အခန်း (၂၆၃) လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို
“သွားစုံစမ်းချည်၊ ငါ အကြောင်းရင်းကို သိချင်တယ်” ကောင်းကင်ဧကရာဇ်ဟာ အေးစက်တဲ့အသံနဲ့ ပြောလိုက်ပါတယ်။ တွက်ချက်လို့မရတာကြောင့် ကောင်းကင်ဧကရာဇ်ဟာ လူအားသုံးပြီး အဖြေရှာပါတယ်။
အင်မော်တယ်တွေဟာ ချက်ချင်းပဲ အမိန့်ကို လက်ခံပြီး နတ်ဘုရားခန်းမထဲကနေ ခပ်သုတ်သုတ် ထွက်ခွာသွားကြပါတယ်။ သူတို့ဟာ နတ်ဆိုးရုံးတော်ကို တိုက်ခိုက်ဖို့ ဆွေးနွေးနေစဉ်မှာပဲ ရုတ်တရက်ကြီး ကံတရားအထောက်အပံ့ တိုးလာတာကြောင့် အစီအစဉ်တွေ အကုန်ပျက်ကုန်ပါတယ်။
ဒီလိုရုတ်တရက်ကြီး ကံတရား အထောက်အပံ့တိုးလာတာက ကောင်းကင်ရုံးတော်အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ကံတရား အထောက်အပံ့တိုးတာက သာမန်အချိန်ဆိုရင် ကောင်းတဲ့ကိစ္စဆိုပေမဲ့ အခုလိုမျိုး အနန္တကပ်ဘေး ကျရောက်ခါနီးမှာဆိုရင်တော့ လုံးဝကို ဒုက္ခအကြီးအကျယ် ပေးနိုင်ပါတယ်။
အနန္တကပ်ဘေးကို ကံတရား အထောက်အပံ့ အကြီးမားဆုံးရှိတဲ့ အင်အားစုက ရင်ဆိုင်ရမှာပါ။ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် စွမ်းအားအကြီးဆုံး အင်အားစုက အနန္တကပ်ဘေးကို ခါးစည်းရင်ဆိုင်ရတဲ့အတွက် အနန္တကပ်ဘေးပြီးတာနဲ့ အင်အားအနည်းဆုံး ဖြစ်သွားကြပါတယ်။
ဒါကြောင့်လည်း အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုလေးစုက မျှခြေအခြေအနေကို အမြဲတမ်း ထိန်းသိမ်းထားကြတာပါ။ သူတို့တွေဟာ အချင်းချင်း တိုက်ခိုက်ကြပေမဲ့ ဘယ်သူကမှ အင်အားအကြီးဆုံး မဖြစ်ချင်ကြပါဘူး။ ဒါကြောင့်လည်း ကောင်းကင်ရုံးတော်နဲ့ ရှန်နန်းတော်က အတူတူ အင်အားကြီးလာဖို့ တွေးထားကြတာပါ။ ဒီလိုဆိုရင် အင်အားစုနှစ်စုလုံး စွမ်းအားအကြီးဆုံး ဖြစ်တော့မှာ မဟုတ်ပါဘူး။
အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အနန္တကပ်ဘေးတွေကို ပြန်ကြည့်မယ်ဆိုရင် နောက်ဆုံးအနိုင်ရသူက အနန္တကပ်ဘေးမစခင်မှာ အားနည်းတဲ့အင်အားစုချည်းပါပဲ။
ပထမကပ်ဘေးမှာ နဂါး၊ ဖီးနစ်၊ ချီလင် မျိုးနွယ်စုတွေ အချင်းချင်း တိုက်ခိုက်ကြပြီး တာအိုဂိုဏ်း အားကောင်းလာခဲ့ပါတယ်။
မှော်-နတ်ဆိုး ကပ်ဘေးမှာတော့ မှော်မျိုးနွယ်စုနဲ့ နတ်ဆိုးမျိုးနွယ်စု သူသေကိုယ်သေ တိုက်ခိုက်ကြပြီး လူသားမျိုးနွယ်စု အားကောင်းလာခဲ့ပါတယ်။
နတ်ဘုရားရွေးချယ်တဲ့ကပ်ဘေးမှာတော့ တာအိုဂိုဏ်းတွင်းမှာ အချင်းချင်း အုပ်စုကွဲကြလို့ ဗုဒ္ဓဂိုဏ်း အားကောင်းလာခဲ့ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ သူ့စိတ်ကို အကောင်းဆုံး ငြိမ်အောင်ထားပေမဲ့ ဒေါသမထွက်ဘဲ မနေနိုင်ပါဘူး ‘အနန္တကပ်ဘေးက မစသေးဘူး၊ တစ်ယောက်ယောက် ကောင်းကင်ရုံးတော်ကို ဒုက္ခပေးချင်နေပြီ’
ဗုဒ္ဓဂိုဏ်း။
ကောင်းကင်တာအိုဗုဒ္ဓဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်ပါတယ်။ အဲဒီနောက် မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်ပါတယ် “များလိုက်တဲ့ ကံတရား အထောက်အပံ့ပါလား… ကောင်းကင်ရုံးတော်က ဘာလုပ်နေတာလဲ၊ ဒါက စစ်ကြေငြာတာလား”
ကောင်းကင်တာအိုဗုဒ္ဓဟာ နတ်ဆိုးဧကရာဇ်ကို ချက်ချင်းပဲ ဆက်သွယ်လိုက်ပါတယ်။
ရှန်နန်းတော်။
ကျင့်ကြံအားထုတ်နေတဲ့ ရှန်နန်းတော်သခင်ဟာ ကောင်းကင်ရုံးတော်ရဲ့ ကံတရား အထောက်အပံ့ တိုးတက်မှုကို ခံစားလိုက်ရတာကြောင့် လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပေမဲ့ ဘာအဖြေမှ ထွက်မလာပါဘူး။
ရှန်နန်းတော်သခင်ဟာ ကောင်းကင်ရုံးတော်ကို တစ်စုံတစ်ယောက်က ဒုက္ခပေးနေပြီလို့ တွေးမိုလိုက်ပါတယ်။ ဒီနှစ်ထဲမှာ ကောင်းကင်ရုံးတော်က ဗုဒ္ဓဂိုဏ်း၊ နတ်ဆိုးရုံးတော်၊ မိစ္ဆာမျိုးနွယ်စုတို့နဲ့ မကြာခဏ တိုက်ခိုက်ခဲ့ရတဲ့အတွက် တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ကံတရားအထောက်အပံ့ တဟုန်ထိုး တိုးတက်ဖို့က လုံးဝမဖြစ်နိုင်ပါဘူး။
“ကြည့်ရတာ ကပ်ဘေးက တကယ်လာနေပြီပဲ” ရှန်နန်းတော်သခင်ဟာ လေးနက်တည်ကြည်တဲ့ မျက်နှာထားနဲ့ ရေရွတ်လိုက်ပါတယ်။ ဒီအကြိမ်ဟာ ရှန်နန်းတော်အတွက် အနန္တကပ်ဘေးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာမို့ ရှန်နန်းတော်သခင်မှာ ဖိအားတွေများနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအမှားလုပ်မိတာနဲ့ ရှန်နန်းတော်တစ်ခုလုံး လွင့်ပါးပျောက်ကွယ်သွားမှာမို့လို့ပါ။
ဟန်ကျွယ်ရဲ့ မဟာအဂ္ဂတာအိုကျင့်စဉ် ဖန်တီးမှုဟာ အင်မော်တယ်ကမ္ဘာကို ပြင်းထန်စွာ ရိုက်ခတ်ပြီး မုန်တိုင်းထန်သွားစေပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုရဲ့လက်သည် ဟန်ကျွယ်ကတော့ ဘာမှမသိဘဲ သူ့ကျင့်စဉ်ကိုသာ ဆက်ပြီးတော့ သုံးသပ်ဖန်တီးနေပါတယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုမှာ ဟန်ကျွယ်ကို ခရမ်းရောင်မြူခိုးတွေက အလုံးစုံဝန်းရံပြီး အလွန်ကြီးမားတဲ့ ခရမ်းရောင်ဥတစ်လုံး ဖြစ်လာပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ စာလုံးတွေကလည်း ဒီအလွန်ကြီးမားတဲ့ ခရမ်းရောင်ဥကို လှည့်ပတ်နေပါတယ်။ ဟန်ကျွယ်ဟာ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စာလုံးတွေကို ကြည့်ပြီး မတူညီတဲ့ အဓိပ္ပာယ်တွေကနေ ခံစားချက်တစ်မျိုးကို ရှာတွေ့သွားပါတယ်။
စွမ်အားကြီးမားပြီး လောကမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ကျင့်စဉ်တစ်ခုဟာ ဟန်ကျွယ် စိတ်ထဲမှာ မွေးဖွားလာပါတယ်။ ဟန်ကျွယ်ဟာ ဒီကျင့်စဉ်ကို ဆက်တိုက်သုံးသပ်ပြီး လိုအပ်တာတွေ ပြင်ဆင်ကာ အားကောင်းတိုးတက်စေပါတယ်။
ဒီဟာက ကျင့်စဉ်တစ်ခုမဟုတ်တော့ဘဲ တာအိုကို ဘယ်လိုရယူမလဲဆိုတဲ့ နည်လမ်းတစ်ခု ဖြစ်လာပါတယ်။
တစ်ချိန်တည်းမှာပဲ ဝီရိတောင်ထက်မှာ မိုးကြိုးတိမ်တိုက်တွေ လှိမ့်တက်လာပြီး မရေမတွက်နိုင်တဲ့ လျှပ်စီးတွေ ယှက်သမ်းလာပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေလည်း ကောင်းကင်ကို အထိတ်တလန့် မော့ကြည့်လိုက်ကြပါတယ် ‘တော်တော်ကြောက်ဖို့ကောင်းတဲ့ ဖိအားပါလား’
ယွီဂျင်ဂိုဏ်းတော်ကြီးကတော့ ဒီအံဖွယ်ဖြစ်ရပ်ကို မြင်တွေ့ခြင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က စနစ်ရဲ့အရံအတားနဲ့ တာအိုစက်ကွင်းကို ပေါင်းစပ်ထားတာကြောင့် ဝီရိယတောင်ထဲမှာ ဘာပဲဖြစ်ဖြစ် အပြင်ဘက်က မသိနိုင်ပါဘူး။ အပြင်ဘက်ကနေကြည့်မယ်ဆိုရင် ဝီရိယတောင်က အမြဲတမ်း အေးချမ်းငြိမ်သက်နေမှာပါ။ နောက်ပြီး ဝီရိယတောင်ထဲကနေလည်း ဘယ်ရောင်ဝါမှ လွတ်မြောက်နိုင်ခြင်း မရှိပါဘူး။
ဟန်ကျွယ်ဟာ ဝီရိယတောင်ထိပ်ပေါ်က မိုးကြိုးတိမ်တိုက်တွေကိုမြင်ရင် ကျိန်းသေပေါက် တုန်လှုပ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုကျောက်တုံးနဲ့ တာအိုစက်ကွင်း မရပ်တန့်နိုင်တဲ့ ကောင်းကင်စမ်းသပ်မှုဟာ ဘယ်လိုနည်းနဲ့မှ သာမန်မဖြစ်နိုင်လို့ပါပဲ။ ပြောရမယ်ဆိုရင် ဟန်ကျွယ် ဧကရာအဆင့်ကို တက်လှမ်းတုန်းကတောင် ဘာစမ်းသပ်မှုမှ မကျော်ဖြတ်ခဲ့ရပါဘူး။
တောင်ထိပ်ပေါ်က ခရမ်းရောင်လျှပ်စီးတွေဟာ ကောင်းကင်ပေါ်ကနေ အရူးအမူးဆင်းသက်လာပြီး ဝီရိယတောင်ကို ဖြတ်သန်းကာ ဟန်ကျွယ်ကိုယ်ပေါ်က ရောက်ရှိသွားပါတယ်။ ဝီရိယတောင်က ဘာမှမဖြစ်ပေမဲ့ ဟန်ကျွယ်ခန္ဓာကိုယ်ကတော့ လှုပ်ခါသွားပါတယ်။
ဒီဟာက ကောင်းကင်စမ်းသပ်မှု မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖျက်ဆီးတဲ့စွမ်းအား မဟုတ်ဘဲ ကောင်းချီးပေးတဲ့ စွမ်းအား ဖြစ်နေလိုပါပဲ။
ခရမ်းရောင်လျှပ်စီးတွေရဲ့ ပေါင်းစပ်မှုအောက်မှာ ဟန်ကျွယ်ခန္ဓာကိုယ်ဟာ လူသားပုံစံကြယ်တစ်စင်းလို ဖြစ်သွားပြီး တောက်ပတဲ့အလင်းရောင်တွေ ဖြာထွက်လာပါတယ်။ ခရမ်းရောင်လျှပ်စီးတွေဟာ ဟန်ကျွယ်ရဲ့ခန္ဓာကိုယ်ကို သန့်စင်တာကြောင့် ဟန်ကျွယ်ခန္ဓာကိုယ်ဟာ ပိုပိုပြီးတော့ သန်မာလာပါတယ်။
ငရဲကြက်နက်၊ ဝူတောက်ကျန့်၊ ရွှင်ချန်အန်းနဲ့ တစ်ခြားသူတွေဟာ ခရမ်းရောင်လျှပ်စီးတွေက ဝီရိယတောင်ကို မဖျက်ဆီးတာ တွေ့လိုက်ရတဲ့အတွက် စိတ်သက်သာရ ရသွားကြပါတယ်။ သူတို့အကုန်လုံးဟာ ဟန်ကျွယ်က ဆန်းကြယ်စွမ်းအား လေ့ကျင့်နေတာလို့ မှတ်ယူလိုက်ကြပါတယ်။
ဒီလိုနဲ့ အချိန်တစ်ခုကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နိုးထလာပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ စာလုံးတွေနဲ့ ခရမ်းရောင်မြူခိုးတွေ အကုန်လုံးဟာ ဟန်ကျွယ်ခန္ဓာကိုယ်ထဲကို စုပ်ယူခံရပြီး ပျောက်ကွယ်သွားကြပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါမှာ သူ့မျက်ဆံတွေက ခရမ်းရောင် ပြောင်းသွားပါတယ်။
“ဒီကျင့်စဉ်ကို လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုလို့ ခေါ်မယ်” ဟန်ကျွယ်ရဲ့ ရေရွတ်သံ အဆုံးမှာပဲ ဘေးနားပတ်ဝန်းကျင်က ခရမ်းရောင်အငွေ့တွေဟာ ဟန်ကျွယ်ခန္ဓာကိုယ်ထဲကို တိုးဝင်လာပါတယ်။ ဒီလိုတိုးဝင်လာတဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်မံတိုးတက်သွားပါတယ်။
[မဟာတာအိုကျင့်စဉ်အား ဖန်တီးနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိပါသည်။]
[မိုးမြေလောကဦးဓားအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[မိုးမြေလောကဦးဓား: နတ်မင်းအဆင့် စိတ်ဝိညာဉ်ရတနာဖြစ်ပြီး လူသတ်လက်နက် ဖြစ်ကာ မကုန်ဆုံးနိုင်သော စွမ်းအားရှိ၏။ အကုသိုလ်ကံများလေလေ ထိခိုက်မှုများလေလေ ဖြစ်သည်။]
‘မဟာတာအိုကျင့်စဉ်’
ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ် ‘အခုအချိန်ကစပြီး ငါ့ကျင့်ကြံမှုလမ်းက ချောမွေ့သွားပြီ’ ဟန်ကျွယ်ဟာ မိုးမြေလောကဦးဓားကို ထုတ်မကြည့်ဘဲ ဆက်ပြီးတော့ သုံးသပ်ပါတယ်။
ဟန်ကျွယ်ဟာ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို နားလည်ထားပြီဆိုပေမဲ့ ၁၀၀ ရာခိုင်နှုန်း နားလည်ထားတာ မဟုတ်ပါဘူး။ ဒီမဟာတာအိုက ဘယ်လောက်ထိ ကျင့်ကြံလို့ရလဲဆိုတာတောင် ဟန်ကျွယ် မသိပါဘူး။
ဟန်ကျွယ်ဟာ စောစောတုန်းက ခံစားခဲ့ရတဲ့ အသိဉာဏ်လင်းလက်မှု ပြန်တွေးလိုက်ပါတယ်။ ဒါပေမဲ့ အိပ်မက်ကနေ နိုးထလာသူပမာ အရာအားလုံးက မှုန်ဝါးဝါး ဖြစ်သွားပါတယ်။
ဒီအဖြစ်အပျက် ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲကချီဟာ ပဋိပက္ခချီ မဟုတ်ဘဲ ပဋိပက္ခချီထက် အဆင့်မြင့်တဲ့ လောကဦးချီမှန်း နားလည် သဘောပေါက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တရာခန္ဓာကိုယ်ဟာ လောကဦးချီကို ဆက်တိုက်ထုတ်လွှတ်ပေးနေပါတယ်။ ဒီလောကဦးချီဟာ ကောင်းကင်တာအိုရဲ့ အထက်မှာရှိတာကြောင့် ကောင်းကင်တာအို နိယာမတွေရဲ့ နှောင်ဖွဲ့မှုကနေ လွတ်ကင်းပါတယ်။
အချိန်အတော်ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့သိစိတ်ဟာ ခန္ဓာကိုယ်ထဲ ပြန်ရောက်လာပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတာကို တွေ့လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုမစိုက်ဘဲ သူ့ခန္ဓာကိုယ်ကိုသာ အာရုံခံကြည့်လိုက်ပါတယ်။
‘ဟင်… ငါ့ဝိညာဉ်စွမ်းအားက ဆယ်ဆမက တိုးပွားသွားပါလား၊ ဒီအတိုင်းဆိုရင် အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်နဲ့ မဝေးတော့ဘူး’
အင်မော်တယ်ဧကရာဇ်တွေကို အဆင့်ကိုးဆင့် ခွဲခြားထားပါတယ်။ ဒီအဆင့်တွေကို တက်လှမ်းဖို့ဆိုရင် လုံလောက်တဲ့ ဝိညာဉ်စွမ်းအားသာမက ဝိညာဉ်အသွင် ပြောင်းလဲဖို့လည်း လိုအပ်ပါတယ်။ ဒီလိုကိုးခါ ပြောင်းလဲသွားပြီးပြီဆိုရင်တော့ နဝမအဆင့်ရှိတဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်သွားမှာပါ။
ဝိညာဉ်က လုံးဝပြီးပြည့်စုံတဲဲ့ အခြေအနေကို ရောက်ရှိသွားပြီဆိုရင် နတ်မင်းအဆင့်ကို ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။
ဧကရာဇ်အဆင့်မှာ ဝိညာဉ်ကို လေ့ကျင့်ရပြီး နတ်မင်းအဆင့်မှာတော့ တာအိုနှလုံးသားကို လေ့ကျင့်ရပါတယ်။ တာအိုနှလုံးသားက ကျောက်တောင်လို ခိုင်မြဲရုံသာမက သက်ရှိအားလုံးကိုလည်း နှိပ်ကွပ်နိုင်ရပါတယ်။ ဒါမှ တကယ့်နတ်မင်းအဆင့် ကျင့်ကြံသူ ဖြစ်လာမှာပါ။
ဟန်ကျွယ်ဟာ သူ့ရလဒ်ကို အတော်လေး ကျေနပ်အားရသွားပါတယ်။
‘မဟာတာအိုအပိုင်းအစ ကိုးစက တော်တော်ကို အထင်ကြီးဖို့ကောင်းတာပဲ၊ နောက်တစ်ခါ ထပ်လိုချင်လိုက်တာ’
အဲဒီနောက် ဟန်ကျွယ်ဟာ ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။
“ငါကို လာတွေ့အုန်း” ရင်းနှီးကျွမ်းဝင်လှတဲ့ အသံတစ်သံဟာ ဟန်ကျွယ်နားထဲ ဝင်လာပါတယ်။ ဒီအသံပိုင်ရှင်က ကောင်းကင်ဧကရာဇ်ပဲ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်က ဘာလာလုပ်တာလဲ’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လိုက်ပြီး သူတို့တွေ့နေကျ တောအုပ်ကို ဦးတည်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရှေ့ကို ရောက်တယ်ဆိုရင်ပဲ ဖိအားအလွန်ကြီးမားတဲ့ ကောင်းကင်ဧကရာဇ်အကြည့်ကို ရင်ဆိုင်လိုက်ရပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို စစ်ဆေးပြီး ပြောလိုက်ပါတယ် “အားကောင်းလိုက်တဲ့ ကံတရား အထောက်အပံ့ပါလား၊ လက်စသတ်တော့ မင်း ဖြစ်နေတာကိုး”
ဟန်ကျွယ်လည်း ကောင်းကင်ဧကရာဇ်ရဲ့စကားကြောင့် မှင်သက်အံဩသွားပြီး သူ့ကံတရားအထောက်အပံ့ကို ပြန်စစ်ဆေးလိုက်ပါတယ်။
‘ဟင်… ဟုတ်သားပဲ၊ ငါ့ကံတရား အထောက်အပံ့က အရင်ကထက် ပိုများလာတယ်’
ကံတရား အထောက်အပံ့ဟာ မမြင်နိုင်သလို အရောင်လည်းမရှိပါဘူး။ ဒါပေမဲ့ အထူးပညာရပ်တစ်ခုနဲ့ အာရုံခံနိုင်သလို အင်မော်တယ်ဧကရာဇ်တွေက သူတို့နတ်အာရုံနဲ့လည်း စစ်ဆေးနိုင်ပါတယ်။
ဟန်ကျွယ်ရဲ့ ကံတရား အထောက်အပံ့ဟာ နေမင်းလိုပဲ တောက်ပနေပါတယ်။
‘မဟာတာအိုကျင့်စဉ်ရဲ့ လွှမ်းမိုးမှုက ဒီလောက်ထိတောင် ကြောက်ဖို့ကောင်းတာပဲ၊ ဒါပေမဲ့ ဒီဟာက ငါ့ဂူအောင်းကျင့်ကြံမှုအတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတော့ပါဘူး။
“ငါ့ကို အမှန်အတိုင်းပြောစမ်း၊ မင်းစောစောတုန်းက ဘာတွေလုပ်နေတာလဲ” ကောင်းကင်ဧကရာဇ်ဟာ ပြင်းပြတဲ့အကြည့်နဲ့ မေးလိုက်ပါတယ်။
‘ကောင်စုတ်လေး… ငါကတော့ ကောင်းကင်ရုံးတော် ကပ်ဘေး ရင်ဆိုင်ရပြီ ထင်နေတာ၊ လက်စသတ်တော့ မင်းလက်ချက်ကိုး၊ မဟာတာအိုကိုတောင် ဆွဲဆောင်နိုင်တယ်ဆိုတော့ အခွင့်အရေးကြီးတစ်ခု ရလိုက်လို့ပဲ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ အကြည့်ကြောင့် နှလုံးသားတစ်ခုလုံး လည်ချောင်းဝ ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီး ဂရုတစိုက် ပြန်ဖြေလိုက်ပါတယ် “ကျွန်တော် အသိဉာဏ်လင်းလက်သွားတာပါ…”
ကောင်းကင်ဧကရာဇ်ဟာ မျက်နှာသေနဲ့ ရပ်နေပေမဲ့ စိတ်ထဲမှာ အံဩတကြီး ဖြစ်သွားပါတယ်။
‘အသိဉာဏ်လင်းလက်တာလား… မင်း အသိဉာဏ်လင်းလက်တာက အင်မော်တယ်ကမ္ဘာတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီ’
‘မဖြစ်သေးဘူး၊ ဒီအကြောင်းကိုသာ ဗုဒ္ဓဂိုဏ်း၊ နတ်ဆိုးရုံးတော်၊ ရှန်နန်းတော်နဲ့ တာအိုဂိုဏ်းတို့သာ သိသွားရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒီကောင်လေးကို လာသတ်မှာပဲ’
ကောင်းကင်ဧကရာဇ်ရဲ့ နှလုံးသားဟာ ပြင်းပြင်တဲ့ဆန္ဒတွေနဲ့ တောက်လောင်သွားပါတယ်။
‘ဒီပုံစံအတိုင်းဆိုရင် ဒီကောင်လေးက ကောင်းကင်ဘဝဂ်ကျင့်ကြံသူတောင် ဖြစ်လာနိုင်တယ်၊ အင်မော်တယ်ကမ္ဘာမှာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ မပေါ်လာတာ နှစ်တွေ ဘယ်လောက်ကြာခဲ့ပြီလဲ’
ကောင်းကင်ဘဝဂ်ကျင့်ကြံသူ ထွက်ပေါ်မလာတာက နှစ်သိန်းချီကြာပြီဖြစ်တာကြောင့် အင်မော်တယ်ကမ္ဘာဟာ လူတိုင်းလိုလိုဟာ အင်မော်တယ်ဧကရာဇ်အဆင့်က ကျင့်ကြံမှုရဲ့ ထိပ်ဆုံးအဆင့်လို့ တွေးထင်ကုန်ကြတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 263
? Views, Released on December 3, 2024