုံးသားကို နှောင့်ယှက်ပြီး အနန္တကပ်ဘေးထဲ ရောက်အောင် တွန်းပို့နေမှန်း သိလိုက်ပါတယ်။
‘မဖြစ်ဘူး… ငါ သည်းခံမှရမယ်’
ဒီအချိန်မှာပဲ နတ်ဆိုးစစ်သားတစ်ဦးဟာ ခန်းမထဲ ပျံဝင်လာပြီး ဒူးထောက်ကာ ကြောက်လန့်တကြား လျှောက်တင်လိုက်ပါတယ် “အရှင်မင်းကြီး… တစ်ခုခုတော့ မှားနေပါပြီ၊ ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓ၊ ဗုဒ္ဓလောင်းလျာနဲ့ ဘုန်းကြီးတွေက ကျွန်တော်တို့ နယ်မြေအတွင်းမှာ ရုတ်တရက် ပေါ်လာပြီး နတ်ဆိုးတွေကိုသတ် နတ်ဆိုးဘုရင်တွေကို နှိပ်ကွပ်နေပါတယ်”
“ဝုန်း…”
နတ်ဆိုးဧကရာဇ် နန်းတော်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်။ ခန်းမထဲမှာရှိတဲ့ နတ်ဆိုးသူတော်စင်နဲ့ နတ်ဆိုးသခင်တွေ အကုန်လုံးလည်း ယမ်းပုံမီးကျ ဖြစ်သွားကြပါတယ်။
‘ဗုဒ္ဓဂိုဏ်းက တကယ်ကို နောက်ကျော ဓားနဲ့ထိုးတာပဲ’
ပြီးခဲ့တစ်ခေါက် ကောင်းကင်နဲ့ညီမျှတဲ့တန်ခိုးရှင် ကောင်းကင်ရုံးတော်ကို တိုက်ခိုက်တာက နတ်ဆိုးရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းရဲ့ ပူးပေါင်းကြံစည်မှုတစ်ခုပါ။
နတ်ဆိုးဧကရာဇ်ဟာ ဒေါသထွက်လွန်းတာကြောင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “ကောင်းကင်တာအိုဗုဒ္ဓ၊ ကောင်းတယ်၊ အရမ်းကောင်းတယ်” တစ်ချိန်တည်းမှာပဲ နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲကနေ ကြောက်မယ်ဖွယ်ကောင်းတဲ့ နတ်ဆိုးရောင်ဝါတွေ လျှံထွက်လာပါတယ်။
ဒီအချိန်မှာပဲ နောက်ထပ် ကျိန်စာစွမ်းအားက နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်လိုက်ပါတယ်။ ဒီအဖြစ်ကြောင့် နတ်ဆိုးဧကရာဇ်ဟာ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ အင်အားစုတွေအကုန်လုံးက နတ်ဆိုးရုံးတော်ကို ပစ်မှတ်ထားနေတယ်လို့ ခံစားလိုက်ရပါတယ်။
“မင်းတို့က နတ်ဆိုးရုံးတော်ကို အနန္တကပ်ဘေး ရင်ဆိုင်စေချင်တာလား၊ ကောင်းပြီလေ၊ ဒီလိုဆိုမှတော့လည်း ငါ ရူးသွပ်တာကို အပြစ်မတင်တော့နဲ့”
နတဆိုးဧကရာဇ်ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဒေါသတကြီး အမိန့်ပေးလိုက်ပါတယ် “နတ်ဆိုးသူတော်စင် အကုန်လုံးကို ပြန်ခေါ်ပြီး လျှိုဝှက်အစီအရင်ကို ပြင်ဆင်တော့”
နတ်ဆိုးဧကရာဇ်ရဲ့ အမိန့်ကြောင့် နတ်ဆိုးတွေ အကုန်လုံးဟာ နှလုံးလှုပ်သွားကြပြီး နတ်ဆိုးဧကရာဇ်ကို ဝိုင်းဖျောင်းဖျကြပါတယ်။ ဒါပေမဲ့ ဒေါသ အထွတ်အထိပ် ရောက်နေပြီဖြစ်တဲ့ နတ်ဆိုးဧကရာဇ်ဟာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပါဘူး။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နှစ်ပေါင်း သန်း ၈၀ ဆုံးရှုံးသွားပြီး နတ်ဆိုးဧကရာဇ် ဒဏ်ရာရတာကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရပါတယ်။
[သင့်ရန်သူ နတ်ဆိုးဧကရာဇ်သည် သင့်ကျိန်စာစွမ်းအားကြောင့် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
‘သက်တမ်း သန်း ၈၀ က အတွင်းနတ်ဆိုးပဲ ဖြစ်ပေါ်တာလား၊ ခွီးတဲ့မှပဲ နတ်ဆိုးဧကရာဇ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာလည်း အနည်းငယ် လန့်သွားပြီး ကြမ္မာဆိုးစာအုပ်ကို သိမ်းကာ သူ့ခန္ဓာကိုယ်ကို ပြန်ကုသပါတယ်။
‘ငါ ရပ်သင့်ပြီ၊ ဒီလိုသာ ဆက်ပြီး ကျိန်စာတိုက်နေရင် ငါ စွဲသွားလိမ့်မယ်… ဒီဟာက မပြည့်နိုင်တဲ့ အသူရာချောက်ပဲ’
လေးငါးရက် အကြာမှာတော့ ဟန်ကျွယ် ဒဏ်ရာတွေဟာ ပြန်ကောင်းသွားပြီး ထိပ်ဆုံးအဆင့်ကို ပြန်ရောက်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ နောက်ဆယ်နှစ်ကျမှ ရွှေဂဠုန်နတ်ဆိုးသခင်ကို ကျိန်စာတိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒီရွှေဂဠုန်နတ်ဆိုးသခင်က သူ့အပေါ် မုန်းတီးမှု ကြယ်ခြောက်ပွင့်တောင် ရှိတဲ့အတွက် ဟန်ကျွယ်ဟာ သူ့ကို အသက်ရှင်ခွင့် မပေးနိုင်ပါဘူး။ ရွှေဂဠုန်နတ်ဆိုးသခင်သာ အသက်ရှင်နေရင် ဟန်ကျွယ် အိပ်ကောင်းချင်း အိပ်ရမှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင် လှုပ်ရှားလာတာကို ခံစားမိလိုက်တဲ့အတွက် ကောင်းကင်တာအိုတိုကင်ကို ချက်ချင်းထုတ်ယူလိုက်ပါတယ်။
“စီနီယာ… ကိစ္စတစ်ခုခု ရှိလို့လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်က ဒီတစ်ခေါက် ဆက်သွယ်တဲ့သူ တိထိုက်ပိုင်ပဲ ဖြစ်ပါတယ်။
တိထိုက်ပိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… နတ်ဆိုးရုံးတော်က ရူးသွားပြီ၊ သူတို့က ဗုဒ္ဓဂိုဏ်းနဲ့ ကောင်းကင်ရုံးတော်ကို စစ်ကြေငြာလိုက်တယ်၊ ဒီကိစ္စကြောင့် အနန္တကပ်ဘေး စတင်လာနိုင်တယ်၊ ဒီစစ်ပွဲမှာ သေမျိုးကမ္ဘာတွေလည်း အတိုက်ခိုက်ခံရလိမ့်မယ်၊ အဲဒါကြောင့် မင်းကို ဂူအောင်းမကျင့်ကြံဖို့ သတိလှမ်းပေးတာ၊ မဟုတ်ရင် ရန်သူက မင်း ဂူအောင်းကျင့်ကြံနေတာကို အခွင့်ကောင်း ယူသွားလိမ့်မယ်”
ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ဗုဒ္ဓဂိုဏ်းက ပါလာပြန်ပြီလား၊ ဒီအင်မော်တယ်ကမ္ဘာက အင်အားစုတွေက မဟာမိတ်ဖွဲ့လိုက် နောက်ကျေဓားနဲ့ထိုးလိုက်နဲ့ ကလေးတွေ ကျနေတာပဲ’
ဟန်ကျွယ်က စပ်စုလိုက်ပါတယ် “ဗုဒ္ဒဂိုဏ်းက ဘယ်လိုလုပ်ပြီး နတ်ဆိုးရုံးတော်က ရန်စမိသွားတာလဲ”
“ကောင်းကင်ရုံးတော်က နတ်ဆိုးရုံးတော်ကို တိုက်ခိုက်တော့ ဗုဒ္ဓဂိုဏ်းကလည်း ဝင်တိုက်တယ်လေ၊ အဲဒီမှာ နတ်ဆိုးဧကရာဇ်က အမျက်ချောင်းချောင်းထွက်ပြီး လျှိုဝှက်အစီအရင်နဲ့ အကောင်းစား မိစ္ဆာရတနာကို နိုးထလိုက်တယ်၊ ဒီအတွက်ကြောင့် အခုဆိုရင် မဆုံးနိုင်တဲ့ အကုသိုလ်ကံတွေက အင်မော်တယ်ကမ္ဘာတစ်ခုလုံး ပျံ့နှံ့နေပြီ” တိထိုက်ပိုင်ရဲ့ လေသံဟာ ကူကယ်ရာမဲ့နေပါတယ်။
ဒီကိစ္စကြောင့် တိထိုက်ပိုင်ဟာ စိတ်လေးလံနေပါတယ်။ တိထိုက်ပိုင်ဟာ အနန္တကပ်ဘေး လာနေမှန်း သိပေမဲ့ အခုလို ချက်ချင်းကြီး ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဟန်ကျွယ်လည်း တိထိုက်ပိုင်ရဲ့စကားကြောင့် ဆွံအသွားပါတယ် ‘ဒီဗုဒ္ဓဂိုဏ်းဝင်တွေက ဘာဖြစ်နေကြတာလဲ၊ ဘာလို့ ဒီလိုလုပ်ရတာလဲ၊ အနန္တကပ်ဘေး စောရောက်လာတော့ ဘယ်သူမှ အေးချမ်းတော့မှာ မဟုတ်ဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး တိထိုက်ပိုင်နဲ့ စကားနည်းနည်း ထပ်ပြောကာ နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အန္တရာယ် အငွေ့အသက်ကို ခံစားမိတာကြောင့် ဆက်ပြီးတော့ ကျင့်ကြံပါတယ်။ အနန္တကပ်ဘေးရှေ့မှာ အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်က ဘာမှမဟုတ်ပါဘူး။ ကောင်းကင်ဘဝဂ်ကျင့်ကြံသူတောင် အနန္တကပ်ဘေးထဲဝင်မယ်ဆိုရင် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ ခက်လှပါတယ်။
ဟင်းလင်းပြင်တစ်နေရာ။
ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးမြူခိုးတွေက အရာအားလုံးကို ဝါးမြိုထားတဲ့အတွက် မှောင်မိုက်နေပါတယ်။ နတ်ဆိုးမြူခိုးတွေထဲမှာ မျက်လုံးတစ်စုံပေါ်လာပြီး အံဩတကြီး ဖြစ်သွားပါတယ် “ဒီရောင်ဝါက…”
နတ်ဆိုးမြူခိုးတွေထဲကနေ ဝတ်ရုံနက်အမျိုးသားတစ်ဦးအသွင် ထွက်လာပါတယ်။ ဒီအမျိုးသားရဲ့ ကျောဘက်မှာ အနက်ရောင် ဖီးနစ်တောင်ပံတစ်စုံ ရှိနေပြီး အနက်ရောင်မီးလျှံတွေ တောက်လောင်နေပါတယ်။
ဒီဝတ်ရုံနက်အမျိုးသားက နတ်ဆိုးရုံးတော်ရဲ့ ငရဲနက်နတ်ဆိုးသခင်ပဲ ဖြစ်ပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ နတ်ဆိုးဧကရာဇ်ရဲ့အမိန့်နဲ့ ထုန်ကျန့်ကမ္ဘာကို ဖျက်ဆီးဖို့ ရောက်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ သတိကြီးသူမို့ ထင်ရာမလုပ်ဖို့ အရာအားလုံးကို ဂရုတစိုက်လေ့လာပါတယ်။ နောက်ပြီး ရွှေဂဠုန်နတ်ဆိုးသခင်က ဒီနေရာမှာ သေသွားတဲ့အတွက် ထုန်ကျန့်ကမ္ဘာက လုံးဝမရိုးရှင်းမှန်း သိနေပါတယ်။ ကောင်းကင်ရုံးတော်က ထောင်ချောက် ဆင်ချင်ရင်တောင် ဆင်ထားနိုင်ပါတယ်။
ဒါပေမဲ့ ထုန်ကျန့်ကမ္ဘာနားကို ရောက်တယ်ဆိုရင်ပဲ ငရဲနက်နတ်ဆိုးသခင်ဟာ တရင်းတနှီးရှိလှတဲ့ ရောင်ဝါကို ခံစားလိုက်ရပါတယ်။ ဒီရောင်ဝါက မျိုးနွယ်တူ သွေးသားရင်းချာတစ်ယောက်ရဲ့ ရောင်ဝါပါ။
ဒီရောင်ဝါကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ရင်ထိတ်သွားပါတယ် “ကောင်းကင်ဧကရာဇ်က ဟိုကောင်ရဲ့ ပြန်လည်မွေးဖွားခြင်းကို ထိန်းချုပ်ပြီး ငါ့အတွက် ထောင်ချောက် ဆင်ထားတာလား”
ငရဲနက်နတ်ဆိုးရဲ့ သရုပ်မှန်ဟာ လောကဦးကတည်းက မွေးဖွားလာတဲ့ ရှေးဟောင်းမျိုးနွယ်စုဝင် ငရဲဖီးနစ်နက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငရဲနက်နတ်ဆိုးသခင်ရဲ့ ညီငယ်ဟာ ကောင်းကင်ရုံးတော်က ကောင်းကင်စစ်သူကြီးတွေကို သတ်ဖြတ်မိခဲ့လို့ အစွန်းရောက် ဧကရာဇ်လေးပါးရဲ့ နှိပ်ကွပ်တာခံရပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝိညာဉ်လွှင့်ပစ်တာ ခံခဲ့ရပါတယ်။
နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် ငရဲနက်နတ်ဆိုးသခင်ဟာ ဒီကိစ္စကို မေ့ပျောက်သလောက် ဖြစ်နေပါပြီ။ သူတို့တွေက ညီအစ်ကိုတွေဆိုပေမဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ သူ့ညီငယ်ကို သိပ်ကြည်တာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူတို့နှစ်ယောက်ရဲ့ အရည်အချင်းက အရမ်းကို ကွာခြားလွန်းလို့ပါ။ ငရဲနက်နတ်ဆိုးသခင်ရဲ့ ညီငယ်ဟာ ငရဲနက်နတ်ဆိုးသခင်ရဲ့ စွမ်းအားနဲ့ နာမည်ကျော်ကြားမှုကို အမှီပြုပြီး စိတ်ထင်တိုင်း ကြဲနေတာပါ။
နောက်ဆုံးမှာတော့ ငရဲနက်နတ်ဆိုးသခင်ဟာ ထုန်ကျန့်ကမ္ဘာထဲ ခိုးဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ လျှို့ဝှက်ပညာရပ်ကိုသုံးပြီး သူ့ရောင်ဝါကို လုံးဝဖျောက်ပစ်လိုက်တဲ့အတွက် ဘယ်သူမှ သတိမထားမိတော့ပါဘူး။
အဲဒီနောက် သူ့ညီငယ်ရဲ့ဝိညာဉ်ရောင်ဝါနောက်ကို လိုက်တဲ့အခါမှာတော့ ဝီရိယတောင်ကို တစ်ခဏအတွင်း ရောက်ရှိလာပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ ဝီရိယတောင်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
‘ဒီသစ်ပင်… ဖူစန်းသစ်ပင်ပဲ’
‘ရွှေဂဠုန်နတ်ဆိုးသခင် ဒီနေရာကိုလာတာ မထူးဆန်းတော့ပါဘူး’
ငရဲနက်နတ်ဆိုးသခင်ဟာ ရွှေဂဠုန်နတ်ဆိုးသခင်လို လောဘမတက်ဘဲ နိုးနိုးကြားကြား ဖြစ်လာပါတယ်။ အဲဒီနောက် သူ့နတ်အာရုံက ဝီရိယတောင်ထဲကို ထိုးဖောက်လို့ မရတဲ့အတွက် ငရဲနက်နတ်ဆိုးသခင်ဟာ ပိုပြီးတော့ ထိတ်လန့်သွားပါတယ်။
‘ဒီတောင် အရမ်းစွမ်းအားကြီးပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အရံအတား ရှိနေတာပဲ’
ငရဲနက်နတ်ဆိုးသခင်ဟာ တုံ့ဆိုင်းသွားပြီး အလျင်စလို မလုပ်ရဲတော့ပါဘူး။ အဲဒီနောက် ငရဲနက်နတ်ဆိုးသခင်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးကို သတိထားမိသွားပြီး အကြံတစ်ခု ရသွားပါတယ်။ အဲဒီအကြံကတော့ သေမျိုးယောင်ဆောင်ပြီး ယွီဂျင်ဂိုဏ်းတော်ကြီးထဲ ဝင်ဖို့ပါ။
ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်နေတဲ့ ငရဲကြက်နက်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ အကြောင်းအရင်းတစ်ချို့ကြောင့် ငရဲကြက်နက်ဟာ ကပ်ဘေးကျရောက်တော့မလို စိတ်လေးသွားပါတယ်။
မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းပါစေ။
Chapter – 268
? Views, Released on December 3, 2024