အခန်း (၂၄၆) ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်
“ပဋိပက္ခရုပ်ခန္ဓာက ကောင်းကင်တာအို အပြင်ဘက်က ရုပ်ခန္ဓာပဲ၊ ကောင်းကင်တာအို မတည်ရှိခင်တုန်းက ပဋိပက္ခစွမ်းအားပဲ ရှိတယ်၊ ကောင်းကင်တာအိုရဲ့ မျက်စိအောက်မှာ ပဋိပက္ခရုပ်ခန္ဓာကို ရယူနိုင်တယ်ဆိုတော့ မင်းရဲ့နောက်ခံက ဘာများလား”
ကောင်းကင်ဧကရာဇ်ရဲ့ အသံဟာ လေးနက်လွန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော် တစ်ခုလုံးမှာ ပဋိပက္ခရုပ်ခန္ဓာပိုင်ရှင် တစ်ယောက်မှ မရှိလို့ပါပဲ။
“ကျွန်တော်က သာမန်သေမျိုးတစ်ယောက်လေ၊ ဘာနောက်ခံ ရှိနိုင်မှာလဲ၊ ပဋိပက္ခရုပ်ခန္ဓာက အရမ်းရှားလို့လား၊ ဒီလောကမှာ ကျွန်တော် တစ်ယောက်တည်းလား”
ဒီမေးခွန်းဟာ ဟန်ကျွယ်အတွက် အရမ်းအရေးကြီးပါတယ်။ ရှားတယ်ဆိုရင် စွမ်းအားကြီး ပြိုင်ဘက်ကို ရင်ဆိုင်ရမှာဖြစ်ပြီး တစ်ယောက်တည်းဆိုရင်တော့ ပြိုင်ဘက်ကင်း ဖြစ်ပါပြီ။
“ရှန်နန်းတော်မှာလည်း ပဋိပက္ခရုပ်ခန္ဓာရှိတယ်၊ မိုးမြေပြိုကျမတက်ကို စွမ်းအားကြီးတာ၊ လွန်ခဲ့တဲ့နှစ်သန်းချီက အနန္တကမ္ဘာကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့တယ်၊ သူကြောင့်လည်း ရှန်နန်းတော်က အခုအချိန်အထိ တည်ရှိနိုင်တာ” ကောင်းကင်ဧကရာဇ်ဟာ နှေးနှေးနဲ့ လေးလေးနက်နက် ပြောလိုက်ပါတယ်။
‘လာပြန်ပြီ ရှန်နန်းတော်ပဲလား’ ဟန်ကျွယ်ဟာ ရှန်နန်းတော်က အင်မော်တယ်ကမ္ဘာမှာ အထင်ကြီးဖို့ အကောင်းဆုံးလို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မွန်းစတားနဲ့တူတဲ့ ပါရမီရှင်မျိုးစုံ ရှိနေလို့ပါပဲ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “တစ်နေ့ကျရင် ကျွန်တော် ရှန်နန်းတော်က အဲဒီလူကို နှိပ်ကွပ်ပြီး ကောင်းကင်ရုံးတော်ကို အင်အားပိုကြီးလာအောင် ကူညီပေးမယ်”
ဟန်ကျွယ်ဟာ သူ ဘယ်ဘက်မှာ ရပ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်က သူ့ကိုကြောက်ပြီး လက်စဖျောက်မှာကို ကြောက်လို့ပါပဲ။ အခုအချိန်မှာ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ဘယ်လိုနည်းမှ မယှဉ်နိုင်သေးပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ ဘာမှပြန်မပြောတဲ့အတွက် ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ်။ ဒီဟာက ဟန်ကျွယ် ကောင်းကင်ဧကရာဇ်ကို ငြင်းဆိုတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး ‘ကောင်းကင်ဧကရာဇ်က ငါ့ကို စိတ်ဆိုးသွားတာလား’
“ဟမ်… ဒါဆိုလည်း မင်းမလာတာ ပိုကောင်းတယ်၊ မင်းမှာ ပဋိပက္ခရုပ်ခန္ဓာရှိမှန်းသာ စောစောကသိခဲ့ရင် ငါ တိထိုက်ပိုင်နဲ့ ကျင့်စဉ်ပိုပေးမှာပေါ့၊ ဒီကျင့်စဉ်က မင်းကျင့်ကြံမှုအတွက် အရမ်းအသုံးဝင်တယ်” ကောင်းကင်ဧကရာဇ်က နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရင်ထဲကအလုံးကြီး ကျသွားပြီး ကောင်းကင်ဧကရာဇ်ကို ချက်ချင်းပဲ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က ဘာမှမပြောတော့ပါဘူး။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က ရုတ်တရက် မတ်တတ်ရပ်ပြီး ဦးညွှတ်တာ တွေ့လိုက်ရတဲ့အတွက် မနေနိုင်ဘဲ မေးလိုက်ပါတယ် “သခင် ဘာလုပ်နေတာလဲ”
“နတ်ဘုရားတွေက နေရာတိုင်းမှာရှိတယ်၊ ငါ့ကို ကာကွယ်ပေးဖို့ သူတို့ကို ဆုတောင်းနေတာ”
“သခင်က နတ်ဘုရား မဟုတ်ဘူးလား”
“မင်းက ငါ့ကို ရန်စခိုင်းနေတာလား”
“ဘာဆိုင်လို့လဲ သခင်ရဲ့”
“ကျွန်မ မှားပါပြီ ဆိုပြီး အကြိမ်တစ်သောင်း ပြောချည်”
“ဟင်”
“မြန်မြန်ပြော၊ မပြောချင်ရင် အပြင်ထွက်…”
“ပြောပါ့မယ်”
ဝူတောက်ကျန့်ဟာ မကျေမနပ် နှုတ်ခမ်းတွန့်လိုက်ပြီး ကျွန်မမှားပါပြီလို့ ထပ်ခါထပ်ခါ စပြောပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ်။
သုံးနှစ်ကြာပြီးနောက်။
တိထိုက်ပိုင်ဟ တာအိုကျင့်စဉ် ရေးသားထားတဲ့ စာလိပ်တစ်လိပ် လာပို့ပါတယ်။ တိထိုက်ပိုင်ဟာ များများစားစား မပြောဘဲ လာပို့ပြီးတာနဲ့ ပြန်သွားပါတယ်။
ဟန်ကျွယ်ဟာ စာလိပ်ကိုကိုင်ပြီး အိပ်ရာပေါ်မှာ ထိုင်လိုက်ပါတယ်။ စာလိပ်ပေါ်မှာ ဘာမှမရေးထားတာကြောင့် ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြီး ထိုးဖောက်ကြည့်လိုက်ပါတယ်။
“ဝုန်း…”
မှတ်ဉာဏ်တစ်ခုဟာ ဟန်ကျွယ်ခေါင်းထဲကို ရေကာတာကျိုးတဲ့ ရေအဟုန်လို တဟုန်ထိုး စီးဝင်လာပါတယ်။
ကောင်းကင်စက်ဝန်းခန္ဓာကိုယ်ကျင့်စဉ်။
ဒီကျင့်စဉ်က ပဋိပက္ခရုပ်ခန္ဓာရှိတဲ့သူတွေနဲ့ သင့်လျော်တဲ့ ကျင့်စဉ်ပါ။ ဒီကျင့်စဉ်ဟာ အလွန်တရာ နက်နဲသိမ်မွေ့ပြီး ပဋိပက္ခရုပ်ခန္ဓာရဲ့ အစွမ်းအစကို တိုးမြှင်ပေးနိုင်ပါတယ်။
ရက်အနည်းငယ် အကြာမှာတော့ ဟန်ကျွယ်ဟာ သူ့မှတ်ဉာဏ်တွေကို စီစဉ်လို့ ပြီးသွားပါတယ်။ အဲဒီအခါမှာ ဟန်ကျွယ်ဟာ အလွန်တရာ အံဩသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်က ပြင်ပအားမလိုအပ်ဘဲ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ရုပ်ခန္ဓာကို ကျင့်ကြံရတာမို့လို့ပါ။ လုပ်ဆောင်ရမဲ့အဆင့်တွေက နည်းနည်းရှုပ်ထွေးတယ်ဆိုပေမဲ့ လိုအပ်ချက်တွေ အရမ်းရိုးရှင်းပါတယ်။
ပုံမှန်ဆိုရင် ရုပ်ခန္ဓာကျင့်စဉ်တွေက ပြင်ပအားလိုအပ်တဲ့အပြင် လိုအပ်ချက်တွေက အရမ်းများလွန်းပါတယ်။ ဒါကြောင့်လည်း ကျင့်ကြံသူတိုင်း လွယ်လွယ်ကူကူ မကျင့်ကြံနိုင်ကြတာပါ။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်အတိုင်း စကျင့်ကြံလိုက်ပါတယ်။ ပထမဦးဆုံး စကျင့်ကြံတာ ဖြစ်တဲ့အတွက် အောင်မြင်ဖို့ အရမ်းခက်လှပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အလွန်တရာ အရည်အချင်းရှိတာကြောင့် နှစ်ဝက်တည်းနဲ့ အောင်မြင်အောင် ကျင့်ကြံနိုင်သွားပါတယ်။ လမ်းခြောက်သွယ် ဝိညာဉ်စွမ်းအားဟာ လောကဦးကြယ်တာရာခန္ဓာကိုယ်ကို သန့်စင်တဲ့အတွက် ဟန်ကျွယ်ရဲ့ ရောင်ဝါဟာ အလန်အားကောင်းပြီး ပြင်းထန်လာပါတယ်။
ဟန်ကျွယ်ရောင်ဝါရဲ့ ဖိအားကြောင့် ဝူတောက်ကျန့်ဟာ နေရထိုင်ရတာ မသက်မသာ ဖြစ်လာပါတယ်။ တစ်ခဏအကြာမှာတော့ ဝူတောက်ကျန့်ဟာ ဘယ်လိုမှ ဆက်မခံနိုင်တော့တာကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။
ထူလင်းအာဟာ ဒီနှစ်ထဲမှာ အပြင်ဘက် မထွက်တာကြောင့် ဝူတောက်ကျန့် ထွက်လာတာကို တွေ့လိုက်ရတာနဲ့ ဆီးကြိုမေးလိုက်ပါတယ် “ဘာဖြစ်လို့ ထွက်လာတာလဲ”
“သခင် အဆင့်တက်နေတယ်၊ အဲဒီကထွက်လာတဲ့ ဖိအားက အရမ်းပြင်းတယ်၊ ငါ မခံနိုင်ဘူး”
‘အဆင့်တက်တယ်’
တစ်ခြားသူတွေလည်း မျက်လုံးဖွင့်လိုက်ကြပါတယ် ‘ငါတို့ဆရာသခင်က အမြဲတမ်း အဆင့်တက်နေတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ’
လုံဟောင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဆရာသခင်က တကယ်ကိုစွမ်းတာ၊ ကျွန်တော် သူ့ကို မြင်တိုင်း ရင်မထိတ်တဲ့အကြိမ် မရှိဘူး”
ဟန်ကျွယ်က လုံဟောင်ကို ဟင်းလင်းပြင်ဆီ ခေါ်သွားပြီး ပညာပြလိုက်တကည်းက လုံဟောင်ဟာ ဟန်ကျွယ်ကို အရမ်းကြောက်နေတာပါ။
“ဟားဟား… သခင်က အင်မော်တယ်နတ်ဘုရားအဆင့်ကို ကျော်တက်သွားလောက်ပြီ” ငရဲကြက်နက်ဟာ သူ အဆင့်တက်တဲ့လေသံမျိုးနဲ့ ပြောလိုက်ပါတယ်။ တစ်ခြားသူတွေလည်း သက်ပြင်းချလိုက်ကြပါတယ်။
တစ်ချိန်တည်းမှာပဲ အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်ကိုးလွှာအထက်က ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ်။
“တော်လိုက်တဲ့ ကောင်လေး၊ ပဋိပက္ခရုပ်ခန္ဓာအစစ်ပဲ၊ ငါ့ရဲ့ကောင်းကင်ရုံးတော်က အင်မော်တယ်ကမ္ဘာမှာ နံပါတစ်ဖြစ်တော့မယ်” ကောင်းကင်ဧကရာဇ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီး အပြုံးကလည်း ပိုကျယ်သွားပါတယ်။
‘ငါ့ရဲ့ ကောင်းကင်ရုံးတော်မှာ ဒီလိုမျိုး ပါရမီရှင် မပေါ်ထွန်းခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ’
ကောင်းကင်ဧကရာဇ်ဟာ ရှန်နန်းတော်က ပါရမီရှင်တွေရဲ့ အောင်မြင်မှုတွေကို ကြားရတိုင်း အပေါ်ယံမှာ ဘာမှမဖြစ်သလို မျက်နှာသေနဲ့ ထိုင်နေပမဲ့ စိတ်ထဲမှာတော့ တော်တော်လေး မနာလို ဖြစ်နေတာပါ။ ကောင်းကင်ရုံးတော်ရဲ့ ရှန်သူကြီးက စွမ်းအားကြီးတယ်ဆိုပေမဲ့ ရှန်နန်းတော်က မွန်းစတားတစ်ချို့ကို မမှီသေးပါဘူး။
ဥပမာအနေနဲ့ ပြောရရင် ကျန်းရှန်နတ်ဧကရာဇ်က ရှန်နန်းတော်ရဲ့ စွမ်းအားအကြီးဆုံး အင်မော်တယ်ဧကရာဇ် မဟုတ်ပေမဲ့ ရှန်စစ်သူကြီးနဲ့ အိမ်ရှေ့မင်းသားကို လေးစားအားကျအောင် လုပ်နိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အင်အားစုနှစ်စုရဲ့ ကွာခြားချက်ကို သိနိုင်ပါတယ်။
ကောင်းကင်ရုံးတော်မှာ အစွန်းရောက်ဧကရာဇ်လေးပါး၊ ကြယ်တာရာသခင် ၂၄ ပါးနဲ့ တစ်ခြားစောင့်ကြပ်နေတဲ့ ရှေးဟောင်းနတ်ဘုရားတွေရှိတာကြောင့် အုတ်မြစ်နက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အနာဂတ် အလားအလာကို ကြည့်မယ်ဆိုရင်တော့ ရှန်နန်းတော်က ပိုအားကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှန်နန်းတော်မှာ မရေမတွက်နိုင်တဲ့ အရည်အချင်းရှိသူတွေ ရှိနေလို့ပါပဲ။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ် ကြီးပြင်းလာတာကို တွေးမိတဲ့အခါ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ တိထိုက်ပိုင်ကို ဆင့်ခေါ်လိုက်ပါတယ်။
မကြာခင်မှာပဲ တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ရှေ့မှာ ပေါ်လာပါတယ်။
“ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့တိုးအောင် နည်းလမ်းရှာပြီး လုပ်စမ်းကွာ၊ ငါ ထုန်ကျန့်ကမ္ဘာကို ကောင်းကင်တာအိုကျောက်ပြားမှာ ထိပ်ဆုံးကမ္ဘာငါးဆယ်ထဲ ဝင်စေချင်တယ်”
တိထိုက်ပိုင်ဟာ မှင်သက်သွားပြီး တအံတဩ ပြောလိုက်ပါတယ် “အရှင်မင်းကြီး… ဒီလိုလုပ်ရင် မျှခြေအခြေအနေကို ဖျက်ဆီးရာ မရောက်ဘူးလား…”
တိထိုက်ပိုင် ဒီလိုပြောရတာကလည်း အကြောင်းရှိပါတယ်။ ထုန်ကျန့်ကမ္ဘာက ထိုးတက်လာတာ အရမ်းမြန်တဲ့အပြင် ဟန်ကျွယ်ကလည်း တစ်ခြားကျင့်ကြံသူတွေနဲ့ လုံးဝမတူဘဲ ကွဲပြားခြားနားနေလို့ပါ။
“ပါရမီရှင်တွေက ကျော်ကြားဖို့ လိုအပ်တယ်၊ နောက်ပြီး သူလည်း ကောင်းကင်ရုံးတော်အတွက် တစ်ခုခု ပြန်လုပ်ပေးသင့်တာပေါ့” ကောင်းကင်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ်။
တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်စကားကို နားလည်တာကြောင့် ပြုံးလိုက်ပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ဟာ အသွင်ပြောင်းလဲလာပါတယ်။ ဝိညာဉ်စွမ်းအားက တစ်ချိန်လုံး သန့်စင်နေတာကြောင့် အချိန်နဲ့အမျှလည်း ပိုပိုအားကောင်းလာပါတယ်။ ဟန်ကျွယ်ဟာ ဒီကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်က ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ထက်တောင် ပိုအစွမ်းထက်တယ်လို့ ခံစားလာရပါတယ်။
ဟန်ကျွယ် ခံစားချက်က မှန်ပါတယ်။ ဒါပေမဲ့ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်က ပဋိပက္ခရုပ်ခန္ဓာရှိတဲ့သူတွေပဲ သင့်လျော်တာပါ။ ဒီကျင့်စဉ်ဟာ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်ခြင်း မရှိဘဲ ရှိနေတဲ့ ဝိညာဉ်စွမ်းအားနဲ့သာ ခန္ဓာကိုယ်ကို ကျင့်ကြံရတာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ကျန်းယီနဲ့ တိုက်ခိုက်ပါတယ်။
နှစ်နာရီကြာတဲ့ အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီကို မနိုင်သေးပေမဲ့ ကျန်းယီက ပြိုင်ဘက်ကင်းမဟုတ်တော့တာကို ရှင်းရှင်းလင်းလင်းကြီး ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကျန်းယီကို ရွှေအင်မော်တယ်အဆင့်နဲ့ သတ်နိုင်ဖို့က တဖြည်းဖြည်း နီးကပ်လာပါပြီ။ ကျင့်ကြံမှုရလဒ်ကို ကျေနပ်အားရသွားတဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ထုတ်ပြီး ရန်သူတွေကို လက်ဆောင်ပေးပါတယ်။
စုချီ တဟွမ်အဂ္ဂပြည်က ထွက်သွားကတည်းက ဟန်ကျွယ်ဟာ တဟွမ်အဂ္ဂပြည်ကို ကျိန်စာမတိုက်တော့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကိုးမြီးနတ်ဆိုးဧကရီ၊ နတ်ဆိုးဧကရာဇ်၊ ကောင်းကင်ဒေါသဗုဒ္ဓ၊ ယွီတျန်ပေါင်နဲ့ တစ်ခြားရန်သူတွေကိုတော့ လုံးဝမမေ့ပါဘူး။ ဒါပေမဲ့လည်း ဒီနှစ်တွေမှာ ကျိန်စာအစွမ်းကြောင့် သေတဲ့လူမရှိတဲ့အတွက် ဟန်ကျွယ်ဟာ သိပ်တော့ မကျေနပ်ပါဘူး။
ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ ဘာကိစ္စကြီးကြီးမားမားမှ မရှိတာကို တွေ့လိုက်ရပါတယ်။
‘လောကကြီးက ငြိမ်းချမ်းနေပါ့လား၊ အရမ်းကောင်းတယ်’ ဟန်ကျွယ်ရဲဆန္ဒက လောကကြီး ငြိမ်းချမ်းဖို့ပါ။ သူတော်ကောင်းမို့လို မဟုတ်ပါဘူး။ အေးအေးဆေးဆေး ကျင့်ကြံလို့ရအောင်ပါ။
ခုနစ်လရှစ်လအကြာမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဝူတောက်ကျန့်ကို ပြန်ခေါ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ စကားပြောဖို့ ပြင်လိုက်ပေမဲ့ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ကောင်းကင်တာအိုတိုကင်ကို အမြန်ဆုံးနည်းနဲ့ ထုတ်ယူလိုက်ပါတယ်။
ကောင်းကင်တာအိုတိုကင်ဟာ ပူလာပြီး တုန်ခါလာပါတယ်။
ဟန်ကျွယ်ဟာ ဆွံအားသွားပြီး ကောင်းကင်တာအိုတိုကင်ကို ဘေးနားပစ်ချကာ ကြိုက်သလောက် တုန်ခါစေပါတယ်။
‘ဒီဧကရာဇ်အိုကြီးက ငါ့ကို ထပ်ဒုက္ခပေးပြန်ပြီ’
ဟန်ကျွယ်ဟာ ဒီကိစ္စအတွက် မကျေမနပ်တော့ ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်စွမ်းတဲ့ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကို ရထားတဲ့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် တစ်ခုခုပြန်လုပ်ပေးဖို့ကို တွန့်တိုနေမှာ မဟုတ်ပါဘူး။
အင်မော်တယ်ဧကရာဇ် မဟုတ်ဘူးဆိုရင် ဟန်ကျွယ်ဟာ လုံးဝဂရုမစိုက်ပါဘူး။ အင်မော်တယ်ဧကရာဇ် ရောက်လာလို့ ကောင်းကင်ဧကရာဇ်က မကူညီရင်တောင် ဟန်ကျွယ်က ထွက်ပြေးမှာပါ။ ဟန်ကျွယ်အတွက် သူ့အသက်က ပထမပါ။ ကျန်တာတွေ ဒုတိယပါ။
“သခင်… ဖူစန်းသစ်ပင်ရဲ့ သစ်ကိုင်းတွေက လွန်ခဲ့တဲ့နှစ်ဝက်စပြီး စလှုပ်လာတယ်” ဝူတောက်ကျန့်က အလေးအနက် ပြောလိုက်ပါတယ်။
ဝူတောကျန့်ဟာ လွန်ခဲ့တဲ့နှစ်ဝက် ကတည်းက ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်ချင်ပေမဲ့ ဟန်ကျွယ်ရဲ့ဖိာအးကို ကြောက်တဲ့အတွက် ဟန်ကျွယ် မခေါ်မချင်း ဆက်စောင့်နေတာပါ။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။ ဝူတောက်ကျန့်က ဆက်ပြောပါတယ် “ငရဲကြက်နက်၊ အာတနဲ့ ရှောင်အာတို့က သစ်ပင်ပေါ်မှာ ရှိနေပေမဲ့လည်း လှုပ်ခါနေတာက ရပ်မသွားဘူး”
မြန်မာပြည်ငြိမ်းချမ်းပါစေ။
Chapter – 246
? Views, Released on December 3, 2024