Switch Mode

Chapter – 235

အခန်း (၂၃၅) လုံးဝဖျက်ဆီးခံရခြင်း၊ နက်ရှိုင်းသော ဟန်ကျွယ်
“အခုအချိန်ကစပြီး ဒီဝီရိယတောင်က မင်းတို့ရဲ့အိမ်ပဲ၊ ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ မင်းတို့တွေ တောင်အောက်ဆင်းခွင့်မရှိဘူး၊ ငါပြောတာ နားလည်လား”
ဟန်ကျွယ်ဟာ ဒူးထောက်နေတဲ့ ဘူးသီးညီနောင်ရှစ်ဖော်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်နှာက သနားကြင်နာနေပေမဲ့ လေသံကတော့ လေးနက်လွန်းလှပါတယ်။
ဘူးသီးညီနောင်ရှစ်ဖော်ဟာ ခွင့်ပြုချက်မရှိဘဲ တောင်အောက်မဆင်းဘူးလို့ ဟန်ကျွယ်ကို ချက်ချင်း ကတိပြန်ပေးကြပါတယ်။ ဘူးသီးညီနောင်ရှစ်ဖော်ဟာ ဒီစည်းမျဉ်းက တစ်သက်လုံးစာဆိုတာကို နားလည်သဘောပေါက်ခြင်း မရှိပါဘူး။ ဒါ့အပြင် သူတို့ဟာ အသွင်ပြောင်းခါစ ဖြစ်တာကြောင့် အရာရာတိုင်းကို စိတ်ဝင်စားပြီး စိတ်လှုပ်တရှား ရှိနေကြပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်အောက်ကို လျှောက်သွားပြီး တရားထိုင်လိုက်ပါတယ်။ အဲဒီနောက် ဘူးသီးညီနောင်ရှစ်ဖော်ကို အနားလာဖို့ လက်ယက်ခေါ်လိုက်ပါတယ်။
ဘူးသီးညီနောင်ရှစ်ဖော်ဟာ ဟန်ကျွယ်နားကို လျှောက်သွားပြီး ဟန်ကျွယ်ပြောမှာကို စောင့်ဆိုင်းနေကြပါတယ်။ တစ်ခြားသူတွေကတော့ ဘူးသီးညီနောင်ရှစ်ဖော်ကို ဟန်ကျွယ်က ကျင့်စဉ်သင်ပေးတော့မယ်ဆိုတာ နားလည်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏစဉ်းစားလိုက်ပြီးနောက် ဘူးသီးညီနောင်ရှစ်ဖော်ကို ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ် သင်ကြားပေးဖို့ ဆုံးဖြတ်လိုက်တပါတယ်။ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ရဲ့ အဆုံးသတ်ကို ရောက်ခါနီးနေပြီမို့ ဘူးသီးညီနောင်ရှစ်ဖော်က သူ့ကို ကျော်တက်သွားမှာ မကြောက်ပါဘူး။ ဒါ့အပြင် ဟန်ကျွယ်က သူတို့ကို တစ်ခါတည်း သင်ကြားပေးမှာ မဟုတ်ပါဘူး။ တစ်ဆင့်ချင်း သင်ကြားပေးမှာပါ။
ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ကျင့်စဉ်တွေဟာ မွေးဖွားကတည်းက မြေလျှောက်အင်မော်တယ်အဖြစ် မွေးဖွားလာတဲ့ ဘူးသီးညီနောင်ရှစ်ဖော်နဲ့ ကိုက်ညီမှုမရှိပါဘူး။
ဟန်ကျွယ်ဟာ ဘူးသီးညီနောင်ရှစ်ဖော်က သူ့ကို သစ္စာ‌ဖောက်ဖို့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လမ်းခြောက်သွယ်အမှတ်ကို သူတို့တွေ မမွေးဖွားခင်ကတည်းက မှတ်ထာပြီးသားမို့လို့ပါ။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို တစ်ရက်ကြာ သင်ကြားပေးပြီးနောက် ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်ကာ ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ ဘူးသီးညီနောင်ရှစ်ဖော်ရဲ့ အနာဂတ်ကို မျှော်လင့်ချက်ကြီးကြီး ထားပါတယ်။ ဒါကြောင့်လည်း ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို သင်ကြားပေးလိုက်တာပါ။ သူတို့အရည်အချင်းနဲ့ဆိုရင် တစ်ခဏအတွင်း စွမ်းအားကြီးလာမှာပါ။ နောက်ကျလို့ ထုန်ကျန့်ကမ္ဘာ ပြဿနာတက်ရင် သူတို့တွေက ကူညီဖြေရှင်းနိုင်မှာပါ။
ဘူးသီးညီနောင်ရှစ်ဖော်ရဲ့ အရည်အချင်းက တစ်ခြားလူတွေကို လှုပ်နိုးလိုက်ပါတယ်။ ဒီအထဲမှာ လုံဟောင်လည်း ပါပါတယ်။
နှစ် ၄၀ ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်နဲ့ နီးကပ်လာပါပြီ။ ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကျယ်ကျောင်းတောင် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လီယောင်သည် ကောင်းကင်ရုံးတော်ထဲသို့ ဝင်ရောက်သွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၀၂၃၄
[သင့်မြေးတပည့် မုရုံချီသည် စစ်နတ်ဘုရား ကံတရားအထောက်အပံ့ ပြည့်စုံသွားပြီး ကျင့်ကြံမှု များစွာတိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် ကောင်းကင်စစ်သားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၂၈၁
[သင့်တပည့် စုချီသည် ကြမ္မာဆိုးများ စုပ်ယူခံရပြီး နတ်စွမ်းအား လျော့နည်းသွား၏။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘စုချီက ဘာဖြစ်တာလဲဟ၊ ဘယ်လိုလုပ်ပြီး တစ်ခြားသူက သူ့ကြမ္မာဆိုးကို စုပ်ယူနိုင်ရတာလဲ’
ဟန်ကျွယ်ဟာ စုချီအတွက် တော်တော်လေး စိုးရိမ်သွားပါတယ်။ စုချီ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မသိတဲ့အတွက် ဟန်ကျွယ် ကယ်ချင်ရင်တောင် ကယ်လို့မရပါဘူး။
‘ဒီကောင်လေးက ဘာလို့ ဖိတ်ခေါ်ပညာရပ်ကို မသုံးတာလဲ၊ အဂ္ဂပြည်မှာ အင်မော်တယ်ဧကရာဇ် ရှိနေလို့များလား’
ဟန်ကျွယ်ဟာ ကျယ်ကျောင်းတော်နဲ့ ကောင်းကင်ရုံးတော်တို့ တိုက်ခိုက်တာကိုလည်း သတိထားမိသွားပါတယ်။ ရွှမ်ချင်းကျွင်းတောင် ဒီတိုက်ပွဲထဲ ပါနေပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ တိထိုက်ပိုင်ရဲ့ နတ်အာရုံနဲ့ ဆက်သွယ်မိသွားပါတယ် “ပြီးမှ ငါမင်းကို လာရှာမယ်၊ အခု ငါတိုက်ခိုက်နေရလို့ မင်းနဲ့စကားပြောဖို့ မအားသေးဘူး” စကားဆုံးတဲ့အခါမှာတော့ တိထိုက်ပိုင်ဟာ နတ်အာရုံဆက်သွယ်မှုကို ဖြတ်တောက်သွားပါတယ်။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ် ‘ဒီလောက်တောင် အန္တရာယ်များတာလား၊ ကျယ်ကျောင်းတော်က နတ်ဆိုးရုံးတော်ထက် အင်အားကြီးတာလား’
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာ ပတ်ဝန်းကျင်က စွမ်အားအကြီးဆုံးပုဂ္ဂိုလ်ကို ချက်ချင်း ရှာဖွေလိုက်ပေမဲ့ ရန်သူတစ်ဦးတစ်လေကိုမှ ရှာမတွေ့ပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကိုသုံးပြီး ထုန်ကျန့်ကမ္ဘာရဲ့ အခြေအနေကို အကဲခတ်လိုက်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဂူအောင်းကျင့်ကြံနေပြီး ချန်ကျောင်းတောင်က ထုန်ကျန့်ကမ္ဘာမှာ တော်တော်လေး အမြစ်တွယ်သွားပါပြီ။
ချန်ကျောင်းတော်၊ ကျယ်ကျောင်းတော်၊ လူသားကျောင်းတော်။ ဒီကျောင်းတော်သုံးခုလုံးက တာအိုဂိုဏ်းကနေ ဖြစ်တည်လာတဲ့ ကျောင်းတော်တွေ ဖြစ်ပါတယ်။ သူတို့တွေဟာ နာမည်သာမတူပေမဲ့ တာအိုကျင့်စဉ်တွေကတော့ သိပ်မကွာခြားလွန်းလှပါဘူး။
ချန်ကျောင်းတော်ရဲ့ တာအိုကျင့်စဉ်တွေဟာ ထုန်ကျန့်ကမ္ဘာဟာ တော်တော်လေး အသုံးများလာပါတယ်။ ကျင့်ကြံသူအများကြီးဟာ ဒီတာအိုကျင့်စဉ်တွေကို အခြေခံထားပြီး ကျင့်စဉ်အမျိုးမျိုး၊ မန္တန်အမျိုးမျိုးနဲ့ ဆန်းကြယ်စွမ်းအားအမျိုးမျိုးကို ဖန်တီးကြပါတယ်။ ဒီနှစ်တွေမှာ ထုန်ကျန့်ကမ္ဘာရဲ့ ကျင့်ကြံခြင်းလောကက တဟုန်ထိုးတိုးတက်လာပြီး ထုန်ကျန့်ကမ္ဘာရဲ့ သမိုင်းမှာ တစ်ခါမှမရောက်ဖူးတဲ့ အမြင့်ကို ရောက်ရှိလာပါတယ်။ ပြောရမယ်ဆိုရင် ဝတ်ရုံဖြူဗုဒ္ဓက တော်တော်ကိုအားကိုးရတာပါ။ တစ်ယောက်တည်း စွမ်းအားနဲ့ ထုန်ကျန့်ကမ္ဘာရဲ့ အင်အားကို ကြီးမားကျယ်ပြန့်သွားစေပါတယ်။
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို ဘယ်လိုသိမ်းသွင်းရမလဲဆို စဉ်းစားလိုက်ပါတယ်။ ဒါပေမဲ့ ရုတ်တရက်မို့ အကြံမထွက်လာပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
ကောင်းကင်ဧကရာဇ်ဟာ ခံစားချက်မရှိတဲ့မျက်နှာနဲ့ ရာဇပလ္လင်ပေါ်မှာ စံမြန်းနေပါတယ်။ သူ့အကြည့်နောက်ကို လိုက်ကြည့်မယ်ဆိုရင်တော့ ခန်းမအပြင်ဘက်မှာ တိုက်ခိုက်နေကြတဲ့ အင်မော်တယ်အများကြီး တွေ့မြင်နိုင်ပါတယ်။ ဒီတိုက်ပွဲက အလွန်တရာကို ကြမ်းတမ်းပြီး ဖရိုဖရဲ ဖြစ်နေပါတယ်။
ရုပ်သွင်တစ်သွင်ဟာ အရိပ်အဖြစ်ပြောင်းလဲပြီး နတ်ဘုရားခန်းမထဲ ဝင်လာပါတယ်။
ဒီရုပ်သွင်ဟာ ရွှေရောင်တာအိုဝတ်ရုံနဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ သူ့နောက်မှာတော့ ဓားသုံးချောင်း ဝဲပျံပါလာပြီးဓားသွားတွေကနေ စူးရှတဲ့အလင်းရောင် ထွက်ပေါ်နေပါတယ်။ ရွှေရောင်တာအိုဝတ်ရုံနဲ့ အမျိုးသားဟာ ရုပ်ရည်ချောမောပြီး ကြီးမားတဲ့ အရှိန်အဝါ ရှိပါတယ်။
သူဟာ ကောင်းကင်ဧကရာဇ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်… ဒီတိုက်ပွဲကို ဆက်တိုက်အုန်းမလို့လား၊ ငါတို့တပည့်တွေရဲ့ ဝိညာဉ်တွေကို လွှတ်ပေးချည်၊ ဒါဆိုရင် ငါတို့ ကျယ်ကျောင်းတော်က နောက်ပြန်ဆုတ်ပေးမယ်”
ကောင်းကင်ဧကရာဇ်ဟာ အသာပြုံးပြီး ပြောလိုက်ပါတယ် “ရှင်းချန်ဇီ… မင်းတို့ ကျယ်ကျောင်းတော်က လူနည်းနည်းလေးကို ငါတို့ကောင်းကင်ရုံးတော်က ကြောက်လိမ့်မယ်လို့ ထင်နေတာလား”
ရှင်းချန်ဇီဟာ မုတ်ဆိတ်မွေးကို လက်နဲ့သပ်ပြီး ပြောလိုက်ပါတယ် “ငါတို့ ကျယ်ကျောင်းတော်ကလည်း ကောင်းကင်တာအိုကို မနှောင့်ယှက်ချင်ပါဘူး၊ ငါတို့တပည့်တွေကို ကယ်တင်ပြီး အေးအေးဆေးဆေး ကျင့်ကြံချင်ရုံပဲ”
ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “ကျယ်ကျောင်းတော်ရဲ့ အဲဒီတပည့်တွေကို လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါက အနန္တကပ်ဘေးမှာ အမှားလုပ်လို့ ကောင်းကင်တာအိုက အပြစ်ပေးထားတာ၊ ငါမင်းကို အကြံတစ်ခု ပေးလိမ့်မယ်၊ ကောင်းကင်တာအိုကို ဆန့်ကျင်ဖို့ မကြိုးစားနဲ့”
ရှင်းချန်ဇီရဲ့ မျက်လုံးတွေဟာ ကျဉ်းမြောင်းသွားပါတယ်။ အဲဒီနောက် ညာလက်ကို မြှောက်လိုက်တဲ့အခါမှာ ရှင်းချန်ဇီနောက်က ဓားသုံးချောင်းဟာ ပန်းပွင့်လာသလိုမျိုး ဓားအရိပ်ဆယ်ရိပ်ကျော်စီ ခွဲထွက်သွားပါတယ်။
ဒီအချိန်မှာ စိတ်ဝိညာဉ်နန်းတော် အပေါ်ကနေ အလင်းတိုင်လေးတိုင် ဆင်းသက်လာပြီး ရှင်းချန်ဇီကို ဝန်းရံလိုက်ပါတယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါဟာ နတ်ဘုရားခန်းမတစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။
ရှင်းချန်ဇီဟာ နှလုံးလှုပ်သွားပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ် “အစွန်းရောက်ဧကရာဇ်လေးပါးပါလား… ကောင်းကင်ဧကရာဇ်… မင်းက ငါ့ကို တမင်တကာ စောင့်နေတာလား”
ကောင်းကင်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်ပါတယ် “ကျယ်ကျောင်းတော်က ကောင်းကင်ရုံးတော်မှာ သူလျှိုထည့်နိုင်မှတော့ ငါကရော ကျယ်ကျောင်းတော်မှာ ဘာလို့ သူလျှိုမထည့်နိုင်ရမှာလဲ”
“အစွန်းရောက်ဧကရာဇ်လေးပါး၊ ဒီလူကို သတ်ပြီး သူ့ဝိညာဉ်ကို စိတ်ဝိညာဉ်နန်းတော်ရဲ့ နတ်ကျောက်တိုင်မှာ ချိပ်ပိတ်မယ်၊ သူ့ကို ဘယ်တော့မှ ထပ်လွတ်မြောက်ခွင့် မပေးနိုင်ဘူး”
ကောင်းကင်ဧကရာဇ်ရဲ့အသံဟာ အလွန်တရာမှာ ခက်ထန်လှပြီး ကြားတဲ့သူ ဘယ်သူမဆို မေးခွန်းပြန်မထုတ်ရဲတဲ့ အသံမျိုးပါ။
အစွန်းရောက်ဧကရာဇ်လေးပါးဟာ အလင်းတိုင်ထဲကနေ တညီတညာတည်း အော်ဟစ်လိုက်ကြပါတယ် “သတ်”
“ဝုန်း…”
…..
လေးနှစ်ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရောင်ဝါတစ်ခုကို ခံစားမိလိုက်တာကြောင့် မျက်ခုံးပင့်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောင်ဝါက ရွှမ်ချင်းကျွင်း ဖြစ်နေလို့ပါ။
‘သူက ဘယ်လိုလုပ်ပြီး သေမျိုးကမ္ဘာကို ပြန်ဆင်းလာတာလဲ’
‘နေပါအုန်း… နတ်အရှင်ဝူသယ်ကို သူ ဘယ်လိုလုပ်ပြီး ဖြတ်လာတာလဲ’
ရွှမ်ချင်းကျွင်းဟာ ယွီဂျင်ဂိုဏ်းတော်ကြီးနားက တောအုပ်တစ်အုပ်ထဲမှာ တရားထိုင်ပြီး ဝီရိယတောင်ရဲ့ အင်မော်တယ်ချီကို စုပ်ယူကာ ဒဏ်ရာတွေ ကုသနေပါတယ်။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းရှေ့ကို ရုတ်ခြည်း ရောက်သွားပါတယ်။
ရွှမ်ချင်းကျွင်းဟာ မျက်လုံးဖွင့်လိုက်ပြီး တအံတဩ မေးလိုက်ပါတယ် “မဟာညီညွှတ်မှု အင်မော်တယ်စစ်လား”
‘ဒီကောင်လေး… ငါက အင်မော်တယ်ကမ္ဘာမှာ အစွမ်းကုန်ကျင့်ကြံပြီး ရလာတဲ့အခွင့်အရေးမှန်သမျှကို လက်လွှတ်မခံခဲ့တာတောင် မဟာညီညွှတ်မှု အင်မော်တယ်စစ်အဆင့်ကို ထိုးဖောက်နိုင်ရုံပဲ ရှိတာ၊ သူက ဘယ်လိုလုပ်ပြီး…’
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်း ဒဏ်ရာရထားတာကို မြင်လိုက်ရတဲ့အတွက် လက်အသာမြှောက်ပြီး ဝိညာဉ်စွမ်းအားထုတ်ကာ ကုသေပေးလိုက်ပါတယ်။
ရွှမ်ချင်းကျွင်းဟာ မျက်လုံးပြူးသွားပါတယ် ‘ဒီလိုဝိညာဉ်စွမ်းအားမျိုးက…’
ရွှမ်ချင်းကျွင်းဟာ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်အားက အလွန်တရာနက်ရှိုင်းလွန်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဒီလိုခံစားချက်မျိုးကို ကျယ်ကျောင်းတော်ရဲ့ ဆရာသခင်တွေဆီကပဲ ရွှမ်ချင်းကျွင်း ရခဲ့ဖူးတာပါ။ ဒီအဖြစ်ကြောင့် ရွှမ်ချင်းကျွင်းဟာ တော်တော်လေးကို အံဩသွားရပါတယ်။
ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းကို ကုသပေးရင်း မေးလိုက်ပါတယ် “မင်း ဘာလို့ ပြန်ဆင်းလာတာလဲ”
ရွှမ်ချင်းကျွင်းဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း… ကျွန်မ အထူးနည်းလမ်းသုံးပြီး ထွက်ပြေးလာတာ၊ အခုအချိန်မှာ သေမျိုးကမ္ဘာကပဲ ကျွန်မအတွက် လုံခြုံလိမ့်မယ်၊ ကျွန်မ အင်မော်တယ်ကမ္ဘာမှာ ဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်ခဲ့တယ်၊ အဲဒီဂိုဏ်းက ကောင်းကင်ရုံးတော်ကို တိုက်ခိုက်ချင်တယ်လေ၊ ကျွန်မလည်း မတက်နိုင်ဘဲ ဒီတိုက်ပွဲထဲ ပါခဲ့ရတယ်၊ ဒါပေမဲ့ ကျွန်မတို့ဘက်က လူတွေအကုန်လုံး ဖျက်ဆီးခံလိုက်ရတယ်…”
‘လုံးဝ ဖျက်ဆီးခံရတာလား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ကောင်းကင်ရုံးတော်က ဘယ်တုန်းက ဒီလောက် အင်အားကြီးသွားတာလဲ၊ ဒီလောက်တောင် အင်အားကြီးနေရင် နတ်ဆိုးရုံးတော်က ဘာလို့ အနိုင်မယူနိုင်တာလဲ’
‘ဒါမှမဟုတ် ကျယ်ကျောင်းတော်က ရှေးခေတ်တုန်းကလို အင်အားမကြီးတော့ဘူးလား’
“ပြီးခဲ့တိုက်ပွဲမှာ အင်မော်တယ်တွေရဲ့ အစွမ်းအစကို ကျွန်မ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်၊ ကောင်းကင်ရုံးတော်က ကောင်းကင်နိယာမကို ထိန်းချုပ်နိုင်တာ အံဩစရာ မရှိတော့ပါဘူး” ရွှမ်ချင်းကျွင်းဟာ စိတ်ပျက်လက်ပျက် ပြောလိုက်ပါတယ်။
ရွှမ်ချင်းကျွင်းအတွက် အင်မော်တယ်ကမ္ဘာမှာ အင်အားကြီးဂိုဏ်းထဲ ဝင်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ ဂိုဏ်းထဲရောက်လို့ မကြာခင်မှာပဲ ရှုံးနိမ့်မှုကို ရင်ဆိုင်လိုက်ရပါတယ်။ ကျယ်ကျောင်းတော်က ပျက်စီးသွားတာ မဟုတ်ပေမဲ့ ရွှမ်ချင်းကျွင်း ဆရာသခင်ရဲ့ မျိုးဆက်တွေအပါအဝင် ကျယ်ကျောင်းတော်က စေလွှတ်လိုက်တဲ့ ကျင့်ကြံသူတွေအားလုံး ဖိနှိပ်ခံလိုက်ရပါတယ်။
အခုအချိန်မှာ ရွှမ်ချင်းကျွင်းဟာ သွားစရာနေရာမရှိတဲ့အပြင် ကောင်းကင်ရုံးတော်က လိုက်ဖမ်းမှာကိုလည်း ဂရုစိုက်ရပါသေးတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အခု ဘာမှမဖြစ်တော့ဘူး၊ ငါမင်းကို ကာကွယ်နိုင်တယ်၊ ဒါပေမဲ့ မင်း ဘယ်လိုလုပ်ပြီး အင်မော်တယ်တွေလက်ထဲက လွှတ်လာတာလဲ”
ဟန်ကျွယ်ဟာ ဒီကိစ္စကို မမေးလို့မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်ကျရင် ဒီနည်းလမ်းနဲ့ ရန်သူတွေ ခိုးဝင်လာမှာကို ကာကွယ်ချင်လို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset