Switch Mode

Chapter – 243

အခန်း (၂၄၃) သိကျွင်း၊ အရှေ့ဧကရာဇ်ထိုက်ယီ
“ဘာအခွင့်ကောင်းလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ် ‘ငါ့ကို အပြင်ထွက်ဖို့ ထပ်လာခေါ်တာလား’ ဟန်ကျွယ်ဟာ စိတ်ရှုပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ ဘာစွန့်စားမှုမှ မလုပ်ချင်လို့ပါပဲ။
ကျန်းယီက ပြင်းပြတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်ပါတယ် “မကြာသေးခင် အင်မော်တယ်ကမ္ဘာမှာ ဒဏ္ဍာရီတစ်ခု ပျံ့နှံ့လာတယ်၊ အဲဒီဒဏ္ဍာရီရဲ့ အဆိုအရ တာအိုဂိုဏ်းရဲ့ နတ်ရတနာက ကောင်းကင်ဘုံ ၃၃လွှာကနေ သေမျိုးကမ္ဘာကို ပြုတ်ကျသွားတယ်တဲ့၊ ဒီရတနာကိုရတဲ့သူ ဘယ်သူမဆို နတ်မင်း ဖြစ်လာနိုင်တယ်”
နတ်မင်းအဆင့်။
အင်မော်တယ်ဧကရာဇ်ဆိုတာ အင်မော်တယ်ကမ္ဘာရဲ့ ထိပ်ဆုံးမှာရှိတယ်ဆိုပေမဲ့ နတ်မင်းအဆင့်နဲ့တော့ အလွန်တရာမှ အလှမ်းဝေးနေပါသေးတယ်။ ဘယ်လောက်တောင် ဝေးလဲဆိုရင် သမုဒ္ဒရဲ့ ဟိုဘက်ကမ်းနဲ့ သည်ဘက်ကမ်းလို ကောင်းကင်နဲ့ မြေကြီးလို ဝေးကွာလွန်းလှပါတယ်။
အင်မော်တယ်ဧကရာဇ် ဖြစ်လာတာ မကြာသေးဘူးဆိုပေမဲ့ ကျန်းယီဟာ ဒီထက်မြင့်တဲ့အဆင့်ကို ရောက်ချင်နေတုန်းပါပဲ။
ဟန်ကျွယ်က စလိုက်ပါတယ် “ရတနာက တစ်ခုတည်းရှိတာ၊ ကျုပ်တို့နှစ်ယောက်က ဘယ်လိုခွဲမလဲ”
ကျန်းယီဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ရတနာက တစ်ခုပဲရှိတယ်လို့ ဘယ်သူပြောလဲ၊ တစ်ခုပဲ ရှိတယ်ဆိုရင်တောင် တစ်ယောက်ပဲ သုံးလို့ရတယ်လို့ ဘယ်သူပြောလဲ”
“မင်းသာ ငါ့ကို ဒီရတနာ ကူရှာပေးမယ်ဆိုရင် မင်း ဧကရာဇ်အဆင့် တက်လှမ်းနိုင်အောင် ငါ ကူညီပေးမယ်”
“မင်းကျင့်ကြံမှုက ရှေ့ဆက်မတိုးတော့ဘူးမလား၊ ဧကရာဇ်အဆင့်ကိုရောက်မှ ရှေ့ဆက်တက်တော့မှာ”
ဟန်ကျွယ်ဟာ စပ်စုလိုက်ပါတယ် “မဟာညီညွတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်သွားရင် ကျင့်ကြံမှုက ထပ်မတိုးတော့ဘူးလား” ဟန်ကျွယ် ဒီလိုမေးရတာက သူ့ကျင့်ကြံမှုက ရှေ့ဆက်တိုးနေလို့ပါပဲ။ ဟန်ကျွယ်လည်း ဒါကို နည်းနည်းထူးဆန်းနေတာပါ။
ကျန်းယီက ပြောလိုက်ပါတယ် “ဟုတ်တယ်၊ မင်းက သေမျိုးတစ်ယောက်ရဲ့ ကန့်သတ်စည်းကို ရောက်နေပြီ၊ ဘယ်လိုလုပ်ပြီး ကျင့်ကြံမှု ရှေ့ဆက်တိုးမှာလဲ၊ မင်းက… ထားလိုက်ပါတော့ ပြောလည်း မထူးပါဘူး”
“ပြောစမ်းပါ၊ ခင်ဗျား အရင်တုန်းက ဝတ္ထုတွေ ရေးဖူးလား” ဟန်ကျွယ်က အလျင်စလို မေးလိုက်ပါတယ် ‘သေစမ်း… မင်းကိုယ်မင်း စာရေးဆရာ မှတ်နေလား၊ ကောင်းခန်းရောက်မှ ဖြတ်ရတယ်လို့’
ကျန်းယီက အံအားသင့်တဲ့ မျက်နှာနဲ့ ပြန်မေးလိုက်ပါတယ် “ဝတ္ထုက ဘာကိုပြောတာလဲ”
“အဲဒါအရေးမကြီးပါဘူး၊ ခုနကဟာကိုသာ ဆက်ပြောစမ်းပါ”
“မင်းက ချိတ်ဆက်သက်ရှိ မဟုတ်ဘူးဆိုရင်ပေါ့၊ ဒဏ္ဍာရီအရတော့ နတ်ဘုရားရွေးချယ်ပွဲကပ်ဘေး မတိုင်ခင်မှာ အင်မော်တယ်ကမ္ဘာက အခုလက်ရှိ အင်မော်တယ်ကမ္ဘာထက် အများကြီး ကျယ်ပြန့်ပြီး အင်မော်တယ်တွေ အုပ်ချုပ်တာ မဟုတ်တဲ့ ခေတ်တစ်ခေတ် ရှိခဲ့ဖူးတယ်၊ နတ်ဘုရားရွေးချယ်ပွဲကပ်ဘေးလည်း ပြီးရော ချိတ်ဆက်သက်ရှိတွေ အကုန်လုံးနီးပါး မျိုးတုံးပျောက်ကွယ်သွားတယ်၊ ကောင်းကင်တာအိုကလည်း ပိုပြည့်စုံလာပြီး ကျင့်ကြံခြင်းလမ်းကလည်း အရင်ကထက် ပိုခက်ခဲလာတယ်”
“ငါတို့ နတ်ရွှေကျီးမျိုးနွယ်စုကို တည်ထောင်ခဲ့တဲ့သူက ချိတ်ဆက်သက်ရှိပဲ”
‘နားလည်ပြီ… အသက်ကြီးလေ စွမ်းအားကြီလေပေါ့၊ ဒါဆို ငါ့လောကဦး ကြယ်တာရာခန္ဓာကိုယ်က ချိတ်ဆက်သက်ရှိထက်တောင် စွမ်းအားကြီးနေတာပဲ၊ ဒီတော့ ငါ့ကျင့်ကြံမှု ဆက်တိုးတက်နေတာက ကိစ္စကောင်းပေါ့’
ကျင့်ကြံခြင်းလောကမှာ အရည်အချင်းရှိလေလေ အဆင့်တက်ဖို့ ပိုအားထုတ်ရလေလေပါပဲ။ ဘယ်သူ့မှ နည်းနည်းလေး အားစိုက်ရရုံနဲ့ အများကြီး မစွမ်းနိုင်ပါဘူး။ အရည်အချင်းရှိတယ် ဆိုတာက ကျင့်ကြံမှုအလျင်တစ်ခုတည်းနဲ့ ဆုံးဖြတ်နိုင်တာ မဟုတ်ပါဘူး။
“ငါ့ကို မြန်မြန်ပြောစမ်းပါ၊ ဝတ္ထုက ဘာကို ပြောတာလဲ” ကျန်းယီက မေးလိုက်ပါတယ်။
“သေချာရေးသားထားတဲ့ ဇာတ်လမ်းတစ်ပုဒ်”
“ငါ ဇာတ်လမ်းတွေ မရေးဘူး၊ အင်မော်တယ်ကမ္ဘာမှာလည်း ဇာတ်လမ်းရေးတဲ့သူက အရမ်းရှားတယ်၊ ရှားတယ်ဆိုတာထက် မရှိသလောက်ပဲ”
“အင်း ရပါတယ်”
“ဒါဆို မင်း သဘောတူတယ်ပေါ့”
“ခင်ဗျားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ တောင်းပန်ပါတယ်၊ ကျုပ် မသွားချင်ဘူး” ဟန်ကျွယ်ဟာ တောင်းပန်သံနဲ့ ပြောလိုက်ပါတယ်။ နတ်မင်းအဆင့်က တော်တော်လေး ဆွဲဆောင်မှုကောင်းပေမဲ့ ဆွဲဆောင်မှုကောင်းသလောက် အန္တရာယ်လည်း များမှာပါ။
ကျန်းယီဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ကြိမ်တိုင်တိုင် အငြင်းခံလိုက်ရလို့ပါပဲ။ ကျန်းယီဟာ နတ်ရွှေကျီးမျိုးနွယ်စုရဲ့ ပါရမီရှင်ဖြစ်တာကြောင့် သူ့ကို မျက်နှာသာမပေးတဲ့သူ မရှိပါဘူး။ အခုတော့ ဟန်ကျွယ်ဆီမှာ နှစ်ကြိမ်တောင် အငြင်းခံလိုက်ရတဲ့အတွက် ကျန်းယီဟာ သည်းမခံနိုင်တော့ပါဘူး။
“ဟွန်း… စီးမာယိ… မင်းက မင်းကိုယ်မင်း အမြင့်ကြီး တွေးထားတာလား၊ ငါက မင်းကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံတာတောင် မင်းကငါ့ကို တစ်ခါပြီးတစ်ခါ ငြင်းပယ်တယ်၊ မင်းက ငါ့ကို အထင်သေးတာလား”
ဟန်ကျွယ်ဟာ လက်ယမ်းပြီး ပြောလိုက်ပါတယ် “ဘယ်လိုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ဒီက တာအိုရောင်းရင်း ကျန်းယီနဲ့ မိတ်ဆွေဖြစ်ခွင့်ရတာကိုကပဲ ကျုပ်ရဲ့ ကံကောင်းမှုပါ၊ ဒါပေမဲ့ ကျုပ်က သေမှာကြောက်တော့ မစွန့်စားရဲဘူး၊ မဟုတ်ရင် ဒီသေမျိုးကမ္ဘာမှာ အစောင့်နတ် လုပ်နေပါ့မလား၊ ကောင်းကင်ဧကရာဇ် ဖိတ်ခေါ်တာတောင် ကျုပ်က ဘုံပျံတက်တာ မဟုတ်ဘူး၊ ကျုပ် သူ့ကို ငြင်းတာလည်း အကြိမ်ပေါင်း မနည်းတော့ဘူး၊ ကျုပ် တကယ်ပဲ မစွန့်စားချင်ဘူး၊ အေးအေးဆေးဆေးပဲ ကျင့်ကြံအားထုတ်ချင်တယ်”
ဒီစကားကြောင့် ကျန်းယီဟာ မျက်မှောင်ကြုတ်သွားပြီး ဟန်ကျွယ်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ် ‘ဒီကောင်က ငါ့ကို တိုက်ခိုက်တော့မှာလား၊ ငါ ခုခံနိုင်ပါ့မလား၊ တစ်ခါတည်း အရှုံပေးလိုက်ရမလား၊ မဖြစ်နိုင်ဘူး၊ ငါအရှုံးပေးလိုက်ရင် သူ့နောက်လိုက်ခွေး ဖြစ်သွားမှာပေါ့’
‘နေပါအုန်း၊ ငါက ဘာလို့ကြောက်ရမှာလဲ၊ ငါ့အထက်မှာ ကောင်းကင်ဧကရာဇ် ရှိနေတာပဲ၊ နောက်ပြီး ဒီနေရာက ကောင်းကင်ရုံးတော်ရဲ့ နယ်မြေပဲ’
ဟန်ကျွယ်ခေါင်းထဲကို အတွေးမျိုးစုံ ဝင်လာပြီးနောက် ဟန်ကျွယ်ဟာ ယုံကြည်မှု ပြန်ရှိသွားပါတယ်။
“မင်းငါ့ကို ငြင်းလို့ရတယ်၊ ဒါပေမဲ့ ငါ့ကို ဝတ္ထုတစ်ပုဒ်ပြောပြ၊ ငါ မင်းပြောတဲ့ ဝတ္ထုကို ကြိုက်ရင် ငါ ဒီအတိုင်း ထွက်သွားမယ်၊ သေမျိုးကမ္ဘာရှိတဲ့ ပုံပြောတဲ့သူတွေက အင်မော်တယ်တွေအကြောင်းကို ဇာတ်လမ်းထွင်ပြီး ပြောကြတယ်လို့ ငါ ကြားဖူးတယ်” ကျန်းယီက ရုတ်တရက် ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ကတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘ဝတ္ထုတစ်ပုဒ် ပြောပြရမှာလား၊ ရတယ် ဘာမှမဖြစ်ဘူး၊ မတိုက်ခိုက်ရရင် အကုန်လုံး အဆင်ပြေတယ်’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျန်းယီဘေးနားမှာ တင်ပလ္လင်ခွေ ထိုင်လိုက်ပါတယ်။ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟန်ကျွယ်ဟာ ရွှေကျီးအကြောင်းပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ဒဏ္ဍာရီအရ လောကကြီး စဖြစ်ပေါ်လာတုန်းက အရာအားလုံးဟာ ဝရုန်းသုန်းကား ဖြစ်နေတယ်၊ သက်ရှိအားလုံးကလည်း အသိဉာဏ်မပွင့်လင်းကြသေးဘူး၊ ဒီလိုနဲ့ နေမင်းကြီးမှာ ရွှေကျီးနှစ်ကောင် မွေးဖွားလာခဲ့တယ်၊ တစ်ယောက်ကို အရှေ့ဧကရာဇ်ထိုက်ယီလို့ခေါ်ပြီး နောက်တစ်ယောက်ကိုတော့ သိကျွင်းလို့ခေါ်တယ်…”
ဟန်ကျွယ်ဟာ အရင်ဘဝတုန်းက သူဖတ်ဖူးခဲ့တဲ့ လောကဦးဇာတ်လမ်းတစ်ပုဒ်ကို စပြောပါတယ်။
ကျန်းယီဟာ မျက်နှာသေနဲ့ နားထောင်နေပါတယ်။ ဟန်ကျွယ်ဟာ ဇာတ်လမ်းထဲကို အာရုံစိုက်နေတာမို့ ကျန်းယီလက်တုန်ယင်နေတာကို သတိမထားမိပါဘူး။
“ဒီခေတ်ကို လောကဦးကမ္ဘာလို့ခေါ်တယ်၊ အရှေ့ဧကရာဇ်ထိုက်ယီနဲ့ သိကျွင်းက ကျင့်ကြံမှုတွေ ပြီးစီးတဲ့အခါ နေမင်းကနေ ထွက်ခွာပြီး လောကဦးကမ္ဘာကို ရောက်လာကြတယ်၊ သူတို့က လုံးဝအသာစီးရတဲ့စွမ်းအားနဲ့ မြေပြင်တစ်ခွင်လုံးမှာရှိတဲ့ သက်ရှိတွေကို စုစည်းပြီး နတ်ဆိုးမျိုးနွယ်စုလို အမည်ပေးခဲ့ကြတယ်…”
ဟန်ကျွယ်ဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပါတယ်။ ဟန်ကျွယ်ဟာ တစ်ခြားသူတွေကို ရန်စမိမှာ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောကမှာ အရှေ့ဧကရာဇ်ထိုက်ယီနဲ့ သိကျွင်းရှိခဲ့တယ်ဆိုရင်တောင် သူတို့တွေ သေသွားတာ ကြာလှပြီမို့လို့ပါ။ ဟောင်တျန်နဲ့ မှော်မျိုးနွယ်စုက ဘိုးဘေး ၁၂ ယောက်တောင် သေဆုံးသွားတာ ကြာလှပါပြီ။ ဘယ်လိုလုပ်ပြီး ဒီစွမ်းအားကြီးပုဂ္ဂိုလ်နှစ်ပါးက တည်ရှိနိုင်အုန်းမှာလဲ။
ဟန်ကျွယ်ဟာ အရင်တုန်းက တိထိုက်ပိုင်ကို လောကဦးကမ္ဘာအကြာင်း မေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ မသိဘူးဆိုတဲ့ အဖြေပဲ ရခဲ့ပါတယ်။
ကျန်းယီလည်း ဟန်ကျွယ်ရဲ့ ဇာတ်လမ်းထဲမှာ မြောပါလာတယ်။ ဟန်ကျွယ်ဟာ ကျန်းယီသံသယဝင်မှာ စိုးတဲ့အတွက် ကောင်းကင်ရုံးတော်အကြောင်း တစ်လုံးတစ်ပါဒမျှ ထည့်မပြောပါဘူး။
ဟန်ကျွယ်ဟာ နာရီအတော်ကြာမှာပဲ ပြောလို့ပြီးသွားပါတယ်။
ကျန်းယီဟာ သက်ပြင်းချလိုက်ပါတယ် “တော်တော်လေးစားဖို့ကောင်းတဲ့ နတ်ဆိုးဧကရာဇ်တွေပဲ၊ ကောင်းကင်နဲ့ ပညာရှိတွေကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်ရဲတယ်၊ သူတို့က သေမယ်မှန်းသိတာတောင် အဆုံးထိ တိုက်ခိုက်ရဲတယ်”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “သူတို့က အရမ်းသတ္တိရှိတယ်၊ ဒါပေမဲ့ သူတို့က ကောင်းကင်တာအိုကို ဆန့်ကျင်ပြီး အပြစ်တွေ အများကြီးကျူးလွန်းထားလို့ အခြေအအနေကို မပြောင်းလဲနိုင်ခဲ့တာ”
ဟန်ကျွယ်ဟာ ဒီစကားကို ပညာရှိတွေကြားအောင် တမင်သက်သက် ပြောလိုက်တာပါ။ ပညာရှိတွေက စွမ်အားအကြီးဆုံးပုဂ္ဂိုလ်တွေ ဖြစ်တာကြောင့် သေမျိုးကမ္ဘာကို ဂရုစိုက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူတို့တွေ နည်းနည်းလေး နားစွင့်မိမှာကို ကြောက်ပါတယ်။
ကျန်းယီဟာ သွေးဆာတဲ့လူတစ်ယောက် မဟုတ်တာကြောင့် ဟန်ကျွယ်စကားကို ခေါင်းညိတ်ပြီး ထောက်ခံလိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျား ကျေနပ်လား”
ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ကျန်းယီက အဓိပ္ပာယ်ပါပါ ပြန်ဖြေလိုက်ပါတယ် “ကျေနပ်ပါတယ်၊ စီးမာယိ… မင်းက မရိုးရှင်းဘူးပဲ၊ ကောင်းကင်ဧကရာဇ်က မင်းကို ကာကွယ်ထားတာ အံဩစရာ မရှိတော့ပါဘူး” အဲဒီနောက် ကျန်းယီဟာ မတ်တတ်ရပ်လိုက်ပြီး ဟန်ကျွယ်ကို ငုံ့ကြည့်လိုက်ပါတယ်။
“မင်းအရည်အချင်းက မဆိုးပါဘူး၊ ဒါပေမဲ့ သူရဲဘောကြောင်တဲ့အတွက် ကိစ္စကြီးတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး၊ မင်းခဏတော့ ပုန်းလို့ရတယ်၊ ဒါပေမဲ့ ထာဝရပုန်းအောင်းလို့တော့ရမှာ မဟုတ်ဘူး၊ တစ်နေ့ကျရင် မင်းမှာ ရွေးချယ်စရာမရှိဘဲ အပြင်ထွက်လာရလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းနောက်ကလူတွေက မင်းကို ကျော်တက်ပြီး အထင်အမြင်သေးတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်ကြလိမ့်မယ်၊ ငါ့အတွက်ကတော့ အဲဒီအချိန်ကျရင် မင်းကို မေ့သွားလောက်ပြီ”
“ငါက မင်းဇာတ်လမ်းထဲက အရှေ့ဧကရာဇ်ထိုက်ယီပဲ၊ အနာဂတ်မှာ ဘယ်သူမှ မင်းကို သိကြမှာ မဟုတ်ဘူး”
စကားအဆုံးမှာပဲ ကျန်းယီဟာ ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ်ကတော့ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘နားထင်သွေးရောက်နေတာပဲ’
‘မင်းက အ‌ရှေ့ဧကရာဇ်ထိုက်ယီ ဖြစ်တော့ရော ဘာဖြစ်လဲ၊ သူလို သွားသေပေါ့’
‘ငါက နာမည်မရှိဘူးဆိုပေမဲ့ ထာဝရအသက်ရှင်နိုင်တယ်’
လောကဦးတုန်းကလည်း တာအိုဘိုးဘေးဟာ သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံအားထုတ်ခဲ့တဲ့အတွက် ပထမကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပကြီး လောကဦးမှာ စွမ်းအားအကြီးဆုံး ဖြစ်ခဲ့တာပါ။
ဒါကမှ ဟန်ကျွယ်ရဲ့ ပန်းတိုင်ပါ။ ဟန်ကျွယ်ဟာ ကျော်ကြားမှုကို မလိုချင်ပါဘူး။ အသက်ရှည်ရှည်ပဲ နေချင်ပါတယ်။ နောက်ဆုံးကျလို့ စွမ်းအားအကြီးဆုံး ဖြစ်လာရင် ကျော်ကြားမှုဆိုတာ ဘာအချိန်ထယူယူ ယူလို့ရပါတယ်။
ဟန်ကျွယ်ဟာ တွေးနေတာ ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။
ဒီအချိန်မှာပဲ နတ်အရှင်ဝူသယ်ဟာ ဖြည်းဖြည်းချင်း ပြန်ပေါ်လာပါတယ် “ဒီပုံပြင်က စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ၊ ဒါပေမဲ့ သူက နတ်ဆိုးရုံးတော်အကြောင်းပဲ ပြောတယ်၊ ငါတို့ ကောင်းကင်ရုံးတော်အကြောင်းကို ဘာလို့ မပြောတာလဲ၊ သူက ကောင်းကင်ရုံးတော်ကို သိပ်ပြီးတော့ စိတ်မဝင်စားလို့များလား” နတ်အရှင်ဝူသယ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset