Switch Mode

Chapter – 233

အခန်း (၂၃၃) ထုန်ကျန့်ကမ္ဘာ၊ ရှန်နန်းတော်က ယွီတျန်ပေါင်
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကိုသုံးပြီး ကောင်းကင်ထက်က အက်ကြောင်းကို ကြည့်ရှုလိုက်ပါတယ်။ ကောင်းကင်တာအိုရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သေမျိုးကမ္ဘာက ချိပ်ပိတ်ထားတဲ့ နေရာတစ်ခုပါ။ အခု ဒီချိပ်ပိတ်ထားတဲ့နေရာက လျှို့ဝှက်စွမ်းအားအားတစ်ခုကြောင့် ဆုတ်ဖြဲခံလိုက်ရပါတယ်။
သေမျိုးကမ္ဘာရဲ့ နတ်သားအနေနဲ့ ဟန်ကျွယ်ဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
‘ရန်သူတိုက်ခိုက်တာပဲ’
ဟန်ကျွယ်ဟာ လှုပ်ရှားဖို့ ပြင်လိုက်ပေမဲ့ အက်ကြောင်းရှေ့ကို ဝတ်ရုံဖြူဗုဒ္ဓ ရောက်လာတာ တွေ့လိုက်ရတာကြောင့် ကိုယ်ရှိန်သတ်လိုက်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ လက်နှစ်ဖက်မြှောက်ပြီး ဝိညာဉ်စွမ်းအားထုတ်ကာ ကောင်းကင်ထက်က အက်ကြောင်း ပျောက်သွားအောင် အာကာသကို ပြုပြင်မွမ်းမံပါတယ်။ ဒီအချိန်မှာပဲ အက်ကြောင်းထဲကနေ လေပြင်းတစ်ခု ထွက်ပေါ်လာတာကြောင့် ဝတ်ရုံဖြူဟာဗုဒ္ဓဟာ ထိတ်လန့်သွားပြီး ရူလိုင်တောင်ဝှေးကို ထုတ်ယူလိုက်ပါတယ်။
မကြာခင်မှာပဲ အက်ကြောင်းထဲကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာပါတယ်။ ဒီပုဂ္ဂိုလ်ဟာ ပေတစ်ထောင်ကျော် မြင့်မားပြီး နဂါးကိုးကောင်း ခြယ်သထားတဲ့ ဝတ်ရုံနက်ကို ဆင်မြန်းထားပါတယ်။ ခေါင်းမှာလည်း အရိုးသရဖူကိုဆောင်းထားပြီး လက်ထဲမှာလည်း ကြမ်းတမ်းရက်စက်ပြီး သတ်ဖြတ်ငွေ့တွေ ထူထပ်နေတဲ့ တံစဉ်တစ်လက်ကို ကိုင်ထားပါတယ်။
ဒီပုဂ္ဂိုလ်ဟာ ရက်စက်ပြုံး ပြုံးလိုက်ပြီး ဝတ်ရုံဖြူဗုဒ္ဓကိုကြည့်ကာ ပြောလိုက်ပါတယ် “ဒီကမ္ဘာကို ငါပိုင်တယ်”
ဝတ်ရုံဖြူဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြက်သွေးရောင်တိမ်ကမ္ဘာမှာ နေထိုင်တာကြာပြီဖြစ်တာကြောင့် ဝတ်ရုံဖြူဗုဒ္ဓမှာ မရေမတွက်နိုင်တဲ့ ယုံကြည်သူတွေရှိနေပြီး ဒီယုံကြည်သူတွေနဲ့ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ကံတရား အထောက်အပံ့က အချင်းချင်း ချိတ်စပ်နေလို့ပါပဲ။ ဒါကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ တစ်ခြားသူတွေ ကြက်သွေးရောင်တိမ်ကမ္ဘာဆီလာပြီး ပြဿနာရှာမှာကို ဘယ်နည်းနဲ့မှ ခွင့်မပြုနိင်ပါဘူး။
နောက်ထပ် စကားတစ်လုံးမဆိုဘဲ ဝတ်ရုံဖြူဗုဒ္ဓဟာ ရူလိုင်တောင်ဝှေးကို ရုတ်တရက် မြှောက်ပြီး ဝတ်ရုံနက်ကို ရိုက်ချလိုက်ပါတယ်။ ဝတ်ရုံနက်ဟာ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ ရူလိုင်တောင်ဝှေး ရိုက်ချက်ကြောင့် ကောင်းကင်ထက်က အက်ကြောင်းထဲ ပြန်ရောက်သွားပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာလည်း အက်ကြောင်းထဲကို လိုက်ဝင်သွားပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ သက်သာရ ရသွားပါတယ် ‘ဒီကောင်ရှိနေတာ ငါ့ကို အလုပ်ရှုပ် သက်သာစေတာပဲ’ ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓက အမြင်ကြည်သွားပါတယ်။
အခုအချိန်မှာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ ကံတရား အထောက်အပံ့က ကြက်သွေးရောင်တိမ်ကမ္ဘာနဲ့ ဆက်နွှယ်နေပြီး ဟန်ကျွယ်က ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ အစောင့်နတ် ဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာ တစ်လှေတည်းစီးနေကြသူတွေလို့ ပြောလို့ရပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ တော်တော်လေး စွမ်းအားကြီးပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြက်သွေးရောင် တိမ်ကမ္ဘာကို ကာကွယ်ရတဲ့တာဝန်ကို ဝတ်ရုံဖြူဗုဒ္ဓဆီ လွှဲအပ်လိုက်ပြီး စိတ်အေးလက်အေး ဆက်ကျင့်ကြံပါတယ်။
လေးငါးခြောက်ရက် အကြာမှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ ကောင်းကင်ထက် အက်ကြောင်းထဲက ပြန်ထွက်လာပါတယ်။ တိုက်ပွဲပြီးတာ မကြာသေးတဲ့အတွက် ဝတ်ရုံဖြူဗုဒ္ဓရဲ့ သတ်ဖြတ်ငွေ့က အကုန်လုံး မကင်းစင်သေးပါဘူး။
အက်ကြောင်းထဲက ထွက်လာတဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ နောက်ပြန်လှည့်လိုက်ပြီး ဝိညာဉ်စွမ်းအားထုတ်ကာ အက်ကြောင်းကို ပြုပြင်မွမ်းမံပါတယ်။ ဆယ်ရက်ကျော်တဲ့အခါမှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ အက်ကြောင်းကို ပြန်ပြင်လို့ ပြီးစီးသွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး ကျေနပ်အားရတဲ့ အပြုံး ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ခုကို သတိရသွားပြီး တစ်ခုခုမှားနေတာကို သတိထးမိသွားပါတယ် ‘ကြက်သွေးရောင် တိမ်ကမ္ဘာ ပြဿနာတက်နေတာကို သူက ဘာလို့ မလှုပ်ရှားတာလဲ’
ကြက်သွေးရောင် တိမ်ကမ္ဘာ ပြန်တည်ငြိမ်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်ကာ အကျိုးအကြောင်း မေးပါတယ်။
တိထိုက်ပိုင်က ပြန်ဖြေပါတယ် “သေမျိုးကမ္ဘာတွေမှာလည်း ပြိုင်ဆိုင်မှတွေရှိတယ်၊ ကောင်းကင်းရုံးတော်က ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်း၊ နတ်ဆိုးရုံးတော်တို့နဲ့ သဘောတူညီထားတာ တစ်ခုရှိတယ်၊ အဲဒါက သေမျိုးကမ္ဘာတွေကို တစ်ယောက်နဲ့တစ်ယောက် အားပြိုင်ပြီး အပိုင်သိမ်းလို့ရတယ်၊ အင်မော်တယ်ဧကရာဇ်တွေ ဝင်မရှုပ်ဖို့ပဲ တားမြစ်ထားတယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်တို့မှာ ဘယ်တုန်းက ဒီလိုသဘောတူညီချက် ရှိသွားတာလဲ၊ အရင်ကတည်းက ရှိခဲ့တာဆိုရင် အရင်တုန်းက သူတို့တွေ ဘာလို့မလာကြတာလဲ”
“အရင်တုန်းက ကြက်သွေးရောင်တိမ်ကမ္ဘာက အရမ်းအားနည်းတယ်လေ၊ ဘယ်သူမှ ဂရုမစိုက်ဘူး”
“ဒါဆိုရင် ကောင်းကင်ရုံးတော်က ဒီကိစ္စကို ဝင်မပါဘူးလို့ ပြောချင်တာလား”
“မစိုးရိမ်ပါနဲ့၊ နတ်အရှင်ဝူသယ်နဲ့ မင်းရဲ့တိတ်ဆိတ်ဂိုဏ်း ပေါင်းလိုက်ရင် ကြက်သွေးရောင်တိမ်ကမ္ဘာကို အင်မော်တယ်ဧကရာဇ်အောက်က ဘယ်သူလာလာ သေလမ်းတစ်လမ်းပဲ ရှိတယ်”
“ကောင်းပြီလေ”
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်က သူ့ကို ဓားအဖြစ်သုံးပြီး တစ်ခြား သေမျိူးကမ္ဘာရဲ့ ထိပ်သီးတွေကို နှိပ်ကွပ်ချင်မှန်း နားလည်သွားပါတယ်။
‘ကောင်းကင်ရုံးတော်က ကြက်သွေးရောင်တိမ်ကမ္ဘာကို အဆင့်တက်အောင် ကူညီတာ အံဩစရာမရှိတော့ပါဘူး၊ သူတို့က အစကတည်းက ဆင်ကြံ ကြံနေကြတာပဲ၊ ကောင်းကင်ဧကရာဇ်က ဝတ်ရုံဖြူဗုဒ္ဓက ငါ့သေမျိုးကမ္ဘာမှာ နေခိုင်းတာကလည်း ဒီကိစ္စကြောင့်ပဲ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး သူ နည်းနည်းတောင် အမှတ်တမဲ့နေလို့ မရမှန်း နားလည်သွားပါတယ်။ ကောင်းကင်ရုံးတော်က သူ့အပေါ် ကျေးဇူးတွေ အများကြီးရှိတဲ့အတွက် ဟန်ကျွယ်က ဒီကိစ္စကို မငြင်းပယ်နိုင်ပါဘူး။
ဒါပေမဲ့လည်း လောလောဆယ်တော့ ဘာမှမဖြစ်သေးပါဘူး။ ကြက်သွေးရောင် တိမ်ကမ္ဘာမှာ ဝတ်ရုံဖြူဗုဒ္ဓနဲ့ နတ်အရှင်ဝူသယ်တို့ ရှိနေတာကြောင့် အချိန်တိုအတွင်း ဟန်ကျွယ် လှုပ်ရှားဖို့ မလိုသေးပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို နတ်အာရုံနဲ့ ချိတ်ဆက်လိုက်ပြီး သေမျိုးကမ္ဘာရဲ့ နာမည်ကို ပြောင်းလဲဖို့ ပြင်ဆင်လိုက်ပါတယ်။
ချီယွင်ရှန်းက သေဆုံးသွားပြီ ဖြစ်တဲ့အတွက် ကြက်သွေးရောင်တိမ်ကမ္ဘာကို ကာကွယ်ဖို့ ဟန်ကျွယ် အလှည့်ကျလာပါပြီ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာကို သူ့ကိုယ်ပိုင်ကမ္ဘာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
‘ငါ မင်းကို နာမည် ဘယ်လိုပေးသင့်လဲ’ ဟန်ကျွယ်ဟာ ခေါင်းထဲမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ်။
‘မြေအင်မော်တယ်ကမ္ဘာဆိုရင်ရော’
‘မကောင်းဘူး… ဒီနာမည်က ကံတရားကြီးကြီးကို ယူဆောင်လာလိမ့်မယ်’
ဟန်ကျွယ်ဟာ အတန်ကြာ တွေးတောလိုက်ပြီးနောက် ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ နာမည်ကို ထုန်ကျန့်(ထပ်လှည့်)လို့ ပြောင်းလဲပါတယ်။ ဟန်ကျွယ် ဒီနာမည်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းက နောက်ကျလို့ မကြိုက်ဘူးဆိုရင် ထပ်ပြောင်းဖို့ပါ။ ပြောရမယ်ဆိုရင် လိုင်းပေါ်ကနာမည်ကို စိတ်ကြိုက်ပြောင်းသလိုပေါ့။
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီးနောက် ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပြီး ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ရောက်ရှိဖို့ ကြိုးစားပါတယ်။ ဟန်ကျွယ်ဟာ ဖြစ်နိုင်မယ်ဆိုရင် ခုချက်ချင်းတောင် အင်မော်တယ်ဧကရာဇ် ဖြစ်ချင်နေတာပါ။
ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ်က အင်မော်တယ်ကမ္ဘာရဲ့ အုတ်မြစ်လို့ ယူဆထားပါတယ်။ အင်မော်တယ်ကမ္ဘာမှာ အင်မော်တယ်ဧကရာဇ် မဟုတ်ဘူးဆိုရင် နယ်ရုပ်အဆင့်ကတက်မှာ မဟုတ်ပါဘူး။
နှစ် ၄၀ ကြာသွားပေမဲ့ ဟန်ကျွယ်ဟာ အဆင့်မတက်သေးပါဘူး။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။
ဒီနှစ်တွေမှာ ထုန်ကျန့်ကမ္ဘာကို ကျူးကျော်မှုသုံးခု ရှိပေမဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ ဒီကျူးကျော်မှုသုံးခုလုံးကို ဟန့်တားခဲ့ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ကျူးကျော်မှုတိုင်းကို ဟန့်တားနေရတာကြောင့် အနည်းငယ် ပင်ပန်းလာပါတယ်။ ဒါကြောင့် ဒီသတင်းကို ကျင့်ကြံခြင်းလောကဆီ ဖြန့်ကျက်လိုက်ပြီး ပါရမီရှင်တွေကို အဆင်သင့်ပြင်ဆင်ထားဖို့ သတိပေးလိုက်ပါတယ်။
ဒီသတင်းထွက်ပေါ်လာနဲ့ ထိပ်သီးကျင့်ကြံသူတွေဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ မြင့်မြတ်နယ်မြေအသီးအသီးကလည်း ထုန်ကျန့်ကမ္ဘာရဲ့ ပျှမ်းမျှအင်အား တိုးတက်အောင် တပည့်တွေကို စတင်လက်ခံပါတယ်။
ဟန်ကျွယ်ဟာ ဒီအကြောင်းတွေကို ကောင်းကင်တာအိုတိုကင်ကနေ သိရှိပြီး တော်တော်လေး သဘောကျသွားပါတယ် ‘ဝတ်ရုံဖြူဗုဒ္ဓက ဒီလိုကျတော့လည်း အားကိုးရသားပဲ’
တကယ်တော့ ဝတ်ရုံဖြူဗုဒ္ဓမှာ သူ့ရည်မှန်းချက်နဲ့ သူရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က ဒါကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်ရဲ့ ပန်းတိုင်က ကျင့်ကြံအားထုတ်ဖို့ပါ။ သေမျိုးကမ္ဘာကို အုပ်စိုးဖို့ မဟုတ်ပါဘူး။
လအနည်းငယ် ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။ ဒီလိုနဲ့ ရက်အနည်းငယ် အကြာမှာတော့ ဝူတောက်ကျန့်က ရုတ်တရက် ပြောလိုက်ပါတယ် “လီယောင် တစ်ခုခု ဖြစ်နေပြီ”
ဟန်ကျွယ်ဟာ မျက်လုံးမဖွင့်ဘဲ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
“သူ အဖမ်းခံလိုက်ရပြီ”
ဝူတောက်ကျန့်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ နတ်အာရုံကို ကောင်းကင်ကိုးလွှာရေစင်ဆီ စေလွှတ်လိုက်ပါတယ်။
လီယောင်ဟာ ကျောက်စိမ်းပုလင်းတစ်လုံးထဲမှာ အဖမ်းခံထားရပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေပြီး ပင်လယ်ရေအောက်လို ဖြစ်နေပါတယ်။ လီယောင်ဟာ ဝိညာဉ်စွမ်းအားသုံးပြီး ပြေးထွက်ပေမဲ့ စွမ်းအားကြီးတဲ့ အတားအဆီးကြောင့် မအောင်မြင်ပါဘူး။
“သေစမ်း” လီယောင်ဟာ အံကြိတ်လိုက်ပြီး မျက်လုံးတွေက မီးဝင်းဝင်းတောက်သွားပါတယ်။ အဲဒီနောက် လီယောင်ဟာ အလျှော့မပေးဘဲ ထွက်ပြေးဖို့ နည်းလမ်း ရှာပါတယ်။
ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါမှာ လီယောင်ကို ဖမ်းထားတဲ့လူက မဟာညီညွှတ်မှု ရွှေအင်မော်တယ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အခုမှ မဟာညီညွှတ်မှု အင်မော်တယ်စစ် ဖြစ်လာတဲ့ လီယောင်က မဟာညီညွှတ်မှု ရွှေအင်မော်တယ်ကို မယှဉ်နိုင်တာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
“ကောင်မလေး… ကြိုးစားလည်း အပိုပဲ၊ မင်း ဘယ်‌လောက်ကြိုးစားကြိုးစား ငါ့လက်ခုပ်ထဲကနေ ထွက်မပြေးနိုင်ပါဘူး၊ ဟား..ဟား..ဟား…”
ပုလင်းထဲဝင်လာတဲ့ ရယ်သံကြောင့် လီယောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“ဘယ်သူလဲ… ပုန်းမနေနဲ့၊ ကိုယ်ထင်ပြစမ်း”
ဒီစကားကို ကြားလိုက်ရတဲ့ လီယောင်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ဒီသေချင်းဆိုးက ဘယ်သူကို ပြောနေတာလဲ၊ နေအုန်း… စီနီယာများလား’ ဒီကိုတွေးမိသွားတဲ့ လီယောင်ဟာ နည်းနည်း အားပြန်တက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ နတ်အာရုံကို တစ်ဖက်လူက အာရုံခံစားနိုင်တာ မထူးဆန်းပါဘူး။ သူတို့က ယေဘုယျအားဖြင့် အဆင့်ချင်း တူညီနေကြပါတယ်။
ဟန်ကျွယ်လည်း ပုန်းမနေတော့ဘဲ ပြောလိုက်ပါတယ် “တာအို‌ရောင်းရင်း… ကျုပ်မျက်နှာကို ထောက်ထားပြီး သူ့ကို လွှတ်ပေးလိုက်ပါ”
“မင်းက ဘယ်သူလဲ၊ နာမည်ပြောစမ်း”
“ရှန်နန်းတော်၊ ယွီတျန်ပေါင်”
“မင်းကိုယ်မင်း ယွီတျန်ပေါင်တဲ့လား၊ ငါ့ကို အရူးများ ထင်နေလား၊ မင်းသာ ယွီတျန်ပေါင်အစစ်ဆိုရင် ဒီလောက်ထိစကားများမှာ မဟုတ်ဘူး”
“ငါက ရှန်နန်းတော်မှာဆိုတော့ တိုက်ခိုက်ဖို့ အဆင်မပြေဘူး၊ ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် ငါ ရန်သူတွေ အများကြီး မလိုချင်ဘူး”
“ရှန်နန်းတော်ဆိုတော့ ဘာဖြစ်လဲ၊ ငါ့နောက်မှာ နတ်ဆိုးရုံးတော်ရှိတယ်၊ မင်း ဒီကောင်မလေးကို ကယ်ချင်တယ်ဆိုရင် ကိုယ်တိုင်သာလာခဲ့”
ဟန်ကျွယ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။
“ဘာလဲ၊ ကြောက်သွားပြီလား၊ မင်းက ရွှေအင်မော်တယ်အဆင့်လောက်နဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ဟန် ဆောင်ရဲတယ်၊ တော်တော်ရယ်စရာ ကောင်းတာပဲ၊ ဒီကောင်မလေးကို ငါ ကျိန်းသေပေါက် ပြန်မလွှတ်ဘူး၊ ကောင်းကင်ဧကရာဇ်လာရင်တောင် ပြန်မလွှတ်ပေးနိုင်ဘူး”
တစ်ဖက်လူရဲ့ မောက်မာထောင်လွှားလွန်းတဲ့ စကားကြောင့် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ သည်းမခံနိုင်တော့ပါဘူး။ ဒါပေမဲ့ ဘာမှခွန်းတုံ့မပြန်ဘဲ လီယောင်ကို အသံလွှင့်ပြီး ပြောလိုက်ပါတယ် “ငါ မင်းကို ဆန်းကြယ်စွမ်းအား သင်ပေးမယ်၊ အခု စလေ့လာတော့”
လီယောင်ဟာ အကျိုးအကြောင်းကို နားမလည်ပေမဲ့ ချက်ချင်း တရားထိုင်ပြီး ဟန်ကျွယ် သင်ကြားပေးတဲ့ ဆန်းကြယ်စွမ်းအားကို အလေးအနက် သင်ယူပါတယ်။
“ကျွတ်..ကျွတ်… ကောင်းတယ်၊ အေးအေးဆေးဆေး ကျင့်ကြံချည်၊ မင်း ကျင့်ကြံမှုအဆင့်မြင့်လေ ငါ့အတွက် ပိုအသုံးဝင်လေပဲ၊ နောက်ကျရင် မင်းက ငါ့ကိုယ်လုပ်တော်ပဲ၊ ဟိုကောင်ကိုတော့ ခေါင်းထဲထည့်မနေနဲ့၊ ဒီကောင်က ငါ့ကိုကြောက်လို့ စကားတောင် ပြန်မပြောရဲရှာဘူး”
လီယောင်ဟာ တရားထိုင်နေပြီမို့ ဘာမှပြန်မပြောပါဘူး။ ဟန်ကျွယ်ကတော့ စိတ်ထဲမှာ ကြုံးဝါးလိုက်ပါတယ် ‘နေနှင့်အုန်းပေါ့ကွာ၊ မင်းနဲ့ငါ မကြာခင် တွေ့ရတော့မှာပါ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset