Switch Mode

Chapter – 240

အခန်း (၂၄၀) ကူမိသားစုဘိုးဘေး
ကူမိသားစုခေါင်းဆောင်ဟာ ဇရပ်အပြင်ဘက်ကို လျှောက်သွားပြီး ဘိုးဘေးနိုးထအစီအရင်ကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်ပါတယ်။
ကူမိသားစုက ကျင့်ကြံသူ ၉၉ ယောက်ဟာ သူတို့ရဲ့ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အစီအရင်ကို အသက်သွင်းလိုက်တာကြောင့် ယဇ်ပလ္လင်ကို ဖုံးအုပ်ထားတဲ့ ခရမ်းရောင်အရံအတားတစ်ခု ပေါ်လာပါတယ်။ မိုးကြိုးတိမ်တိုက်တွေလည်း တလိမ့်လိမ့်တက်လာပြီး အရပ်လေးမျက်နှာကို လွှမ်းမိုးသွားပါတယ်။
“ဝုန်း…”
မိုးခြိမ်းသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ ဒီအချိန်မှာ ကူမိသားစုခေါင်းဆောင်ရဲ့ မျက်လုံးတွေဟာ ဝင်းဝင်းတောက်လာပါတယ်။
‘ဘိုးဘေး… ဘိုးဘေးရဲ့ မျိုးဆက်က ဘိုးဘေးကို ပြန်နိုးထနိုင်တော့မယ်’ ကူမိသားစုခေါင်းဆောင်ဟာ ရင်ထဲမှာ စိတ်အရမ်းလှုပ်ရှားသွားပါတယ်။
အဲဒီနောက် ကူမိသားစုခေါင်းဆောင်ဟာ လက်ဝှေ့ယမ်းပြီး အချက်ပြလိုက်တဲ့အခါမှာတော့ ဖန်းလျန်ဟာ လေပေါ်ကို ချက်ချင်းပျံတက်သွားပြီး ဘိုးဘေးနိုးထအစီအရင်ရဲ့ အပေါ်တည့်တည့်ကို လျှောက်သွားပါတယ်။
မရေမတွက်နိုင်တဲ့ မိုးကြိုးတွေဟ်ာ ဖန်းလျန်ရဲ့ခန္ဓာကိုယ်ကို ရစ်ပတ်လာပေမဲ့ ဖန်းလျန်ဟာ မျက်မှောင်တစ်ချက် မကြုတ်ပါဘူး။ ကြောက်မက်ဖွယ်ဖိအားကလည်း လေထုထဲမှာ စပြီးတော့ ပျံ့နှံ့လာပါတယ်။
“ကူမိသားစုက သူတို့ဘိုးဘေးကို တကယ်ကြီး ပြန်နိုးထချင်တာလား” ကျိုးဖန်ဟာ မျက်လုံးပြူးသွားပါတယ်။
ကျိုးဖန်ဟာ လေးငါးခြောက်ကြိမ် သေဆုံးပြီး ပြန်ရှင်သန်ခဲ့တယ်ဆိုပေမဲ့ သူ့ကိုယ်ကိုပဲ မှီခိုခဲ့ရတာပါ ‘ကူမိသားစုခေါင်းဆောင်က ရူးသွားပြီလား’
မော့ဖူချိုက အံကြိတ်ပြီး ကျိန်ဆဲလိုက်ပါတယ် “ဒါက ဘယ်လိုအဆိပ်မျိုးလဲ၊ နည်းနည်းလေးတောင် အဆိပ်ဖြေလို့ မရဘူး”
ဒီပုံအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဖန်းလျန်မသေခင် သူတို့တွေ အရင်ဆုံး ယဇ်ပူဇော်ခံရမှာပါ။
တစ်ခြားသူတွေလည်း အလွန်တရော တုန်လှုပ်ချောက်ချားသွားကြပြီး ဘိုးဘေးနိုးထအစီအရင်ထဲက ထွက်ပြေးဖို့ ကြိုးစားကြပေမဲ့ ဘယ်လိုမှ အရာမထင်ပါဘူး။
“ဝှစ်..”
အရာဝတ္ထုတစ်ခုဟာ လေထုကို လျင်မြန်စွာ ခွင်းလာတဲ့အသံတစ်သံ ထွက်ပေါ်လာပြီး စစ်လှံတစ်ချောင်းဟာ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာကာ ဘိုးဘေးနိုးထအစီအရင်ကို ထိုးဖောက်သွားပါတယ်။ စစ်လှံသွားဟာ ယဇ်ပလ္လင်ထဲကို စိုက်ဝင်သွားတာကြောင့် ယဇ်ပလ္လင်ရဲ့ မျက်နှာပြင်ပေါ်မှာ အက်ကြောင်းတွေ ပေါ်လာပါတယ်။
လူတိုင်း လှည့်ကြည့်လိုက်တဲ့အခါမှာ စစ်လှံဟာ ငွေရောင်ရှိပြီး လှံသွားကာ လခြမ်းလို တောက်ပနေတာကို တွေ့လိုက်ရပါတယ်။ လှံသွားနဲ့ လှံရိုးကိုလည်း ငွေရောင်နဂါးတစ်ကောင်က ရစ်ပတ်နှောင်ဖွဲ့ထားသလို ရှိတာကြောင့် တစ်ချက်ကြည့်မိရုံနဲ့တင် ရန်သူတွေကို ကြောက်ရွံ့သွားစေနိုင်ပါတယ်။
“ငါ့ညီလေးကို ဘယ်သူထိရဲတာလဲ”
ဩဇာအာဏာပြည့်ဝတဲ့ အသံတစ်သံဟာ ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားတာကြောင့် လူတိုင်းဟာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး ချီလင်စီးလာတဲ့ မုရုံချီကို တွေ့လိုက်ရပါတယ်။ မုရုံချီနောက်ကနေ နတ်အလင်းတန်းတွေ ထွက်ပေါ်လာပြီး မိုးကြိုးတိမ်တိုက်တွေကို ဖယ်ရှားပစ်လိုက်ပါတယ်။
ကူမိသားစုခေါင်းဆောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ကောင်းကင်စစ်သူကြီး… ကောင်းကင်ရုံးတော်က ဒီကိစ္စထဲ ဝင်ပါချင်တာလား’
တစ်ချိန်တည်းမှာပဲ ကူမိသားစုခေါင်းဆောင်ဟာ လက်ဝှေ့ယမ်းပြီး ကူမိသားစု ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ အချက်ပြလိုက်ပါတယ်။
ရုတ်ခြည်းဆိုသလိုပဲ ကူမိသားစုကျင့်ကြံသူရာချီဟာ ကောင်းကင်ပေါ် ပျံတက်သွားပြီး မုရုံချီကို ဝိုင်းတိုက်ကြပါတယ်။
မုရုံချီဟာ လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ ငွေနဂါးလှံဟာ ပျံသန်းပြီး သူ့လက်ထဲ ပြန်ရောက်လာပါတယ်။ အဲဒီနောက် မုရုံချီဟာ ဖန်းလျန်ကို ကြည့်လိုက်တဲ့အခါ ဖန်းလျန်က အသိစိတ်ကင်းမဲ့နေတာကို တွေ့လိုက်ရတာကြောင့် မျက်နှာတစ်ခုလုံး ခက်ထန်ကြမ်းတမ်းပြီး မျက်လုံးတွေပါ မီးဝင်းဝင်းတောက်သွားပါတယ်။
ဝီရိယတောင်၊ ကျင့်ကြံခြင်းလိုဏ်ဂူ။
ဟန်ကျွယ်ဟာ မျက်စိမှိတ်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဒီနှစ်တွေမှာ ဟန်ကျွယ်ဟာ လောကဦး ကြယ်တာရာခန္ဓာကိုယ်ကိုပဲ လေ့လာနေတယ်ဆိုပေမဲ့ ဝိညာဉ်စွမ်းအားကတော့ တိုးတက်နေတုန်းပါပဲ။
ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲမှာရှိ ကြယ်တိုင်းမှာ ဝိညာဉ်စွမ်းအားတွေ ရှိနေပြီး အရေအတွက် မနည်းလှတာကို ရှာတွေ့သွားပါတယ်။ ဒီဘီလီယံချီအောင် များပြားလှတဲ့ ကြယ်တွေရဲ့ ဝိညာဉ်စွမ်းအားကိုသာ တိုက်ပွဲထဲမှာ အသုံးပြုနိုင်မယ်ဆိုရင် ကမ္ဘာဖျက်နိုင်တဲ့စွမ်းအားကို ထုတ်လွှတ်နိုင်မှာပါ။
‘ငါ့ လောကဦး ကြယ်တရာခန္ဓာကိုယ်က ဒီထက် ပိုနက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေလည်း ရှိချင် ရှိနေအုန်းမှာ’ ဟန်ကျွယ်ဟာ အတွေးနဲ့တင် စိတ်လှုပ်ရှားသွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်နောက်မှာ အနက်ရောင် ဝဲကတော့တစ်ခု ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ တစ်စုံတစ်ယောက် သူ့ကို ဆင့်ခေါ်နိုင်တယလို့ ခံစားလိုက်ရပါတယ်။
‘ဘာဖြစ်တာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဖိတ်ခေါ်ပညာရပ်ကို ဘယ်သူ သုံးနေတာလဲ’ ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက်မှာတော့ မတ်တတ်ရပ်ပြီး ဝူတောက်ကျန့်ကို ပြောလိုက်ပါတယ် “ငါ မကြာခင် ပြန်လာခဲ့မယ်”
အဲဒီနောက် ဟန်ကျွယ်ဟာ အနက်ရောင်ဝဲကတော့ထဲ ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ ကူမိသားစုတောင်မှာ ဖုန်မှုန့်တွေ ပြည့်နေပါတယ်။ ယဇ်ပလ္လင်မှာတော့ ဖန်းလျန်ဟာ အပျက်အစီးတွေကြား လဲလျောင်းနေပြီး မုရုံချီနဲ့ ကူရှင်းကတော့ ဖန်းလျန်ဘေးမှာ ဒူးထောက်နေပါတယ်။ တစ်ခြားအကျဉ်းသားတွေနဲ့ အလောင်းကောင်တွေလည်း သူတို့ပတ်လည်မှာ ပြန့်ကျဲ တည်ရှိနေကြပါတယ်။
ဖန်းလျန်ရဲ့ ခေါင်းအထက်မှာ အနက်ရောင်ဝဲကတော့တစ်ခု ပေါ်လာပါတယ်။ မုရုံချီဟာ ဒီဝဲကတော့ကို ကြည့်ပြီး နည်းနည်း မသက်မသာ ဖြစ်နေပါတယ်။
‘ဆရာဘိုးဘိုး သင်ပေးလိုက်တဲ့ ဆန်းကြယ်စွမ်းအားကို အသုံးဝင်ပါ့မလား၊ ဘာလို့ ငါ သုံးပြီးတာတောင် ဘာမှမပေးဆပ်ရတာလဲ’
အရင်တုန်းက မုရုံချီ ဒီဖိတ်ခေါ်ပညာရပ်ကို သင်ယူတုန်းက ဒီပညာရပ်ကို သုံးမယ်ဆိုရင် တန်းဖိုးကြီးကြီး ပေးဆပ်ရမယ်ဆိုပြီး ဟန်ကျွယ်က ပြောခဲ့ပါတယ်။ ဒါကြောင့် မုရုံချီဟာ ဒီဆန်းကြယ်စွမ်းအားကိုသုံးမယ်ဆိုရင် သူ့ဝိညာဉ်ကို ရောင်းစားရတော့မလို တွေးနေတာပါ။
ဒါပေမဲ့ ထူးဆန်းစွာပဲ ဘာမှဖြစ်မလာပါဘူး။
ဒီထက်ပိုပြီး အရေးကြီးတာက မုရုံချီဟာ အခြေအနေကို မပြောင်းလဲနိုင်တာပါပဲ။
မုရုံချီဟာ ကောင်းကင်ယံက ပြင်းထန်တဲ့တိုက်ပွဲကို မော့ကြည့်လိုက်ပါတယ်။
ကူမိသားစုဘိုးဘေးက ပြန်နိုးထလာခဲ့ပါပြီ။ ကူမိသားစုဘိုးဘေးဟာ ဝိညာဉ်ပဲ ရှိသေးတာဆိုပေမဲ့ အရမ်းစွမ်းအားကြီးပါတယ်။ ကူမိသားစုဘိုးဘေးနဲ့ တိုက်ခိုက်နေတဲ့သူကတော့ ကျားခေါင်းရှိတဲ့ နတ်ဆိုးတစ်ကောင်ပဲ ဖြစ်ပါတယ်။
ဒီကျားနတ်ဆိုးဟာ ဆူးချွန်ပါတဲ့ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး နတ်ဆိုးရောင်ဝါရှိပါတယ်။ လက်ထဲမှာလည်း စူးရှမာကျောတဲ့အရိုးတစ်ချောင်းကို ကိုင်ထားပြီး ကြီးမားတဲ့စွမ်းအားနဲ့ တိုက်ခိုက်တာကြောင့် ကူမိသားစုဘိုးဘေးကို ဟန့်တားထားနိုင်ပါတယ်။
ဒါပေမဲ့ ဒါက အချိန်ဆွဲထားနိုင်ရုံပါ။ ဘာဖြစ်လို့လဲဆိုတော့ ကူမိသားစုဘိုးဘေးရဲ့ ရောင်ဝါက အချိန်ကြာလာတာနဲ့ ပိုပိုပြီးတော့ အားကောင်းလာလို့ပါပဲ။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ဒီတိုက်ပွဲမှာ ကျားနတ်ဆိုး ကျိန်သေးပေါက် ရှုံးမှာပါ။
“သေစမ်း၊ မဟာညီညွတ်မှု ရွှေအင်မော်တယ် နောက်ဆုံးအဆင့်တောင် ဒီကောင်ကို အနိုင်မယူနိုင်ဘူး၊ ဒီကောင်က အင်မော်တယ်ဧကရာဇ် ဖြစ်ခါနီးနေပြီလား” မုရုံချီဟာ အံကြိတ်လိုက်ပါတယ်။
ဒီကျားနတ်ဆိုးဟာ မုရုံချီ စစ်နတ်ဘုရားဘဝမှာတုန်းက ယုံကြည်အားထားရတဲ့ လက်အောက်ငယ်သား ၇၂ ယောက်ထဲက တစ်ယောက် ဖြစ်ပါတယ်။ မုရုံချီဟာ သူ့တပည့်ကျားနတ်ဆိုးက အခုမှပြန်မွေးဖွားလာတဲ့ ကူမိသားစုဘိုးဘေးကို အနိုင်မယူနိုင်ဘူးလို့ မမျှော်လင့်ထားခဲ့ပါဘူး။
‘ငါ့မှာသာ ဘဝဟောင်းတုန်းက ကျင့်ကြံမှုရှိနေရင်…’
မုရုံချီဟာ မခံမရပ်နိုင် တွေးလိုက်ပြီးနောက် အနက်ရောင်ဝဲကတော့ကို လှမ်းကြည့်လိုက်ပါတယ်။
ဒီအချိန်မှာပဲ…။
မုရုံချီဟာ အနက်ရောင် ဝဲကတော့ထဲကနေ လူတစ်ယောက် ထွက်လာတာကို တွေ့လိုက်ရတာကြောင့် မျက်လုံးပြူးသွားပါတယ်။
‘အား… ဆရာဘိုးဘိုး…. ဆရာဘိုးဘိုးက ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ’
မုရုံချီဟာ ဖိတ်ခေါ်ပညာရပ်ကို ဆင့်ဆိုတဲ့ပညာရပ်မှန်း မသိတာ မဟုတ်ပါဘူး။ ဟန်ကျွယ် ရောက်လာတာကို အံဩတကြီး ဖြစ်သွားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ မုရုံချီဟာ သူ့ဆရာဘိုးဘိုးရဲ့ စရိုက်ကို သိနေလို့ပါပဲ။
‘ဆရာဘိုးဘိုးက ကောင်းကင်ရုံးတော် ဖိတ်ခေါ်တာတောင် အပြင်မထွက်ခဲ့ဘူး၊ အခုတော့ ငါတို့ကိုကယ်ဖို့…’
အနက်ရောင်ဝဲကတော့ထဲက ထွက်လာတဲ့ ဟန်ကျွယ်ဟာ ကြမ်းပြင်ပေါ် လဲလျောင်းနေတဲ့ ဖန်းလျန်ကို တွေ့သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး အသံတိုးတိုးနဲ့ မေးလိုက်ပါတယ် “ဘယ်သူလုပ်တာလဲ”
ဟန်ကျွယ် ပေါ်လာတာကို တွေ့လိုက်ရတဲ့ ကျိုးဖန်နဲ့ မော့ဖူချိုဟာ မျက်လုံးပြူး မျက်ဆန်ပြုး ဖြစ်သွားပါတယ် ‘သူက ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ’
မုရုံချီဟာ‌ ခေါင်းထဲမှာ အတွေးမျိုးစုံ ပေါ်လာပြီးနောက် ကူမိသားစုဘိုးဘေးကို လက်ညိုးထိုးပြိး ပြောလိုက်ပါတယ် “သူပဲ၊ သူက ညီလေးရဲ့ ကျင့်ကြံမှုကို ခိုးသွားတာ၊ သူနဲ့တိုက်နေတဲ့ နတ်ဆိုးကျားက ကျွန်တော့်လက်အောက်ငယ်သားပါ”
ဟန်ကျွယ်ဟာ ကူမိသားစုဘိုးဘေးကို ကြည့်လိုက်ပါတယ်။
‘မဟာညီညွတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ပါလား၊ ငါ့မြေးတပည့်နှစ်ယောက်ကို ဒီလိုအခြေအနေ ရောက်အောင် လုပ်နိုင်တာ အံဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်ဟာ ညာလက်မြှောက်ပြီး မိုးမြေကမ္ဘာဖောက်ဓားလက်ချောင်းကို တိုက်ရိုက်ပစ်ခွင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ်ဘာစကားမှမဆိုဘဲ အားကုန်သုံးလိုက်တာပါ။
နတ်ဆိုးကျားနဲ့ တိုက်ခိုက်နေတဲ့ ကူမိသားဘိုးဘေးဟာ ဆဋ္ဌမအာရုံကြောင့် နောက်ကိုလှည့်ကြည့်မိတဲ့အခါမှာ ဟန်ကျွယ်ရဲ့ ဓားချီကို တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ အလင်းလိုလျင်မြန်လွန်းတဲ့ ဟန်ကျွယ်ရဲ့ဓားချီဟာ မျက်စိနဲ့ ဖမ်းယူကြည့်ရှုဖို့ ခက်ခဲလှပါတယ်။ ကူမိသားစုဘိုးဘေး မတုံ့ပြန်နိုင်ခင်မှာပဲ ဟန်ကျွယ်ဓားချီက ကူမိသားစုဘိုးဘေးကို ပြင်းထန်တဲ့အရှိန်နဲ့ ဝင်တိုက်ပြီး မိုးကြိုးတိမ်တိုက်တွေကို ဖောက်ထွင်းထွက်သွားပါတယ်။
မျက်စိတစ်မှိတ်အတွင် ဖြစ်ပျက်သွားတဲ့ ဒီမြင်ကွင်းကြောင့် နတ်ဆိုးကျားဟာ သေလောက်အောင် ကြောက်သွားပါတယ်။ နတ်ဆိုးကျားဟာ သူ့ဘေးနားကနေ ဖြတ်သွားတဲ့ ဓားချီဆီကနေ သေမင်းရဲ့ အငွေ့အသက်ကို ရလိုက်ပါတယ်။
‘ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းအား၊ အင်မော်တယ်ဧကရာဇ်လား’
နတ်ဆိုးကျား လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မုရုံချီက ဟန်ကျွယ်ရှေ့မှာ ဒူးထောက်နေတာ တွေ့သွားပါတယ်။ တကယ်တော့ မုရုံချီက ဟန်ကျွယ်ကို ဒူးထောက်နေတာ မဟုတ်ပါဘူး။ ဖန်းလျန်ကို ဂရုစိုက်ပေးနေတာပါ။ ဟန်ကျွယ်ကတော့ လေပေါ်ကနေ ဖန်းလျန်နဲ့မုရုံချီကို ငုံ့ကြည့်နေတဲ့အတွက် မုရုံချီက ဟန်ကျွယ်ကို ဒူးထောက်နေတယ်လို့ နတ်ဆိုးကျားက ထင်မြင်သွားတာ ဖြစ်ပါတယ်။
‘တော်တော်ချောတာပဲ၊ ဒါက အစ်ကိုကြီးပြောတဲ့…’
ဟန်ကျွယ်ဟာ ကူမိသားစုဘိုးဘေးရဲ့ ရောင်ဝါ လုံးဝပျောက်ကွယ်သွားတာကို ခံစားလိုက်ရတာကြောင့် အနက်ရောင်ဝဲကတော့ဆီ ပြန်လျှောက်သွားရင်း ပြောလိုက်ပါတယ် “မင်းရဲ့ ညီလေးကို ပြန်ခေါ်သွားချည်၊ နောက်တစ်ခါ အပြင်ထွက်ရင် သေချာဂရုစိုက်ကြ”
စကားဆုံးတယ်ဆိုရင်ပဲ ဟန်ကျွယ်ဟာ အနက်ရောင်ဝဲကတော့ထဲမှာ ပျောက်ကွယ်သွားပါတယ်။
အကုန်လုံး တိတ်ဆိတ်သွားပါတယ်။
လူတိုင်းဟာ သူတို့ရှေ့က မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ကြက်သေသေသွားကြပါတယ်။
‘အား… မြန်လှချည်လား’
မြန်ဆန်လွန်းတဲ့အတွက် ဘယ်သူမှ အချိန်မီ မတုံ့ပြန်နိုင်လိုက်ပါဘူး။ သူတို့တွေ ဘာဖြစ်မှန်းမသိခင်မှာပဲ ကူမိသားစုရဲ့ဘိုးဘေးဟာ ပျောက်ကွယ်သွားပါပြီ။
“ဘိုးဘေး”
ဝမ်းနည်းလှတဲ့ငိုသံတစ်သံဟာ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ ကူမိသားစုခေါင်းဆောင်ဟာ ဇရပ်ပျက်ကြားထဲမှာ ဝမ်နည်းပက်လက် ဒူးထောက်နေပါတယ်။ သူဟာ သူ့ခေါင်းကို လက်နဲ့အတင်းကိုင်ထားပြီး ရူးမတက် ဖြစ်သွားပါတယ်။
“ကူမိသားစုဘိုးဘေးက သေသွားပြီလား” ကျိုးဖန်ဟာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်ပါတယ်။ ကျိုးဖန်ဟာ ဟန်ကျွယ်က စွမ်းအားကြီးမှန်း သိပါတယ်။ ဒါပေမဲ့ ဒီလောက်ကြီးအထိ စွမ်းအားကြီးလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။
ကူမိသားစုဘိုးဘေးဟာ ကျိုးဖန် တွေ့မြင်ခဲ့ရဖူးတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေထက် အများကြီး ပိုစွမ်းပါတယ်။ ကူမိသားစုဘိုးဘေးက ကမ္ဘာဖျက်နိုင်လောက်တဲ့အထိကို စွမ်းအားကြီးတာပါ။ ဒါပေမဲ့ ဟန်ကျွယ်က ဒီလိုစွမ်းအားကြီးပုဂ္ဂိုလ်ကို လက်ညိုးတစ်ချောင်းတည်နဲ့ သတ်သွားတာကြောင့် ကျိုးဖန်မှာ စိတ်ထဲမှာ တစ်မျိုးဖြစ်ပြီး ကျန်ရစ်နေခဲ့ပါတော့တယ်။
မုရုံချီက ရုတ်တရက် အော်ပြောလိုက်ပါတယ် “ခုနစ်လေး… ဘာစောင့်နေတာလဲ၊ သူတို့ကိုသတ်ပစ်၊ ကူမိသားစုဝင်တစ်ယောက်ကိုမှ အသက်ရှင်ခွင့်မပေးနဲ့၊ သူတို့အကုန်လုံး သေရမယ်”
နတ်ဆိုးကျားဟာ သတိပြန်ဝင်လာပြီး သွားပေါ်အောင် ပြုံးလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset