Chapter – 28 ခေါင်းဖြတ်သတ်မယ်
အေးစိမ့်နေတဲ့အလင်းတန်းဟာ ထပ်ရောက်လာခဲ့ပါပြီ။ စက္ကန်ပိုင်းအတွင်းမှာကို ရေခဲအေးမြှားဟာ ရှီဟောင်ဆီကို ထပ်ရောက်လာခဲ့ပါတယ်။
” ၀ူး..။ ”
သွေးတွေဟာ ဖြာထွက်သွားခဲ့ပါတယ်။ ရှီဟောင်ဟာ မူလအစတုန်းက အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ကျွေးဖို့ပြင်ဆင်ထားတဲ့အသားအပိုင်းအစတွေကို ရေခဲအေးမြှားက ထိုးဖောက်သွားပါတယ်။
” အရမ်းကို ဖြုန်းတီးတာပဲ။ သေတော့မလိုဖြစ်နေတဲ့ ငှက်မိစ္စာက ဘာအသုံးဝင်တော့မှာလဲ။ မင်းပိုင်တဲ့ဟာတွေအကုန် ငါ့လက်ကို ကောင်းကောင်းအပ်လိုက်တော့။”
လူကြီးတစ်ယောက်ရဲ့တင်းမာပြတ်သားတဲ့အော်ပြောသံကြီးပေါ်ထွက်လာပါတယ်။
” ဒီလူတွေ…။”
ရှီဟောင်ဟာ အံ့အားသင့်သွားသလို ဒေါသလည်းထွက်သွားခဲ့ပါတယ်။ သည်လူတွေကို မြင်လိုက်ရချိန်မှာတော့ သူ့ကို မြှားနဲ့ပစ်လိုက်တဲ့သူက ၀ံပုလွှေရွာရဲ့ အမဲလိုက်ခေါင်းဆောင်ကွန်မန်ဒါမှန်း နားလည်လိုက်ပါတယ်။ သူက အရပ်ခြောက်ပေကျော်ရှည်လျှားတဲ့ လူထွားကြီးလေ။ သူဟာ ဆံပင်တွေကို လည်ပင်းမှာရ၀်ခွေထားပြီး ကြံ့ခိုင်သန်မာလှတဲ့ကြွက်သားတွေကို ပိုင်ဆိုင်ထားပါတယ်။
ပြီးခဲ့တဲ့ တစ်လအတွင်းမှာကိုပဲ သူတို့တွေထဲ က အစွမ်းအစရှိတဲ့ လူငယ်တော်တေ်ာများများပေါ်ထွက်လာပါတယ်။ အခုတော့ သူတို့ထဲက လူနှစ်ဆယ်ကျော်လောက်က ရောက်ရှိလာပါတယ်။ သူတို့တွေဟာ ကြီးမားလှတဲ့လေးကြီးတွေနဲ့ ရေခဲအေးမြှားတွေကို သုံးပြီး ရှီဟောင်ကို ချိန်ရွယ်ထားခဲ့ပါတယ်။
ရှီဟောင်က တော်တေ်ာလေးကို ဒေါသထွက်လို့နေပါတယ်။ သူဟာ မျက်လုံးတွေကို မှေးစင်းလိုက်ပြီး တစ်လုံးချင်းပြောလိုက်ပါတယ်။
” ငါတို့ ကျောက်ခေတ်ရွာသားတွေက မင်းတို့ကို သက်ညှာပေးခဲ့တယ်။ မင်းတို့ထဲက တစ်ယောက်ကလည်း ငါတို့ဆီမှာ ပိုးစိုးပက်စက်ရှုံးနိပ့်သွားတယ်။ အခု ခင်ဗျားက ကျုပ်ကို သတ်ချင်တယ်ပေါ့..။”
“အမှန်ပဲ ..။ မင်းက ချစ်စရာကောင်းတဲ့ကလေးလေးပါ။ ရှန်းနီရဲ့ရှားပါးအဖိုးတန်တဲ့ခန္ဓာကိုယ်နဲ့ မင်းရဲ့အသက် ဘယ်ဟာက ပိုပြီးအဖိုးတန်မလဲ။ စဉ်းစားပေါ့.။”
၀ံပုလွှေကျေးရွှာရဲ့သက်လတ်ပိုင်းလူကြီးတစ်ယောက်က နှာခေါင်းရှုံ့လို့ပြောဆိုလိုက်ပါတယ်။
လမင်းတက်တူးအလင်းတန်းတွေဟာ လူလေးယောက်ဆီ ရုတ်တရက်ပြေးဝင်သွားပါတယ်။ ရှီဟောင်ဟာ စကားပြောနေချိန်မှာပဲ သူ့ရဲ့လမင်းတက်တူးစွမ်းအားတွေကို တိတ်တဆိတ်စုစည်းနေခဲ့တာပါ။ ဒါက နတ်ဘုရားစွမ်းအားတွေဟာ မြေကမ္ဘာလောကရဲ့အရပ်ရပ်ကို ကောင်းကင်ကနေ ဆင်းသက်လာသလိုပါပဲ။
လမင်းတက်တူးအလင်းတန်းတွေဟာ ၀ံပုလွှေရွာသားတွေဆီကို ၀င်ရောက်သွားတာပါ။ ရှီဟောင်ဟာ ၀ံပုလွှေရွာသားတွေရဲ့ ရှုံ့ချသရော်မှုကို ခွန်းတုန့်ပြန်မနေဘဲ တိုက်ခိုက်ဖို့သာရွေးချယ်လိုက်ပါတယ်။ သူက ကလေးလေးတစ်ယောက်ဆိုသော်ငြားလည်း လူကြီးတွေရဲ့ အတွေ့အကြုံကိုတော့ မကြာခဏကြားသိနေရပါတယ်။ တောင်တန်းဒေသထဲက သူတို့တွေ တွေ့ကြုံခံစားရတဲ့ မရေမတွက်နိုင်သော ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ကြောက်မက်ဖွယ်အခြေအနေတွေကိုရောပါ။
လက်ရှိမှာ ရှီဟောင်ဟာ သူ့အရှေ့က ၀ံပုလွှေရွာသားတွေကို လူသားတွေအဖြစ်မမြင်တော့ဘဲ မှော်သားရဲတွေလိုသာ သဘောထားလိုက်ပါတယ်။ သူဟာ အလျှင်အမြန်လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်ခြင်းအားဖြင့် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကိုလည်း ကာကွယ်စောင့်ရှောက်ရာရောက်ပါတယ်။
ရှီဟောင်ဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို သာမန်ထက်ပိုပြီး ခင်တွယ်နေမိပါတယ်။ ဒါကြောင့်လည်း သူဟာ ၀ံပုလွှေရွာသားတွေကို နောက်တကြိမ်ဘယ်တော့မှ ခွင့်လွှတ်ပေးတော့မှာ မဟုတ်ပါဘူး။
၀ှစ်…, ၀ှစ် …
မိုးသီးမိုးပေါက်တွေလို ရေခဲအေးမြှားတွေဟာ ရှီဟောင်ဆီကို ဦးတည်ဝင်ရောက်လာပါတယ်။ ရေခဲမြှားတစ်ချောင်းဆီရဲ့ နောက်ကနေ ကပ်ပါလာတဲ့ တစ်ထောင်ဂျင်ခန့်အင်အားတွေဟာ ကြောက်စရာကောင်းလှပါတယ်။ တောင်တန်းဒေသထဲက မှော်သားရဲကြီးတွေကိုတောင် မြှာချက်တစ်ချက်တည်းက အသက်ချွေဖို့ လုံလောက်နေပါတယ်။
၀ံပုလွှေရွာသားဟာ သွေးအေးရက်စက်စွာပဲ ရှီဟောင်ကို တပြိုင်နက်တည်း သတ်ဖို့ကြိုးစားလိုက်ကြပါတယ်။ သူတို့ရဲ့ မျက်နှာတွေဟာ သနားညှာတာမှုကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ်တဲ့ အပြုံးတွေသာ ပေါ်လွှင်နေပါတယ်။
ဒေါင်..”။
လမင်းတက်တူးအလင်းတန်းတွေဟာ အဆက်မပြတ်ကျရောက်လာတဲ့ ရေခဲအေးမြှားတွေနဲ့ ထိပ်တိုက်တွေ့သွားပြီး တဒေါင်ဒေါင်အသံကြီးတွေထွက်ပေါ်လာပါတယ်။ ရေခဲအေးမြှားတွေဟာ လမင်းတက်တူးအလင်းတန်းတွေကြောင့် ရှီဟောင်ကို ထိမှန်နိုင်စွမ်းမရှိတော့ပါဘူး။ ရေခဲအေးမြှားတွေဟာ လမင်းတက်တူးအလင်းတန်းတွေရဲ့ ခွဲခြမ်းခြင်းကို ခံလိုက်ရပါတယ်။
“သူ့ကိုလျှော့တွက်မထားကြနဲ့။ သူက ကလေးတစ်ယောက်ဆိုပေမယ့် သူ့ကိုယ်ပေါ်မှာ ရှေးဟောင်းပစ္စည်းရှိနေတာ။ သူက တော်တော်လေးကို သန်မာတယ်။ အားလုံးအတူတူ သတ်ကြ..။”
ကြံ့ခိုင်သန်မာတဲ့ဝံပုလွှေရွာသားတစ်ယောက်က အသံနက်ကြီးနဲ့ အော်ဟစ်သတိပေးလိုက်ပါတယ်။
ဝှစ် …
လမင်းတက်တူးအလင်းတန်းတစ်ခုဟာ သစ်ပင်အိုကြီးတွေကြားကနေ လှည့်ပတ်လာပြီး အော်ဟစ်သတိပေးနေတဲ့ လူကြီးရဲ့ လက်မောင်းကနေ ပုခုံးကို ထိုးခွဲသွားပါတယ်။ သွေးစိမ်းရှင်ရှင်တွေဟာ ငေါက်ခနဲပန်းထွက်လာပြီး လူကြီးဟာ ချက်ချင်းပဲ မြေပြင်ပေါ် လဲကျသွားပါတယ်။
“ဘယ်လောက်တောင် အစွမ်းထက်တဲ့ ကလေးလဲ..?။ မြန်မြန် လှံနဲ့ပစ်ကြစမ်း..။”
၀ံပုလွှေရွာရဲ့အမဲလိုက်ခေါင်းဆောင်ကွန်မန်ဒါဟာ အော်ဟစ်လို့အမိန့်ပေးလိုက်ပါတယ်။ ရွာသားတွေကလည်း သူတို့နောက်ကျောမှာ လွယ်ပိုးထားတဲ့ လှံတွေကို ဖြုတ်ယူလိုက်ကြပါတယ်။ သူတို့က သူတို့ရဲ့ လှံတံပစ်လွှတ်ခြင်းမှာ အားပိုသုံးနိုင်တာကြောင့် လှံတွေဟာ ရေခဲအေးမြှားတွေထက် ပိုပြီးကြောက်စရာကောင်းနေပါတယ်။
ဟူး… , ဟူး …
၀ံပုလွှေရွာသားတွေပစ်လွှတ်လိုက်တဲ့ လှံတွေဟာ လေထုကို ထိုးခွဲသွားပြီး အေးစက်တဲ့အရှိန်အဝါတွေဖြာထွက်သွားပါတယ်။ လှံတွေဟာ အလေးချိန်ဂျင် ဆယ်ချီတာကြောင့် မီးတိမ်တိုက်ကြံ့မှော်သားရဲကောင်ရဲ့ အရေပြားကိုတောင် အလွယ်တကူထိုးဖောက်နိုင်စွမ်းရှိနေပါတယ်။
ဒေါင် , ဒေါင် …
ရှီဟောင်ဟာ လမင်းတက်တူးအလင်းတန်းစွမ်းအားတွေကို အစွမ်းကုန်ထုတ်ဖော်ပြီး လှံတံတွေကို တစ်ချက်ပြီးတစ်ချက်ကြားဖြတ်ရိုက်ချနေပါတယ်။ သံသံခြင်းထိတွေ့သွားသလို မီးပွားတွေ ထွက်ပေါ်နေပြီး အခြေအနေတွေက အတော်လေးကို ဆိုးရွှားလို့နေပါတယ်။
“သတ်!”
ရှီဟောင်ရဲ့ မျက်လုံးတွေဟာအေးစက်သွားခဲ့ပါတယ်။ သူက ကြင်နာတတ်ပြီးရိုးသားတယ်ဆိုပေမဲ့ အားနည်းနေတဲ့သူတော့မဟုတ်ပါဘူး။ တစ်ခြားသူတွေက အခုလိုမျိုးသူ့ကို သတ်ပစ်ချင်နေတယ်ဆိုရင် သူကလည်း သဘာဝကျကျ ပြန်လည်သတ်ဖြတ်ပစ်မှာပါ။ ဒါက သူ့ကိုယ်သူ ခုခံကာကွယ်ရာလည်း ရောက်ပါတယ်။
” ၀ုန်း..။”
လမင်းတက်တူးအလင်းတန်းတွေဟာ ဖိတ်ဖိတ်တောက်လာပြီး သူ့ရဲ့ခွန်အားတွေနဲ့ တစ်သတည်းကျသွားပါတယ်။ ရေခဲအေးမြှားတွေဟာလည်း လမင်းတက်တူးအကာအကယ်တွေကြောင့် ဆယ်မီတာထက်ပိုပြီး ရှေ့ကို ထိုးဖောက်နိုင်စွမ်းမရှိကြပါဘူး။ ၀ံပုလွှေရွာသားတစ်ယောက်ရဲ့ သွေးစက်တွေဟာ နှင်းဖြူဖြူတွေပေါ် ကျဲ့ပြန့်သွားပါတယ်။ သူဟာ ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး သွေးတွေလည်း ငေါက်ခနဲပန်းထွက်လာပါတယ်။ ၀ံပုလွှေရွာသားတွေရဲ့ ငါးယောက်မြှောက်လူဟာ သူ့ရဲ့လက်နက်တွေဖျက်စီးခံရပြီး သွေးမြေကျသွားခဲ့ပြန်ပါတယ်။
သံမဏိလှံတံအနည်းငယ်ကတော့ ရှီဟောင်ရဲ့ အ၀တ်စတွေကို ထိုးခွဲသွားကြပါတယ်။ သို့ပေသိ ရှီဟောင်ဟာ နည်းနည်းလေးမှ ဂရုစိုက်မနေဘဲ သူ့ရဲ့ လမင်းတက်တူးစွမ်းအားတွေကိုသာ စက္ကန့်မလပ်ဖော်ထုတ်နေပါတယ်။ သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေဟာ ပိုပိုပြီး တောက်ပလာကာ ကြီးမြတ်တဲ့အရှိန်အဝါတစ်ချို့တောင် ထွက်ပေါ်လာပါတယ်။
” ဗုန်း…။”
သည်အချိန်မှာပဲ ပေါက်ကွဲသံကြီတစ်ခု ပေါ်ထွက်ပြီး ၀ံပုလွှေရွာသားထက်ဝက်လောက်က သူတို့ရဲ့ ကွန်မန်ဒါခေါင်းဆောင်အရှေ့မှာပဲ ဂျွန်းထိုးမှောက်ခုံဖြစ်သွားကြပါတယ်။ ၀ံပုလွှေရွာသားတွေဟာ အပြင်းအထန်ဒဏ်ရာရရှိသွားကြသလို သူတို့ရဲ့ ကွန်မန်ဒါခေါင်းဆောင်လည်း ဗိုက်ပွင့်သွားကာ အူတွေတောင် ထွက်ကျလာခဲ့ပါတယ်။
“ပြန်ဆုတ်ကြ!”
ကွန်မန်ဒါခေါင်းဆောင်ဟာ အော်ဟစ်လို့အမိန့်ပေးလိုက်ပါတယ်။ သူ့ဟာ အမိန့်ပေးပြီးနောက်မှာတော့ သူ့ရဲ့ အသားအရေတွေ ဖြူဖပ်ဖြူရော်ဖြစ်လာခဲ့ပြီး ချွေးတွေလည်း တရပ်စပ်ကျဆင်းလာပါတယ်။ ၀ံပုလွှေရွာသားတွေဟာ သူတို့ရဲ့လူတွေကို မြန်မြန်ဆန်ဆန်ပဲ ပြန်စုစည်လိုက်ပြီး ဒဏ်ရာရသူတွေကို သယ်ပိုးကာ သစ်တောထဲကနေ ဆုတ်ခွာကြပါတော့မယ်။
” ဒီကလေး .. သူက အရမ်းကိုထူးဆန်းပြီး အားကောင်းလွန်းတယ်။ ဒါပေမဲ့ ငါတို့သတင်းပြန်ပို့ရမယ်။ အကြီးအကဲနဲ့ တခြားသူတွေက ဝေးတာလည်း မဟုတ်ဘူး။ ဒါ့ကြောင့် သူတို့တွေ ဒီနေရာကို မြန်မြန်ပြန်ရောက်လာကြမှာပါ။”
” အဒေါ်ကြီး စိမ်း.., ခင်ဗျား ဒဏ်ရာတွေက..။”
ရှီဟောင်ဟာ ဆွံ့အမိသွားပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ကိုယ်ပေါ်မှာ သံမဏိလှတံတစ်ချောင်းနဲ့ ရေခဲအေးမြှားအနည်းငယ်စိုက်ဝင်နေပါတယ်။ ရှီဟောင်ဟာ မျက်ရည်ကျလုနီးပါဟာ ၀မ်းနည်းပက်လက်ဖြစ်သွားပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကတော့ သိမ်မွှေ့နူးညံ့တဲ့ အမူအယာတွေနဲ့ပါ။ သူဟာ ခေါင်းကိုခါရမ်းလိုက်ပြီး ဘာသံမှတော့ ထွက်မလာခဲ့ပါဘူး။ သူဟာ အရမ်းကို တိတ်ဆိတ်လို့နေခဲ့ပါတယ်။
” အဒေါ်ကြီး.. ကျွန်တော် တကယ်ကို အသုံးမကျဘူး။ သူတို့တွေကို ပြန်ပြီးပေးဆပ်ရအောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော် သူတို့ရဲ့ ပုခုံးနဲ့လက်မောင်းတွေကိုပဲ ထိခိုက်အောင် လုပ်နိုင်ခဲ့တယ်..”
ရှီဟောင်ဟာ ငိုကြွေးလိုက်ပြီး သူ့ကိုယ်သူ ပြန်ရိုက်ကာ အပြစ်တင်လိုက်ပါတယ်။
နောက်ဆုံးမှာတော့ သူက ကလေးတစ်ယောက်ပဲလေ။ သူက အတော်လေးကို အစွမ်းထက်ပြီးမွန်းစတားဆန်ပေမဲ့ အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်လိုတော့ ရန်သူတွေကို အစုလိုက် အပြုံလိုက်မသတ်ဖြတ်နိုင်သေးပါဘူး။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေဟာ ဘယ်လောက်ထက်မြက်ထက်မြက် အနည်းနဲ့အများတော့ စိတ်လှုပ်ရှားပြီး ခြေတွေလက်တွေတုန်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း သူ့ရဲ့အသက်လုတိုက်ပွဲကြားမှာ စွမ်းစွမ်းတမံတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသူတွေရှိပါတယ်။ သူတို့ထဲက တော်တော်များများဟာဆိုရင် သူတို့ရဲ့ ပုခုံးနဲ့ လက်မောင်းတွေဆုံးရှုံးသွားခဲ့ရပြီး အသက်တောင်ထွက်သွားမတတ်ပါပဲ။
ရှီဟောင်တို့နဲ့ ဆယ်လီလောက် ကွာဝေးတဲ့နေရာမှာ ၀ံပုလွှေရွာသားတွေ မြန်မြန်ဆန်ဆန်ပဲ စုဝေးမိသွားကြပါတယ်။ သူတို့တွေဟာ ထမ်းစင်ကြီးတစ်ခုပေါ်မှာ ထိုင်နေတဲ့ လူငယ်လေးတစ်ယောက်ကို အရိုအသေပေးလိုက်ကြပါတယ်။ လူငယ်လေးရဲ့ မျက်လုံးတွေဟာ စူးရှနေပြီး အေးစက်နေတဲ့ ရေခဲတွေအလား..
၀ံပုလွှေရွာသားကြီးတစ်ယောက်က စကားစတင်ပြောလိုက်ပါတယ်။
” သောက်ကလေးက ကျုပ်တို့ရဲ့ ညီအစ်ကိုဆယ်ယောက်ကျော်ကို သေလုမျောပါးဖြစ်အောင် လုပ်ပစ်လိုက်တယ်။ သူက အမှန်တကယ်ကို အားကောင်းလွန်းတယ်။ ကျုပ်တို့ရဲ့ ဘိုးဘွားပိုင်အမွှေအနှစ်ကိုတောင် သုံးရတော့မဲ့ပုံပဲ။ ဟွန့်..။ ကျုပ် ကြည့်ချင်သေးတယ်။ သောက်ကလေး .. အာ့ဒီအချိန်ကျရင် စွာနိုင်ဦးမလားဆိုတာ..။”
” ရှန်းနီးရဲ့ အလောင်းက အရမ်းကိုအဖိုးတန်တာပဲဟာ။ ဘိုးဘွားတွေရဲ့အမွေအနှစ်ကို သုံးသင့်ပါတယ်။”
တခြားအကြီးအကဲတစ်ယောက်က ပြောဆိုလိုက်ပါတယ်။
လီပေါင်းအတော်လေးကွာဝေးတဲ့ ကျောက်ခေတ်ရွာကနေ လူတစ်စုကလည်း ရှီဟောင်တို့ရှိရာ သစ်တောထဲကို ကျားရဲတွေလို အပြေးအလွှားသွားနေကြပါတယ်။ ဒီအုပ်စုထဲမှာတော့ ရှောင်းရောင်၊ အားဖုန်နဲ့ ဇီယန်တို့လည်း ပါလာကြပါတယ်။ သူတို့တွေဟာ အတော်လေးကို စိုးရိမ်ပူပန်နေပြီး တောင်ပံတွေကို အဆက်မပြတ်ခပ်လိုက်ပါတယ်။ သူတို့ရဲ့ မိခင်ဖြစ်တဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ နာနာကျင်ကျင်အော်ဟစ်လိုက်သံကြီးက သူတို့ကို ရူးခါသွားစေမတတ် စိုးရိမ်ပူပန်စေတယ်လေ။
*****