Switch Mode

Chapter – 255

အခန်း (၂၅၅) လွမ်ဟွေ အင်မော်တယ်ဧကရာဇ်
“လွမ်ဟွေအင်မော်တယ်ဧကရာဇ်က မရှိဘူးလို့ ထင်ရပေမဲ့ သူက မကြာခဏဆိုသလို အမွေအနှစ်တွေ ချန်ထားခဲ့တယ်၊ သူက လူတွေက သူ့မျိုးဆက်ဖြစ်လာအောင် လုပ်နိုင်တဲ့ အထူးနည်းလမ်းရှိတယ်၊ သူ ဘယ်ကလာလဲဆိုတာတော့ အခုထိ ဘယ်သူမှ မသိကြသေးဘူး၊ ဒါကြောင့် နောက်ကျရင် ဒီကိစ္စကို မင်းပဲ တာဝန်ယူ စုံစမ်းရလိမ့်မယ်” ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ်။
အိမ်ရှေ့မင်းသား ခေါင်းညိတ်လိုက်ပြီး နားမလည်တဲ့အတွက် မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်မှာရှိတဲ့ တစ်ယောက်ယောက်က လွမ်ဟွေအင်မော်တယ်ဧကရာဇ်ရဲ့ မျိုးဆက် ဖြစ်လာလို့လား”
အိမ်ရှေ့မင်းသားဟာ သူ့ခမည်းတော်က လွမ်ဟွေအင်မော်တယ်ဧကရာဇ်ကို အကြောင်းမရှိဘဲ မစုံစမ်းခိုင်းဘူးဆိုတာ သိတဲ့အတွက် ဒီလိုမေးခြင်း ဖြစ်ပါတယ်။
ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ကောင်းကင်ရုံးတော်တင် မဟုတ်ဘူး၊ ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်း၊ နတ်ဆိုးရုံးတော်နဲ့ တာအိုဂိုဏ်းမှာတောင် သူ့မျိုးဆက်တွေ ရှိနေတယ်၊ ဒါကြောင့် လွမ်ဟွေအင်မော်တယ်ဧကရာဇ်က တစ်ခုခုကြံစည်နေတာ ထင်ရှားတယ်”
အိမ်ရှေ့မင်းသားဟာ အတွေးနက်သွားပါတယ်။
ကောင်းကင်ဧကရာဇ်ကတော့ ဘာမှမပြောဘဲ ကောင်းကင်ယံက ကြယ်တွေကို မော့ကြည့်လိုက်ပါတယ်။ အခုအချိန် ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးကို သေချာစိုက်ကြည့်မယ်ဆိုရင် စိုးရိမ်မှုတွေ ယှက်သမ်းနေတာကို အထင်းသား တွေ့နိုင်မှာပါ။
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ နောက်ဆုံးမှာတော့ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ဝိညာဉ်ကို ဖျက်ဆီးနိုင်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အတော်လေး စိက်သက်သာရာ ရသွားပါတယ်။ 
ဒီနှစ်တွေမှာ တိုက်တိုင်းအောင်ဗုဒ္ဓရှိနေတာကြောင့် ဟန်ကျွယ်ဟာ မကျင့်ကြံရဲပါဘူး။ မတော်တဆများ တိုက်တိုင်းအောင်ဗုဒ္ဓ လွတ်လာခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ဟန်ကျွယ်ဟာ တစ်ချိန်လုံး ထိုင်စောင့်ကြည့်နေတာပါ။
တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကိုတော့ ဟန်ကျွယ်က သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဝိညာဉ်မရှိတော့တဲ့အတွက် တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ဟာ ဘာသိစိတ်မှမရှိဘဲ အလောင်း‌ကောင်လို ဖြစ်နေပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားနိုင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်မှာ နောက်ထပ်ဝိညာဉ်တစ်ခု ထပ်မွေးဖွားလာမှာကို ကာကွယ်ဖို့ လိုပါသေးတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ကာ အနားယူပါတယ်။ ကံကောင်းထောက်မစွာပဲ ရေစက်ဖြတ်ဓားနဲ့ ကံတရားကို ဖြတ်တောက်နိုင်ခဲ့တာကြောင့် ဗုဒ္ဓဂိုဏ်းကလူတွေဟာ ဟန်ကျွယ်ကို မုန်းတီးခြင်းမရှိပါဘူး။
ဗုဒ္ဓဂိုဏ်းအနေနဲ့ ကောင်းကင်ရုံးတော်ရဲ့ နယ်မြေမှာ ဖြစ်ပျက်တာတွေကို တွက်ချက်နိုင်ဖို့က အရမ်းခက်ခဲပါတယ်။ နောက်ပြီး တိုက်တိုင်းအောင်ဗုဒ္ဓကို တစ်ချိန်လုံး စိုက်ကြည့်နေဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့အရာပါ။
ဒီအကြောင်းတွေအပြင် ဟန်ကျွယ်က တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ ဗုဒ္ဓဂိုဏ်းရဲ့ ရေစက်ကို ဖြတ်တောက်ခဲ့တာကြောင့် ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓဘိုးဘေးကိုယ်တိုင် တွက်ချက်ရင်တောင် တိုက်တိုင်းအောင်ဗုဒ္ဓကို ဘယ်သူသတ်သွားလဲဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် တိုက်တိုင်းအောင်ဗုဒ္ဓက ကောင်းကင်ရုံးတော်နယ်မြေမှာ သေသွားတဲ့အတွက် ဗုဒ္ဓဂိုဏ်းကလူတွေက ကောင်းကင်ဧကရာဇ်ကို မုန်းတီးကြမှာတော့ မြေကြီးလက်ခတ်မလွှဲပါပဲ။
ဟန်ကျွယ်ဟာ တွေးလေ စိတ်သက်သာလေ ဖြစ်သွားပြီး စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
ဒီနှစ်ထဲမှာ ကောင်းကင်ရုံးတော်က ငြိမ်းချမ်းနေတဲ့အတွက် ဟန်ကျွယ် မိတ်ဆွေတွေဟာ ပြဿနာသိပ်မရှိကြပါဘူး။ ဂျိရှင်းရှန်နဲ့ ဟွမ်ဂျိဟောင်ကတော့ ထုံးစံအတိုင်း တိုက်ခိုက်ခံရတဲ့အရေအတွက် လျော့ကျမသွားပါဘူး။
‘ငါ နောက်ဆုံးတော့ ပြန်ကျင့်ကြံနိုင်ပြီပဲ’ ဟန်ကျွယ်ဟာ ပျော်ရွှင်စွာ တွေးလိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားတာကြောင့် ဟွမ်ဇွမ်တျန်ကို အထဲခေါ်လိုက်ပါတယ်။
အရေးကြီးကိစ္စပြောဆိုမှာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်မောင်းထုတ်လိုက်ပါတယ်။
ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ရင်း ကြောက်သလိုလို ရွံ့သလိုလို ဖြစ်နေပါတယ်။
“ငါ မင်းကို ဘုံပျံတက်ပြီး အင်အားစုတစ်စုထဲ ဝင်ခိုင်းဖို့ စီစဉ်ထားတယ်၊ အဲဒီမတိုင်ခင် မင်းလိုချင်တာရှိရင် ငါ့ကိုပြောနိုင်တယ်”
ဟွမ်ဇွမ်တျန်ဟာ စိတ်လှုပ်ရှားသွားပါတယ် ‘ငါ အကျိုးဆောင်ရတော့မှာပဲ’
“ကျွန်တော် အမျာကြီး မတောင်းဆိုရဲပါဘူး၊ ဆရာရဲ့ တာအိုဟောကြားမှုနဲ့တင် ကျွန်တော်ကို တော်တော်လေး အကျိုးဖြစ်ထွန်းစေပါတယ်”
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် ကောင်းကင်မက်မွန်သီးတစ်လုံးကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ဟွမ်ဇွမ်တျန်ကို ကမ်းပေးလိုက်ပါတယ်။
“ဒါကို စားလိုက်၊ မင်းကျင့်ကြံမှုကို တိုးတက်စေလိမ့်မယ်၊ ပြီးရင် မင်းတစ်ခါတည်း ဘုံပျံတက်လို့ရပြီ၊ မင်းဘုံပျံတက်ပြီးရင် အင်မော်တယ်ကမ္ဘာရဲ့ ကျယ်ကျောင်းတော်ထဲဝင်၊ အဲဒီနောက် ဘာဆက်လုပ်ရမလဲဆိုတာတော့ မင်း သိပါတယ်”
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ဗုဒ္ဓဂိုဏ်းဆီ စေလွှတ်ချင်တာပါ။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်က ထုန်ကျန့်ကမ္ဘာက ဖြစ်တဲ့အတွက် ဗုဒ္ဓဂိုဏ်းထဲဝင်ရင် မျက်စိဒေါက်ထောက်ကြည့်ခံရမှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိုက်တိုင်းအောင်ဗုဒ္ဓက ထုန်ကျန့်ကမ္ဘာနားမှာ သေဆုံးသွားလို့ပါ။
ကျယ်ကျောင်းတော်ကတော့ အခုအချိန်မှာ ဟန်ကျွယ်နဲ့ ဘာရန်ငြိုးရန်စမှ မရှိသေးပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူတို့တွေ ရန်သူဖြစ်လာတော့မယ်လို့ ခံစားနေရပါတယ်။
ကောင်းကင်ရုံးတော်နဲ့ ကျယ်ကျောင်းတော်ရဲ့ တိုက်ပွဲကို ထည့်မတွက်ရင်တောင် ဓားတာအိုမြစ်မှာ ပြဿနာလာရှာတဲ့ ကျယ်ကျောင်းတော်က ကျင့်ကြံသူနှစ်ယောက်ကို ထည့်တွက်ဖို့ လိုပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ကျယ်ကျောင်းတော်ထဲဝင်ပြီး သူလျှိုလုပ်ခိုင်းတာပါ။
ဟွမ်ဇွမ်တျန်ဟာ စိတ်လှုပ်တရှား ဖြစ်သွားပြီး ဟန်ကျွယ်ကို ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြောကာ ကောင်းကင်မက်မွန်းသီးကို ယူလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ထွက်သွားဖို့ အချက်ပြလိုက်တဲ့အတွက် ဟွမ်ဇွမ်တျန်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်သွားပါတယ်။
တစ်ခဏအကြာမှာတော့ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်လာပြီး ပြုံးဖြဲဖြဲနဲ့ မေးလိုက်ပါတယ် “သခင်… သခင့်ဆီမှာ နောက်ထပ်မက်မွန်သီး တစ်လုံးနှစ်လုံးလောက် မရှိတော့ဘူးလား”
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဖြေလိုက်ပါတယ် “မရှိတော့ဘူး”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်အဖြေကို ကြားလိုက်ရတဲ့အခါမှာ စိတ်ပျက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဂရုမစိုက်ဘဲ ဆက်လက်ကျင့်ကြံပါတယ်။
ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်က အင်မော်တယ်ဧကရာဇ် ဖြစ်လာအောင် ကျင့်ကြံဖို့ နည်းလမ်းပါပေမဲ့ နတ်မင်းဖြစ်လာအောင် ကျင့်ကြံနိုင်တဲ့ နည်းလမ်းတော့ မပါပါဘူး။ ဒါပေမဲ့ နတ်မင်းအဆင့်က ဟန်ကျွယ်နဲ့ ဝေးလွန်းနေသေးတဲ့အတွက် အခုလောလောဆယ်မှာတော့ ဒီကိစ္စအတွက် စိုးရိမ်စရာ မလိုပါဘူး။
‘နောက်ကျလို့ မဟာတာအိုအပိုင်းအစ ကိုးစကို စုစည်းမိရင် နတ်မင်းအဆင့် ရောက်နိုင်တဲ့နည်းလမ်းကို ရမှာပဲ’
‘အင်မော်တယ်ဧကရာဇ် ပထမအဆင့်က ဘာမှမဟုတ်သေးဘူး၊ ဆဋ္ဌမအဆင့်ရှိတဲ့ တိုက်တိုင်းအောင်ဗုဒ္ဓတောင် ခပ်လွယ်လွယ်သေသေးတာ ငါလည်း ခပ်လွယ်လွယ်သေနိုင်တယ်… ငါ သတိလွတ်လို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
…..
ငရဲပြည်ရဲ့ အသူရာချောက်တစ်ခု။
ဂျိရှင်းရှန်ဟာ တောင်နံရံကိုမှီပြီး အသက်ဝအောင် ရှူနေပါတယ်။ ဂျိရှင်းရှန်ဟာ သူ့ကိုယ်သူ အတက်နိုင်ဆုံး ထိန်းချုပ်ပြီး တရားထိုင်ဖို့ ကြိုးစားပါတယ်။
အနက်ရောင်ရောင်ဝါလုံးတစ်လုံးဟာ ဂျိရှင်းရှန်ခေါင်းပေါ်မှာ ပေါလောမျောနေပြီး စနောက်လိုက်ပါတယ် “မင်းက တကယ်ကို ရက်စက်တာပဲ၊ မင်း ဆက်ပြီး သတ်အုန်းမှာလား၊ မင်းက အသက်သုံးထောင်တည်းနဲ့ မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ် ဖြစ်နေပြီ၊ ဒီလိုအရည်အချင်းမျိုးက ရှန်နန်းတော်မှာတောင် ထိပ်တန်းအဆင့်ရှိတယ်၊ မင်းအခု အနားယူသင့်နေပြီ”
ဂျိရှင်းရှန်ဟာ မျက်လုံးမဖွင့်ဘဲ ပြောလိုက်ပါတယ် “ကျွန်တော်က ကျွန်တော်ကိုယ် ကျွန်တော် ရှန်နန်းတော်နဲ့ တစ်ခါမှာ မနှိုင်းယှဉ်ဘူး၊ ကျွန်တော် ပစ်မှတ်က ဒီထက်ပိုစွမ်းတယ်”
“အို… ဟုတ်လား… ဘယ်သူများလဲ”
“ဒီလူက နာမည်မရှိဘူး၊ ဒါပေမဲ့ သူ့အရည်အချင်းက အနန္တကမ္ဘာမှာ နံပါတစ်ပဲ၊ နောက်တစ်ခါ ကျွန်တော်တို့တွေ ပြန်တွေ့ရင် ကျွန်တော် သူ့ကို လုံးဝအနိုင်ယူချင်တယ်”
စကားအဆုံးမှာပဲ ဂျိရှင်းရှန်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး နေမင်းလို တောက်ပသွားပါတယ်။
‘ကွမ်းယွီ… မဟုတ်ဘူး ချောင်ချောင်…’
‘ငါ မင်းကို ကျိန်းသေပေါက် အနိုင်ယူပြမယ်’
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်က သူ့ရှေ့မှာ လဲကျပြီး သူ့ကို မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတာကို စိတ်ကူးယဉ်ပြီး ကြက်သီးမွေးညင်းထအောင် စိတ်လှုပ်ရှားသွားပါတယ်။
‘အရမ်းခံစားလို့ကောင်းတယ်’
အဲဒီနောက် ဂျိရှင်းရှန်ဟာ သူ့ခံစားချက်ကို ပြန်ထိန်းချုပ်ပြီး သူ့စွမ်းအားကို လှည့်ပတ်လိုက်ပါတယ်။
အနက်ရောင်ရောင်ဝါလုံးက ရုတ်တရက် ပြောလိုက်ပါတယ် “အကောင်ကြီးတစ်ကောင် လာနေတယ်၊ ဒီကောင်ရဲ့ ကံဆိုးက အရမ်းကြောက်ဖို့ကောင်းတယ်၊ ကြည့်ရတာ ဒီကောင်က ဝိညာဉ်ဆယ်သန်းထက်မနည်း ဝါးမြိုထားပုံပဲ၊ မင်း ဂရုစိုက်မှရလိမ့်မယ်”
အနက်ရောင်ရောင်ဝါလုံးရဲ့ စကားကြောင့် ဂျိရှင်းရှန်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။
…..
မိုင်ထောင်ချီ ပတ်လည်မှာ တိမ်တိုက်တစ်ခုတောင် မရှိဘဲ ပင်လယ်ထက်မှာ ကျွန်းတစ်ကျွန်းပဲ ရှိနေပါတယ်။ ဒီကျွန်းပေါ်မှာတော့ ကျင့်ကြံသူလေးငါးရာ တရားထိုင်နေကြပြီး ရွှမ်ချင်းကျွင်းလည်း အပါအဝင်ပါ။ ရွှမ်ချင်းကျွင်းဟာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး လေပေါ်ပျံနေတဲ့ သက်လတ်ပိုင်းအရွယ် တာအိုဆရာတစ်ယောက်ကို စိုက်ကြည့်နေပါတယ်။
နှစ်အတော်ကြာညောင်းခဲ့တဲ့ သင်ပြပို့ချမှု ပြီးဆုံးသွားတာကြောင့် ကျယ်ကျောင်းတွေရဲ့ တပည့်တွေဟာ သူတို့မရှင်းလင်းတာတွေကို တစ်ယောက်ပြီး တစ်ယောက် မေးမြန်းကြပါတယ်။ ရွှမ်ချင်းကျွင်းကတော့ တိတ်တဆိတ် နားထောင်ပါတယ်။
ဒီအချိန်မှာ အမျိုးသား ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် မေးလိုက်ပါတယ် “ဆရာသခင်… ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုက ဘာအတွက်လဲ၊ ကျွန်တော်တို့ ကျယ်ကျောင်းတော်က ဘာကြောင့် တည်ရှိနေရတာလဲ”
လေထုတစ်ခုလုံး တင်းကြပ်သွားပြီး တပည့်တွေအကုန်လုံးလည်း တိတ်ဆိတ်သွားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့လည်း ဒီကိစ္စကို စိတ်ဝင်စားတာ သိသာလှပါတယ်။
လွန်ခဲ့တဲ့နှစ်တွေက ကျယ်ကျောင်းတော်ဟာ ကောင်းကင်ရုံးတော်ကို တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် အင်မော်တယ်ကမ္ဘာမှာ လူရယ်စရာ ဖြစ်ခဲ့ရပါတယ်။ လူသား၊ နတ်ဆိုးနဲ့ တစ်ခြားမျိုးနွယ်စုတွေကတောင် ကျယ်ကျောင်းတော်ကို ရှေ့တင်မှာရော ကွယ်ရာမှာရော လှောင်ပြောင် သရော်နေကြတာပါ။
ကျယ်ကျောင်းတော်ဟာ တစ်ချိန်တုန်းက အင်မော်တယ်ကမ္ဘာကို အုပ်စိုးခဲ့ပါတယ်။ ဒီလိုဂုဏ်ကျက်သရေ ရှိခဲ့ဖူးတာကြောင့် ကျယ်ကျောင်းတော်ရဲ့ တပည့်တိုင်းဟာ ရည်မှန်းချက် ကြီးမားကြပါတယ်။ ရည်မှန်းချက် ကြီးမားကြတဲ့ ကျယ်ကျောင်းတော်ရဲ့ တပည့်တွေဟာ တစ်ခြားသူ လှောင်ပြောင်တာကို ဘယ်နည်းနဲ့မှ မခံချင်ကြပါဘူး။
သက်လက်ပိုင်း တာအိုဆရာက ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “တာအိုဂိုဏ်းက လောကကြီးရဲ့ အုတ်မြစ်ပဲ၊ ဒါပေမဲ့ ကျယ်ကျောင်းတော်က အတိတ်မှာ အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တယ်၊ ငါတို့က ငါတို့ဘိုးဘေးတွေရဲ့ အကြွေးကို ပြန်ပေးဆပ်နေရတာပဲ၊ ဒီအကြွေးတွေ ကျေသွားတဲ့နေ့က ငါတို့ကျယ်ကျောင်းတော် အင်အားပြန်ကောင်းလာမဲ့နေ့ပဲ”
အမျိုးသားတပည့်က ဆက်မေးပါတယ် “ကျယ်ကျောင်းတော်နဲ့ ကောင်းကင်ရုံးတော်ကြားက ရန်ငြိုးရန်စကရော”
သက်လတ်ပိုင်း တာအိုဆရာဟာ အမျိုးသားတပည့်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “ကလဲ့စားချေဖို့အချိန် မရောက်သေးဘူး”
တပည့်တွေဟာ တီးတိုးတီးတိုး ဖြစ်သွားပါတယ်။
“မင်းတို့တွေ မင်းတို့ရဲ့ ဂိုဏ်းတူအစ်ကိုကြီးဆီက လေ့လာသင်ယူသင့်တယ်၊ ငါတို့မျိုးဆက်က အပြင်ပန်းကနေကြည့်ရင် ဂုဏ်ရှိန်ဂုဏ်ဝါ ရှိတယ်ဆိုပေမဲ့ တပည့်တွေအများကြီးထဲမှာ မင်းတို့ ဂိုဏ်းတူအစ်ကိုကြီးပဲ အားကိုးစရာရှိတယ်” သက်လတ်ပိုင်းတာအိုဆရာက တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ်။
တစ်စုံတစ်ယောက် မေးလိုက်ပါတယ် “ဂိုဏ်းတူအစ်ကိုကြီးက ဧကရာဇ်အဆင့်ကို ရောက်တော့မှာလား”
သက်လတ်ပိုင်းတာအိုဆရာက ပြန်ဖြေပါတယ် “ဟုတ်တယ်၊ သူက ဧကရာဇ်အဆင့် ထိုးဖောက်နိုင်တဲ့လမ်းကို ရောက်နေပြီ၊ အများဆုံးနှစ်တစ်ရာအတွင်း သူ အင်မော်တယ်ဧကရာဇ် ဖြစ်လာလိမ့်မယ်”
‘ဧကရာဇ်အဆင့်လား’ 
တပည့်တွေအကုန်လုံးဟာ အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး လေးစားအားကျတဲ့ မျက်နှာထားတွေ ဖြစ်သွားကြပါတယ်။
ရွှမ်ချင်းကျွင်းကတော့ အင်မော်တယ်ဧကရာဇ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမဲ့ရက်ကို မျှော်ကြည့်လိုက်ပါတယ်။ အင်မော်တယ်ဧကရာဇ်ဆိုတာ ရွှမ်ချင်းကျွင်းနဲ့ တစ်ခြားတပည့်တွေအဖို့ ကောင်းကင်တာအိုလိုမျိုး စွမ်းအားကြီးမားတဲ့ တည်ရှိမှုတစ်ခုပါပဲ။
အင်မော်တယ်ကမ္ဘာမှာတောင် အင်မော်တယ်ဧကရာဇ်တွေက ဒဏ္ဍာရီပါ။
ရွှမ်ချင်းကျွင်းဟာ သက်ပြင်းချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အရည်အချင်းနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်ဖို့ဆိုတာက လုံးဝနီးပါး မဖြစ်နိုင်တဲ့အရာမို့လို့ပါပဲ။ ရုတ်တရက်ဆိုသလို ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ကို တွေးမိသွားပါတယ်။
‘ဒီကောင်လေးရဲ့ အရည်အချင်းက ယုတ္တိမတန်ဘူး၊ သူမှာတော့ အင်မော်တယ်ဧကရာဇ် ဖြစ်လာဖို့ မျှော်လင့်ချက်ရှိနိုင်တယ်၊ ငါ အဲဒီနေ့အထိ အသက်ရှင်နေရင် သိပ်ကောင်းမှာပဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset