Switch Mode

Chapter – 245

အခန်း (၂၄၅) ပဋိပက္ခရုပ်ခန္ဓာ
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိရဲ့ ရောင်ဝါ ထွက်သွားတာကို ခံစားလိုက်ရတာကြောင့် နည်းနည်း သက်ပြင်းချမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီး တဟုန်ထိုးတိုးတက်နေအောင် အမြဲတမ်း မောင်းနှင်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးအပေါ် ဘာအကြွေးမှ တင်မထားပါဘူး။ အခုလက်ရှိ ယွီဂျင်ဂိုဏ်းတော်ကြီးက ဟန်ကျွယ်နဲ့ တော်တော်လေး စိမ်းနေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ မိတ်ဆွေဟောင်းတွေ မရှိတော့လို့ပါပဲ။
လီချင်းဇဲ့ မရှိတော့သလို တာအိုသခင်ကျင်းရှုကလည်း သေဆုံးသွားပါပြီ။
နတ်မိမယ်ရှီရွှမ်ကလည်း တစ်ချိန်လုံး အပြင်ထွက်နေတဲ့အတွက် ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ စိမ်းလာပါတယ်။ ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာဆို ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ သူစိမ်းတောင် ဖြစ်နေပါပြီ။
ဒီလောကမှာ အချိန်က အရာအားလုံးကို ဖျက်ပစ်နိုင်ပါတယ်။ ခံစားချက်လည်း အပါအဝင်ပေါ့။
‘ဒါက ငါရဲ့ ထာဝရအသက်ဆီ လျှောက်တဲ့လမ်းမှာ ပေးဆပ်ရမဲ့အရာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ‌ တွေးလိုက်ပြီးနောက် သူ့တာအိုနှလုံးသားက ပိုမိုပြတ်သားလာပါတယ်။ တစ်နေ့ကျရင် တိတ်ဆိတ်ဂိုဏ်းက တပည့်အချို့တောင် ဟန်ကျွယ်နဲ့ အလှမ်းဝေးကွာလာနိုင်ပါတယ်။
ဝီရိယတောင်ရဲ့ အင်မော်တယ်ချီက ဘယ်လောက်ပဲ သိပ်သည်းပါစေ ဒီနေရာမှာ အင်မော်တယ်ဧကရာဇ်ဖြစ်လာအောင် ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကောင်းကင်ရုံးတော်မှာတောင် အင်မော်တယ်အသစ်တွေက အဟောင်းတွေနေရာမှာ အမြဲတမ်း အစားထိုးဝင်ရောက်နေကြပါ။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံအားထုတ်ပြီး သေခြင်းရှင်ခြင်း မဟာတာအိုကို ဆက်သုံးသပ်ပါတယ်။ ဟန်ကျွယ်ဟာ သေခြင်းရှင်ခြင်းတာအိုကို နက်နက်နဲနဲ နားလည်လာတာနဲ့အမျှ တိုက်ပွဲထဲမှာလည်း အသုံးပြုလာနိုင်ပါတယ်။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျန်းယီရဲ့ တိုက်ကွက်ငါးကွက်ကို ခုခံနိုင်လာပါတယ်။
နှစ်သုံးဆယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျန်းယီကို ငါးမိနစ် ခုခံနိုင်လာပါတယ်။
နှစ်ငါးဆယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျန်းယီကို တစ်နာရီ ခုခံနိုင်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ်တစ်ပါးကို အားအင်ကုန်ခမ်းစေတဲ့နည်းနဲ့ အနိုင်မယူနိုင်ပါဘူး။
နှစ်ငါးဆယ်လုံးလုံး ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံနေပြီး ရန်သူတစ်ယောက်ကိုမှ ကျိန်စာမတိုက်ပါဘူး။ ဟန်ကျွယ်ဟာ တဖြည်းဖြည်း စွမ်းအားကြီးလာတဲ့ ခံစားချက်ကို အပြည့်အဝ အရသာခံပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ လျူပေ့ဆီက သတင်းရောက်လာပါတယ် “သခင် အဲဒီလူ ရောက်လာပြီ”
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ပဓာနဝိညာဉ်နဲ့ ဓားတာအိုမြစ်ထဲ ခုန်ဝင်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ လျူပေ့ကို လူနှစ်ယောက်က ဟန့်တားထားတာ တွေ့လိုက်ရပါတယ်။
လျူပေ့ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာ သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး ပြောလိုက်ပါတယ် “ဓားတာအိုမြစ်ရဲ့ တကယ့်သခင် ရောက်လာပြီ”
လူနှစ်ယောက်လည်း လှည့်ကြည့်လိုက်ပါတယ်။
အဲဒီတော့မှ ဟန်ကျွယ်ဟာ လူနှစ်ယောက်ရဲ့ မျက်နှာကို သေသေချာချာ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရပါတယ်။ တစ်ယောက် ငယ်ရွယ်ပြီး တက်ကြွတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အေးစက်တည်ငြိမ်တဲ့ သက်လတ်ပိုင်း တာအိုကျင့်ကြံသူ တစ်ယောက်ပါ။
“ဘာကိစ္စရှိလို့လဲ သိလို့ရမလား” ဟန်ကျွယ်က ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာမှာ ဓားတာအိုမြစ်ကို ထိန်းချုပ်ပြီး သူတို့လေးယောက်ကို ဘယ်သူမှမမြင်အောင် လုပ်လိုက်ပါတယ်။ ဓားတာအိုမြစ်ထဲကို မရေမတွက်နိုင်တဲ့ ဓားကျင့်ကြံသူတွေက အချိန်တိုင်း ဝင်ထွက်နေကြတာပါ။ ဒီဓားကျင့်ကြံသူတွေက ဟန်ကျွယ်တို့ ရန်ဖြစ်နေတာကို တွေ့သွားရင် သိပ်မကောင်းပါဘူး။
သက်လတ်ပိုင်း တာအိုကျင့်ကြံသူက ပြောလိုက်ပါတယ် “ဓားတာအိုမြစ်မှာ သခင်အသစ်ပေါ်လာတယ်လို့ ကျုပ်တပည့်ဆီက ကြားတဲ့အတွက် အထူးတလည်လာပြီး မိတ်ဆွေလာဖွဲ့တာပါ၊ ဒီကတာအိုရောင်းရင်းက ကျန်းကူရှင်းနဲ့ ဘယ်လိုဆက်ဆံမျိုး ရှိပါသလဲ”
“မိတ်ဆွေကောင်းလို့ ပြောလို့ရပါတယ်၊ သူ့မှာ ရွေးချယ်စရာမရှိလို့သာ ဓားတာအိုမြစ်ကို ကျုပ်လက်ထဲ အပ်ခဲ့တာပါ”
သက်လတ်ပိုင်းတာအိုကျင့်ကြံသူဟာ မဆိုစလောက် ခေါင်းညိတ်လိုက်ပါတယ်။ သူလည်းပဲ ကျန်းကူရှင်းနဲ့ ရှန်နန်းတော်ကြားက မသင့်မြတ်မှုတွေကို ကြားထားပါတယ်။
လူငယ်က ပြုံးပြီး ဝင်ပြောလိုက်ပါတယ် “စီနီယာ… စီနီယာမှာ ဂိုဏ်းရှိလား၊ မရှိဘူးဆိုရင် ကျွန်တော်တို့ ကျယ်ကျောင်းတော်ဆီ လာပါလား”
လူငယ်ဟာ လျူပေ့ကို မထီမဲ့မြင်ပြုခဲ့တာက လျူပေ့ဟာ နောက်ခံမရှိဘူးလို့ ခံစားရတာကြောင့်ပါ။ သူတို့ကျယ်ကျောင်းတော်သာ ဓားတာအိုမြစ်ကို ထိန်းချုပ်နိုင်ရင် အရည်အချင်းရှိတဲ့ ဓားကျင့်ကြံသူတွေနဲ့ အဆက်အသွယ်ရပြီး မကုန်ဆုံးနိုင်တဲ့ ဓားကျင့်ကြံသူတွေကို ကျယ်ကျောင်းတော်ထဲ စုပ်ယူနိုင်မှာပါ။
ဟန်ကျွယ်ဟာ သက်လတ်ပိုင်းတာအိုကျင့်ကြံသူရဲ့ ကျင့်ကြံမှုက မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်မှာပဲ ရှိတယ်လို့ ခန့်မှန်းမိတာကြောင့် နည်းနည်းလေးတောင် စိုးရိမ်ထိတ်လန့်ခြင်း မရှိပါဘူး။
“ငါက ကောင်းကင်ရုံးတော်ကပဲ”
ဟန်ကျွယ်စကားကြောင့် ကျယ်ကျောင်းတော်က ဆရာတပည့်နှစ်ယောက်ဟာ မျက်နှာပျက်သွားပါတယ်။
ကောင်းကင်ရုံးတော်။
မကြာသေးခင်က ကျယ်ကျောင်းတော်ဟာ ကောင်းကင်ရုံးတော်ကို တိုက်ခိုက်ခဲ့ပေမဲ့ လုံးဝရှုံးနိမ့်ပြီး လူအများကြီးကို ကျယ်ကျောင်းတော်ခေတ် ကုန်ဆုံးသွားပြီဆိုတော့ သိရှိသွားစေခဲ့ပါတယ်။
ဆရာတပည့်နှစ်ယောက်လုံး တိတ်ဆိတ်သွားပါတယ်။
သတိကြီးလှတဲ့ ဟန်ကျွယ်ဟာ ပုန်းအောင်းနေတဲ့ ရန်သူများရှိလေးမလား သံသယစိတ်ကြောင့် ပတ်ဝန်းကျင်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်ပါတယ်။
“သွားမယ်” သက်လတ်ပိုင်း တာအိုကျင့်ကြံသူဟာ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပါတယ်။ လူငယ်ဟာ တစ်စုံတစ်ခု ပြောချင်သေးပေမဲ့လည်း သူ့ဆရာဆွဲရာ ပါသွားပါတယ်။
‘သူတို့က ဒီအတိုင်း ထွက်သွားတာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
လျူပေ့ကတော့ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။ သူဟာ တကယ်ကြီး တိုက်ကြခိုက်ကြမှာကို ကြောက်နေတာပါ။ ဟန်ကျွယ်ဟာ အတန်ကြာ ထပ်စောင့်ပေမဲ့ မုန်းတီးမှုတစ်စုံတစ်ရာ မရရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ လျူပေ့နဲ့ စကားခဏပြောပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
ဒါပေမဲ့ အကြောင်းအရင်းတစ်ချို့ကြောင့် ဟန်ကျွယ်ဟာ မသက်မသာ ခံစားလိုက်ရပါတယ် ‘ဒီနှစ်ထဲ ကျယ်ကျောင်းတော်က တော်‌တော်လေး လှုပ်ရှားနေပါ့လား၊ ဓားတာအိုမြစ်ထဲမှာတောင် ငါနဲ့ လာဆုံရတယ်လို့’
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူကာ တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။ ခပ်မြန်မြန်ပဲ နတ်အာရုံချင်း ဆက်သွယ်မိသွားပါတယ်။
“စီနီယာ…. အဆင်ပြေရဲ့လား” ဟန်ကျွယ်က ယဉ်ယဉ်ကျေးကျေး မေးလိုက်ပါတယ်။ တိထိုက်ပိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာရလိုက်ကတည်းက သူတို့နှစ်ယောက် မဆက်သွယ်ဖြစ်ခဲ့တော့တာပါ။
တိထိုက်ပိုင်က ပြုံးပြီး ပြောလိုက်ပါတယ် “မဆိုးပါဘူး၊ မင်းတောင် ငါ့ကိုမရှာတာ အတော်ကြာပြီ၊ ဒီတစ်ခါ ဘာကိစ္စရှိလို့လဲ”
ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ပါတယ်။
“ဟမ်… ကျယ်ကျောင်းတော်က လက်မလျှော့သေးဘူးပဲ၊ သူတို့က ဓားတာအိုမြစ်ကို ပစ်မှတ်ထားနေပြန်ပြီ၊ တော်တော်လေး အတာပဲ” တိထိုက်ပိုင်ဟာ အထင်အမြင်သေးစွာ နှာခေါင်းရှုံ့လိုက်ပါတယ်။
“မင်း ဒီကိစ္စအတွက် စိုးရိမ်စရာ မလိုဘူး၊ ကျယ်ကျောင်းတော်က မဟာကံတရားဝန်ကို ထမ်းဆောင်ထားရတာ၊ သူတို့သာ ဓားတာအိုမြစ်ကို တိုက်ခိုက်ရင် ကောင်းကင်ပြစ်ဒဏ်ကို ခံစားရလိမ့်မယ်”
“မဟာကံတရားဝန်”
“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျယ်ကျောင်းတော်က အင်မော်တယ်ကမ္ဘာကို အုပ်စိုးခဲ့တယ်၊ သူတို့တပည့်တွေက မျိုးနွယ်စုအကုန်လုံးမှာ ရှိခဲ့တယ်၊ ဒါပေမဲ့ သူတို့က သေမျိုးကမ္ဘာတွေကို ထိန်းချုပ်ချင်တဲ့အတွက် ကြီးမားတဲ့စစ်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ပြီး အနန္တကပ်ဘေးကို ဖြစ်ပေါ်စေခဲ့တယ်၊ အနန္တကပ်ဘေးမှာ သေဆုံးသွားတဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေက ကံအားအသွင် ပြောင်းလဲပြီး ကျယ်ကျောင်းတော်ရဲ့ မျိုးဆက်တွေကို တစ်ဆက်ပြီးတစ်ဆက် ညှဉ်းပန်းနှိပ်စက်တော့တာပဲ”
ဟန်ကျွယ်ဟာ ကြက်သီးမွေးညင်း ထသွားပါတယ် ‘မျိုးဆက်တိုင်း နှိပ်စက်ခံရတယ်ဆိုတော့ မရေမတွက်နိုင်တဲ့ သက်ရှိတွေက ကြမ္မာဆိုးစာအုပ်နဲ့ ကျယ်ကျောင်းတော်ကို နေ့တိုင်း ကျိန်စာတိုက်နေတဲ့သဘောပေါ့’
တိထိုက်ပိုင်က ဆက်ပြောပါတယ် “ငါ ကျယ်ကျောင်းတော်ကို ဖိအားပေးလိုက်မယ်၊ သူတို့တွေ ကြီးကြီးမားမား ဆုံးရှုံးထားတာ မကြာသေးဘူးဆိုတော့ ကောင်းကင်ရုံးတော်ကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး”
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ စိတ်သက်သာရ ရသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်နဲ့ တိထိုက်ပိုင်ဟာ စကားနည်းနည်း ထပ်ပြောပြီး နတ်အာရုံကို ဖြတ်တောက်လိုက်ကြပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။
နှစ် ၃၀ ကြာပြီးနောက်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ထပ်တိုးလာတဲ့အတွက် အခုဆိုရင် ကျန်းယီနဲ့ လက်ရည်တူနီးပါး တိုက်ခိုက်နိုင်နေပါပြီ။ ဒါ့အပြင် ဟန်ကျွယ်ဟာ ဧကရာဇ်အဆင့်ကို တက်လှမ်းဖို့က တစ်ခြားသူတွေထက် ပိုပြီးတော့ ခက်ခဲမယ်ဆိုတော့ ကျိန်းသေသွားပါတယ်။ ဒီလိုခက်ခဲတာကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဧကရာဇ်အဆင့်ကို မထိုးဖောက်နိုင်သေးပေမဲ့ အင်မော်တယ်ဧကရာဇ်နဲ့ လက်ရည်တူနီးပါး တိုက်ခိုက်နိုင်နေပါပြီ။ တကယ်တော့ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်က ကျန်းယီ ဖြစ်နေလို့ပါ။ တစ်ခြားအင်မော်တယ်ဧကရာဇ်သာဆိုရင် ဟန်ကျွယ်လက်ချက်နဲ့ သေနေလောက်ပါပြီ။
ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုရဲ့ အကျိုးရလဒ် ထွက်လာမဲ့နေကို စောင့်မျှော်လျက် ရှိပါတယ်။
ဟန်ကျွယ်ဟာ ပန်းတိုင်သေးသေးလေး ချလိုက်ပါတယ်။
‘ငါ ဧကရာဇ်အဆင့်ကို မတက်လှမ်းခင် အင်မော်တယ်ဧကရာဇ်ကို သတ်နိုင်တဲ့စွမ်းအား ရှိရမယ်’
ဟန်ကျွယ်ဟာ ဒီပန်းတိုင်က အရမ်းဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။
[ကောင်းကင်ရုံးတော်၏ ကံတရား အထောက်အပံ့သည် ပြောင်းလဲသွားပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကောင်းကင်ရုံးတော်၏ ကံတရားအထောက်အပံ့ကို ရယူပါ။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် အကောင်းစားရတနာ တစ်ပါးကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအိုအပိုင်းအစအား ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပြီး မဟာတာအို အပိုင်းအစကို အောင်မြင်စွာ ရရှိသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော် ဘာလုပ်နေလဲ မသိပေမဲ့ ဘုံပျံတက်ရင် ကျိန်းသေပေါက် ပြဿနာတက်မှာကိုတော့ သေချာသိပါတယ်။ ဟန်ကျွယ်ဟာ ဘာမှမလိုချင်ပါဘူး။ အေးအေးဆေးဆေးပဲ ကျင့်ကြံအားထုတ်ချင်တာပါ။
“ကောင်းကင်ရုံးတော်က ကောင်းကင်ကြယ်စက်ဝန်း အစီအရင်ကို အသက်သွင်းပြီး ကောင်းကင်တာအိုရဲ့ ကံတရားအထောက်အပံ့ကို စုစည်းဖို့ ပြင်ဆင်နေတယ်၊ ဒီဟာက အင်မော်တယ်တွေရဲ့ ကျင့်ကြံမှုကို တော်တော်လေး အထောက်အကူပြုတယ်၊ မင်းလည်း လာသင့်တယ်”
ကောင်းကင်ဧကရာဇ်ရဲ့အသံဟာ ဟန်ကျွယ်နားထဲ ဝင်လာပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီး ပြန်ပြောလိုက်ပါတယ် “အရှင်မင်းကြီး… ကျွန်တော်က ဂူအောင်းကျင့်ကြံမလို ပြင်နေတာ၊ အဲဒါကြောင့် ကောင်းကင်ရုံးတော်ကို မလာတော့ပါဘူး၊ အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်”
“ကံတရားအထောက်အပံ့ကို တိုးတက်စေတာက မင်းရဲ့ ဧကရာဇ်အဆင့် တက်လှမ်းတာကို အကူအညီပေးနိုင်တယ်”
“ရပါတယ် အရှင်မင်းကြီး၊ ကျွန်တော် ကျင့်ကြံမှုက ဆက်တိုးတက်နေတုန်း”
“မင်းက ဆက်တိုးတက်နေသေးတာလား၊ နေပါအုန်း…” ကောင်းကင်ဧကရာဇ်ဟာ လန့်သွားပြီး အသံပြောင်းသွားပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်လည်း လန့်သွားပါတယ် ‘ဘာလို့လန့်သွားတာလဲ’
“မင်းခန္ဓာကိုယ်မှာ ပဋိပက္ခရောင်ဝါ ရှိနေပါလား၊ မင်းရဲ့ခန္ဓာကိုယ်က ပဋိပက္ခရုပ်ခန္ဓာလား” ကောင်းကင်ဧကရာဇ်က အံဩတကြီး မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် ဒီလောက်အံဩတာကို ပထမဆုံးအကြိမ် ကြုံဖူးတာပါ။ ဟန်ကျွယ်က ဂရုတစိုက် ပြန်မေးလိုက်ပါတယ် “ပဋိပက္ခရုပ်ခန္ဓာက ဘာကိုပြောတာလဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset