အခန်း (၂၄၁) ငရဲကြက်နက် အမွှေးနှုတ်ခံရခြင်း၊ နောက်ထပ်မုန်တိုင်းတစ်ခု
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို သွားတာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီဆိုပေမဲ့ ရင်ထိတ်နေတုန်းပါပဲ။
‘ရန်သူက သိပ်ပြီးတော့ စွမ်းအားမကြီးတာ ကံကောင်းသွားတယ်၊ ဒီကောင်စုတ်လေးတွေ ဘုံပျံတက်သွားတာ ဘယ်လောက်မှ မကြာသေးဘူး၊ မဟာညီညွတ်မှု ရွှေအင်မော်တယ်ကိုတောင် သွားရန်စရဲတယ်’
ဝူတောက်ကျန့်ဟာ ဟန်ကျွယ် ပြန်လာတာကိုတွေ့တာနဲ့ စပ်စုလိုက်ပါတယ် “သခင်… ခုနက ဘယ်သွားတာလဲ”
ဝူတောက်ကျန့်ဟာ အနက်ရောင်ဝဲကတော့ကို မြင်တာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပါပြီ။
‘အရင်တစ်ခေါက်တုန်းက လီယောင်ကို ကယ်ခဲ့တယ်၊ အခုတစ်ခါကရော ဘယ်သူ့ကို သွားကယ်တာလဲ’
ပထမတစ်ကြိမ်တုန်းက ဟန်ကျွယ်ဟာ ဒီအနက်ရောင်ဝဲကတော့ကို အသုံးပြုပြီး လီယောင်ကို ကယ်တင်ခဲ့ပါတယ်။
ဟန်ကျွယ်ဟာ မဖုံးကွယ်ဘဲ ဖန်းလျန်နဲ့ မုရုံချီတို့အကြောင်းကို ပြောပြလိုက်ပါတယ်။
“အင်မော်တယ်ကမ္ဘာက အရမ်းအန္တရာယ်များတယ်၊ ဒီညီအစ်ကိုနှစ်ယောက် ဘုံပျံတက်တာ ဘယ်လောက်မှ မကြာသေးဘူး၊ အသက်အန္တရာယ်နဲ့ ကြုံရတယ်၊ မင်း ဘုံပျံတက်ချင်သေးလား” ဟန်ကျွယ်က လေးလေးနက်နက် မေးလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ခေါင်းကို ယမ်းနေအောင် ခါလိုက်ပါတယ် “ကျွန်မ ဘုံပျံတက်မှ တစ်ခါမှ မတွေးဖူးဘူး၊ သခင့်ဘေးနားမှာပဲ နေချင်တာ၊ ဒီလိုနေရတာ အရမ်းကောင်းတယ်၊ ကျင့်ကြံအားထုတ်လို့ ပျင်းလာရင် အပြင်ကလူတွေနဲ့ စကားပြောလို့ရတယ်”
ဝီရိယတောင်မှာ နေထိုင်ရတာရဲ့ အကြီးမားဆုံး အကျိုးအမြတ်က ဘာဖိအားမှမရှိတာပါ။ ဝူတောက်ကျန့်ဟာ ဒီလိုမျိုးဖိအား မရှိတဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ပါတယ်။
ဝူတောက်ကျန့်မှာ ဘဝဟောင်းက မှတ်ဉာဏ်တွေရှိပါတယ်။ ဘဝဟောင်းမှာတုန်းက ဝူတောက်ကျန့်ဟာ တစ်ချိန်လုံး ကြောက်ရွံ့နေခဲ့ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်က မြက်တစ်ပင်သာ ဖြစ်တဲ့အတွက် ဘယ်သူကမှ သူ့ကို ဂရုမစိုက်ကြပါဘူး။ ဖြတ်သွားဖြတ်လာလုပ်ကြတဲ့ လူသားတွေ သားရဲတွေက ဝူတောက်ကျန့်ကို အချိန်မရွေး နင်းချေနိုင်သွားပါတယ်။ ဘယ်သူကမှ ဝူတောက်ကျန့်ကို ဂရုမစိုက်ခဲ့ကြပါဘူး။
ဒါကြောင့် ဒီဘဝမှာ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို အရမ်းကျေးဇူးတင်ပြီး ဟန်ကျွယ်ကို အရမ်းမှီခိုပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့ အတွေးတွေကို မသိတာကြောင့် အချိန်တိုင်း ဦးနှောက်ဆေးပစ်နေတာပါ။
ဟန်ကျွယ်ဟာ ကျေနပ်အားရတဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ် “ကောင်းပြီး ဆက်ကျင့်ကြံချည်”
ဝူတောက်ကျန့်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် တစ်ခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်ပါတယ် “သခင်… ဟောင်အာနဲ့ လီယောင်က ဒီရက်ထဲ တိုက်ခိုက်နေကြတယ်၊ အဲဒီလိုဖြစ်အောင် ငရဲကြက်နက်က လိုက်ပြီးတော့ ကုန်းတိုက်ထားတာ၊ လီယောင်ရဲ့ အရည်အချင်းက အရမ်းထက်မြက်တော့ ငရဲကြက်နက်က လီယောင်ကို အသုံးချပြီး ဟောင်အာကို ဖိနှိပ်နေတာ”
လုံဟောင်ဟာ အရည်အချင်း ထက်မြက်ပြီး ရွှေစွန်းကိုက်မွေးလာတာကြောင့် လောကဓံမုန်တိုင်းကို မရင်ဆိုင်ဖူးပါဘူး။ ဒါ့အပြင် ငယ်သေးတာကြောင့် လူ့လောကအတွေ့အကြုံလည်း မရှိသေးပါဘူး။ ဒါကြောင့် ငရဲကြက်နက် အသုံးချတာကို ခံရတာ ဖြစ်ပါတယ်။ လီယောင်ကို မနိုင်တာကလည်း သူ့မတော်လို့ မဟုတ်ပါဘူး။
လီယောင်ဟာ မိုးမြေသားတော်တွေထဲမှာတောင် အရမ်းထူးချွန်ထက်မြက်သူပါ။ ဒီအပြင် အမြဲတမ်း ကြိုးကုတ်ကြိုးခဲ့ ကျင့်ကြံအားထုတ်တဲ့အပြင် ထုန်ကျန့်ကမ္ဘာကို လာတဲ့လမ်းမှာလည်း အခွင့်အရေးတွေ အများကြီး ရရှိထားပါတယ်။ ဒါကြောင့်မို့လို့ လီယောင်က လုံဟောင်ထက် ပိုစွမ်းနေတာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အပြင်ထွက်ပြီး ငရဲကြက်နက်ကို သွားခေါ်ချည်”
ဝူတောက်ကျန့်ဟာ ချက်ချင်းပဲ မတ်တတ်ရပ်ပြီး အပြင်ဘက်ကို မပြေးရုံတမယ် ထွက်သွားပါတယ်။ ဝူတောက်ကျန့်ဟာ လုံဟောင် ငယ်ငယ်လေးကနေ ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရသူမို့ လုံဟောင်ကို အရမ်းချစ်ပါတယ်။ ဒါကြောင့် လုံဟောင်ကို ဒုက္ခပေးတဲ့ ငရဲကြက်နက်ကို မကျေနပ်ပါဘူး။
မကြာခင်မှာပဲ ငရဲကြက်နက်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခပ်လန့်လန့်အမူအရာနဲ့ ဝင်လာပါတယ်။ ငရဲကြက်နက်ဟာ ဘယ်တော့မှ အသွင်မပြောင်းလဲတာကြောင့် ကြက်ပုံစံ ရှိနေတုန်းပါပဲ။
ဟန်ကျွယ်ကတော့ မျက်နှာသေနဲ့ ထိုင်နေပါတယ်။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ငရဲကြက်နက်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ လွှင့်ပစ်လိုက်ပါတယ်။
“ဟားဟား… ဟားဟား…” လူတိုင်းဟာ ငရဲကြက်နက်ကိုကြည့်ပြီး တဝါးဝါး ပွဲကျသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲကြက်နက်ဟာ တစ်ကိုယ်လုံး အမွေးနှုတ်ခံလိုက်ရလို့ပါပဲ။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားကြောင့် ငရဲကြက်နက်ရဲ့ အမွေးတွေဟာ လေးငါးဆယ်ရက်ကြာတာတောင် ပြန်မထွက်နိုင်ပါဘူး။
“ဟမ်… အချင်းချင်း ကုန်းမတိုက်နဲ့၊ မဟုတ်လို့ကတော့…”
ဟန်ကျွယ်ရဲ့ အသံဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ တစ်ဝက်တစ်ပျက် ထွက်ပေါ်လာပါတယ်။
‘ဆရာသခင်က ငါ့ကို ပြောနေတာလား’ လုံဟောင်ဟာ ရှက်သွားပါတယ်။
လီယောင်ကတော့ တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်နှာလေး နီရဲသွားပါတယ်။ လီယောင်ဟာ ဟန်ကျွယ်ကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဒါပေမဲ့ လီယောင်ဟာ ဟန်ကျွယ်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ အတော်လေး ကျေနပ်ပါတယ်။ လီယောင်လည်းပဲ ငရဲကြက်နက်ကို ကြည့်မရပါဘူး။
လီယောင်ဟာ အေးအေးဆေးဆေးပဲ ကျင့်ကြံချင်တာပါ။ ဘာပြဿနာမှ မတက်ချင်သလို တစ်ခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့လည်း စိတ်မဝင်စားပါဘူး။
ငရဲကြက်နက်ဟာ ရှက်လွန်းတာကြောင့် ခေါင်းမဖော်ရဲပါဘူး။ ငရဲကြက်နက် ဖူစန်းသစ်ပင်ရဲ့ သစ်ရွက်တွေနဲ့ သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး လူမမြင်အောင် ပုန်းအောင်းပါတယ်။
…..
တောအုပ်တစ်အုပ်အတွင်း။
မုရုံချီ၊ ကျိုးဖန်၊ မော့ဖူချိုနဲ့ ဖန်းလျန်တို့ဟာ ကျင့်ကြံအားထုတ်နေပါတယ်။ ကျားနတ်ဆိုးကတော့ မလှမ်းမကမ်းကနေ စောင့်ကြပ်နေပါတယ်။ ကူရှင်းကတော့ ဖန်းလျန်ဘေးနားမှာ ခေါင်းစိုက်ချပြီး ထိုင်နေပါတယ်။
ဖန်းလျန်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ် “သွားတော့၊ ငါ့နောက်မလိုက်နဲ့၊ ဒီဘဝမှာ ငါနောက်ထပ် လက်မထပ်တော့ဘူး၊ ငါနှလုံးသားထဲမှာ မဟာတာအိုပဲ ရှိတယ်”
ဖန်းလျန်ဟာ သေမျိုးကမ္ဘာတုန်းက အချစ်ဒုက္ခကို ခံစားရပြီးပြီမို့ ထပ်ပြီး မခံစားချင်တော့ပါဘူး။ ချစ်ရမှာကိုလည်း ကြောက်နေပါတယ်။
ကူရှင်းဟာ သူ့အင်္ကျီလက်စကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ဖျော့တော့တဲ့အသံနဲ့ ပြောလိုက်ပါတယ် “ကျွန်မမှာ သွားစရာနေရာ မရှိဘူး…”
မုရုံချီက နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း.. လောကကြီးက အကျယ်ကြီး၊ ဘာလို့သွားစရာနေရာ မရှိရမှာလဲ၊ မင်းအဖေကို ငါ့ညီလေးက သတ်ထားတာ၊ ငါ့ညီလေးနဲ့ မင်း အတူနေမယ်ဆိုရင်တောင် မင်းနှလုံးသားထဲမှာ ၁၀၀ရာခိုင်နှုန်း လက်ခံနိုင်မှာ မဟုတ်ဘူး”
မုရုံချီဟာ ကူရှင်းကို တော်တော်လေး မမြင်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကူရှင်းက တုံးအလွန်းပြီး ဖန်းလျန်ကို သေခါနီးထိ ဖြစ်စေခဲ့လို့ပါပဲ။ နောက်ထပ်တစ်ချက်ကတော့ အသက်ကြီးတာလည်း ပါပါတယ်။
မုရုံချီရဲ့အမြင်မှာ ကူရှင်းက တကယ့်အဖြစ်အပျက်ကို လက်မခံနိုင်သေးဘူးလို့ ယူဆထားပါတယ်။ မဟုတ်လို့ရှိရင် ဖန်းလျန်က အခုလိုမျိုး အသက်အန္တရာယ်ကြုံတွေ့ခဲ့ရမှာ မဟုတ်ပါဘူး။
ကျိုးဖန်ကတော့ သူတို့သုံးယောက်ကိုကြည့်ပြီး ဘာမှမပြောပါဘူး။ အကြောင်းအရင်းတစ်ချို့ကြောင့် ကျိုးဖန်ဟာ သူ့ဘဝဟောင်းကို ပြန်တွေးမိလိုက်ပါတယ်။ ကျိုးဖန်ဟာ ဘဝဟောင်းမှာတုန်းက ဖန်းလျန်လို ဆုံးဖြတ်ချက် မပြတ်သားခဲ့ပါဘူး။ ကျိုးဖန်ဟာ လူတစ်ချို့ကို ပြန်တွေးမိပြီး သက်ပြင်းချလိုက်ပါတယ်။
ကူရှင်းဟာ နှုတ်ခမ်းကိုက်လိုက်ပါတယ်။
ဒါကိုမြင်တဲ့ ဖန်းလျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ထားလိုက်ပါတော့၊ သူ့ကို ကောင်းကင်ရုံးတော်ဆီ ပြန်ခေါ်သွားရအောင်၊ အဲဒီမှာ သူနေဖို့ နေရာတစ်ခုတော့ ရှိမှာပါ”
မုရုံချီဟာ နှာခေါင်းရှုံ့လိုက်ပေမဲ့ ဖန်းလျန်စကားကို ငြင်းဆန်ခြင်း မပြုပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက ဖန်းလျန်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ။
“မင်း ပြန်ရောက်ရင် ကြိုးကြိုးစားစား ကျင့်ကြံချည်၊ ဒီကျင့်ကြံမှုလောက်နဲ့ မင်း အင်မော်တယ်ကမ္ဘာမှာ လျှောက်သွားလို့ မရဘူး၊ ဆရာဘိုးဘိုးသာ ရောက်မလာခဲ့ဘူးဆိုရင် အခုအချိန်ဆို မင်းသေနေလောက်ပြီ” မုရုံချီက လေသံမာမာနဲ့ ပြောလိုက်ပါတယ်။ မုရုံချီဟာ ဖန်းလျန်ထက် ဝါကြီးတဲ့အပြင် ဘဝဟောင်းက မှတ်ဉာဏ်တွေကြောင့် မုရုံချီဟာ ဖန်းလျန်ကို ညီငယ်လေးတစ်ယောက်လို သဘောထားပြီး ဂရုစိုက်ပါတယ်။
ဖန်းလျက်က ကသိအောက်မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဒီဟာက ကျွန်တော့်အမှားပါ၊ ကျွန်တော် တကယ်ပဲ ဆရာဘိုးဘိုးကို ပြဿနာပေးခဲ့မိတယ်”
ဖန်းလျန်ဟာ သတိမေ့ရာကနေ ပြန်နိုးလာချင်းချင်းမှာပဲ သူတို့ဆရာဘိုးဘိုးက သူတို့ကို လာကယ်သွားမှန်း သိလိုက်ရတာကြောင့် အံဩသွားသလို ရှက်လည်း ရှက်သွားပါတယ်။
‘နောက်ဆုံးကျတော့ ငါက ဆရာဘိုးဘိုးက ပြဿနာပေးမိတာပဲ၊ ဒီဘဝမှာ ငါ ဆရာဘိုးဘိုးရဲ့ ကျေးဇူးတွေကို ပြန်ဆပ်နိုင်တော့ပါ့မလား’
မုရုံချီဟာ မော့ဖူချိုကို ကြည့်ပြီး မေးလိုက်ပါတယ် “ဘာဆက်လုပ်မှာလဲ”
သေမျိုးကမ္ဘာမှာကတည်းက သူတို့လေးယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာပါ။ သူတို့လေးယောက်ဟာ လက်ရည်စမ်းကြသလို ပြဿနာတစ်ချို့ကြောင့်လည်း တိုက်ခိုက်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ။
အင်မော်တယ်ကမ္ဘာမှာ သေမျိုးကမ္ဘာက မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဆုံရတာက နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ မိတ်ဆွေဟောင်းကို ပြန်တွေ့ရသလိုပါပဲ။
“လောကကို ဆက်လှည့်လည်ပြီး နာမည်ထွက်အောင် လုပ်မယ်” ကျိုးဖန်က ပြုံးလိုက်ပါတယ်။ မော့ဖူချိုဟာလည်း ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
မုရုံချီလည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးလိုက်ပါတယ်။ မုရုံချီဟာ ဒီလိုလူတွေ အများကြီးကို တွေ့ဖူးပါတယ်။ အင်မော်တယ်ကမ္ဘာမှာက စိတ်ဓာတ်တက်ကြွတဲ့လူတွေ မရှားပါဘူး။ ပါရမီရှင်တိုင်းဟာ ဒီလိုမျိုးစိတ်ဓာတ် တက်ကြွတဲ့သူတွေကို တက်နင်းပြီး အပေါ်ကို တက်လာခဲ့တာပါ။
ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားလိုက်တာ မျက်စိတ်တစ်မှိတ်အတွင်း ဆယ်နှစ်ကုန်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်က သေခြင်းရှင်ခြင်း မဟာတာအိုလို အလွန်တရာကျယ်ပြန့်ပြီး နက်နဲသိမ်မွေ့လို့ပါပဲ။ ဟန်ကျွယ်ဟာ ဒီလောကဦး ကြယ်တာရာခန္ဓာကိုယ်ကို တစ်သက်လုံးတောင် သုံးသပ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ပိုပိုပြီး စွမ်းအားကြီးလာပေမဲ့ အင်မော်တယ်ဧကရာဇ်ဖြစ်လာဖို့တော့ အတော်လေး လိုပါသေးတယ်။ အင်မော်တယ်အဆင့်ကို တက်လှမ်းတာက အရေအတွက်ပြောင်းလဲတာ မဟုတ်ပါဘူး။ အရည်အချင်း ပြောင်းလဲတာပါ။
ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားက ဘယ်လောက်ပဲ ကြီးမားကျယ်ပြန့်ပါစေ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို မပြောင်းလဲနိုင်ဘူးဆိုရင် အင်မော်တယ်ဧကရာဇ် ဖြစ်လာမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရန်သူတွေကို ကျိန်စာစတိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထုံးစံအတိုင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် သေဆုံး၍ ငရဲပြည်သို့ ဝိညာဉ်ကျသွား၏။]
[သင့်မိတ်ဆွေ တိထိုက်ပိုင်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ တိထိုက်ပိုက်သည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း ကံကောင်းထောက်မစွာပင် သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်က ကယ်တင်လိုက်၏။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် ကျယ်ကျောင်းတော်၏ အကောင်းစားရတနာအား ရရှိသွားသည်။]
[သင့်တပည့် ဟန်ရှစ်သည် ကျင့်ကြံအားထုတ်နေစဉ်အတွင်း ကောင်းကင်တာအိုအား သိမြင်နားလည်ပြီး ဆန်းကြယ်စွမ်းအားအသစ်တစ်ပါးကို သင်ယူတတ်မြောက်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ငရဲပြည်၌ အခွင့်အရေးတစ်ခု ရရှိပြီး ဆန်းကြယ်စွမ်းအားတစ်ပါးကို ကျင့်ကြံခဲ့၏။]
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် ကောင်းကင်တာအို၏ ကံတရားအထောက်အပံ့ကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်တပည့်စုချီသည် အဂ္ဂပြည်မှ ကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၆၈၂၄
‘စလာပြန်ပြီလား’
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်က အင်မော်တယ်အများအပြား တိုက်ခိုက်ခံရတာကို တွေ့ပေမဲ့ သိပ်ပြီးတော့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကိစ္စမျိုးက အရင်ကတည်းက မကြာခဏ ဖြစ်ပျက်နေလို့ပါပဲ။ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အစား စုချီကို ပိုပြီးတော့ ဂရုစိုက်ပါတယ်။
‘ဒီကောင်လေးက ဖိတ်ခေါ်ခြင်းပညာရပ်ကို တစ်ခါမှ မသုံးဘူး၊ သူက ငါ တဟွမ်အဂ္ဂပြည်ကို တစ်ယောက်တည်းနဲ့ အနိုင်မယူနိုင်မှာ ကြောက်နေတာလား’
‘ဒါပေမဲ့ အခုကြည့်ရတာ ဒီကောင်လေး တဟွမ်အဂ္ဂပြည်က လွတ်သွားလို့ လိုက်ဖမ်းခံရပုံပဲ’
ဟန်ကျွယ်ဟာ ဒီအဖြစ်အပျက်တွေကို ကြည့်ပြီး ဘုံပျံမတက်ရသေးတဲ့တပည့်တွေကို မဟာညီညွတ်မှု ရွှေအင်မော်တယ် ဖြစ်လာမှ အင်မော်တယ်ကမ္ဘာဆီ လွှတ်တော့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ သူတို့ကိုသာ ဟန်ကျွယ် အကြိမ်တိုင်း လျှောက်ကယ်နေရင် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ဟန်ကျွယ် ခံရမှာပါ။
သူတို့ကို တစ်ကြိမ်နှစ်ကြိမ် ကယ်တာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အကြိမ်များစွာ ကယ်မယ်ဆိုရင်တော့ ဒီကိစ္စက ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားနဲ့ ဆန့်ကျင်နေပါလိမ့်မယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်နားထဲကို အသံတစ်သံ ဝင်လာပါတယ်။
“တာအိုရောင်းရင်း စွန်းချွမ်း ထွက်လာပြီး တွေ့လို့ရမလား”
‘ဝတ်ရုံဖြူဗုဒ္ဓပါလား’
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ခဏစောင့်အုန်း၊ ငါ လုပ်လိုက်စကိစ္စလေး လက်စသတ်လိုက်အုန်းမယ်”
“ကောင်းပြီလေ ခဏပဲမလား၊ စောင့်ပေးပါမယ်” ဝတ်ရုံဖြူဗုဒ္ဓက ပြန်ပြောလိုက်ပါတယ်။
အဲဒီနောက် ဝတ်ရုံဖြူဗုဒ္ဓဟာ နှစ်ဝက်ကျော် စောင့်လိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 241
? Views, Released on December 3, 2024