Switch Mode

Chapter – 252

အခန်း (၂၅၂) ပြီးပြည့်စုံသော အင်မော်တယ်ဧကရာဇ် ဖြစ်လာခြင်း
မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဖူစန်းသစ်ပင်အောက်က ဝူတောက်ကျန့်ဟာ စိုးရိမ်ကြောင့်ကြတဲ့ မျက်လုံးတွေနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို လှမ်းကြည့်လိုက်ပါတယ်။
ထူလင်းအာဟာ ဝူတောက်ကျန့်ရဲ့ အပြုအမူကို သတိထားမိသွားတာကြောင့် အပြုံးနဲ့ မေးလိုက်ပါတယ် “နင်ဘာတွေ စိုးရိမ်နေတာလဲ၊ ဒီလောကမှာ လူတိုင်းက အဆင့်ထိုးဖောက်တာ ကျဆုံးနိုင်တယ်၊ ဒါပေမဲ့ ဆရာသခင်ကတော့ ဘယ်တော့မှ ကျဆုံးမှာ မဟုတ်ဘူး”
တစ်ခြားသူတွေလည်း မျက်လုံးဖွင့်လိုက်ကြပြီး ငရဲကြက်နက်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဟုတ်တယ်၊ သခင်က အရမ်းသတိကြီးတာ”
သူတို့အကုန်လုံးဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို သိချင်နေကြတာပါ။ သူတို့တွေ စွမ်းအားကြီးမားလာလေလေ သူတို့ဆရာသခင်က ပိုပိုပြီး နက်နဲလာလေလေလို့ ခံစားလာရပါတယ်။
ချူရှီရန်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို စိုက်ကြည့်ပြီး အတွေးနက်သွားပါတယ်။ ချူရှီရန်ဘေးနားမှာ ထိုင်နေတဲ့ ကျိုးမင်ယွဲ့က တဟားဟားနဲ့ ပြောလိုက်ပါတယ် “ဆရာသခင်… ကျွန်တော် အဆင့်တက်တော့မယ်၊ မကြာခင်မှာ ဆရာသခင်ကို ကျော်တက်သွားတော့မယ်”
“အို… ဟုတ်လား၊ အဲဒါဆိုရင် ငါလည်း အဆင့်ထိုးဖောက်လိုက်မယ်” ချူရှီရန်ဟာ ပျင်းရိလေးတွဲတဲ့အသံနဲ့ ပြောလိုက်ပါတယ်။ ချူရှီရန်ဟာ ကျင့်ကြံရတာ မကြိုက်ဘူးဆိုပေမဲ့ သူ့တပည်က ကျော်တက်သွားမှာကိုတော့ မလိုချင်ပါဘူး။
ကျိုးမင်ယွဲ့ဟာ ချူရှီရန်စကားကြောင့် မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ မပျော်မရွှင် ဖြစ်သွားပါတယ် ‘ငါ သူ့ကို မကျော်တက်နိုင်ဘူးဆိုတာ မယုံဘူး’
ဟန်တစ်ကတော့ ဟန်ရှစ်ကိုကြည့်ပြီး မေးလိုက်ပါတယ် “ညီရှစ်… မင်းကရော ဘယ်အချိန် အဆင့်ထိုးဖောက်မှာလဲ”
ဘူးသီးညီနောင်ရှစ်ဖော်မှာ ဟန်ရှစ်က အရည်အချင်း အရှိဆုံးပါ။ ဒါက လူတိုင်း အသိအမှတ်ပြုထားတဲ့ အရာပါ။ ပြောရမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းထဲမှာ ဟန်ရှစ်က အစွမ်းဆုံးပါ။ အရည်အချင်းချင်း ယှဉ်မယ်ဆိုရင်လည်း လုံဟောင်ပဲ ဟန်ရှစ်ကို ယှဉ်နိုင်ပါတယ်။
ဟန်ရှစ်ဟာ ရှက်ရွံ့စွာ ပြောလိုက်ပါတယ် “မကြာခင်ပေါ့”
လုံဟောင်ဟာ ဟန်ရှစ်ကိုကြည့်ပြီး နှုတ်ခမ်းမဲ့သွားပါတယ် ‘ဒီဘူးသီးက တော်တော် အရည်အချင်းရှိတာပဲ၊ ငါ့လို ကောင်းကင်ဧကရာဇ်သားတော်ကိုတောင် ဖိအားပေးနိုင်တယ်’
လူတိုင်းဟား စကားပြောဆိုရင်း ကျင့်ကြံကြပါတယ်။ ဟန်ကျွယ်ရဲ့ အဆင့်ထိုးဖောက်မှုက သူတို့ကို ခွန်အားဖြစ်စေပါတယ်။ သူတို့ကလည်း ဟန်ကျွယ်နဲ့ အဝေးကြီးမှာ ကျန်မနေခဲ့ချင်ကြပါဘူး။ ဒါပေမဲ့လည်း တဖြည်းဖြည်း ပိုပိုဝေးလာတာကိုတော့ သူတို့တွေ မသိကြပါဘူး။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ရဲ့ ဝိညဉ်ဟာ အသွင်ပြောင်းလဲတုန်း ဆိုပေမဲ့ ဧကရာဇ်အဆင့်ကို ထိုးဖောက်ဖို့အတွက် အရေးကြီးအချိန်ကို ရောက်ရှိလာပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်သာ လုံးဝအသွင်ပြောင်းလဲသွားရင် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်လာမှာပါ။
လမ်းခြောက်သွယ် ဝိညာဉ်စွမ်းအားကလည်း သေခြင်းရှင်ခြင်း မဟာတာအို၊ ပဋိပက္ခချီတို့နဲ့ ပေါင်းစပ်နေပါတယ်။
အကြောင်းအရင်းတစ်ချို့ကြောင့် ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပဋိပက္ခချီက တကယ်ပဋိပက္ခချီ မဟုတ်ဘူးလို့ ခံစားလာရပါတယ်။ ဘာဖြစ်လို့ ဒီလိုခံစားရတာလဲဆိုတော့ ဟန်ကျွယ်ဟာ ပဋိပက္ခချီကို ခံစားဖူးလို့ပါ။ ပဋိပက္ခနယ်မြေမှာတုန်းက ဟန်ကျွယ်ဘေးနားမှာရှိတဲ့ မြူခိုးတွေက ပဋိပက္ခချီတွေပါ။ ဒီပဋိပက္ခချီနဲ့ ဟန်ကျွယ်ကိုယ်ထဲက ပဋိပက္ခချီကို နှိုင်းယှဉ်မယ်ဆိုရင် ကွဲပြားခြားနားချက်တွေ ရှိနေပါတယ်။
အဓိကကွာခြားတာက စွမ်းအားပါ။
သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ချီက ပိုပြီးစွမ်းအားကြီးတယ်လို့ ဟန်ကျွယ် ခံစားနေရပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို အလေးအနက်ထားပြီး မစဉ်းစားပါဘူး။ ဘာပဲဖြစ်ဖြစ် စွမ်းအားကြီးဖို့က အဓိကပဲ မဟုတ်ပါလော။
ဟန်ကျွယ်ရဲ့ခန္ဓာကိုယ်ထဲမှာ သေခြင်းရှင်ခြင်း မဟာတာအို၊ ပဋိပက္ခချီနဲ့ လမ်းခြောက်သွယ် ဝိညာဉ်စွမ်းအားဟာ ဟန်ကျွယ်ဝိညာဉ်ကို ရစ်ပတ်ပြီး ကျင့်စဉ်အကူအညီနဲ့ ဆက်တိုက်သန့်စင် ပစ်ပါတယ်။
ဟန်ကျွယ်ဟာ လုံးဝအေးချမ်း ငြိမ်သက်တဲ့ အခြေအနေကို ဆိုက်ရောက်သွားပြီး နှလုံးသားကလည်း ရေပြင်လို တည်ငြိမ်သွားပါတယ်။ ဟန်ကျွယ်ရဲ့အာရုံထဲမှာလည်း အဆင့်ထိုးဖောက်တာ တစ်ခုပဲ ရှိပါတယ်။
ကောင်းကင်ရုံးတော်၊ ဧကရာဇ်ပန်းခြံ။
ကောင်းကင်ဧကရာဇ်နဲ့ အဘိုးအိုတစ်ဦးဟာ ဇရပ်ထဲမှာ အရက်သောက်နေကြပါတယ်။ ဒီအဘိုးအိုက တစ်ခြားသူ မဟုတ်ပါဘူး။ တာအိုအရှင်သခင်နဲ့ စကားပြောဆိုခဲ့တဲ့ အဘိုးအိုပဲ ဖြစ်ပါတယ်။ သူကမှ ရှန်နန်းတော်ရဲ့ တကယ့်အရှင်သခင်ပါ။
“ကောင်းကင်ဧကရာဇ်… ငါ့ကို မင်းဆီမှာရှိတဲ့ ပဋိပက္ခရုပ်ခန္ဓာပိုင်ရှင်ကို မပြတော့ဘူးလား” ရှန်းနန်းတော်သခင်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က ပြန်စလိုက်ပါတယ် “မင်းဆီက တာအိုအရှင်သခင်ကိုရော ငါ့ကို ပြမှာလား”
“ဟားဟား… မင်းက အရင်လို ဉာဏ်နီဉာဏ်နက် များနေတုန်းပဲ”
“မျိုးဆက်သစ်တွေအကြောင်း မပြောဘဲနေရအောင်၊ သူ အရွယ်ရောက်ဖို့က နှစ်တစ်သန်းလောက် စောင့်ရအုန်းမယ်၊ မင်းရောက်လာပြီဆိုတော့ နတ်ဆိုးရုံးတော်ကို ဘယ်လိုရှင်းပစ်မလဲဆိုတာ ပြောကြရအောင်၊ အင်မော်တယ်ကမ္ဘာက အကျယ်ကြီးဆိုပေမဲ့ အင်အားစုလေးစုတောင်ဆိုတော့ နည်းနည်းကြပ်နေသလိုပဲ”
“နတ်ရွှေကျီးမျိုးနွယ်စုကလည်း ငါတို့ရှန်နန်းတော်ကို ကျူးကျော်နေတာ အကြိမ်ကြိမ်ရှိပြီ၊ ဒီကောင်တွေ ထောက်ပံ့ပေးနေတဲ့ နတ်ဆိုးရုံးတော်ကို မှတ်လောက်သားလောက်အောင် ပညာပြပေးရမယ်”
“မင်းတို့က ဘယ်လိုလုပ်ပြီး နတ်ရွှေကျီးမျိုးနွယ်စုကို သွားရန်စမိတာလဲ”
“ဘာမှမဟုတ်ပါဘူး၊ ပါရမီရှင်အချင်းချင်း တိုက်ခိုက်ရာကနေ စဖြစ်တာ၊ သိဟုန်ယဲ့က သူ့ကလေးတွေကို အရမ်းကာကွယ်လွန်းတော့ တဇွတ်ထိုးလုပ်ရာကနေ စတာပဲ”
ရှန်နန်းတော်သခင်ဟာ ခေါင်းခါလိုက်ပါတယ်။ ဒီကိစ္စပြောမိတိုင်း ရှန်နန်းတော်သခင်ဟာ ဘာမှမတက်နိုင်သလို ခံစားရပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ထူးဆန်းတဲ့အပြုံးကို ပြုံးလိုက်ပါတယ် “မင်း အပြစ်တင်ချင်ရင် မင်းရှန်နန်းတော်က ပါရမီရှင်တွေ မောက်မာတာကိုပဲ အပြစ်တင်ရမယ်၊ နတ်ရွှေကျီးမျိုးနွယ်စုကလည်း မောက်မာတဲ့နေရာမှာ မင်းတို့ထက်မညံဘူး”
အဲဒီနောက်မှာတော့ ကောင်းကင်ဧကရာဇ်နဲ့ ရှန်နန်းတော်သခင်ဟာ နတ်ဆိုးရုံးတော်ကို ဘယ်လိုရှင်းပစ်ရမလဲဆိုတာ ဆွေးနွေးကြပါတယ်။
ခုနစ်နှစ်ကြာပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်သွားပါတယ်။
အင်မော်တယ်ဧကရာဇ် ပထမအဆင့်။
ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားက တိုးတက်သွားသလို ပဓာနဝိညာဉ်ကလည်း အငွေ့အခြေအနေကနေ အစိုင်အခဲ ဖြစ်လာပါတယ်။ လောကဦး ကြယ်တရာခန္ဓာကိုယ်ကလည်း လုံးဝ အသက်ဝင်သွားပြီး ဘီလီယံချီတဲ့ကြယ်တွေဟာ တစ်စင်းနဲ့တစ်စင်း ပဲ့တင်ထပ်သွားပါတယ်။
“ဝုန်း….”
ဝီရိယတောင်တစ်ခုလုံး သွက်သွက်ခါအောင် တုန်လှုပ်သွားပါတယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါဟာ တိတ်ဆိတ်ဂိုဏ်းက လူတိုင်းကို လွှမ်းခြုံသွားပါတယ်။ ပြန်ရောက်လာတာ မကြာသေးတဲ့ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတောင် ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ပြန်ထွက်လာပါတယ်။
“ဒီရောင်ဝါ… ဒါက… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…” ရွှင်ချန်အန်းဟာ အထိတ်တလန့် ရေရွတ်လိုက်ပါတယ်။ ရွှင်ချန်အန်းဟာ ဘဝဟောင်းမှာတုန်းက အင်မော်တယ်ဧကရာဇ်ဖြစ်လာတဲ့ ဗုဒ္ဓတစ်ပါးနဲ့ တွေ့ဖူးပါတယ်။ အဲဒီတုန်းက ခံစားခဲ့ရတဲ့ ဖိအားကို ရွှင်ချန်အန်း ဘယ်တော့မှာ မေ့နိုင်မှာ မဟုတ်ပါဘူး။
ရွှင်ချန်အန်း အထိတ်တလန့် ဖြစ်သွားရတဲ့ အဓိကအကြောင်းရင်းက ဟန်ကျွယ်ရဲ့ အသက်ကြောင့်ပါ။ အသက်သုံးထောင်တောင် မပြည့်သေးဘဲနဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်လာတာကို ကိုယ်တိုင်ကိုယ်ကျမတွေ့ရရင် လုံးဝကို ယုံနိုင်စရာ မရှိတာပါ။
ရွှင်ချန်အန်းဟာ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပါဘူး။
ဒါကိုမြင်တဲ့ ချူရှီရန်က စပ်စုလိုက်ပါတယ် “ဆရာဦးလေး… ဆရာဘိုးဘိုးက…”
တစ်ခြားသူတွေကလည်း ရွှင်ချန်းအန်းရဲ့ အမူအရာကိုကြည့်ပြီး တစ်ခုခုသိထားမှန်း ခန့်မှန်းမိလိုက်ကြပါတယ်။
“ဘာမှမဟုတ်ပါဘူး… ဆရာသခင် အဆင့်ထိုး‌ဖောက်လို့ အောင်မြင်သွားတာ၊ မင်းတို့တွေ ကြိုးကြိုးစားစား ကျင့်ကြံသင့်တယ်၊ အမှန်အတိုင်းပြောရရင် မင်းတို့က အရမ်းကို ထူးချွန်ထက်မြက်ပါတယ်၊ ဒါပေမဲ့ ဆရာသခင်နဲ့ယှဉ်ရင် မင်းတို့က သာမန်မော်တယ်တွေပဲ၊ ဒီအထဲမှာ လုံဟောင်နဲ့ ဟန်ရှစ်လည်း ပါတယ်” ရွှင်ချန်အန်းရဲ့ လေးနက်တဲ့စကားဟာ လူတိုင်းကို နှလုံးလှုပ်သွားစေပါတယ်။
နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပါတယ်။ သူတို့တွေဟာ တစ်ယောက်မျက်လုံးထဲကို အံကြထိတ်လန့်မှုကို အတိုင်းသား တွေ့မြင်လိုက်ကြရပါတယ်။
‘ဟန်ကျွယ်တပည့်တွေက ဒီလောက် အရည်အချင်းရှိနေတာတောင် ဟန်ကျွယ်ကို မယှဉ်နိုင်ဘူးဆိုတော့ ဟန်ကျွယ်က ဘယ်လောက်တောင် အရည်အချင်း ရှိနေတာလဲ’
……
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံအောင် ကြိုးစားနေတုန်းမှာပဲ သူ့ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[အင်မော်တယ်ဧကရာဇ် ဖြစ်လာခြင်းအတွက် ဂုဏ်ယူပါသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ အင်မော်တယ်ကမ္ဘာအား လှည့်လည်ပါ။ သင့်နာမည်သည် ကောင်းကင်အား တုန်လှုပ်စေပြီး ကြီးမားသော ကံတရားအထောက်အပံ့ကို ရရှိလိုက်မည်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ၊ ဆန်းကြယ်စွမ်းအားတစ်ပါးနှင့် အကောင်းစား ရတနာ သုံးပါးကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ နှစ်စကို ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘုံပျံတက်ဖို့ကို ဘယ်တုန်းကမှ မတွေးခဲ့တာပါ။
[ဘုံပျံမတက်ဘဲ သိုသိုသိပ်သိပ် ကျင့်ကြံမည်ကို ရွေးချယ်လိုက်သောကြောင့် မဟာတာအို အပိုင်းအစ နှစ်စအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ပြီးပြည့်စုံသော အင်မော်တယ်ဧကရာဇ် ဖြစ်လာခြင်းအတွက် ဂုဏ်ယူပါသည်။ မဟာတာအို အပိုင်းအစ သုံးစ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို ဆုလာဘ်အဖြစ် ရရှိပါသည်။]
[မဟာနေလက်ဝါး ဆန်းကြယ်စွမ်းအားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[မဟာနေလက်ဝါး: ဗုဒ္ဓဂိုဏ်းမှ ဆန်းကြယ်စွမ်းအားဖြစ်ပြီး အင်မော်တယ်ဧကရာဇ်စွမ်းအားကို အသုံးပြုကာ စွမ်းအားကြီးပုဂ္ဂိုလ်များအား ဖိနှိပ်နိုင်သည်။ ရန်သူတွင် ကံဆိုးရှိလေ ပိုစွမ်းလေ ဖြစ်သည်။]
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆုနှစ်ခုကို ပေါင်းလိုက်ရင် သူရရှိလိုက်တဲ့ မဟာတာအိုအပိုင်းအစက ငါးစတိတိ ဖြစ်သွားလို့ပါပဲ။ ဒီထက်ပိုပြီးအရေးကြီးတာက ကံတရား အထောက်အပံ့မပါဘဲ ပြီးပြည်စုံတဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်လာတာပါ။
‘သူပြောတော့ ကံတရားအထောက်အပံ့နဲ့ မဟာတာအိုကို ပေါင်းစပ်ရမယ်ဆို၊ အခုတော့ ဘာဖြစ်သွားတာလဲ’
ဟန်ကျွယ်ဟာ ကံတရားအထောက်အပံ့အတွက် တစ်ခါမှ မတိုက်ခိုက်ဖူးပါဘူး။ ထုန်ကျန့်ကမ္ဘာက ဘယ်လောက်ပဲ ကံတရား အထောက်အပံ့ အားကောင်းပါစေ သေမျိုးကမ္ဘာ ဖြစ်နေတုန်းပါ။
‘ဒါက ငါ့ရဲ့ လောကဦး ကြယ်တာရာ ခန္ဓာကိုယ်နဲ့ ဆက်စပ်နေတာလား’
ဟန်ကျွယ်ဟာ အဖြေရှာမရတာကြောင့် လောကဦး ကြယ်တာရာခန္ဓာကိုယ်ကြောင့်ပဲလို့ မှတ်ယူလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်မြဲအောင် ဆက်လုပ်ပြီး ပဓာနဝိညာဉ်နဲ့ ထုန်ကျန့်ကမ္ဘာကနေ ခုန်ထွက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရုပ်ခန္ဓာမရှိဘဲနဲ့ သူ့ပဓာနဝိညာဉ်က အတော်လေး အားကောင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုဝိညာဉ် အခြေအနေနဲ့တောင် ကျန်းယီကို သတ်ဖို့က မခက်လှပါတယ်။
‘ဒါက အင်မော်တယ်ဧကရာဇ်လား၊ အသက်တစ်မျှင်ကျန်ရုံနဲ့ ထာဝရအသက်ရှင်နေနိုင်တာ အံဩစရာ မရှိတော့ပါဘူး’ ဟန်ကျွယ်ဟာ အဝေးကြီးလည်း မသွားရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားစွမ်းအားကြီး ပုဂ္ဂိုလ်တွေကို နှောင့်ယှက်မိမှာ ကြောက်လို့ပါပဲ။
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်လာပြီဆိုပေမဲ့ အားနည်းဆုံး ပထမအဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရည်မှန်းချက်ဖြစ်တဲ့ ကောင်းကင်ဘဝဂ်အဆင့်နဲ့တော့ တဖြည်းဖြည်း နီးစပ်လာပါပြီ။
ဟန်ကျွယ်ဟာ ရှစ်နှစ်ကြာ အချိန်ယူပြီး သူ့ကျင့်ကြံမှုကို ခိုင်မြဲစေပါတယ်။
ဒီနေ့ဒီအချိန်ကစပြီး ဟန်ကျွယ်ဟာ အင်‌မော်တယ်ဧကရာဇ်စစ်စစ် ဖြစ်သွားပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset