အခန်း (၂၆၆) အနန္တကပ်ဘေးသခင်၊ ရွှေဂဠုန်နတ်ဆိုးသခင်
ကျင့်ကြံမှုက အဆုံးမရှိပါဘူး။
ကောင်းကင်ရုံးတော်က နတ်ဆိုးရုံးတော်က စစ်ကြေငြာထားပေမဲ့ ထုန်ကျန့်ကမ္ဘာကတော့ အမြဲတမ်း ငြိမ်းချမ်းနေပါတယ်။ ဒီလိုနဲ့ မျက်စိတစ်မှိတ်အတွင်း နှစ်တစ်ရာ ကုန်ဆုံးသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုရဲ့ အကူအညီနဲ့ အသွင်ပြောင်းလဲနိုင်ခဲ့ပြီး အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားကလည်း များစွာ တိုးတက်သွားပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအိုအပိုင်းအစတွေနဲ့ ပေါင်းစပ်ခဲ့တဲ့အတွက် ကျင့်ကြံမှုတိုးတက်လာပြီး အင်မောတယ်ဧကရာဇ် ဒုတိယအဆင့်နဲ့ နီးကပ်ခဲ့တယ်ဆိုပေမဲ့ နှစ်တစ်ရာကျော် ကျင့်ကြံမှာပဲ အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ကို ရောက်ရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်ဧကရာဇ်တွေ အဆင့်တက်ဖို့က ဘယ်လောက်ထိခက်ခဲလဲဆိုတာ မှန်းဆနိုင်ပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ကို ရောက်တာနဲ့ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ကောင်းကင်ဧကရာဇ်ကို စိန်ခေါ်ပါတယ်။ ကံဆိုးစွာပဲ ဒီတစ်ခါလည်း သုံးစက္ကန့်ပဲ ခံပါတယ်။ ကောင်းကင်ဧကရာဇ်က တော်တော်ကို စွမ်းအားကြီးလွန်းတာပါ။
ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ ကျန်းယီနဲ့ တိုက်ခိုက်ပြီး အတွေ့အကြုံယူပါတယ်။ ဒါပေမဲ့ ကျန်းယီက အားနည်းလွန်းတဲ့အတွက် ဟန်ကျွယ်စွမ်းအားကို မခံနိုင်ရှာပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ပြိုင်ဘက်ကို တိုက်တိုင်းအောင်ဗုဒ္ဓ ပြောင်းလိုက်ရပါတယ်။ ဒီတော့ အဆင်ပိုပြေသွားပါတယ်။
ဟန်ကျွယ်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ တိုက်ခိုက်ရင်း တိုက်တိုင်းအောင်ဗုဒ္ဓက ထိပ်ဆုံးအချိန်မှာ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ သိချင်သွားပါတယ်။ ဟန်ကျွယ်က သိပဲ သိချင်တာပါ။ အပြင်မှာ လုံးဝ မတွေ့ချင်ပါဘူး။
စိတ်ကောင်းဝင်နေတဲ့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲ ပြီးတာနဲ့ နတ်ဆိုးဧကရာဇ်နဲ့ လီရွှမ်အောက်ကို လက်ဆောင်ပေးရင် စာအိတ်တွေ စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာမျိုးနွယ်စု၏ ကံတရား အထောက်အပံ့အား ရရှိပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂၃
[သင့်မြေးတပည့် မုရုံချီသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၂၁၀၀၂
[သင့်မြေးတပည့် မုရုံချီသည် ဘဝဟောင်းမှ တာအိုသီးအား ထပ်မံရရှိပြီး ဝိညာဉ် ပြောင်းလဲသွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကံကောင်းထောက်မစွာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တွေ့ဆုံမိပြီး ထိုစွမ်အားကြီးပုဂ္ဂိုလ်၏ ညွှန်ကြားပြသမှုကြောင့် မဟာဆန်းကြယ်စွမ်းအားတစ်ပါးကို သိမြင်နားလည်သွား၏။]
[သင့်မိတ်ဆွေ တိထိုက်ပိုင်သည် နတ်ဆိုးသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]
[သင့်မိတ်ဆွေ ဗိုလ်ချုပ်ချန်ဖောင်သည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲမှ ခုန်ထွက်ပြီး အင်မော်တယ်ဧကရာဇ် အထောက်အပံ့အား ပြန်လည် ရရှိသွား၏။]
‘တော်တော် ကြမ်းနေပြီပဲ’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က နတ်ဆိုးရုံးတော်နဲ့ အနန္တကပ်ဘေးမတိုင်ခင် ဘာလို့တိုက်ခိုက်ချင်လဲဆိုတာ နားမလည်ပါဘူး။ ဒီလိုသာ ဆက်တိုက်နေရင် နှစ်ဖက်စလုံး အင်အားနည်းပြီး ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်ပါဘူး။ ဒီအချိန်မှာပဲ ဟန်ကျွယ်ခေါင်းထဲမှာ လက်ခနဲ ဖြစ်သွားပါတယ်။
‘သူတို့က တစ်ယောက်ကို တစ်ယောက် အားနည်းအောင်လုပ်ပြီး ကောင်းကင်တာအို ပစ်မှတ်ထားတာကနေ ရှောင်တိမ်းချင်တာလား’
ဟန်ကျွယ်ဟာ တွေးလေလေ ဒီကိစ္စက ဖြစ်နိုင်လေလေလို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက ဟန်ကျွယ်နဲ့ ဘာမှမဆိုင်ပါဘူး။ ဟန်ကျွယ်လုပ်ရမှာက ထုန်ကျန့်ကမ္ဘာမှာပဲ ဆက်နေပြီး အေးအေးဆေးဆေး ကျင့်ကြံဖို့ပါ။ ဖြစ်နိုင်မယ်ဆိုရင် ဟန်ကျွယ်ဟာ အနန္တကပ်ဘေးနဲ့ ဝေးရာမှာ ရှောင်ပုန်းချင်တာပါ။
…..
ကောင်းကင်ရုံးတော်၊ ဧကရာဇ်ပန်းခြံ။
ကောင်းကင်ဧကရာဇ်နဲ့ လီတောက်ခုံးဟာ ဇရပ်တစ်ဆောင်မှာ သောက်စားနေကြပါတယ်။
“အို… မင်းဂိုဏ်းတူညီလေးက စာအုပ်တစ်အုပ် ကျိန်စာတိုက်တာက ခံရတာလား” ကောင်းကင်ဧကရာဇ်က တအံတဩ မေးလိုက်ပါတယ်။
လီတောက်ခုံးက ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော့် ညီလေးရဲ့ ကျင့်ကြံမှုအဆင့်ကို အရှင်မင်းကြီးလည်း သိပါတယ်၊ သူ့ကို ကျိန်စာတိုက်နိုင်တဲ့သူက တော်တော်စွမ်းလို့ပဲ၊ ကျွန်တော်စိုးရိမ်တာက သူ အနန္တကပ်ဘေးကို ထိန်းချုပ်မှာကိုပဲ”
ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “အမှန်အတိုင်းပြောရရင် ကောင်းကင်ရုံးတော်က အင်မော်တယ်နဲ့ နတ်ဘုရားတွေလည်း စာအုပ်တစ်အုပ် ကျိန်စာတိုက်တာကို ခံရတယ်၊ အစွန်းရောက် ဧကရာဇ်လေးပါးတောင် ဘယ်သူလုပ်လဲ မတွက်ချက်နိုင်ဘူး၊ ကောင်းကင်ရုံးတော်တင် မဟုတ်ဘူး၊ ဗုဒ္ဓဂိုဏ်းလည်း စာအုပ်တစ်အုပ် ကျိန်စာတိုက်တာကို ခံရတယ်၊ ကောင်းကင်ဒေါသဗုဒ္ဓနဲ့ နဂါးနိုင်ဗုဒ္ဓက ကျိန်စာတိုက်ခံရပြီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားတာ”
လီတောက်ခုံးဟာ ကောင်းကင်ဧကရာဇ်စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် ‘ကျိန်စာတိုက်ခံရတဲ့သူ များလှချည်လား’ လီတောက်ခုံးဟာ တွေးလေလေ စိတ်လေးလေလေ ဖြစ်လာပါတယ်။
ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “မိစ္ဆာဘိုးဘေးလမ်းစဉ်အတိုင်း အနန္တကပ်ဘေးကို ထိန်းချုပ်ချင်တဲ့သူတွေက အမြဲတမ်း ရှိနေတာပဲ”
လီတောက်ခုံးဟာ သက်ပြင်းချလိုက်ပါတယ် “အရင်တုန်းကလည်း နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်စု၊ ချီလင်မျိုးနွယ်စုတို့က ထိပ်ဆုံးမှာ ရှိနေကြတာ၊ မိစ္ဆာမျိုးနွယ်စု ရန်တိုက်ပေးလို့ သူတို့တွေ အချင်းချင်း တိုက်ခိုက်ကြပြီး မရေမတွက်နိုင်တဲ့ ကပ်ဘေးတွေ ပေါ်ပေါက်လာခဲ့ရတာ၊ အဲဒီတုန်းက သူ အောင်မြင်ခါနီးပဲ၊ ကံဆိုးချင်တော့ ဘယ်ကပေါ်လာမှန်းမသိတဲ့ တာအိုဘိုးဘေးကြောင့်သာ သူ့အကြံ ပျက်စီးသွားရတာ”
တာအိုဘိုးဘေး အကြောင်းပါလာတဲ့အခါမှာတော့ လီတောက်ခုံးရဲ့ လေသံဟာ လေးစားအားကျမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းကို တည်ထောင်ခဲ့တဲ့လူတွေက တာအိုဘိုးဘေးရဲ့ ကိုယ်ပိုင်တပည့်တွေပါ။
လီတောက်ခုံးက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က အနန္တကပ်ဘေးမှာ ဝင်မပါချင်ဘူး၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်ကို တာအိုဘိုးဘေးက ထောက်ပံ့ပေးထားတာဆိုတော့ ကောင်းကင်ရုံးတော် တစ်ခုခုဖြစ်ရင် ကျွန်တော်တို့တွေ ထိုင်ကြည့်မနေနိုင်ဘူး”
ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ကူညီပေးမယ်ဆိုတဲ့အတွက် ကြိုပြီးတော့ ကျေးဇူးတင်စကား ပြောပါရစေ၊ ကောင်းကင်ရုံးတော်က ဒီကပ်ဘေးကို အေးအေးဆေးဆေးပဲ ဖြတ်ကျော်ချင်တာ၊ ဒါနဲ့ တာအိုဟောကြားမှုမှာ မင်း သဘောကျတဲ့ အင်မော်တယ်များ တွေ့မိသေးလား”
“လုံကျီ(အိမ်ရှေ့မင်းသား)နဲ့ မုရုံချီက တော်တော်လေး အရည်အချင်းရှိတယ်၊ သူတို့မှာ နတ်မင်းအဆင့် ရောက်နိုင်တယ် အရည်အချင်းရှိတယ်၊ အထူးသဖြင့် မုရုံချီပဲ”
“မုရုံချီက ကျန်းရှနတ်ဧကရာဇ် ပြန်ဝင်စားတာ”
“အို… သူလား၊ သူ့နာမည်ကို ကျွန်တော် ကြားဖူးတယ်၊ သူက တာအိုအရှင်သခင်နဲ့ ယှဉ်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ပြောကြာတာပဲ၊ အရှင်မင်းကြီးက အတော်စွမ်းတာပဲ၊ ဒီလိုလူမျိုးကိုတောင် အသက်ပြန်သွင်းနိုင်တယ်”
“အဲဒါ ငါလုပ်တာ မဟုတ်ဘူး” ကောင်းကင်ဧကရာဇ်ဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် လီတောက်ခုံးဟာ ပိုသိချင်သွားပြီး မေးဖို့ပြင်လိုက်ပေမဲ့ တိထိုက်ပိုင်တစ်ယောက် ရုတ်တရက် ပေါ်လာတာကြောင့် မမေးဖြစ်တော့ပါဘူး။
“အရှင်မင်းကြီး… သတင်းဆိုးပဲ၊ နတ်ဆိုးရုံးတော်က သေမျိုးကမ္ဘာတွေကို ဖျက်ဆီးဖို့ အင်မော်တယ်ဧကရာဇ်ကို စေလွှတ်လိုက်တယ်၊ သူတို့ရဲ့ ပထမဦးဆုံးပစ်မှတ်က အမြန်ဆုံး ကြီးထွားလာတဲ့ ထုန်ကျန့်ကမ္ဘာပဲ” တိထိုက်ပိုင်က ခပ်တိုးတိုးပြောလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က ဂရုမစိုက်တဲ့လေသံနဲ့ မေးလိုက်ပါတယ် “ဘယ်အင်မော်တယ်ဧကရာဇ်လဲ”
“မဟာဂဠုန်သားတော်၊ ရွှေဂဠုန်နတ်ဆိုးသခင်ပါ”
“ဒုတိယအဆင့် အင်မော်တယ်ဧကရာဇ်လား၊ ထားလိုက်… ဘာမှမဖြစ်ဘူး၊ သွားပါစေ”
“ဟင်…”
“သူ့ကို ဂရုစိုက်စရာမလိုဘူး၊ မင်း သွားလို့ရပြီ”
ကောင်းကင်ဧကရာဇ်က အတင်းနှင်လွှတ်တာကြောင့် တိထိုက်ပိုင်လည်း ဘာမှမပြောရဲဘဲ လီတောက်ခုံးကို ဦးညွှတ်ပြီး နေရာမှာတင် ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
“အရှင်မင်းကြီးက သေမျိုးကမ္ဘာမှာ အင်မော်တယ်ဧကရာဇ် ချထားတာလား”
ကောင်းကင်ဧကရာဇ်ဟာ လီတောက်ခုံးရဲ့ စကားကို ဘာမှပြန်မပြောဘဲ ပြုံးလိုက်ပါတယ်။
…..
ဖူစန်းသစ်ပင်အောက်မှာ ဟန်ကျွယ်ရဲ့ သင်ကြားပို့ချမှုက ပြီးဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ လီယောင်ရဲ့ ကျင့်ကြံမှုက မဟာညီညွတ်မှု အင်မော်တယ်စစ် ထိပ်ဆုံးအဆင့် ရောက်နေတာကို တွေ့လိုက်ရတဲ့အတွက် မနေနိုင်ဘဲ ပြောလိုက်ပါတယ် “မင်းတို့တွေ လီယောင်ဆီက အတုခိုးသင့်တယ်၊ အခုဆိုရင် လီယောင်က ဆန်းကြယ်အင်မော်တယ်အဆင့်ကို ထိုးဖောက်နိုင်တော့မယ်”
ဟန်ကျွယ်စကားကြောင့် လူတိုင်းရဲ့ အမူအရာတွေ ပြောင်းလဲသွားကြပါတယ်။
လုံဟောင်ကတော့ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်းကြယ်အင်မော်တယ်အဆင့်က သူနဲ့ အတော်လေး အလှမ်းဝေးနေသေးလို့ပါပဲ။
လီယောင် ရောက်လာကတည်းက လုံဟောင်ဟာ ဖိအားတွေ များလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်သားတော်က မိုးမြေသားတော်ကို မမီဘူးဆိုတဲ့သတင်းသာ ပျံ့နှံ့သွားရင် လူရယ်ခံရမှာမို့လို့ပါပဲ။
ဟန်ကျွယ်ဟာ လုံဟောင်ရဲ့အမူအရာကို သတိထားမိပါတယ်။ ဒါပေမဲ့ သူလည်း ဒီကိစ္စကို နားမလည်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုံဟောင်ရဲ့ ကျင့်ကြံမှုက လီယောင်ကို တကယ် လိုက်မမီတာပါ။
‘လီယောင်ကပဲ စွမ်းလွန်းတာလား၊ ဒါမှမဟုတ် လုံဟောင်မှာပဲ ပြဿနာရှိနေတာလား’
‘လုံဟောင်မှာ ဝိညာဉ်နှစ်ခုရှိနေလို့ ကျင့်ကြံတာ နှေးနေတာလား’
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်လာပေမဲ့ ဟောင်တျန်ရဲ့ဝိညာဉ်ကို မတွေ့နိုင်သေးပါဘူး။ ဒီဟောင်တျန်က တော်တော်ကို အပုန်းကောင်းတာပါ။
“အစ်မလီယောင်က အရမ်းစွမ်းတာပဲ” ထူလင်းအာဟာ လီယောင်ကို လေးစားအားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။ လီယောင်ကတော့ ထုံးစံအတိုင်း ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေပါတယ်။
အဲဒီနောက် လူတိုင်းဟာ စပြီးတော့ ဆွေးနွေးကြပါတယ်။
ပဋိပက္ခကောင်းကင်ခွေးကတော့ နောင်တရနေပါတယ် ‘အတိတ်မှာတုန်းက ငါသာ အပြင်မထွက်ခဲ့ရင် အခုလောက်ဆို တော်တော်လေး စွမ်းအားကြီးနေလောက်ပြီ’
ရန်ထျန်တုန်း သေသွားပြီဖြစ်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်းရဲ့ အားအနည်းဆုံးဘွဲ့ဟာ ပဋိပက္ခကောင်းကင်ခွေးဆီ ကျရောက်လာပါတယ်။
ဒီအချိန်မှာပဲ ဖူစန်းသစ်ပင်ဟာ ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ ရွှေကျီးနှစ်ကောင်လည်း ထိုးထိုးထောင်ထောင် ဖြစ်လာပြီး ကောင်းကင်ပေါ်ကို ရုတ်တရက် မော့ကြည့်လိုက်ပါတယ်။
လူတိုင်းလည်း ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြာရောင်ကောင်းကင်မှာ ကြောက်မက်ဖွယ်မျက်လုံးတစ်စုံပေါ်လာပြီး သေမျိုးကမ္ဘာတစ်ခုလုံးကို ငုံ့ကြည့်နေလို့ပါပဲ။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ပတ်ဝန်းကျင်က ထိပ်သီးတွေကို စစ်ဆေးလိုက်ပါတယ်။
[ရွှေဂဠုန်နတ်ဆိုးသခင်: အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်၊ နတ်ဆိုးရုံးရုံးတော်၏ နတ်ဆိုးသခင်ဖြစ်သည်။]
‘ဒုတိယအဆင့် အင်မော်တယ်ဧကရာဇ်လား… အေးအေးဆေးဆေးကို မနေရပါလား’
ဟန်ကျွယ်ကိုယ်တိုင်ကလည်း အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်မို့ ဒီနတ်ဆိုးသခင်ကို အသာအယာ အနိုင်ယူနိုင်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်က ထုန်ကျန့်ကမ္ဘာကို ပစ်မှတ်ထား တိုက်ခိုက်မှာကို စိုးရိမ်နေပါတယ်။
ဘာပဲဖြစ်ဖြစ် အိမ်ရှေ့မင်းသားတျန်ဇယ်က ထုန်ကျန့်ကမ္ဘာနားက ဟင်းလင်ပြင်မှာ သေဆုံးခဲ့တာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး ထုန်ကျန့်ကမ္ဘာထက်က ဟင်းလင်းပြင်မှာ ပေါ်လာပါတယ်။ ရွှေရောင်တောင်ပံနဲ့ ဂဠုန်တစ်ကောင်ဟာ ဟင်းလင်းပြင်ထက်မှာ ရပ်နေပါတယ်။ ဒီရွှေဂဠုန်ဟာ တောင်ပံဖြန့်လိုက်မယ်ဆိုရင် ထုန်ကျန့်ကမ္ဘာတစ်ခုလုံးကို အုပ်ဆိုင်းနိုင်တဲ့အထိ အရွယ်အစား ကြီးမားပါတယ်။
ရွှေဂဠုန်နတ်ဆိုးသခင်ဟာ အလွန်သေးငယ်လှတဲ့ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ် “မင်းက ဒီသေမျိုးကမ္ဘာရဲ့ အစောင့်နတ်လား”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ဖုံးကွယ်ထားတာမို့ ရွှေဂဠုန်နတ်ဆိုးသခင်က ဟန်ကျွယ်ကို ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ် “ဒါဆိုရင် ငါ့ကိုပြောစမ်း၊ ဖူစန်းသစ်ပင်ကို မင်း ဘယ်ကနေ ရလာာတလဲ”
ရွှေဂဠုန်နတ်ဆိုးသခင်ရဲ့ မျက်လုံးထဲမှာ လောဘကြီးတဲ့ အရိပ်အယောင် ထွက်ပေါ်လာပါတယ်။ ဖူစန်းသစ်ပင်လိုမျိုး မျိုးတုံးသွားတဲ့ နတ်သစ်ပင်ကို ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့ ရွှေဂဠုန်နတ်ဆိုးသခင်ဟာ အိပ်မက်တောင် မမက်ဖူးခဲ့ပါဘူး။
‘ဒီဖူစန်းသစ်ပင်ကြောင့် ဒီသေမျိုးကမ္ဘာရဲ့ ကံတရားအထောက်အပံ့က ဒီလောက်မြန်မြန် တိုးလာတာလား’
ဟန်ကျွယ်ဟာ ကြောက်ချင်ယောင် ဆောင်လိုက်ပါတယ် “ခင်ဗျားက လိုချင်လို့လား”
“ဟားဟား… လိုချင်တာ….” ရွှေဂဠုန်နတ်ဆိုးသခင်ဟာ အားရပါးရပြုံးပြီး ပြောလိုက်ပေမဲ့ စကားမဆုံးလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ဟွမ်သွမ့်ဓားကို ထုတ်ယူပြီး ရုတ်တရက် ခုတ်ပိုင်းလိုက်လို့ပါပဲ။
ဟန်ကျွယ်ဟာ ဒီဓားချက်ကို အားကုန်သုံးပြီး ခုတ်ပိုင်းလိုက်တာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 266
? Views, Released on December 3, 2024