Switch Mode

Chapter – 225

အခန်း (၂၂၅) နတ်ဆိုးဧကရာဇ်၏ မုန်းတီးမှု၊ စစ်နတ်ဘုရား၏ သူငယ်ချင်း
အိပ်မက်နတ်ဆိုးဟာ သုံးလောကသန့်ရှင်ခြင်းရဲ့ ဓားအရိပ်တွေကြားထဲမှာ နှစ်မြှုပ်သွားပြီး ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရပါတယ်။
စောစောက ရှောင်တိမ်းလိုက်တဲ့ မဟာပညာရှိ ကောင်းကင်မြေခွေးဟာ အိပ်မက်နတ်ဆိုးရဲ့ ရောင်ဝါကို ခံစားလို့မရတော့တာကြောင့် အကြီးအကျယ် မျက်နှာပျက်သွားပါတယ်။
‘မဖြစ်နိုင်ဘူး’
မဟာပညာရှိ ကောင်းကင်မြေခွေး ဘာမှထပ်ပြီးမတွေးနိုင်ခင်မှာပဲ ဓားအရိပ်ဘီလီယံကျော်ဟာ သူ့ဆီ ဦးတည် ပျံသန်းလာပါတယ်။ ဒီဓားအရိပ်တွေဟာ ကောင်းကင်တာအိုရဲ့ အာဏာစက်လို မရပ်တန့်နိုင်တဲ့ အရှိန်အဟုန် ရှိပါတယ်။
မဟာပညာရှိ ကောင်းကင်မြေခွေးဟာ ချက်ချင်းနောက်လှည့်ပြီး ကြောက်လန့်တကြား ထွက်ပြေးပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဘယ်လက်မြှောက်ပြီး မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းနဲ့ မဟာပညာရှိ ကောင်းကင်မြေခွေးရဲ့ ဦးခေါင်းကို ချိန်ရွယ်ပစ်ခွင်းလိုက်ပါတယ်။
မဟာပညာရှိ ကောင်းကင်မြေခွေးဟာ ခေါင်းပြတ်သွားပေမဲ့ မသေသေးပါဘူး။ ဆက်ပြီးတော့ ပြေးနေတုန်းပါပဲ။ ဒါပေမဲ့ အရှိန်လျော့ကျသွားတာကြောင့် နောက်ကလိုက်လာတဲ့ ဓားအရိပ်တွေကနေ ပြေးမလွှတ်တော့ဘဲ ခန္ဓာရော ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရပါတယ်။
အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ် သူတို့နှစ်ယောက်ကို မသတ်နိုင်တာက နတ်ဆိုးသူတော်စင်နှစ်ပါးဟာ ထွက်ပြေးတဲ့နေရာမှာ အရမ်းကျွမ်းကျင်လို့ပါ။
နတ်အရှင်ဝူသယ်ရဲ့ တိုက်ခိုက်မှုကြောင့် နတ်ဆိုးသူတော်စင်နှစ်ပါးဟာ အားအင်ကုန်ခမ်းပြီး အငိုက်မိသွားတာပါ။ နို့မို့လိုဆိုရင် ကျိန်းသေပေါက် လွတ်အောင် ထွက်ပြေးနိုင်ကြမှာပါ။ ဒီဖြစ်ရပ်တစ်ခုလုံးက အသက်ရှူကြိမ်နှစ်ကြိမ်ပဲ ကြာပါတယ်။
မဟာညီညွှတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူနှစ်ဦးဟာ ဟန်ကျွယ်ရဲ့ တိုက်ချက်နှစ်ချက်ကို တစ်မိနစ်တောင် မခုခံနိုင်ရှာဘဲ သေပွဲဝင်သွားရပါတယ်။ ဒါကလည်း သူတို့ညံလို့ မဟုတ်ပါဘူး။ ဟန်ကျွယ်ကကို စွမ်းအားကြီးလွန်းနေတာပါ။ ဧကရာအဆင့် ဆန်းကြယ်စွမ်းအားနှစ်ပါးကို ခုခံနိုင်ရအောင် မဟာညီညွှတ်မှု ရွှေအင်မော်တယ်တိုင်းက ကျန်းယီမဟုတ်ပါဘူး။
နတ်အရှင်ဝူသယ်ဟာ ကြက်သေသေသွားပြီး ဟန်ကျွယ်ကို ကြောင်ကြည့်နေပါတယ်။
‘မဖြစ်နိုင်ဘူး… သူက နတ်ဆိုးသူတော်စင်နှစ်ပါးကို တစ်ခါတည်း သတ်ပစ်လိုက်တာပဲ၊ ဒီလူက ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ”
ဟန်ကျွယ်က လက်သီးဆုပ်ပြီး ပြောလိုက်ပါတယ် “ကျေးဇူးပါပဲ”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ လှည့်ထွက်လာခဲ့ပါတယ်။
နတ်အရှင်ဝူသယ်ကတော့ မှင်သက်ရာကနေ သတိပြန်မဝင်လာသေးပါဘူး။
စိတ်ဝိညာဉ်နန်းတော်။
ကောင်းကင်ဧကရာဇ်ဟာ အင်္ကျီလက်စယမ်းပြီး ကြည့်နေတဲ့မှန်ကို ပြန်သိမ်းလိုက်ပါတယ်။
တိထိုက်ပိုင်က သက်ပြင်းချလိုက်ပါတယ် “ဟင်း… ဒီကောင်လေးရဲ့ စွမ်းအားက တကယ်ကြောက်ဖို့ကောင်းတာပဲ၊ သူ့ကျင့်ကြံမှုအလျင်ကလည်း ရှန်နန်းတော်နဲ့ နတ်ရွှေကျီးမျိုးနွယ်စုက ပါရမီရှင်တွေထက် ပိုမြန်တယ်”
ကောင်းကင်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “ဒါကြောင့်လည်း ငါက သူ့ကို ဒီလောက်အလေးထားပြီး ဆက်ဆံနေတာ၊ သူက ရင်းနှီးဖို့ ထိုက်တန်တယ်”
တိထိုက်ပိုင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဒီလောက် အရည်အချင်းရှိတဲ့လူကို ကောင်းကင်ရုံးတော်က ရင်းမြစ်အကုန်လုံးသုံးပြီး ပြုစုပြိုးထောင်ဖို့ ထိုက်တန်ပါတယ်။
“နတ်ရွှေကျီးမျိုးနွယ်စုနဲ့ ရှန်နန်းတော်ကြားက စစ်ပွဲရော ပြီးသွားပြီလား” ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။
“ပြီးသွားပါပြီ၊ ရှန်နန်းတော်က အရှုံးကိုလက်ခံပြီး ကြယ်နယ်မြေသုံးရပ်ကို နတ်ရွှေကျီးမျိုးနွယ်စုဆီ ပေးလိုက်တယ်”
တိထိုက်ပိုင်ဟာ ဒီအကြောင်းကို ပြောတဲ့အခါမှာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှန်နန်းတော်က ဒီလောက် စွမ်းအားကြီးတာတောင် အရှုံးကိုလက်ခံလိုက်လို့ပါ။
“နတ်ရွှေကျီးမျိုးနွယ်စုက အထင်သေးလို့မရဘူး၊ ငါ့စိတ်ထဲမှာ သူတို့က ရည်မှန်းချက် ကြီးမားတယ်လို့ ခံစားရတယ်၊ အရင်တုန်းက နတ်ရွှေကျီးမျိုးနွယ်စုက နတ်ဆိုးမျိုးနွယ်စုရဲ့ ဧကရာဇ်မိသားစုပဲ၊ မှော်ဆရာနဲ့နတ်ဆိုး ကပ်ဘေးအပြီးမှာ နတ်ရွှေကျီးမျိုးနွယ်စုရော မှော်မျိုးနွယ်စုရော အင်အား မှေးမှိန်သွားခဲ့တယ်၊ အခုသူတို့က အင်အားပြန်ကောင်းလာကြပြီ၊ ကောင်ကင်ရုံးတော်က သူတို့နဲ့ဆက်ဆံရေးကို အလေးဂရုပြုရလိမ့်မယ်”
“ခန့်မှန်းဖို့ မဖြစ်နိုင်တဲ့ အနန္တကပ်ဘေးက ထပ်လာနေပြီထင်တယ်”
ကောင်းကင်ဧကရာဇ်ဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး မျက်လုံးထဲမှာ စိုးရိမ်မှုတွေ ပေါ်လာပါတယ်။
တိထိုက်ပိုင်က ဂရုတစိုက် မေးလိုက်ပါတယ် “အရှင်မင်းကြီး… ဘာမြင်မိလို့လဲ”
“ငါ အမှောင်ထုနဲ့ အင်မော်တယ်နတ်ဘုရားတွေ ကျရှုံးတာကိုမြင်တယ်၊ ဒီဟာက ဟိုဒဏ္ဍာရီနဲ့ အရမ်းဆင်တူတယ်”
“ဘယ်ဒဏ္ဍာရီလဲ”
“တာအိုနဲ့မိစ္ဆာစစ်ပွဲ”
တိထိုက်ပိုင်ဟာ လန့်ဖျပ်သွားပြီး ချက်ချင်း မေးလိုက်ပါတယ် “မိစ္ဆာတွေက လောကကို ထပ်ပြီးတော့ ဖရိုဖရဲဖြစ်အောင် လုပ်အုန်းမှာလား”
“မိစ္ဆာမျိုးနွယ်စု မဟုတ်ဘူး၊ မိစ္ဆာမျိုးနွယ်စုထက် ပိုကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခုပဲ”
ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ မည်းမှောင်သွားပါတယ်။
တိထိုက်ပိုင်ဟာ ထပ်ပြီးတော့ မေးချင်ပေမဲ့ ကောင်းကင်ဧကရာဇ်က လက်ဝှေ့ယမ်းပြီး ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ဒါကြောင့် တိထိုက်ပိုင်လည်း ဘာမှမမေးနိုင်တော့ဘဲ ဦးညွှတ်ပြီး ထွက်သွားရပါတယ်။
စိတ်ဝိညာဉ်နန်းတော်ထဲက ထွက်လာပေမဲ့ တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ရဲ့စကားတွေကို ဆက်တွေးနေတုန်းပါပဲ ‘ဘယ်လိုပုဂ္ဂိုလ်မျိုးက ကောင်းကင်ဧကရာဇ်ကို စိုးရိမ်စိတ်ဝင်စေပြီး ကြောက်လန့်စေတာလဲ’
[နတ်ဆိုးဧကရာဇ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
ဟန်ကျွယ်ဟာ ဒီစာကြောင်းကိုကြည့်ပြီး တိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[နတ်ဆိုးဧကရာဇ်: ကျင့်ကြံမှု မသိနိုင်။ နတ်ဆိုးရုံးတော်၏ အရှင်သခင်ဖြစ်ပြီး အနန္တဧကရာဇ်တစ်ပါး ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စုအား စုစည်းခဲ့သည်မှာ နှစ်မရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်ပြီး ရှန်နန်းတော်သခင်၊ ကောင်းကင်ရုံးတော်၏ ကောင်းကင်ဧကရာဇ်၊ ဗုဒ္ဓဂိုဏ်း၏ ကောင်းကင်တာအိုဗုဒ္ဓတို့နှင့် အဆင့်တူဖြစ်သည်။ နတ်ဆိုးဧကရာဇ်သည် ကျင့်ကြံခြင်းလမ်းစဉ်တွင် ထိပ်ဆုံးတည်ရှိမှုတစ်ခုဖြစ်သည်။ သင်သည် သူ့လက်အောက်ငယ်သား နတ်ဆိုးသူတော်စင်နှစ်ပါးကို သတ်ဖြတ်လိုက်သောကြောင့် နတ်ဆိုးဧကရာဇ်သည် သင့်အားမုန်းတီးသွားပြီး သင် ကောင်းကင်ရုံးတော်မှ ထွက်သည်နှင့် ကျိန်းသေပေါက် သတ်ပစ်မည်ဖြစ်သည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
‘မင်းက နတ်ဆိုးဧကရာဇ်ဖြစ်တော့ရော ဘာဖြစ်လဲ၊ ငါက မင်းကိုကြောက်တယ်များ ထင်နေလား’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို တုန်ယင်နေတဲ့လက်နဲ့ ကောက်ကိုင်လိုက်ပြီး ရန်သူတွေကို ကျိန်စာစတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမဦးဆုံး နတ်ဆိုးဧကရာဇ်ကို ကျိန်စာတိုက်ပြီးမှ ကျန်တဲ့ရန်သူတွေကို ကျိန်စာ ဆက်တိုက်ပါတယ်။
အဲဒီနောက် အသက်ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လုံရှန်သည် နတ်ဆိုးသူတော်စင် တိုက်ခိုက်မှုကြောင့် သေလုမျောပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာပင် သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ အကူအညီကို လက်ခံရရှိခဲ့သည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် တာအိုဂိုဏ်း ဆန်းကြယ်စွမ်းအားကို လေ့လာပြီး ကံတရား အထောက်အပံ့ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ သိဟုန်ယဲ့သည် နဂါးစစ်မျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၈၆၃
[သင့်တပည့်စုချီသည် ရှန်နန်းတော်သို့ ဝင်ရောက်သွားသည်။]
[သင့်မြေးတပည့် မုရုံချီသည် ကောင်းကင်ရုံးတော် စစ်နတ်ဘုရား၏ အမွေကို ဆက်ခံရရှိသွားခဲ့သည်။]
[သင့်ရန်သူ ကိုးမြီးနတ်ဆိုးဧကရီသည် သင့်ကျိန်စာကြောင့် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]
[သင့်ရန်သူ ကောင်း‌ကင်ဒေါသဗုဒ္ဓသည် သင့်ကျိန်စာကြောင့် ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ပဋိပက္ခတားမြစ်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိသွားသည်။]
ဟန်ကျွယ်ဟာ ကိုးမြီးနတ်ဆိုးဧကရီနဲ့ ကောင်းကင်ဒေါသဗုဒ္ဓတို့ရဲ့ အခြေအနေကို မြင်တွေ့လိုက်ရတဲ့အခါမှာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဟန်ကျွယ်ဟာ စောစောက ခံစားခဲ့ရတဲ့ နတ်ဆိုးဧကရာဇ်ရဲ့ ဖိအားတွေ လျော့ကျသွားပါတယ်။
‘ကြမ္မာဆိုးစာအုပ်ကို တကယ်အသုံးဝင်တာပဲ’
ဟန်ကျွယ်ဟာ စုချီက ရှန်နန်းတော်ထဲ ဝင်သွားတာကို သတိထားမိလိုက်တဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းလာပြီလို့ တွေးလိုက်ပါတယ်။ နောက်ကျရင် ကျန်းကူရှင်းကိုကယ်ဖို့ စုချီကို ခိုင်းလို့ရချင် ရနိုင်မှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ အတွေးနယ်ချဲ့မိပြန်ပါတယ် ‘ကောင်းကင်ရုံးတော်က မုရုံချီနဲ့ ဖန်းလျန်တို့ကို ဖောက်ထွင်းမြင်နိုင်မှာတော့ စုချီကိုလည်း မြင်နိုင်မှာပဲ၊ ဒါဆိုရင် ဘာဖြစ်လို့ ကောင်းကင်ရုံးတော်က စုချီကို လက်သင့်မခံတာလဲ၊ ကြမ္မာဆိုးက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား’
ဟန်ကျွယ်ဟာ ခုနစ်လရှစ်လ ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဆက်လက်ကျင့်ကြံပါတယ်။ နတ်ဆိုးဧကရာဇ်ကြောင့် ဟန်ကျွယ်ဟာ အရင်ကထက် ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ပါတယ်။ အခုလောလောဆယ်မှာ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို မှီခိုနေတယ်ဆိုပေမဲ့ ကောင်းကင်ဧကရာဇ်ကို တစ်ဘဝလုံး မှီခိုဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ကျရင် ကိုယ့်ကိုကိုယ်ပဲ အားကိုးရမှာပါ။
‌ကောင်းကင်ရုံးတော် ကောင်းကင်မြစ်ဘေးနားက တိမ်ကျောက်တုံးဇရပ်မှာ မုရုံချီနဲ့ ရှန်စစ်သူကြီးဟာ မျက်နှာချင်းဆိုင်ထိုင်ပြီး အရက်သောက်နေကြပါတယ်။
ရှန်စစ်သူကြီးကပြုံးပြီး ပြောလိုက်ပါတယ် “နှစ်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ၊ နောက်ဆုံးတော့ ငါတို့နှစ်ယောက် အတူထပ်သောက်လို့ရပြီ၊ အရင်တုန်းက ကောင်းကင်ရုံးတော်ကို လာဖို့ ငါဖိတ်ခေါ်ခဲ့တယ်၊ ဒါပေမဲ့ မင်းငြင်းခဲ့တယ်၊ အခုကျတော့ မင်းကိုယ်တိုင် ‌ရောက်လာပါလား”
ကောင်းကင်စစ်သူကြီး ငွေသံချပ်ကာကို ဝတ်ဆင်ထားတာကြောင့် မုရုံချီဟာ အရင်ကထပ် ပိုချောနေပါတယ်။ မုရုံချီဟာ ရုပ်ရည်အရာမှာ ရှန်စစ်သူကြီးကို မညံပေမဲ့ စိုးမိုးခြယ်လှယ်နိုင်မှု အပိုင်းမှာတော့ ရှန်စစ်သူကြီးကိုမှီဖို့ လိုပါသေးတယ်။
မုရုံချီက ရယ်မောလိုက်ပါတယ် “ဟားဟား…. ဆရာဘိုးဘိုးသာ ကောင်းကင်ရုံးတော်ထဲ မဝင်ရင် ငါ မလာပါဘူး၊ ကောင်းကင်ရုံးတော်ကို ငါ သိပ်ကြိုက်တာ မဟုတ်ဘူး”
ရှန်စစ်သူကြီးက မယုံသင်္ကာနဲ့ မေးလိုက်ပါတယ် “မင်းဘဝဟောင်းက မှတ်ဉာဏ်တွေ နိုးထလာပြီပဲ၊ သူ့ကို ဘာလို့ ဆရာဘိုးဘိုးအဖြစ် အသိအမှတ်ပြုနေသေးတာလဲ၊ သူက မင်းအောက်မှာ ရှိနေတယ်လို့ မထင်ဘူးလား”
“ဘာဖြစ်လို့လဲ”
“သူက အားနည်းလွန်းတယ်”
“ငါ့ဆရာဘိုးဘိုးရဲ့ ကျင့်ကြံမှုအဆင့်ကို မင်းသိလို့လား”
“ငါ သိပါတယ်”
“ငါက ဘဝဟောင်းရဲ့ မှတ်ဉာဏ်တွေပဲ ပြန်မှတ်မိလာတာ၊ အရင်လူ မဟုတ်‌တော့ဘူး” မုရုံချီဟာ အရက်ခွက်ကို အသာလှည့်လိုက်ရင်း အတွေးနယ်ချဲ့မိလိုက်ပါတယ်။
ကောင်းကင်စစ်သူကြီးက မျက်လုံးကျဉ်းပြီး ပြောလိုက်ပါတယ် “အင်မော်တယ်ဧကရာဇ်အဆင့်ကို မြန်မြန်ပြန်ရောက်အောင် လုပ်စမ်းပါ၊ ငါ မင်းနဲ့ တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ဘူး”
မုရုံချီက မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ရှန်နန်းတော်နဲ့ တစ်လှေတည်းစီးချင်တာ မဟုတ်ဘူးလား” မုရုံချီဟာ ရှန်နန်းတော်ရဲ့ စစ်နတ်ဘုရား ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ရှန်နန်းတော်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်ထားပါတယ်။
“ဒါက လက်ရှိအခြေအနေလေ၊ မနက်ဖြန်ကျ ပြောင်းချင်ပြောင်းသွားမှာ” ရှန်စစ်သူကြီးက ပခုံးတွန့်ပြီး ပြောလိုက်ပါတယ် “ငါက ကောင်းကင်ဧကရာဇ်ရဲ့ လှံပဲ၊ ဘယ်ကိစ္စကိုမှ တွေးမနေဘူး၊ ကောင်းကင်ဧကရာဇ် သတ်ချင်တဲ့လူ ဘယ်သူကိုမဆို ငါသတ်မှာပဲ”
မုရုံချီက လှောင်ပြုံး ပြုံးလိုက်ပါတယ်။ ရှန်စစ်သူကြီးကိုပဲ လှောင်တာလား သူ့ကိုယ်ကိုကိုယ်ပဲ လှောင်တာလားတော့ မုရုံချီကလွဲပြီး ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
ရှန်စစ်သူကြီးက ဆက်ပြောပါတယ် “နတ်ရွှေကျီးမျိုးနွယ်စုရဲ့ ကျန်းယီက အင်မော်တယ်ဧကရာဇ် ဖြစ်လာတာ မကြာသေးဘူး၊ မင်း သူ့ကို မှတ်မိသေးလား၊ သူက မင်းတပည့် ဖြစ်လာတော့မလို့ပဲ”
မုရုံချီက ပြန်ဖြေလိုက်ပါတယ် “ငါ မမှတ်မိဘူး၊ အဲဒါတွေက အရေးမကြီးတော့ပါဘူး” အဲဒီနောက် စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ငါ နတ်ပြစ်ဒဏ်နယ်မြေကို သွားချင်တယ်၊ မင်းငါ့ကို အဖော်ပြုပေးနိုင်မလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset