အခန်း (၂၅၄) တိုက်တိုင်းအောင်ဗုဒ္ဓအား ဖမ်းဆီးခြင်း
‘တိုက်တိုင်းအောင်ဗုဒ္ဓလား’ ဟန်ကျွယ်ဟာ ဒီနာမည်ကို မြင်လိုက်ရတာကြောင့် ရင်ထိတ်သွားပါတယ်။ အဲဒီနောက် တည်နေရာကို ချက်ချင်း စစ်ဆေးလိုက်တဲ့အခါမှာ ဟင်းလင်းပြင်ရဲ့ နက်ရှိုင်းတစ်နေရာမှာ ပုန်းအောင်းပြီး ဒဏ်ရာတွေ ကုသနေတာကို တွေ့သွားပါတယ်။
စနစ် အဆင့်မြှင့်တင်ပြီးကတည်းက အသွင်တူလက်ရည်စမ်းပွဲရဲ့ စစ်ဆေးနိုင်တဲ့ နယ်ပယ်ဟာလည်း တိုးလာပါတယ်။ ဒါကြောင့်လည်း ထုန်ကျန့်ကမ္ဘာနဲ့ တော်တော်ဝေးဝေးမှာရှိတဲ့ တိုက်တိုင်းအောင်ဗုဒ္ဓကို လှမ်းထောက်လှမ်းနိုင်တာပါ။ တိုက်တိုင်းအောင်ဗုဒ္ဓရှိတဲ့ နေရာကို သာမန် ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေ သွားမယ်ဆိုရင်တောင် အချိန်နည်းနည်း ယူရမှာပါ။
ဒါပေမဲ့ ဟန်ကျွယ်သွားချင်ရင်တော့ မျက်တောင်တစ်ခတ်အတွင်း သွားနိုင်ပါတယ်။
တိုက်တိုင်းအောင်ဗုဒ္ဓ ဒဏ်ရာကုသနေတုန်းမှာပဲ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ တိုက်ခိုက်ပါတော့တယ်။
ဒီလိုနဲ့ တစ်ခဏအကြာမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ထူးဆန်းတဲ့မျက်နှာထား ဖြစ်သွားပါတယ် ‘ဒါက တိုက်တိုင်းအောင်ဗုဒ္ဓလား၊ ဒီလောက်အစွမ်းလေးနဲ့ ရှန်စစ်သူကြီး ကျန်းယီတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တာလား’
‘နေအုန်း… သူ့ ဒဏ်ရာတွေကြောင့် ဒီလောက် အားနည်းနေတာလား… ဒါ အဖြစ်နိုင်ဆုံးပဲ’
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘ဒီကောင်က ဒီလောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာတောင် ငါ့ဆီ လာရဲသေးတယ်၊ သူ တစ်ခုခုကို ကြံစည်နေတာများလား’
ဟန်ကျွယ်ဟာ နိုးနိုးကြားကြား ဖြစ်လာပြီး တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒါကြောင့် ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။
မကြာခင်မှာပဲ နတ်အာရုံချင်း ဆက်သွယ်မိသွားပါတယ်။
“စီနီယာ… တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ အခြေအနေ ဘယ်လိုရှိလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
တိထိုက်ပိုင်က အပြုံးနဲ့ ပြန်ဖြေပါတယ် “သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်၊ အခုဆိုရင် သူ့စွမ်းအားက ဆယ်ပုံတစ်ပုံတောင် မရှိတော့ဘူး၊ ဒါပေမဲ့ အကြောင်းအရင်း တချို့ကြောင့် ကောင်းကင်ဧကရာဇ်က သူ့ကို ဆက်မလိုက်ဖို့ အမိန့်ထုတ်လိုက်တယ်၊ ငါအထင်တော့ အရှင်မင်းကြီးကို ဗုဒ္ဓဂိုဏ်းကို မျက်နှာနည်းနည်းပေးချင်လို့ နေလိမ့်မယ်”
‘ပြင်းပြင်းထန် ဒဏ်ရာရသွားတာလား၊ ဒါဆို ဒီကိစ္စက တကယ်ပေါ့’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ညကောင်းကင်ယံက လပြည့်ဝန်းလို တောက်ပသွားပါတယ်။
‘ကောင်းကင်ဧကရာဇ်က တိုက်တိုင်းအောင်ဗုဒ္ဓကို ဘာလို့ ဆက်မလိုက်ခိုင်းတာလဲ’
‘ဗုဒ္ဓဂိုဏ်းကို မျက်နှာသာပေးချင်လို့လား၊ ဒါဆိုရင်လည်း ထုန်ကျန့်ကမ္ဘာနား တိုက်တိုင်းအောင်ဗုဒ္ဓ ရောက်လာတာကို ဘာလို့ ထိုင်ကြည့်နေတာလဲ’
‘ဒီကိစ္စမှာ ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်၊ ကောင်းကင်ဧကရာဇ်က ငါ့အစွမ်းကို စမ်းသပ်ချင်နေတာပဲ’
‘ဒါဆိုရင် နောင်ပြဿနာမရှုပ်အောင် ငါသူ့ကို သတ်လိုက်သင့်လား၊ အခုလိုအချိန်မှာ သူ့ကို သတ်ဖို့က အလွယ်ဆုံးပဲ’
ဟန်ကျွယ်ဟာ စနစ်ကိုအသုံးပြုပြီး သူ့ကျင့်ကြံမှုကို မဟာညီညွတ်မှု အင်မော်တယ်စစ် အဆင့်ဆီ ဖိနှိပ်လိုက်ပါတယ်။ ပြီးတော့မှပဲ မတ်တတ်ရပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ဟင်းလင်းပြင်ဆီ ခုန်ထွက်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ တိုက်တိုင်းအောင်ဗုဒ္ဓကို အနိုင်ယူနိုင်ခဲ့တာကြောင့် ဟန်ကျွယ်ဟာ ကြောက်လန့်တုန်လှုပ်ခြင်း မရှိဘဲ တိုက်တိုင်းအောင်ဗုဒ္ဓဆီ ခပ်မြန်မြန်ပဲ ပျံသန်းသွားပါတယ်။
ဟန်ကျွယ်ရဲ့ရောင်ဝါကို အာရုံခံမိတဲ့ တိုက်တိုင်းအောင်ဗုဒ္ဓဟာ မျက်လုံးဖွင့်ပြီး ကြည့်လိုက်ပါတယ်။ အဲဒီနောက် နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်ပဲ ရှိတာကို တွေ့လိုက်ရတာကြောင့် တိုက်တိုင်းအောင်ဗုဒ္ဓဟာ သတိလျော့ကျသွားပါတယ်။
‘ဝတ်ရုံဖြူဗုဒ္ဓက ဒီလိုနေရာမျိုးမှာ နေချင်တာ အံဩစရာမရှိတော့ပါဘူး၊ သူ့ကျင့်ကြံမှုနဲ့ဆိုရင် သေမျိုးကမ္ဘာမှာ လုပ်ချင်တာလုပ်လို့ရနေပြီ၊ နောက်ပြီး ဒါကိုကြည့်ခြင်းအားဖြင့် ဝတ်ရုံဖြူဗုဒ္ဓက အဖမ်းခံထားရတာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်၊ သူက ကောင်းကင်ရုံးတော်ထဲကို တကယ် ခိုဝင်သွားတာပဲ’ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခေါင်းထဲမှာ အတွေးမျိုးစုံ ယှက်သမ်းသွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓဆီ ရောက်လာပါတယ်။
“ခင်ဗျားက ဘယ်သူလဲ၊ ကျုပ် သေမျိုးကမ္ဘာကို ဘာလာလုပ်တာလဲ” ဟန်ကျွယ်ဟာ ဘာမှမသိတဲ့ မျက်နှာထားနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် တိုက်တိုင်းအောင်ဗုဒ္ဓဟာ ဘာသံသယမှမဝင်ဘဲ ပြန်ဖြေလိုက်ပါတယ် “ငါက ဒီနေရာကို လူလာရှာတာ၊ ငါ့ကို မမြင်သလိုဘဲ သဘောထားလိုက်”
‘ထူးဆန်းတယ်၊ ကောင်းကင်ရုံးတော်က ငါ့နောက်ကို ဘာလို့ မလိုက်တော့တာလဲ၊ ကောင်းကင်စစ်သူကြီးတွေ မရှိတော့လို့လား’ တိုက်တိုင်းအောင်ဗုဒ္ဓဟာ ကောင်းကင်ရုံးတော်ထဲကို အထင်သေးသွားပါတယ်။
တိုက်တိုင်းအောင်ဗုဒ္ဓဟာ ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်စစ်သူကြီး အများကြီးကို သတ်ပစ်ခဲ့တဲ့အပြင် ရှန်စစ်သူကြီးကိုလည်း အပြင်းအထန် ဒဏ်ရာရစေခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တာတောင် ကောင်းကင်ရုံးတော်က လိုက်မတိုက်တဲ့အတွက် တိုက်တိုင်းအောင်ဗုဒ္ဓဟာ ကောင်းကင်ရုံးတော်ကို အထင်အမြင်သေးသွားခြင်း ဖြစ်ပါတယ်။
ဟန်ကျွယ်က ရင်ထိတ်သွားတဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူ့ကို လာရှာတာလဲ”
တိုက်တိုင်းအောင်ဗုဒ္ဓဟာ ဟန်ကျွယ်ရဲ့ လျှာရှည်မှုကြောင့် စိတ်မရှည် ဖြစ်လာပါတယ် “အဲဒါ မင်းနဲ့ ဘာ….”
တိုက်တိုင်းအောင်ဗုဒ္ဓ စကားမဆုံးခင်မှာပဲ ဟန်ကျွယ်ဟာ လျှပ်တပြက် တိုက်ခိုက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်ထဲမှာ ရုတ်ခြည်းပေါ်လာတဲ့ ဟွမ်သွမ့်ဓားကို ဆုပ်ကိုင်ပြီး အားကုန် ခုတ်ပိုင်းလိုက်ပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားချီဟာ ပေါက်ကွဲထွက်သွားပြီး ဟင်းလင်းပြင်ကို တောက်ပလင်းထိန် သွားစေပါတယ်။
ကောင်းကင်ဓားတာအို ဒုတိယအဆင့်။
ရေစက်ဖြတ်ဓား။
တိုက်တိုင်းအောင်ဗုဒ္ဓဟာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး လက်မြှောက်ပြီး သူ့ကိုယ်သူ ကာကွယ်လိုက်ပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓဟာ လက်နှစ်ဖက်ကို ကြက်ခြေခတ်မြှောက်ပြီး ဝိညာဉ်စွမ်းအား အကုန်ထုတ်ကာ ကာကွယ်လိုက်ခြင်း ဖြစ်ပါတယ်။
“ဝုန်း…”
ဓားချီ ဖြတ်သန်းလာတဲ့ အခါမှာတော့ တိုက်တိုင်းအောင်ဗုဒ္ဓဟာ တားဆီးမရနိုင်တဲ့ သတ်ဖြတ်ငွေ့ကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲက တစ်ခုခု ပြတ်တောက်သွာတာကို ခံစားလိုက်ရပါတယ်။
‘မဖြစ်နိုင်ဘူး… ဒီဓားသိုင်းက ဘယ်လိုလုပ်ပြီး ရေစက်ကို ဖြတ်တောက်နိုင်ရတာလဲ’
ဒီအတွေးကြောင့် တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ရင်ထဲမှာ မုန်တိုင်းထန်သွားပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်တဲ့အခါမှာတော့ ရွှေတုတ်ချောင်း ပေါ်လာပြီး သေးသေးလေးလေးကနေ အကြီးကြီး ဖြစ်လာပါတယ်။
ဟန်ကျွယ်ရဲ့ မျက်နှာကတော့ ခံစားချက်ကင်းမဲ့ကာ အေးစက်နေပြီး သုံးလောက သန့်ရှင်းခြင်းကို ထုတ်ဖော်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ရေစက်ဖြတ်ဓားက တိုက်တိုင်းအောင်ဗုဒ္ဓကို သတ်ဖို့ရည်ရွယ်တာ မဟုတ်ပါဘူး။ တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ ဗုဒ္ဓဂိုဏ်းကြားက ရေစက်ကို ဖြတ်တောက်ပစ်ချင်တာပါ။ ဒီလိုမှသာ ဗုဒ္ဓဂိုဏ်းက တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ ဟန်ကျွယ်ရဲ့ တိုက်ပွဲကို မတွက်ချက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲက အခုမှစတာပါ။
ဟန်ကျွယ်ရဲ့ ကျောဘက်မှာ ဓားချီပင်လယ်ကိုးစင်း ပေါ်ပေါက်လာပြီး မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေ ဖြစ်တည်လာကာ တိုက်တိုင်းအောင်ဗုဒ္ဓကို တရစပ် တိုက်ခိုက်ပါတော့တယ်။
တိုက်တိုင်းအောင်ဗုဒ္ဓဟာလည်း ရန်သူက မဟာညီညွတ်မှု အင်မော်တယ်စစ် မဟုတ်ဘဲ အင်မော်တယ်ဧကရာဇ် ဖြစ်နေမှန်း သိသွားတာကြောင့် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပါတယ်။
‘ကောင်းကင်ရုံးတော်က လက်မလျှော့သေးဘူးပဲ’
တိုက်တိုင်းအောင်ဗုဒ္ဓဟာ တိုက်ခိုက်ဖို့ မွေးဖွားလာသူမို့ ထွက်ပြေးခြင်းမရှိပါဘူး။ အဲဒီအစား ရွှေရောင်ကြာပလ္လင်ကနေ ခုန်ထွက်ပြီး ဟန်ကျွယ်ဆီ တဟုန်ထိုး ပျံသန်းသွားပါတယ်။ ဒါပေမဲ့လည်း တိုက်တိုင်းအောင်ဗုဒ္ဓဟာ ဟန်ကျွယ်ဆီ မရောက်နိုင်ဘဲ ဓားအရိပ်သန်းချီကြားမှာ နှစ်မြုပ်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထပ်ခါထပ်ခါ ဝှေ့ယမ်းပြီး ဓားအရိပ်သန်းချီကို ဆက်တိုက် ဖြစ်ပေါ်စေပါတယ်။ ဒီလိုဓားအရိပ်တွေ ဆင့်ခေါ်ရင်းနဲ့ ဟန်ကျွယ်ဟာ နံပါတ်စဉ်ကို နောက်ပြန် ရေတွက်လိုက်ပါတယ်။
“ခြောက်”
“ငါး”
ဟန်ကျွယ်ဟာ မျက်စိရှင်ရှင်ထားပြီး တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ပဓာနဝိညာဉ် လွတ်မြောက်သွားမှာကို မလွတ်တမ်း စောင့်ကြည့်နေပါတယ်။
ဟန်ကျွယ်ရဲ့ ရေတွက်မှု နံပါတစ်တစ်ကို ရောက်တဲ့အခါမှာတော့ တိုက်တိုင်းအောင်ဗုဒ္ဓဟာ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ ရုပ်ခန္ဓာပြိုကွဲသွားပါတယ်။
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
တိုက်တိုင်းအောင်ဗုဒ္ဓဟာ တုန်လှုပ်ချောက်ချားသွားပြီး ပဓာနဝိညာဉ်နဲ့ ချက်ချင်း ထွက်ပြေးပါတယ်။
ဟန်ကျွယ်ဟာ အသင့်ပြင်ဆင်ထားတာမို့ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ပဓာနဝိညာဉ်ပေါ်လာတာနဲ့ ဒြပ်စင်ငါးပါး နတ်အလင်းတန်းကို အသုံးပြုလိုက်ပါတယ်။ ငါးရောင်ခြယ်အလင်းတန်ဟာ ဟန်ကျွယ်ရဲ့ အင်္ကျီလက်စထဲကနေ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ပဓာနဝိညာဉ်ဆီ ပျံသန်းသွားပါတယ်။
ဒြပ်စင်ငါးပါး နတ်အလင်းတန်းဟာ ရှေးဟောင်းဆန်းကြယ်စွမ်းအားဖြစ်ပြီး အလွန်ပြင်းထန်တဲ့အတိုက် ရှိပါတယ်။ ဒီဆန်းကြယ်စွမ်းအားဟာ ရန်သူရဲ့ ဝိညာဉ်ရတနာကို လုယူနိုင်တဲ့အပြင် ဘယ်အစီအရင်ကိုမဆို အားသုံးပြီး ချိုးဖျက်နိုင်ပါတယ်။ ဒါ့အပြင် ဝိညာဉ်ကိုလည်း ခိုးနိုင်ပါသေးတယ်။
တိုက်တိုင်းအောင်ဗုဒ္ဓဟာ အန္တရာယ်အငွေ့အသက်ကို ခံစားမိတာကြောင့် နောက်ပြန် လှည့်ကြည့်မိလိုက်တဲ့အခါမှာ ဒြပ်စင်ငါးပါး နတ်အလင်းတန်းနဲ့ ဖမ်းမိသွားပြီး ဟန်ကျွယ်အင်္ကျီလက်စထဲ ပြန်ပါသွားပါတယ်။
ဟန်ကျွယ်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်တဲ့အခါမှာ အကောင်းပကတိ ပြန်ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓဟာ အသားတစ်စ ကျန်နေသေးရင်တောင် မူလခန္ဓာကိုယ်ကို ချက်ချင်းနီးပါး ပြန်ရအောင် လုပ်နိုင်သူပါ။
ဟန်ကျွယ်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို မန္တန်တစ်ပုဒ်နဲ့ ချုပ်နှောင်ပြီးမှာ အင်္ကျီလက်စထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ထုန်ကျန့်ကမ္ဘာဆီ ပြန်ပါတယ်။
တာအိုဘုံကျောင်းတစ်ကျောင်းအတွင်း။
ဝတ်ရုံဖြူဗုဒ္ဓဟာ ကြက်သေသေသွားပြီး အတော်လေး ကြောက်လန့်သွားပါတယ်။
‘မဖြစ်နိုင်ဘူး… တိုက်တိုင်းအောင်ဗုဒ္ဓက နည်းနည်းလေးတောင် ယှဉ်မတိုက်နိုင်ဘဲ အဖမ်းခံလိုက်ရတယ်၊ ဒါလုံးဝ မဖြစ်နိုင်ဘူး… ငါ အာရုံခံမှားတာပဲ နေမယ်’
ဝတ်ရုံဖြူဗုဒ္ဓဟာ အင်မော်တယ်ဧကရာဇ် မဟုတ်တဲ့အတွက် တိုက်တိုင်းအောင်ဗုဒ္ဓက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာကို မသိရှာပါဘူး။ ဒါ့အပြင် ဟန်ကျွယ်နဲ့ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ တိုက်ပွဲအရှိန်နဲ့တင် ဝတ်ရုံဖြူဗုဒ္ဓဟာ ကြောက်လန့်ချောက်ချားပြီး တစ်ကိုယ်လုံး တုန်ယင်နေတာပါ။
‘သူက တကယ်ပဲ ဘယ်သူလဲ’ ဝတ်ရုံဖြူဗုဒ္ဓဟာ အလွန်အမင်း ကြောက်လန့်သွားသလို ဝမ်းလည်းသာသွားပါတယ်။
‘မဟာအဂ္ဂဗုဒ္ဓက ဒီနေရာမှာ လာပုန်းနေတာ… ကောင်းကင်ဧကရာဇ်ရဲ့သားတော်က သူ့ကို ဆရာတင်တာ… ဒါတွေ အကုန်လုံး အံဩစရာ မရှိတော့ပါဘူး’
‘သူက တကယ်ကို ပြိုင်ဘက်ကင်းတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ပဲ’
[ဝတ်ရုံဖြူဗုဒ္ဓသည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်ခွဲ။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ကြည့်ပြီး ဘာမှမခံစားရပါဘူး။
ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှာ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သူ့သိစိတ်ကို သူ့ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့နေရာမှာ ရှိနေတဲ့ ကြယ်ပင်လယ်ဆီ စေလွှတ်လိုက်ပါတယ်။
တိုက်တိုင်းအောင်ဗုဒ္ဓဟာ သေခြင်းရှင်ခြင်း မဟာတာအိုရဲ့ ချုပ်နှောင်မှုကြောင့် တစ်ချက်ကလေးတောင် မလှုပ်ရှားနိုင်ပါဘူး။ ဒီအဖြစ်ကြောင့် တိုက်တိုင်းအောင်ဗုဒ္ဓဟာ အထိတ်တလန့် ဖြစ်နေပါတယ်။
“မင်း ဘယ်သူလဲ” တိုက်တိုင်းအောင်ဗုဒ္ဓဟာ ကြောက်လန့်တကြား အော်မေးလိုက်ပါတယ်။ အခုအချိန်မှာ တိုက်တိုင်းအောင်ဗုဒ္ဓဟာ တော်တော်လေး ရင်ထိတ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သေခြင်းရဲ့ အငွေ့အသက်ကို ခံစားနေရလို့ပါပဲ။
ဟန်ကျွယ်ဟာ မေးခွန်းမေးဖို့ ပြင်လိုက်ပေမဲ့ အတန်ကြာစဉ်းစားပြီးတဲ့အခါမှာ ဘာမေးရမှန်းမသိ ဖြစ်သွားပါတယ်။
‘ငါ သူ့ကို ရန်စမိထားပြီဆိုတော့ သူ့ကို လွှတ်ပေးဖို့ မဖြစ်နိုင်တော့ဘူး’ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဝိညာဉ်စွမ်အားနဲ့ ကြယ်ဘီလီယံချီရဲ့ ပဋိပက္ခချီကို အသုံးပြုပြီး တိုက်တိုင်းအောင်ဗုဒ္ဓကို သတ်ပါတော့တယ်။
တိုက်တိုင်းအောင်ဗုဒ္ဓဟာ အင်မော်တယ်ဧကရာဇ် ဆဋ္ဌမအဆင့် ဖြစ်တာကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်ဆိုရင်တောင် သတ်ပစ်ဖို့က လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အချိန်အများကြီး ရှိနေလို့ပါပဲ။
ဟန်ကျွယ်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓက စွန်းဝူခုံးလိုမျိုး မသေနိုင်တဲ့လူ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။
ကောင်းကင်ရုံးတော် ဧကရာဇ်ပန်းခြံ။
ကောင်းကင်ဧကရာဇ်ဟာ အရက်ခွက်ကို အောက်ချလိုက်ပြီး သက်ပြင်းချလိုက်ပါတယ် “တော်လိုက်တဲ့ကောင်လေး၊ ငါ့ကို စိတ်မပျက်စေဘူးပဲ”
ကောင်းကင်ဧကရာဇ်ရှေ့မှာတော့ အိမ်ရှေ့မင်းသား ထိုင်နေပါတယ်။ အိမ်ရှေ့မင်းသားဟာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် သိချင်စိတ်ကို မမြိုသိပ်နိုင်ဘဲ မေးလိုက်ပါတယ် “ခမည်းတော်… ခမည်းတော် ဆိုလိုချင်တာက…”
ကောင်းကင်ဧကရာဇ်ဟာ အိမ်ရှေ့မင်းသားရဲ့ မေးခွန်းကို ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်ပါတယ် “မင်း တစ်ခုခု ရှာတွေ့သေးလား”
“ရှာတွေ့ထားပါတယ်၊ လွမ်ဟွေအင်မော်တယ်ဧကရာဇ် နောက်ဆုံးပေါ်လာတဲ့နေရာက အမှောင်တားမြစ်နယ်မြေပါ၊ သူက တစ်ခုခုကို ရှာနေပုံပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။