အခန်း (၂၂၆) သေမျိုးကမ္ဘာပြောင်းလဲမှု၊ နှလုံးသားမဲ့သော မဟာတာအို
“မင်းရဲ့ ဒီကျင်ကြံမှုအဆင့်နဲ့ နတ်ပြစ်ဒဏ်နယ်မြေကို သွားတာက ကိုယ့်သေတွင်း ကိုယ်တူးတာ မဟုတ်ဘူးလား” ရှန်စစ်သူကြီးက စလိုက်ပါတယ်။
မုရုံချီဟာ မျက်လုံးပင့်တက်သွားပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ဒါဆိုရင် မင်း သဘောတူတယ်လို့ပဲ ငါ သတ်မှတ်လိုက်မယ်”
ရှန်စစ်သူကြီးဟာ မုရုံချီစကားကို မငြင်းပယ်ဘဲ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
မုရုံချီရဲ့ အတွေးတွေဟာ ကောင်းကင်ရုံးတော်ကနေ ဝီရိယတောင်ဆီကို ပြန်ရောက်သွားပါတယ်။ ကျင့်ကြံရတာကိုပဲ နေသားကျနေတဲ့ မုရုံချီဟာ ကောင်းကင်ရုံးတော်နဲ့ အံဝင်ခွင်ကျ မဖြစ်ပါဘူး။
မဟာပညာရှိ ကောင်းကင်မြေခွေးနဲ့ အိပ်မက်နတ်ဆိုးကို သတ်ပြီးလို့ နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ကြက်သွေးရောင် တိမ်ကမ္ဘာဟာ လုံးဝ ပြောင်းလဲသွားပါတယ်။
မြေလျှောက်အင်မော်တယ်တွေ တော်တော်များများ ပေါ်လာပြီး ကောင်းကင်ဘုံဝင် ကျင့်ကြံသူဟာ ဒဏ္ဍာရီ မဟုတ်တော့ပါဘူး။
ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီ လွှမ်းမိုးမှုကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှုဟာလည်း ပုံမှန်တိုးတက်လို့ နေပါတယ်။ မကြာသေးခင်ကပဲ ကောင်းကင်ဘုံဝင်ကျင့်ကြံသူတစ်ဦးဟာ ဧည့်အကြီးအကဲအဖြစ် ယွီဂျင်ဂိုဏ်းတော်ကြီးထဲ ဝင်လာပါတယ်။
ဟန်ကျွယ်နဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးက အရင်လောက် အဆက်အဆံ မရှိတော့ဘူးဆိုပေမဲ့ ကျင့်ကြံခြင်းလောကမှာရှိတဲ့ ဘယ်သူကမှ ယွီဂျင်ဂိုဏ်းတော်ကြီးကို ရန်မစရဲပါဘူး။ ကောင်းကင်အင်မော်တယ်စံအိမ်ကလည်း ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ မဟာမိတ်ဖွဲ့ပြီး တစ်ဦးကိုတစ်ဦး ကူညီဖို့ ကတိပြုထားကြပါတယ်။
ဒါပေမဲ့ ဝီရိယတောင်အောက်မှာ တပည့်တွေ ဒူးထောက်တုန်းပါပဲ။ ဟန်ကျွယ်ရဲ့ တပည့်အဖြစ် ရွေးချယ်ရဖို့ အခွင့်အရေးက အလွန်တရာ နည်းပါးလှတယ်ဆိုပေမဲ့ ကြိုးစားသူတွေကတော့ အမြဲတမ်း ရှိနေပါတယ်။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ရန်သူကို ကျိန်စာတိုက်လို့ ပြီးသွားတဲ့အတွက် ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပါတယ်။ လီယောင်ဟာ ဟင်းလင်းပြင်မှာ ခရီးနှင်နေတုန်းပါပဲ။ စကြာဝဠာမှာရှိတဲ့ ကမ္ဘာတွေက မရေတွက်နိုင်အောင် များပြားလွန်းတဲ့အတွက် ဒီအနန္တကမ္ဘာထဲမှာ ကြက်သွေးရောင်တိမ်ကမ္ဘာကို ရှာဖို့ဆိုတာ ကျင့်ကြံမှုအဆင့် အလွန်မြင့်မားသူ မဟုတ်ရင် အတော်ကို ခက်ခဲလွန်းတဲ့ကိစ္စပါ။
ဟန်ကျွယ်ဟာ လီယောင်နဲ့ အဆက်အသွယ်ရှိတာမို့ သူ ဘယ်သွားနေလဲဆိုတာကို အာရုံခံနိုင်ပါတယ်။ နေရာအတည်အကျကိုတော့ ကြက်သွေးရောင်တိမ်ကမ္ဘာနဲ့ နီးကပ်လာမှပဲ သိနိုင်မှာပါ။ ဟန်ကျွယ် တွက်ချက်ကြည့်တဲ့အခါ လီယောင်က အဝေးကြီးမှာ ရှိနေသေးမှန်း သိလိုက်ရပါတယ်။ ဘယ်လောက်တောင် ဝေးလဲဆိုတော့ ပြန်လည်မွေးဖွားခြင်း ရွှေအင်မော်တယ်ဖြစ်နေပြီဖြစ်တဲ့ ဟန်ကျွယ်တောင် မတွက်ချက်နိုင်ပါဘူး။
နှစ်တွေကြာပြီ ဖြစ်တဲ့အတွက် လီယောင်ရဲ့ ကျင့်ကြံမှုကလည်း အတော်လေး တိုးတက်လာပါတယ်။ အခုဆိုရင် လီယောင်ဟာ မဟာညီညွှတ်မှု ကောင်းကင်အင်မော်တယ် ဖြစ်နေပါပြီ။
‘မဆိုးဘူး’
ဟန်ကျွယ်ဟာ လီယောင်ရဲ့ အရည်အချင်းကို တော်တော်လေး သဘောကျသွားပါတယ်။ လီယောင်သာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လာမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းရဲ့ ပျှမ်းမျှတိုက်ခိုက်ရည်က အတော်ကို တိုးတက်သွားမှာပါ။
ဒီအချိန်မှာ ဝူတောက်ကျန့်က မေးလိုက်ပါတယ် “သခင်… တပည့်အသစ် လက်မခံတော့ဘူးလား” ဝူတောက်ကျန့်ဟာ မိန်းကလေးတပည့်လိုချင်တဲ့ ဆန္ဒကို အခုထိ လက်မလျှော့သေးပါဘူး။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “အချိန်မကျသေးဘူး” ဒီနှစ်ထဲမှာ ဟန်ကျွယ်ဟာ နောက်ထပ် ကံတရား အထောက်အပံ့ရှိသူကို မတွေ့ရသေးပါဘူး။ ဒါက တကယ်ကို ထူးဆန်းတာပါ။ အခုဆိုရင် စနစ်ရဲ့ စစ်ဆေးနိုင်စွမ်းက ကြက်သွေးရောင်တိမ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားပြီးပါပြီ။
‘ငါစွမ်းအားကြီးလာလို့ အရင်လို ကံတရား အထောက်အပံ့နည်းနည်းရှိတဲ့သူကို စနစ်က မပြတော့တာလား၊ ဒါအဖြစ်နိုင်ဆုံးပဲ’
အခုအချိန်မှာ ရန်ထျန်တုန်းလို ကံတရား အထောက်အပံ့ရှိတဲ့သူက ဘာမှမဟုတ်တော့ပါဘူး။ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို တွေးမိသွားတာကြောင့် ရန်ထျန်တုန်း ဘာလုပ်နေလဲ သိချင်သွားပါတယ်။
“ဖန်းလျန်နဲ့ မုရုံချီ ဘုံပျံတက်သွားကတည်းက ဖူစန်းသစ်ပင်မှာ ခြောက်ကပ်သွားတာပဲ၊ ဟောင်အာလည်း အရင်လို တက်တက်ကြွကြွ မရှိတော့ဘူး” ဝူတောက်ကျန့်ဟာ သက်ပြင်းချလိုက်ပါတယ်။
ထူလင်းအာကလည်း မကြာခဏ တောင်အောက်ဆင်းတာကြောင့် ဝူတောက်ကျန့်ဟာ လီယောင်ရဲ့ စွန်းစားခန်းကို ကြည့်ရှုပြီး အပျင်းဖြေရပါတယ်။ ဒါပေမဲ့လည်း လီယောင်က အချိန်အများစုကို ကျင့်ကြံအားထုတ်ရင်း ကုန်ဆုံးတာကြောင့် စိတ်လှုပ်ရှားတဲ့အခန်းက နည်းပါးလွန်းပါတယ်။
ဟန်ကျွယ်က တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ကျင့်ကြံမှုလမ်းစဉ်မှာ အထီးကျန်မှုကို ရင်ဆိုင်ရမှာပဲ၊ အထီးကျန်မှုကိုတောင် အနိုင်မယူနိုင်ဘူးဆိုရင် အသက်ရှိအကုန်လုံးကို ဘယ်လိုအနိုင်ယူမှာလဲ”
ဝူတောက်ကျန့်ဟာ နှုတ်ခမ်းမဲ့ပြီး ပြောလိုက်ပါတယ် “ကျွန်မက သက်ရှိအားလုံးကို အနိုင်မယူချင်ပါဘူး၊ သခင်နောက်ကိုပဲ လိုက်ချင်တာ”
“မင်းမလုပ်ချင်ပေမဲ့ ငါလုပ်ချင်တယ်၊ မင်းကျင့်ကြံမှုက အရမ်းနိမ့်နေရင် ငါ့နောက်ကို မလိုက်နိုင်ဘဲ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ရလိမ့်မယ်၊ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ အရင်ဂိုဏ်းချုပ်ဟောင်းက သာဓကပဲ”
ဟန်ကျွယ်စကားကြောင့် ဝူတောက်ကျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါလည်း ဟုတ်တာပဲ’
အကြောင်းအရင်း တစ်ချို့ကြောင့် ဝူတောက်ကျန့်ဟာ ဟန်ကျွယ်လေသံက အထီးကျန်တဲ့ အငွေ့အသက် ရှိနေတယ်လို့ ခံစားလိုက်ရပါတယ်။ သေသေချာချာ တွေးကြည့်မယ်ဆိုရင် ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ကို နားမလည်ပါဘူး။ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က ဘယ်ကလာလဲ ဘာတွေတွေးနေလဲ ဘာကြောင့် ထာဝရအသက်ကို ဒီလောက်လိုချင်နေမှန်း မသိပါဘူး။
ဟန်ကျွယ်ဟာ စိတ်မကောင်းဖြစ်နေတာ အမှန်ပါ။ ဒီနှစ်ထဲမှာ ဟန်ကျွယ်ရဲ့ လူမှုဆက်ဆံရေးထဲက ပုံရိပ်တွေဟာ တဖြည်းဖြည်း နည်းပါးလာပါတယ်။ ဟန်ကျွယ်ဟာ ဒီလူတွေကို မှတ်မိတာတော့ မဟုတ်ပါဘူး။ ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ ဟန်ကျွယ်နဲ့ ရင်းနှီးတဲ့သူက လက်ချိုးရေလို့ ရပါတယ်။
နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာကလွဲရင် ကျောက်အေးတောင်ထိပ်က လုံးဝကို ပြောင်းလဲသွားပါပြီ။ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့က အသက်ရှင်နေသေးတယ်ဆိုပေမဲ့ သူတို့အပေါ်မှာ ခံစားချက် လျော့နည်းလာတာကို ဟန်ကျွယ် စတင်သိရှိလာပါတယ်။
ဟန်ကျွယ်ရဲ့ တစ်ခုတည်းသော လိုအင်ဆန္ဒက ထာဝရအသက်ပါ။
‘ဒါက မဟာတာအိုရဲ့ နှလုံးသားမဲ့မှု ဖြစ်နိုင်တယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်ကမှ သူတို့နဲ့ ရင်းနှီးသူတိုင်းကို သူတို့နဲ့အတူ စွမ်းအားကြီးလာအောင် မလုပ်နိုင်ပါဘူး။ သေခြင်ရှင်ခြင်းဆိုတာ သေမျိုးကမ္ဘာမှာ သာမန်ပါပဲ။
အတန်ကြာတွေးတောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် အိပ်ရာထက်ကိုပြန်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ဝူတောက်ကျန့်လည်း တိတ်ဆိတ်သွားပြီး သူ့ဖျာပေါ် ပြန်ထိုင်ကာ စတင်ကျင့်ကြံပါတယ်။ ဝူတောက်ကျန့်ဟာ တစ်စုံတစ်ခုကို ခံစားနေရပါတယ်။ ဒါပေမဲ့ အဲဒီခံစားချက်က ဘာလဲဆိုတာကို သူ မပြောတက်ပါဘူး။
ဝူတောက်ကျန့်ဟာ မလျှော့တမ်း ကျင့်ကြံအားထုတ်မှု တစ်ခုတည်းကသာ သူ့သခင်ရဲ့ နှလုံးသားကို နားလည်နိုင်လိမ့်မယ်လို့ သိရှိသွားခဲ့ပါတယ်။
၇ နှစ်ကြာပြီးနောက်။
ရှင်းဟုန်ရွှမ် ပြန်ရောက်လာပြီး ဟန်ကျွယ်ကို အရင်ဆုံးလာရှာပါတယ်။ ဝူတောက်ကျန့် အပြင်ကို ရောက်သွားတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ သူ့အတွေ့အကြုံတွေကို စပြောပြပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ငေးကြည့်နေပါတယ်။ ဒီလောက်နှစ်တွေကြာပေမဲ့ ရှင်းဟုန်ရွှမ်က ပြောင်းလဲပုံ မပေါ်သေးပါဘူး။ ရှင်းဟုန်ရွှမ်က ပြောင်းလဲသွားပေမဲ့ သူ့အပေါ်သဘောထား မပြောင်းလဲတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
နားထောင်ရင်းနဲ့ ဟန်ကျွယ်က ပြုံးလိုက်ပါတယ်။
ဒီလိုနဲ့နာရီတွေ ကြာသွားတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ စကားပြောလို့ ပြီးသွားပါတယ်။ အာလည်း တော်တော် ခြောက်သွားပါတယ်။
ရှင်းဟုန်ရွှမ်က ပြုံးပြီး ပြောလိုက်ပါတယ် “မိန်းမ တကယ်ပဲ ဘုံပျံတက်ချင်လာပြီ၊ ယောက်ျားက သေမျိုးကမ္ဘာက ရတနာတွေကို လုံးဝဂရုမစိုက်တော့ဘူး၊ ကံမကောင်းချင်တော့ မိန်းမရဲ့ ကျင့်ကြံမှုက အရမ်းနိမ့်တာပဲ၊ ဘုံပျံတက်ဖို့ဆိုရင် နှစ်လေးငါးထောင်လောက် စောင့်ရအုန်းမယ်”
ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “မင်း ငါ့ကို အကြိမ်တိုင်း ရတနာတွေ ပေးဖို့ မလိုပါဘူး”
အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဆီက လက်ဆောင်တွေကို အမြဲတမ်း မျှော်လင့်ခဲ့တာပါ။ အခုနေပြန်တွေးကြည့်ရင် တော်တော်လေး ရယ်စရာ ကောင်းပါတယ်။ ရှင်းဟုန်ရွမ်က သူ့ကို ဝမ်းသာအားရ လာရှာပေမဲ့ သူကတော့ ရတနာတွေကိုပဲ တွေးနေခဲ့တာပါ။
“ဒီနှစ်ထဲ မင်းကျင့်ကြံရတာ ဘယ်လိုနေလဲ၊ အခက်အခဲ တစ်စုံတစ်ခု ရှိလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
အကြောင်းအရင်းတစ်ချို့ကြောင့် ဟန်ကျွယ်က ဒီနေ့ အရမ်းသိမ်မွေ့နေတယ်လို့ ရှင်းဟုန်ရွှမ် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီနေ့လောက် ဘယ်တုန်းကမှ မသိမ်မွေ့ခဲ့ဖူးပါဘူး။
ရှင်းဟုန်ရွှမ်ရဲ့ အပြုံးဟာ ပိုတောက်ပလာပြီး ဟန်ကျွယ်ရဲ့ အဝတ်အစားတွေကို ချွတ်ရင်း ပြောလိုက်ပါတယ် “ရှိတယ်၊ ဒါပေမဲ့ နောက်မှပြောကြမယ်၊ အခုတော့ အရေးကြီးကိစ္စ အရင်လုပ်ရအောင်…”
“မင်း…”
“စကားမပြောနဲ့၊ မြန်မြန်လုပ်စမ်းပါ…”
လေးငါးခြောက်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးပြီး ဆန်းကြယ်စွမ်းအားတောင် သင်ပေးလိုက်ပါတယ်။
ဒီလိုနဲ့ ၂ နှစ်ကြာတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ကျေနပ်အားရစွာ ထွက်ခွာသွားပါတယ်။
ဝူတောက်ကျန့်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ကျောပြင်ကို စိတ်တိုတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲဝင်ပြီး ဟန်ကျွယ်ကို မေးဖို့ ပြင်လိုက်ပေမဲ့ ဟန်ကျွယ်က တရားထိုင်နေပြီဖြစ်တာကြောင့် မမေးဖြစ်တော့ပါဘူး။
တောက်ပလင်းထိန်တဲ့ ခန်းမတစ်ခုမှာ စုချီနဲ့ ဆင်တူဝတ်ရုံ ဝတ်ဆင်ထားတဲ့ လူရာကျော်ဟာ ကြမ်းပြင်မှာ ဒူးထောက်နေပါတယ်။
စုချီဟာ အတော်လေး ရင်ထိတ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှန်နန်းတော်က ကောင်းကင်ရုံးတော်နဲ့ တစ်တန်းတည်းဖြစ်လို့ပါ။
ရုပ်သွင်တစ်သွင်ဟာ တပည့်အားလုံးရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။ ဒီပုဂ္ဂိုလ်ဟာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်တဲ့ မျက်နှာထားရှိကာ ခါးမှာ ဓားတစ်လက် ချိတ်ဆွဲထားပါတယ်။
ဒီပုဂ္ဂိုလ်ကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ ဓားနတ်ဧကရာဇ်ပါ။
ဓားနတ်ဧကရာဇ်ဟာ ခန်းမထဲက လူတိုင်းကို တစ်ချက်အကဲခတ်လိုက်ပြီးနောက် စုချီဆီ အကြည့်ရောက်သွားပါတယ်။ ဓားနတ်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။
‘အားပြင်းလိုက်တဲ့ ကံဆိုးမှုပါလား၊ ဒီကောင်လေး ဘယ်ကနေ ရောက်လာတာလဲ’
‘သူက ဒီကောင်လေးနဲ့ ဆရာတပည့်ဆက်ဆံရေး ရှိနေတာလား’
ပထမတော့ ဓားနတ်ဧကရာဇ်ဟာ စုချီရဲ့ ပြင်းထန်လွန်းတဲ့ ကြမ္မာဆိုးကြောင့် နှင်ထုတ်ချင်ပေမဲ့ ဟန်ကျွယ်နဲ့ ဆက်နွှယ်နေတာကြောင့် နောက်ဆုံးမှာ မျက်ကွယ်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“မင်းတို့တွေက နန်းတော်ရဲ့ စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့ပြီဆိုပေမဲ့ ရှန်နန်းတော်မှာ အခြေခိုင်ဖို့ အများကြီးလိုသေးတယ်၊ မင်းတို့တွေသာ နှစ်တစ်ထောင်အတွင်း အင်မော်တယ်စစ် မဖြစ်လာခဲ့ရင် ရှန်နန်းတော်ကနေ ထွက်ခွာရလိမ့်မယ်” ဓားနတ်ဧကရာဇ်က ရေခဲလို အေးစက်တဲ့အသံနဲ့ ပြောလိုက်ပါတယ်။
တပည့်တွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။ သူတို့တွေဟာ ကြောက်လန့်ခြင်းမရှိဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့် ရှိနေကြပါတယ်။
ရှန်နန်းတော်ထဲ ခြေချနိုင်တဲ့သူတိုင်းက အရည်အချင်းရှိတဲ့သူတွေကြီးပါပဲ။ တစ်ချို့ဆို သေမျိုးကမ္ဘာမှာ နံပါတစ်ကျင့်ကြံသူတွေပါ။
ဓားနတ်ဧကရာဇ်ဟာ ထွက်ခွာဖို့ ပြင်လိုက်ပေမဲ့ တစ်စုံတစ်ခုကို ခံစားမိလိုက်တာကြောင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ် “ဒါက မဆုံးနိုင်တော့ဘူးလား၊ တော်တော် ကံဆိုးတာပဲ”
စကားအဆုံးမှာပဲ ဓားနတ်ဧကရာဇ်ဟာ ရုတ်ခြည်း ပျောက်ကွယ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 226
? Views, Released on December 3, 2024