အခန်း (၂၆၇) နတ်ဆိုးဧကရာဇ်၏ သတ်ဖြတ်ငွေ့
ကောင်းကင်ထိုးဖောက်ခြင်း။
အားကောင်းလှတဲ့ ဓားချီဟာ ဟင်းလင်းပြင်တစ်ခုလုံးကို လင်းထိန်ထွက်သွားစေပြီး ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ အလွန်ကြီးမားလှတဲ့ခန္ဓာကိုယ်ကြီးကို လွှမ်းမိုးသွားပါတယ်။
ရွှေဂဠုန်နတ်ဆိုးသခင်ကလည်း သူ့ရဲ့ရွှေရောင်ငှက်မွေးတွေကို မြှောက်ပြီး ဟန်ကျွယ်ရဲ့ ဓားချီကို ကာကွယ်လိုက်ပါတယ်။
“ဝုန်း…”
ရွှေဂဠုန်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်ဓားချက်နဲ့ နှစ်ပိုင်းကွဲထွက်သွားပြီး ဟင်းလင်းပြင်ထဲကို သွေးတွေ လွင့်စဉ်ထွက်သွားပါတယ်။ ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ ငှက်မွေးတွေဟာလည်း ဟန်ကျွယ်ဓားချီကြောင့် လုံးဝပျက်ဆီးသွားပြီး သွေးမိုးအဖြစ် ထုန်ကျန့်ကမ္ဘာကို ဆင်းသက်သွားပါတယ်။ ဒါပေမဲ့ ဒီသွေးမိုးဟာ ထုန်ကျန့်ကမ္ဘာဆီကို မရောက်နိုင်ဘဲ လမ်းခုလတ်မှာတင် လျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ခုကြောင့် လေထဲမှာ ရပ်တန့်သွားပါတယ်။
ဒီလိုလုပ်လိုက်တဲ့လူက ဟန်ကျွယ်ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ သွေးစက်တွေအကုန်လုံးကို အပြင်ဘက် လွှင့်ပစ်လိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲဆိုတော့ အင်မော်တယ်ဧကရာဇ်ရဲ့ သွေးစက်ဟာ အရမ်းအားပြင်းလို့ပါပဲ။ ဒီသွေးစက်တွေသာ သေမျိုးကမ္ဘာကို ကျသွားရင် သေမျိုးကမ္ဘာက သက်ရှိတွေအားလုံး ပျက်သုဉ်းရမှာပါ။
ဒီအခွင့်အရေးကိုယူပြီး ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ ပဓာနဝိညာဉ်ဟာ နောက်ကိုခုန်ထွက်ကာ ဟန်ကျွယ်ကို ကြောက်လန့်တကြား ကြည့်လိုက်ပါတယ်။
‘အင်မော်တယ်ဧကရာဇ်၊ ဝက်ယောင်ဆောင်ပြီး ကျားဖမ်းတာပဲ’
ရွှေဂဠုန်နတ်ဆိုးဟာ အကြီးအကျယ် ဒေါသထွက်သွားပြီး လူသားအသွင် ယူလိုက်တဲ့အခါ ရွှေရောင်ချပ်ဝတ်နဲ့ ဂဠုန်ဦးခေါင်းရှိတဲ့ နတ်ဆိုးအသွင် ဖြစ်ပေါ်လာပါတယ်။ အဲဒီနောက် ရွှေဂဠုန်နတ်ဆိုးသခင်ဟာ လက်ထဲက မှိန်းတံကို မြှောက်လိုက်တဲ့အခါမှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါတွေ ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းကိုသုံးပြီး နတ်အရိပ်ကိုးပါး ခွဲထုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်နဲ့ နတ်အရိပ်ကိုးပါးစလုံးဟာ ကောင်းကင်ထိုးဖောက်ဓားချက်ကိုပဲ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ထပ်မံ အသုံးပြုလိုက်ကြပါတယ်။
ရွှေဂဠုန်နတ်ဆိုးသခင်ဟာ ဓားချီရဲ့အရှိန်နဲ့တင် ကြောက်လန့်သွားပြီး ပေါ်တယ်ခုန်ကာ ထွက်ပြေးပါတယ်။ ရွှေဂဠုန်နတ်ဆိုး ပြန်ပေါ်လာတယ်ဆိုရင်ပဲ ဟန်ကျွယ်က ဟွမ်သွမ့်ဓားကို ဝှေ့ယမ်းလိုက်ပါတယ်။
ဒီတစ်ခါမှာတော့ ရွှေဂဠုန်နတ်ဆိုးဟာ ဘယ်လိုမှမတုံ့ပြန်နိုင်ဘဲ ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးသွားပါတယ်။ ရွှေဂဠုန်နတ်ဆိုးဟာ သေသွားတယ်ဆိုပေမဲ့ လုံးဝကြီး သေသွားတာတော့ မဟုတ်ပါဘူး။
[ရွှေဂဠုန်နတ်ဆိုးသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး အာရုံခံကြည့်လိုက်ပေမဲ့ ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ ရောင်ဝါကို လုံးဝခံစားလို့ မရတော့ပါဘူး။ ဟန်ကျွယ်ဟာ စနစ်ကိုအသုံးပြုပြီး ဘေးနားပတ်ဝန်းကျင်က ထိပ်သီးကျင့်ကြံသူတွေကို ဂရုတစိုက် စစ်ဆေးလိုက်ပါတယ်။
အနီးအနားမှာ ရွှေဂဠုန်နတ်ဆိုး မရှိတာ ကျိန်းသေတော့မှ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ပြန်သွားပါတယ်။
ဒီတိုက်ပွဲဟာ အရမ်းမြန်ပါတယ်။ ဟန်ကျွယ် ထွက်သွားတာနဲ့ ပြန်လာတာရော ထည့်ပေါင်းရင်တောင် စက္ကန့် ၃၀ မပြည့်ပါဘူး။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါမှာ ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ ပုံရိပ်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ် ‘ဒီကောင်က အသက်ရှင်နေသေးတာပဲ၊ ကြည့်ရတာ သူ့အသိုက်မှာ ဝိညာဉ်အပိုင်းအစ ချန်ထားခဲ့ပုံပဲ’
ဟန်ကျွယ် ပထမဦးဆုံး တွေးမိလိုက်တာက ရွှေဂဠုန်နတ်ဆိုးသခင်ကို သေအောင် ကျိန်စာတိုက်ဖို့ပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအကြံကို ချက်ချင်းပဲ ငြင်းပယ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျိန်စာတိုက်သူမှန်း သံသယဝင်ခံရမှာစိုးလို့ပါ။
ဟန်ကျွယ်ဟာ သတိကြီးကြီးထားတဲ့အလျောက် အချိန်အတန်ကြာမှ ကျိန်စာတိုက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်းရှူသွင်းပြီး ပြောလိုက်ပါတယ် “စွမ်းအားကြီးရန်သူတစ်ယောက်က ငါတို့ထုန်ကျန့်ကမ္ဘာကို လာတိုက်တာ၊ တော်သေးတယ် အခုတော့ ပြန်သွားပြီ၊ ဒီတိုက်ပွဲမှာ ငါ သေတော့မလို့ပဲ၊ မင်းတို့တွေ ကြိုးကြိုးစားစား ကျင့်ကြံကြ၊ ငါ မင်းတို့ကို တစ်ချိန်လုံး ကာကွယ်မပေးနိုင်ဘူး”
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်။
ငရဲကြက်နက်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “သခင်… သခင်က ကျွန်တော်တို့ကို သူငယ်နှပ်စားလေးတွေလို့ ထင်နေတာလား”
ငရဲကြက်နက် ပြောလည်းပြောချင်စရာပါ။ ဒီနှစ်ပေါင်း နှစ်ထောင်ကျော်အတွင်းမှာ ဟန်ကျွယ်က မနိုင်ရင် ထွက်ပြေးမယ်လို့ ထပ်ခါထပ်ခါ ပြောနေပေမဲ့ တစ်ခါမှ ထွက်ပြေးရတယ် မရှိပါဘူး။ ရန်သူတိုင်းကိုလည်း လုံးဝ သာလွန်စွမ်းအားနဲ့ တစ်ချက်တည်း ဖြေရှင်းလိုက်တာချည်းပါပဲ။
ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ဝါးစာမတက် ကြည့်လိုက်တာကြောင့် ငရဲကြက်နက်ဟာ ကြောက်လန့်ပြီး ဇက်ပုသွားပါတယ်။
လုံဟောင်က စိတ်လှုပ်တရှား မေးလိုက်ပါတယ် “ဆရာသခင်… ဘယ်အဆင့်ကို ရောက်ပြီလဲ”
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီး အမှန်အတိုင်း ဖြေလိုက်ပါတယ် “အင်မော်တယ်ဧကရာဇ်”
‘အင်မော်တယ်ဧကရာဇ်လား’
ရွှင်ချန်အန်း၊ လီယောင်၊ အားတ၊ ရှောင်အာနဲ့ ပဋိပက္ခကောင်းကင်ခွေးတို့ဟာ မျက်လုံးပြူးသွားကြပါတယ်။ သူတို့တွေဟာ အင်မော်တယ်ဧကရာဇ်က ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ မသိကြပါဘူး။ စပ်စုချင်ကြရုံပါ။
“ဒီရန်သူက မသေသေးဘူး၊ နောက်ကျရင် သူ ပြန်လာနိုင်တယ်၊ အဲဒီအချိန်ကျလို့ ငါ မနိုင်ရင် ထွက်ပြေးရမှာပဲ” ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။
လူတိုင်းဟာ ခေါင်းညိတ်လိုက်ပေမဲ့ အရမ်းစိတ်လှုပ်ရှားနေကြတုန်းပါပဲ။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ ထွက်ပြေးဖို့ မစဉ်းစားကြပါဘူး။ အင်မော်တယ်ဧကရာဇ်ရဲ့ စွမ်းအားကိုပဲ စဉ်းစားနေကြတာပါ။
‘ဆရာသခင်က အင်မော်တယ်ဧကရာဇ်ကိုတောင် အနိုင်ယူနိုင်တယ်ဆိုတော့ ဘယ်လောက်တောင် စွမ်းအားကြီးနေပြီလဲ’
ဟန်ကျွယ်ဟာ သူ့တပည့်တွေရဲ့ အမူအရာကိုကြည့်ပြီး သူ့စကားကိုမယုံမှန်း သိလိုက်ပါတယ် ‘ငါ အစွမ်းပြတာ များလွန်းသွားပြီလား’ ဟန်ကျွယ်ဟာ သူ့တပည့်တွေကို အင်မော်တယ်ဧကရာဇ်နဲ့ ခြောက်လို့မရမှန်း သိလိုက်တာကြောင့် နောက်တစ်နည်းသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“တကယ်တော့ ငါ မင်းတို့ကို ပြောစရာရှိတယ်” ဟန်ကျွယ်က လေးနက်တဲ့ မျက်နှာထားနဲ့ အစချီလိုက်ပါတယ် “အနန္တကပ်ဘေး မကြာခင် ကျရောက်တော့မယ်၊ အနန္တကပ်ဘေးတိုင်းမှာ မရေမတွက်နိုင်တဲ့ သက်ရှိတွေ သေကျေပျက်စီးရတယ်၊ အင်မော်တယ်ဧကရာဇ်တွေတောင် ဒီကပ်ဘေးထဲမှာ ပျက်သုဉ်းနိုင်တယ်”
ဟန်ကျွယ် ချဲ့ကားပြောတာ မဟုတ်ပါဘူး။ အနန္တကပ်ဘေးက အဲဒီလောက်ကို ကြောက်ဖို့ကောင်းတာပါ။ အဲဒီလောက် ကြောက်ဖို့ကောင်းလို့လည်း ရှင်သန်နိုင်တဲ့ အခွင့်အရေးက ဝိုးတိုးဝါးတားပဲ ရှိတာပါ။
ဟန်ကျွယ်ဟာ အနန္တကပ်ဘေးအကြောင်း သူသိသမျှကို ပြောပြပါတယ်။ ဒါပေမဲ့ ကံတရား အထောက်အပံ့ကို လုယူပြီး အဆင့်တက်လို့ရတယ်ဆိုတာတော့ မပါပါဘူး။ အင်အားကြီးမားတဲ့ အင်အားစုတွေ အချင်းချင်း ဘယ်လိုတိုက်ခိုက်ပြီး ဘယ်လိုပျက်သုဉ်းသွားလဲဆိုတာကိုပဲ ပြောပြတာ ဖြစ်ပါတယ်။
‘ဒီလောက်ကြောက်ဖို့ကောင်းတဲ့ ကပ်ဘေးကြီးက ရောက်လာတော့မှာလား’
ကျိုးမင်းယွဲ့က မေးလိုက်ပါတယ် “ဆရာဘိုးဘိုး… ဒီကပ်ဘေးက ကျွန်တော်တို့ သေမျိုးကမ္ဘာကိုရော သက်ရောက်နိုင်လား”
ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ်။
လူတိုင်းဟာ ပိုပြီးတော့ ရင်ထိတ်သွားကြပြီး စွမ်းအားကြီးမားလှတဲ့ သူတို့ဆရာသခင်က ဘာဖြစ်လို့ သေမျိုးကမ္ဘာမှာ ပုန်းအောင်းနေတာလဲဆိုတာ ရုတ်တရက် နားလည်သွားကြပါတယ်။
‘အနန္တကပ်ဘေးကြောင့် ဆရာသခင်က သေမျိုးကမ္ဘာမှာ လာပုန်းနေတာကို’
“ကျွန်မတို့တွေ ပြဿနာနဲ့ အဝေးမှာ နေမယ်ဆိုရင်တောင် ကပ်ဘေးကို မရှောင်လွှဲနိုင်ဘူးလား” လီယောင်က မေးလိုက်ပါတယ်။ လီယောင်ရဲ့ လေသံဟာ အတော်လေး တုန်လှုပ်ချောက်ချားနေပါတယ်။
ဟန်ကျွယ်က ခေါင်းခါလိုက်ပါတယ်.
“အို…မဖြစ်ဘူး၊ ငါ စွမ်းအားက မလုံလောက်သေးဘူး”
“ဆရာဘိုးဘိုးက ဘာဖြစ်လို့ အမြဲတမ်း ဂူအောင်းကျင့်ကြံနေရတာလဲဆိုတာ အခုတော့ နားလည်ပြီ၊ ငါလည်း အမြန်ကျင့်ကြံမှ ဖြစ်တော့မယ်”
“မဟာညီညွတ်မှု ရွှေအင်မော်တယ်တောင် နယ်ရုပ်အဆင့်ပဲရှိတယ်ဆိုတော့ ငါတို့တွေ သေဖို့က ၉၉.၉၉ ရာခိုင်နှုန်း သေချာနေပြီ”
“ငါ အပြင် ထပ်မထွက်တော့ဘူး”
“ဘယ်သူက အရင်ဆုံး အဆင့်ထိုးဖောက်နိုင်မလဲ ပြိုင်ကြရအောင်”
ဟန်ကျွယ်ဟာ သူ့တပည့်တွေရဲ့ အမူအရာကိုကြည့်ပြီး ကျေနပ်အားရသွားပါတယ်။
[နတ်ဆိုးဧကရာဇ်သည် သင့်အား မုန်းတီးမှု တိုးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ရုတ်တရက်ပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ ကြက်သေသေသွားပါတယ်။
နတ်ဆိုးရုံးတော်၊ နတ်ဆိုးဧကရာဇ် နန်းတော်။
နတ်ဆိုးဧကရာဇ်ဟာ သလွန်ပေါ်မှာ ထိုင်နေပြီး သူ့ရှေ့မှာ ဒူးထောက်နေတဲ့ ရွှေဂဠုန်နတ်ဆိုးသခင်ကို ရေခဲလိုအေးစက်တဲ့ မျက်နှာနဲ့ စိုက်ကြည့်နေပါတယ်။
“အင်မော်တယ်ဧကရာဇ်လား၊ ကောင်းကင်ရုံးတော်မှာ ပုန်းအောင်းနေတဲ့ အင်မော်တယ်ဧကရာဇ် ရှိနေသေးတာလား၊ ထုန်ကျန့်ကမ္ဘာမှာ တျန်ဇယ်သေသွားတာ အံဩစရာ မရှိတော့ပါဘူး” နတ်ဆိုးဧကရာဇ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ရွှေဂဠုန်နတ်ဆိုးသခင်က အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဒီကောင်က အရှက်မရှိဘူး၊ ဘာမှမပြောဘဲနဲ့ စတိုက်တာပဲ”
နတ်ဆိုးဧကရာဇ်ဟာ ဘာမှပြန်မပြောဘဲ ရွှေဂဠုန်နတ်ဆိုးသခင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပါတယ်။ နတ်ဆိုးဧကရာဇ်ရဲ့ အေးစက်တဲ့အကြည့်ကြောင့် ရွှေဂဠုန်နတ်ဆိုးသခင်ဟာ ကြောက်လန့်သွားပြီး ခေါင်းအမြန်ငုံ့လိုက်ပါတယ်။
“မဟာဂဠုန်မျိုးနွယ်စုမှာ ဘယ်လိုလုပ်ပြီး မင်းလိုအသုံးမကျတဲ့ သားတော် ရှိနေရတာလဲ၊ မင်းက အရမ်းပေါ့ဆလွန်းတယ်၊ တစ်ဖက်လူက မင်းကို ဒီလောက်မြန်မြန် သတ်နိုင်မှတော့ မင်းထက် စွမ်းအားပိုကြီးတာ အသိအသာကြီး၊ ဒီလိုအခြေအနေမျိုးမှတောင် သူက စွမ်အားကုန်ထုတ်ပြီး တိုက်ခိုက်တယ်၊ မင်း သူ့ဆီကနေ သင်ယူသင့်တယ်၊ မဟုတ်ရင် မင်းသေရမဲ့နေ့က သိပ်ဝေးတော့မှာ မဟုတ်ဘူး” နတ်ဆိုးဧကရာဇ်ဟာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပြီး မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ လျှံထွက်သွားပါတယ်။
ရွှေဂဠုန်နတ်ဆိုးသခင်ဟာ နတ်ဆိုးဧကရာဇ်ရဲ့ သတ်ဖြတ်ငွေ့ကို ခံစားနိုင်တာကြောင့် နတ်ဆိုးဧကရာဇ်က ဟန်ကျွယ်ကို သတ်ချင်နေတယ်လို့ တွေးလိုက်ပါတယ်။ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်က သူ့ကိုလည်း သတ်ချင်နေမှန်း ရွှေဂဠုန်နတ်ဆိုးသခင် မသိခဲ့ပါဘူး။
နတ်ဆိုးဧကရာဇ်ဟာ သရော်ပြုံး ပြုံးလိုက်ပါတယ် “အရမ်းကောင်းတယ်၊ ဒီလိုဆိုမှတော့ ငရဲနက်နတ်ဆိုးသခင်ကို ထုန်ကျန့်ကမ္ဘာနဲ့ အဲဒီကောင်စုတ်လေးကို ဖျက်ဆီးဖို့ သတင်းစကားပါးလိုက်”
ရွှေဂဠုန်နတ်ဆိုးသခင်ဟာ ရုတ်တရက် ခေါင်းမော့လိုက်ပြီး စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး၊ ငရဲနက်နတ်ဆိုးသခင်ဆိုရင် ဒီကောင် လုံးဝ ပြေးလွတ်မှာ မဟုတ်ပါဘူး”
နတ်ဆိုးဧကရာဇ်က သူ့လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်တာကြောင့် ရွှေဂဠုန်နတ်ဆိုးလည်း ခန်းမထဲက ချက်ချင်း ထွက်ခွာသွားပါတယ်။
…..
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးဧကရာဇ်ရဲ့ မုန်းတီးမှုက တိုးလာလို့ပါပဲ။ နတ်ဆိုးဧကရာဇ် မုန်းတီးမှု တိုးလာတာက ရွှေဂဠုန်နတ်ဆိုးသခင်ကြောင့်ဆိုတာ ဟန်ကျွယ် သိပါတယ်။
‘ဒါ ပြဿနာပဲ၊ ဒီနတ်ဆိုးဧကရာဇ်က ပေါ့သေးသေး မဟုတ်ဘူး၊ ငါ နတ်ဆိုးဧကရာဇ်ကို တိုက်ရိုက် ကျိန်စာတိုက်သင့်လား… ဒီလိုလုပ်လိုက်ရင် အရမ်းများ သိသာနေမလား’
‘မသိသာလောက်ပါဘူး… နတ်ဆိုးဧကရာဇ်မှာ ဒီလောက် ရန်သူများတာ သူ့ကို ကျိန်စာတိုက်တဲ့လူက ငါမှန်း ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ’
ဒါပေမဲ့ စိတ်ချရအောင် အချိန်တစ်ခုအထိ စောင့်ဆိုင်းဖို့ ဟန်ကျွယ် ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အရင်ဆုံးကျင့်ကြံအားထုတ်ပါတယ်။
ဒီလိုနဲ့ ၇ နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်မှာ ပြဿနာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ နတ်ဆိုးဧကရာဇ်ကို ဘယ်လိုကျိန်စာတိုက်ရမလဲ ဆိုတာပါပဲ။
‘ငါ အရင်လိုပဲ သာမန်ကာလျှံကာ ကျိန်စာတိုက်ရမလား၊ ဒါမှမဟုတ် သက်တမ်းအဆုံးရှုံးခံပြီး ပြင်းပြင်းထန်ထန် ကျိန်စာတိုက်ရမလား’
ဒီအချိန်မှာ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ရဲ့ မုန်းတီးမှုက ကြယ်ခြောက်ပွင့်ဖြစ်နေတာကို တွေးမိသွားတာကြောင့် သက်တမ်းအဆုံးရှုံးခံပြီး ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
‘နတ်ဆိုးဧကရာဇ်… မင်းက စွမ်းအားကြီးတယ်ပေါ့၊ ငါ သက်တမ်း သန်း ၁၀၀ သုံးပြီး မင်းကို ကျိန်စာတိုက်ပစ်မယ်၊ မင်းတောင့်ခံနိုင်မလား ကြည့်ရသေးတာပေါ့’
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ကို ရောက်သွားတဲ့အတွက် သူ့သက်တမ်းက ၇ ထရီလီယံ ကျော်သွားပါပြီ။ ဒါကြောင့် ဟန်ကျွယ်အတွက် နှစ်သန်း ၁၀၀ က ဘာမှ မဟုတ်တော့ပါဘူး။
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်ပြီးတဲ့အခါမှာတော့ နတ်ဆိုးရုံးတော်ရဲ့ နတ်ဆိုးဧကရာဇ်ကို အသားကုန် ကျိန်စာတိုက်ပါတော့တယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 267
? Views, Released on December 3, 2024