Switch Mode

Chapter – 230

အခန်း (၂၃၀) ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် နောက်ဆုံးအဆင့်၊ နတ်ဘုရား ပြန်လည်ရွေးမည့် အစီအစဉ်ကြီး
ဥတုရာသီ အလီလီ လည်ပတ်လို့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားလိုက်တာ နှစ်တစ်ရာက တစ်ခဏလေးပါပဲ။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်သွားခဲ့ပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားဟာ ထိုးတက်သွားပြီး နတ်အာရုံလည်း ကျယ်ပြန့်သွားပါတယ်။
ဟန်ကျွယ်ရဲ့ မိုးမြေနားလည်မှုဟာလည်း အရင်ကထက် နက်နဲသွားပြီး သေမျိုးကမ္ဘာမှာရှိနေတဲ့ မမြင်နိုင်တဲ့စွမ်းအားတွေကို တွေ့မြင်သွားပါတယ်။ ဒီမမြင်နိုင်တဲ့ စွမ်းအားတွေက ကံတရား အ‌ထောက်အပံ့၊ ကံကြမ္မာ၊ ရေစက် အစရှိတာတွေပါ။
ဒီစွမ်းအားတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒြပ်စင်ငါးပါး နိယာမက လေးငါးဆင့် နိမ့်ပါးသွားပါတယ်။
အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ ဓားတာအိုဆန်းကြယ်စွမ်းတွေကို စွမ်းအားမြှင့်တင်ဖို့ နှစ်ဝက်ခန့် အချိန်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲဝင်ပြီး ကျန်းယီနဲ့ တိုက်ခိုက်တဲ့အခါမှာ ကျန်းယီကို တစ်ချက်တည်း သတ်နိုင်သွားပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓကိုလည်း တစ်ချက်ပါပဲ။
ကောင်းကင်ဧကရာဇ်နဲ့ ယှဉ်ပြိုင်တဲ့အခါမှာလည်း တစ်ချက်ပါပဲ။ ကောင်းကင်ဧကရာဇ် သေတာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ် သေသွားတာပါ။
တစ်ခြားရန်သူတွေနဲ့ တိုက်ခိုက်တဲ့အခါမှာလည်း တစ်ချက်တည်းနီးပါး သတ်နိုင်လုနီးနီးပါပဲ။ တိုက်ပွဲစဉ်တစ်လျှောက်လုံး ဟန်ကျွယ်ဟာ သူနဲ့လက်ရည်တူတဲ့ ရန်သူတွေကို ရှာမတွေ့ပါဘူး။
အဲဒီ‌နောက်မှာတော့ အဆင့်တက်တာကို အောင်ပွဲခံတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ဂုဏ်ပြုလက်ဆောင်ပေးပါတယ်။ တစ်ချိန်တည်းမှာပဲ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၄၀၀၂
[သင့်မြေးတပည့် မုရုံချီသည် စစ်နတ်ဘုရား၏ နတ်လက်နက်အား ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် ရှုံ့နိုင်ငံတော်သို့ ဝင်ရောက်ခဲ့ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် စုချီသည် အသူရာမျိုးနွယ်စု၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ လုံရှန်သည် နတ်ဆိုးသူတော်စင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် အမှောင်တားမြစ်နယ်မြေသို့ ကျသွား၏။]
[သင့်မိတ်ဆွေ ချီယွင်ရှန်းသည် နတ်ဆိုးသူတော်စင် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ချီယွင်ရှန်းက တကယ်သေသွားပြီလား’
ချီယွင်ရှန်းဟာ ဟန်ကျွယ်ကို တော်တော်လေး ကူညီခဲ့ပါတယ်။ ချီယွင်ရှန်းဟာ ဟန်ကျွယ်ကို ကောင်းကင်ရုံးတော်ရဲ့ သေမျိုးကမ္ဘာ ရှင်းလင်းမဲ့ အစီအစဉ်ကို သတင်‌ပေးခဲ့ပြီး ကောင်းကင်ရုံးတော်ဆီ ခေါ်သွားပေးမယ်လို့တောင် ပြောခဲ့ပါတယ်။ ဒါက ချီယွင်ရှန်းအတွက် ဘာမှ မဟုတ်ဘူးဆိုပေမဲ့ ဟန်ကျွယ်အတွက်တော့ ကျေးဇူးကြွေးတစ်ခုပါပဲ။
ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ထဲတေးထားလိုက်ပြီး နောက်ကျရင် ချီယွင်ရှန်းအတွက် လက်စားချေပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလိုနဲ့ ခုနစ်လရှစ်လ ကြာတဲ့အခါမှာတော့ ကျိန်စာတိုက်လို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ချီယွင်ရှန်းကို ဘယ်သူသတ်လိုက်လဲဆိုတာ မေးလိုက်ပါတယ်။
“နတ်ဆိုးရုံးတော်ရဲ့ မိစ္ဆာမြွေနဂါးဘုရင်ပဲ၊ ချီယွင်ရှန်းတင် သေသွားတာ မဟုတ်ဘူး၊ အရှင့်သားလုံရှန်လည်း ပျောက်နေတယ်၊ ဒီခွေးသူခိုးနတ်ဆိုးရုံးတော်က တစ်စက်ကလေးမှ အေးအေးဆေးဆေးကို မနေနိုင်ဘူး” တိထိုက်ပိုင်ဟာ ဟန်ကျွယ်အမေးကို ပြန်ဖြေရင်း အံကြိတ်လိုက်ပါတယ်။ ဒီကိစ္စကြောင့် တိထိုက်ပိုင်ဟာ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်လုနီး ဖြစ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်ရဲ့ ဒေါသကို ရင်ဆိုင်ရရုံသာမက ကောင်းကင်ရုံးတော်မှာရှိတဲ့ နတ်ဘုရားတွေကိုလည်း နှစ်သိမ့်ပေးရလို့ပါပဲ။
‘မိစ္ဆာမြွေနဂါးဘုရင်လား’ ဟန်ကျွယ်ဟာ ဒီနာမည်ကို စိတ်ထဲမှာ တေးထားလိုက်ပါတယ်။
“ကောင်းကင်ရုံးတော်က ထပ်ပြီးတော့ ဖရိုဖရဲ ဖြစ်ပြန်ပြီလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး၊ နည်းနည်းလေး ရုန်းရင်းဆန်ခတ်ဖြစ်ရုံလောက်ပဲ”
ဟန်ကျွယ်ဟာ တိထိုက်ပိုင်စကားကြောင့် သက်သာရာရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော် ဖရိုဖရဲဖြစ်ရင် အေးဆေးဆေးဆေးကျင့်ကြံဖို့ မလွယ်ကူမှန်း သိနေလို့ပါ။
“ကောင်းကင်ရုံးတော်က အင်မော်တယ်နတ်ဘုရားတွေကို ရှင်းပြီးသွားပြီလား” ဟန်ကျွယ်က စပ်စုလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့လူမှုဆက်ဆံရေးထဲက ပုံရိပ်တော်တော်များများ ပျောက်ကွယ်သွားတာကို သတိထားမိတာကြောင့် ဒီလိုမေးလိုက်တာ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ဒီလူတွေကို အထူးစာရင်းထဲ ထည့်မထားတဲ့အတွက် သူတို့အကြောင်းနဲ့ ပတ်သတ်ပြီး စာအိတ်တွေ ရောက်မလာပါဘူး။
“ကုန်ခါနီးပြီ၊ အရှင်မင်းကြီးက ဆုံးဖြတ်ချက်ပြတ်သားတော့ ဘယ်သူ့မှ မခံနိုင်ဘူး၊ အခုလက်ရှိ ကောင်းကင်ရုံးတော်က ကျောက်တောင်လို ဖြစ်နေပြီ၊ အရှင်မင်းကြီးက နတ်ဘုရားရွေးချယ်မဲ့ အစီအစဉ်ကြီးတစ်ခုကိုတောင် ပြင်ဆင်နေတယ်၊ အနန္တကမ္ဘာက အင်မော်တယ်နတ်ဘုရားတွေကို ရွေးချယ်ဖို့လေ” တိထိုက်ပိုင်ဟာ ပြုံးလိုက်ပါတယ်။ ဒီအကြောင်းပြောတိုင်း တိထိုက်ပိုင်ဟာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။
‘ကောင်းကင်ရုံးတော်က အင်အားကြီးထွားလာတော့မယ်’
‘နတ်ဘုရားရွေးချယ်မဲ့ အစီအစဉ်ကြီးလား’ ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
“ကြက်သွေးရောင်တိမ်ကမ္ဘာရော ဒီထဲပါလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“ပါတာပေါ့၊ မင်း ပါရမီရှင်တစ်ချို့ကို ရွေးချယ်ပြီး ပြုစုပြိုးထောင်လေ၊ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့ အခုလက်ရှိအဆင့်က မဆိုးပါဘူး”
“ထားလိုက်ပါတော့၊ ပြဿနာတွေ တက်ကုန်ပါအုန်းမယ်၊ ကံကြမ္မာရှိရင် ဘယ်သူမှ မကူညီလဲ သူတို့တွေ ရွေးချယ်ခံရမှာပါ”
“ကောင်းပြီလေ”
အဲဒီနောက် ဟန်ကျွယ်နဲ့ တိထိုက်ပိုင်ဟာ စကားဖြတ်ပြီး နတ်အာရုံကို ဖြတ်တောက်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး မိစ္ဆာမြွေနဂါးဘုရင်ကို ကျိန်စာစတိုက်ပါတယ်။
တစ်ခြားတစ်ဖက်မှာတော့။
စိတ်ဝိညာဉ်နန်းတော်အတွင်း။
တိထိုက်ပိုင်ဟာ ဂုဏ်ကျက်သရေ ထွန်းတောက်လှတဲ့ ကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ် ဘေးနားမှာတော့ ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားတစ်ယောက် ရပ်နေပါတယ်။
“အရှင်မင်းကြီး… သူက ဘာရည်မှန်းချက်မှ မရှိဘူး၊ ကျွန်တော်တို့တွေ ကြက်သွေးရောင်တိမ်ကမ္ဘာ အဆင့်တက်အောင် ဒီလောက်ကူညီထားတာတောင် သူက မတိုက်ချင်သေးဘူး” တိထိုက်ပိုင်က မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
တိထိုက်ပိုင်ဟာ ဟန်ကျွယ်ကို နတ်ဘုရားရွေးချယ်မဲ့အစီအစဉ်ကြီးကို ပြောလိုက်ရတာက ကောင်းကင်ဧကရာဇ်ရဲ့ ညွှန်ကြားချက်ကြောင့်ပါ။
ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ သူ ပါမှာပါ”
ခရမ်း‌ရောင်ဝတ်ရုံနဲ့ အမျိုးသားက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ခမည်းတော်… အဲဒီလူက ကောင်းကင်ရုံးတော်ရဲ့ နှစ်ထောင်ချီအတွင်းမှာ အရည်အချင်းအရှိဆုံး ပါရမီရှင်လား”
“ဟုတ်တယ်၊ မင်းအားလို့ရှိရင် ဟောင်အာဆီ သွားလည်လို့ရတယ်”
“ဟုတ်ကဲ့ပါ”
ခရမ်းရောင်ဝတ်ရုံနဲ့ အမျိုးသားဟာ လုံဟောင်ကို မကြိုက်သလိုမျိုး တုံ့ပြန်လိုက်ပါတယ်။
တိထိုက်ပိုင်က မေးလိုက်ပါတယ် “အရှင်မင်းကြီး ဗိုလ်ချုပ်ချန်ဖောင်ရဲ့ ခန္ဓာကိုယ်က တစ်ခုခု မူမမှန်ဘူး၊ အရှင်မင်းကြီး သတိထားရလိမ့်မယ်”
“ငါ သိတယ်၊ ကြည့်ရတာ ကျယ်ကျောင်းတော်က လုံးဝလက်မလျှော့သေးဘူးပဲ”
“သူတို့တပည့်တွေက အင်မော်တယ်ကမ္ဘာမှာ ပိုပိုပြီးတော့ ထွက်ပေါ်လာတယ်၊ ငါ့အထင် သူတို့တွေ မကြာခင်မှာ စလှုပ်ရှားလိမ့်မယ်”
“ကျယ်ကျောင်းတော်က မှော်မျိုးနွယ်စုနဲ့ အတူတူပဲ၊ သူတို့ရဲ့ ကံတရားအထောက်အပံ့က ခမ်းခြောက်သွားတော့ သတ်ဖြတ်တဲ့နည်းလမ်းနဲ့ အင်အားပြန်ကြီးထွားလာမှာ မဟုတ်ဘူး၊ သူတို့ကို အင်မော်တယ်တစ်ချို့လွှတ်ပြီး စောင့်ကြည့်ထားချည်”
“အမိန့်တော်အတိုင်းပါ”
ဟန်ကျွယ်ဟာ မိစ္ဆာမြွေနဂါးဘုရင်ကို တစ်ထိုင်တည်းနဲ့ ဆယ်ရက်ကျော် ကျိန်စာတိုက်လိုက်တဲ့အတွက် သက်တမ်းရာချီ ဆုံးရှုံးသွားပါတယ်။ ဒါက ဟန်ကျွယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောမယ်ဆိုရင် မမှားပါဘူး။
‘ရောင်းရင်းချီယွင်ရှန်း… ကျုပ်အကောင်းဆုံး ကြိုးစားပြီးပြီ၊ တစ်နေ့ကျလို့ ခင်ဗျားကိုသတ်သွားတဲ့လူနဲ့ ကျုပ်နဲ့ မျက်နှာချင်းဆိုင် တွေ့ခဲ့ရရင် ကျုပ် ကျိန်းသေပေါက် သူ့ကို သတ်ပြီး ရောင်းရင်းချီအတွက် လက်စားချေပေးမယ်’
ဟန်ကျွယ်ဟာ ချီယွင်ရှန်းသေဆုံးမှုအတွက် နည်းနည်း စိတ်မကောင်းဖြစ်ရုံပါ။ အရမ်းကြီး ဝမ်းနည်းနေတာတော့ မဟုတ်ပါဘူး။ နောက်ပြီး ဟန်ကျွယ်နဲ့ ချီယွင်ရှန်းက နက်နဲတဲ့ ဆက်ဆံရေးလည်း မရှိပါဘူး။ ချီယွင်ရှန်း ရာထူးတိုးသွားကတည်းက သူတို့နှစ်ယောက်ဟာ မတွေ့ဖြစ်ကြတော့ပါဘူး။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဝူတောက်ကျန့်ကို ကြည့်လိုက်ပါတယ် “မင်းက ကောင်းကင်ဓားတာအိုအဆင့်ကို တက်မြောက်သွားပြီလား”
ဝူတောက်ကျန့်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ တည်ငြိမ်နေပုံရှိပေမဲ့ မျက်နှာမှာတော့ အပြုံးပန်းဝေနေပါတယ်။
“လာ… ဒီနားကိုလာ၊ ငါမင်းကို တတိယအဆင့် ဆက်သင်ပေးမယ်” ဟန်ကျွယ်ဟာ သူ့ဘေးနားက အိပ်ရာကို လက်နဲ့ပုတ်ပြီး ပြောလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ချက်ချင်းပဲ ဟန်ကျွယ်ဆီ ‌လျှောက်သွားပါတယ်။
ဒီလိုနဲ့ ‌လေးငါးခြောက်ရက် ကြာတဲ့အခါမှာတော့ ဝူတောက်ကျန့်ဟာ ကောင်းကင်ဓားတာအို တတိယအဆင့်ကို စတင်သုံးသပ်လေ့လာပါတယ်။
ဟန်ကျွယ်ကတော့ ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပါတယ်။ လီယောင်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာနဲ့ အလှမ်းဝေးနေတုန်း ဖြစ်ပေမဲ့ အင်မော်တယ်ကမ္ဘာကို ရောက်သွားပါတယ်။
အင်မော်တယ်ကမ္ဘာကို ရောက်သွားတဲ့ လီယောင်ဟာ ပုန်းဖို့နေရာရှာပြီး ကျင့်ကြံအားထုတ်ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ လီယောင်ဟာ နတ်ဆိုးဘုရင်ရဲ့ ကျူးကျော်မှုကို ရင်ဆိုင်ရပါတယ်။ လီယောင်ဟာ နတ်ဆိုးဘုရင်ကို သတ်လိုက်တဲ့အတွက် နတ်ဆိုးဘုရင်အထက်က နတ်ဆိုးသူတော်စင် လိုက်သတ်တာကို ခံရပါတော့တယ်။ ဒါကြောင့် လီယောင်တစ်ယောက် ထပ်ပြီးတော့ ထွက်ပြေးရပြန်ပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ဘုံပျံမတက်မိတာ ကံကောင်းတယ်လို့ တွေးလိုက်ပါတယ်။ အင်မော်တယ်ကမ္ဘာက သက်ရှိတွေဟာ သေမျိုးကမ္ဘာက သက်ရှိတွေထက် ပိုကြမ်းတမ်းပြီး တထစ်ရှိ သတ်မယ်ဆိုတာချည်းပါပဲ။ နောက်ပြီးတော့ ရန်သူဖြစ်ပြီဆိုရင်လည်း ကမ္ဘာဆုံးထိအောင် လိုက်သတ်ကြပါတယ်။ ဒီလိုအမူအကျင့်မျိုးက ကျင့်ကြံမှုနဲ့ လုံးဝကို မသင့်တော်ပါဘူး။
ဟန်ကျွယ်ဟာ အသံလွှင့်ပြီး မေးလိုက်ပါတယ် “အဆင်ပြေရဲ့လား”
ဟန်ကျွယ်အသံကို မကြားရတာ ကြာပြီဖြစ်အတွက် ဟန်ကျွယ်ဟာ နည်းနည်း ဝမ်းနည်းသွားသလို ခံစားလိုက်ရပါတယ်။ လီယောင်ဟာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ပြန်ဖြေလိုက်ပါတယ် “စီနီယာ… ကျွန်မ အဆင်ပြေပါတယ်”
ဘေးဒုက္ခများစွာကို ရင်ဆိုင်တွေ့ကြုံရပြီးနောက် ကြက်သွေးရောင်တိမ်ကမ္ဘာကသာ လီယောင်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာပါတယ်။ ပြဿနာတွေနဲ့ ဝေးဝေးမှာနေပြီး အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်နိုင်တဲ့နေရာက လီယောင် မျှော်လင့်တောင့်တနေတဲ့ နိဗ္ဗာန်ဘုံပါပဲ။
“မင်း ကောင်းကင်ရုံးတော်ထဲဝင်ပြီး တိထိုက်ပိုင်နဲ့တွေ့ဖို့ နည်းလမ်းရှာ၊ ပြီးရင် ငါမင်းကို ဖိတ်ခေါ်တဲ့အကြောင်း သူ့ကိုပြောပြပြီး ကြက်သွေးရောင် တိမ်ကမ္ဘာဆီ လိုက်ပို့ခိုင်းချည်”
ဟန်ကျွယ် ဒီလိုပြောလိုက်ရတာက လီယောင်ရဲ့ ခရီးသွားနှုန်းက အတော်ကို နှေးကွေးလိုပါပဲ။
“စီနီယာကို ဘယ်လိုခေါ်ရမလဲ”
“ဟန်ကျွယ်”
“ကျေးဇူးပါပဲ စီနီယာ၊ ကျွန်မ ကောင်းကင်ရုံးတော်ထဲကို တက်နိုင်သလောက် မြန်မြန်ဝင်မယ်”
ဟန်ကျွယ်က ကောင်းကင်ရုံးတော်နဲ့ ဆက်နွှယ်နေမှန်း သိလိုက်ရတဲ့အတွက် လီယောင်ဟာ ဟန်ကျွယ်က သူ့ကို ညာနေတာမဟုတ်မှန်း ပိုပြီးတော့ သေချာသွားပါတယ်။ သေမျိုးတွေရဲ့ မျက်လုံးထဲမှာ အင်မော်တယ်တွေက အရမ်းယုံကြည်ရတဲ့လူတွေ ဖြစ်နေတုန်းပါပဲ။
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ နတ်အာရုံကို ပြန်သိမ်းလိုက်ပြီး အိပ်ရာထက်ပြန်ကာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
၇ နှစ်ကြာတဲ့နောက် ဝီရိယတောင်ကို ဝတ်ရုံဖြူဗုဒ္ဓ ပြန်ရောက်လာပါတယ်။ ဒီတစ်ခါမှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ တောင်ပေါ်ကို အတင်းမတက်ဘဲ ဟန်ကျွယ်ဆီ အသံလွှင့်စကား ပြောလိုက်ပါတယ်။
“တာအို‌ရောင်းရင်း စွန်းချွမ်း… စကားနည်းနည်း ပြောရအောင် ထွက်လာခဲ့ပါလား” ဝတ်ရုံဖြူဗုဒ္ဓက တလေးတစား မေးလိုက်ပါတယ်။
ဟန်ကျွယ်က အသံလွှင့်ပြီး ပြန်မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
“နတ်ဘုရားရွေးချယ်မဲ့ အစီအစဉ်ကြီးနဲ့ ပတ်သတ်ပြီး ပါရမီရှင်တစ်ရာကို ကျုပ်ရွေးချယ်ထားတယ်၊ သူတို့က ပြုစုပြိုးထောင်ဖို့ ထိုက်တန်တယ်၊ တစ်ချက်လောက် လိုက်ကြည့်ပါလား”
ဟန်ကျွယ်ဟာ ခေါင်းကိုက်သွားပါတယ်။
‘ဒါက ကောင်းကင်ဧကရာဇ်ရဲ့ အစီအစဉ်ပဲ ဖြစ်ရမယ်၊ ကောင်းကင်တာအိုဗုဒ္ဓသာ သူ့လက်အောက်ငယ်သားက ရန်သူအတွက် အလုပ်လုပ်နေမှန်းသိရင် သွေးအန်ဖို့ များတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset