အခန်း (၂၁၂) တိတ်ဆိတ်ဂိုဏ်း၊ ကောင်းကင်ဧကရာဇ် ဖြစ်လိုခြင်း
ဟန်ကျွယ်ဟာ လီယောင်ဟာ အတန်ကြာ ကြည့်ပြီးနောက် နတ်အာရုံကို ကောင်းကင်ကိုးလွှာရေစင်ကနေ ဖြတ်သန်းစေပြီး လီယောင်ကို လမ်းခြောက်သွယ် အမှတ်အသား ပေးလိုက်ပါတယ်။
ဟန်ကျွယ် ဒီလိုလုပ်ရတာက လီယောင်နဲ့ မိတ်ဆွေဖြစ်ဖို့ ဆုံးဖြတ်ရခက်နေလို့ပါ။
လိုဏ်ဂူထဲမှာ ကျင့်ကြံနေတဲ့ လီယောင်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ လီယောင်ဟာ မျက်မှောင်ကြုတ်သွားပြီး လိုဏ်ဂူပတ်လည်ကို ကြည့်လိုက်ပါတယ်။
“ထူးဆန်းလိုက်တာ”
လီယောင်ဟာ သူ့ဘာသာ ရေရွတ်ပြီး ညာလက်ကိုမြှောက်လိုက်ပါတယ်။ အဲဒီနောက် လက်မနဲ့ လက်ခလယ်ကို ပူးကပ်ပြီး မျက်နှာရှေ့ကနေ ဖြတ်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ လီယောင်ရဲ့ မျက်လုံးတွေဟာ ခရမ်းရောင် ပြောင်းသွားပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ အနည်းငယ် အံဩသွားပြီး ပြုံးမိသွားပါတယ်။
‘ဘာလဲဟ… ယင်ယန်မျက်လုံးလား’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ အသံလွှင့်ပြီး စကားပြောလိုက်ပါတယ် “မင်းအာရုံက ထက်သားပဲ၊ ငါ့တည်ရှိမှုကိုတောင် အာရုံခံနိုင်တယ်” ဟန်ကျွယ်ဟာ တမင်တကာ လျှို့ဝှက်ဆန်းကြယ်ပုံ ဖမ်းလိုက်ပါတယ်။
လီယောင်ဟာ မျက်မှောင်ပိုကြုတ်သွားပြီး မေးလိုက်ပါတယ် “စီနီယာ… ဘာကိုဆိုလိုတာလဲ” လီယောင်ဟာ သူ့မိသားစုကို ပုန်ကန်ပြီး ထွက်လာကတည်းက သူ့နှလုံးသားဟာ ရေခဲတုံးလို အေးစက်နေပါပြီ။ ဘယ်သူ့ကိုမှ မယုံကြည်တော့ပါဘူး။
ဟန်ကျွယ်အသံဟာ လွီမိသားစုက ထိပ်သီးကျင့်ကြံသူတစ်ဦး လိုက်လာတယ်လို့ လီယောင်ကို အထင်ရောက်သွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီယောင်က လွီမိသားစုရဲ့ ထိပ်တန်းကျင့်ကြံသူ တော်တော်များများကို သတ်ပစ်ခဲ့လို့ပါပဲ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက သေမျိုးကမ္ဘာမှာလား”
လီယောင်ဟာ တစ်ဖက်လူရဲ့ မေးခွန်းကြောင့် ပိုပြီးခေါင်းရှုပ်သွားပါတယ်။ ဒါပေမဲ့ ဒီမေးခွန်းကြောင့်ပဲ တစ်ဖက်လူက လွီမိသားစုက မဟုတ်မှန်း လီယောင် သိသွားပါတယ်။
“ဟုတ်တယ် သေမျိုးကမ္ဘာပါ၊ စီနီယာက အင်မော်တယ်ကမ္ဘာကလား” လီယောင်က မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် လီယောင်ကို ရိုးရိုးသားသားပဲ ဆက်ဆံမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကြောင့် လျှို့ဝှက်ဆန်းကြယ်ချင်ယောင် မဆောင်တော့ပါဘူး။
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါကမင်းကို ကောင်းကင်ကိုးလွှာရေစင်ကနေ ကြည့်နေတာ”
“ကောင်းကင်ကိုးလွှာရေစင်…” လီယောင်ဟာ တအံတဩ ဖြစ်သွားပါတယ်။
“ဟုတ်တယ်၊ ကောင်းကင်ကိုးလွှာရေစင်ကနေ တစ်ခြားကမ္ဘာတွေကို ထောက်လှမ်းနိုင်တယ်”
လီယောင်ဟာ တိတ်ဆိတ်သွားပြီး တော်တော် ကြောက်လန့်သွားပါတယ် ‘လောကမှာ ဒီလိုရတနာမျိုး ရှိသေးတာလား၊ သူက ငါ့ကို မြင်နိုင်တယ်ဆိုတော့ တစ်ခြားစွမ်းအားကြီးတွေ ပုဂ္ဂိုလ်တွေကရော ငါ့ကို မြင်နိုင်တာလား၊ လောကမှာရှိတဲ့ ကောင်းကင်ကိုးလွှာရေစင်က နည်းနည်းလေးတော့ မကလောက်ဘူး’
မရေမတွက်နိုင်တဲ့ မျက်လုံးတွေက စိုက်ကြည့်နေတာကို ပုံဖော်တွေးမိပြီး လီယောင်ဟာ ချောက်ချားသွားပါတယ်။ ဒါကိုမြင်တဲ့ ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းကင်ကိုးလွှာရေစင်က ရှာမတွေ့သေးတဲ့ မိုးမြေသားတော်ကိုပဲ ပြနိုင်တာ၊ ဆိုလိုတာက ငါကလွဲရင် မင်းကို တစ်ယောက်မှ ကြည့်မနေဘူး၊ ငါကလည်း မင်းကို နေ့ညမနား မကြည့်ပါဘူး၊ အချိန်အများစုမှာ ငါက ကျင့်ကြံအားထုတ်နေတာ”
“မင်းက ငါနဲ့စရိုက်တူတယ်၊ မင်းတကယ်ပဲ အနှောင့်အယှက်မရှိ ကောင်းကောင်းမွန်မွန် ကျင့်ကြံချင်တယ်ဆိုရင် ငါ့ဆီမှာ လာခိုလှုံလို့ရတယ်”
လီယောင်ဟာ ခံစားချက်အနည်း ပြန်ကောင်းသွားပြီး သတိကြီးစွာနဲ့ မေးလိုက်ပါတယ် “ဒီအတွက် ကျွန်မက ဘာပြန်လုပ်ပေးရမှာလဲ”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းကောင်းဆိုးဆိုး ငါတို့တွေ အတူတူခံစားရလိမ့်မယ်၊ တစ်ဖွဲ့တည်း ဖြစ်သွားတဲ့အတွက် တစ်ယောက် အကူအညီလိုရင် တစ်ယောက်က ကူညီပေးရလိမ့်မယ်”
လီယောင်က မေးလိုက်ပါတယ် “ကျွန်မက ဂိုဏ်းဒုက္ခရောက်မှ ကူညီပေးရမှာလား”
“ဟုတ်တယ်”
“စီနီယာက ဘယ်မှာလဲ”
“ကြက်သွေးရောင်တိမ်ကမ္ဘာ”
“အို… အင်မော်တယ်ကမ္ဘာမှာ မဟုတ်ဘူးပေါ့”
“အင်း သေမျိုးကမ္ဘာပဲ”
လီယောင်ဟာ တိတ်ဆိတ်သွားပါတယ် ‘သေမျိုးကမ္ဘာမှာရှိတဲ့ တစ်စုံတစ်ယောက်က ငါ့ကို ထောက်လှမ်းနေတာလား’
“ဒါပေမဲ့ ကျွန်မရန်သူတွေက မဟာညီညွှတ်မှု ကောင်းကင်အင်မော်တယ်တွေ”
“ငါက ကောင်းကင်အင်မော်တယ်တွေကို ခြတွေခြင်တွေလို စိတ်ကြိုက်သတ်နိုင်တယ်”
နောက်ဆုံးမှာတော့ လီယောင်ဟာ နှလုံးလှုပ်သွားပါတယ် ‘သူက တကယ့်ဆရာကြီးလား’
“ဒီကိစ္စက လူမသိလေ ကောင်းလေပဲ၊ မင်းငါ့ဆီလာချင်တယ်ဆိုရင် တိတ်တဆိတ်သာလာခဲ့”
ဟန်ကျွယ်ဟာ လီယောင်ရဲ့ အရည်အချင်းကို တော်တော်လေး သဘောကျနေပါတယ်။ လီယောင်ရဲ့ အရည်ချင်းက ဝီရိယတောင်မှာဆိုရင်တောင် ထိပ်ဆုံးသုံးယောက်စာရင်း ဝင်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက လီယောင်ဟာ သတိကြီးပြီး တိတ်တဆိတ် ကျင့်ကြံခြင်းကို နှစ်သက်သူပါ။ သူသာ ဝီရိယတောင်ကို ရောက်လာရင် ကျိန်းသေပေါက် ဂူအောင်း ကျင့်ကြံမှာပါ။
လီယောင်ဟာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပါတယ် “ကောင်းပြီ၊ ကျွန်မ ကြက်သွေးရောင် တိမ်ကမ္ဘာကို ရှာဖွေဖို့ ကြိုးစားမယ်”
ဒီအချိန် လီယောင်မှာ သွားစရာနေရာ မရှိပါဘူး။ အခုလိုမျိုး စီနီယာတစ်ယောက်ရဲ့ ဖိတ်ခေါ်ချက်က လီယောင်အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ။
အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဒါက လီယောင်ကို ဟန်ကျွယ် စမ်းသပ်တာပါ။ လီယောင်သာ ကြက်သွေးရောင်တိမ်ကမ္ဘာကို ရှာဖွေနိုင်ခဲ့မယ်ဆိုရင် ဟန်ကျွယ်က သူ့ကို လက်ခံမှာပါ။ မရှာနိုင်ဘူးဆိုရင်တော့ ရေစက်မပါဘူးလို့ပဲ သတ်မှတ်ရမှာပါ။
လီယောင်ဟာ နက်နက်နဲနဲ စဉ်းစားလိုက်ပြီး ဟန်ကျွယ်ကို ယုံကြည်ဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။
‘သူက ငါ့ဆီက ဘာလိုချင်တာလဲ… ငါ့အလှကိုလား…’
‘မဖြစ်နိုင်ဘူး… သူ့လိုအစွမ်းမျိုးနဲ့ဆိုရင် ခေါင်းတစ်ချက်ညိတ်လိုက်တာနဲ့ မိန်းမလှတွေက သူ့အိပ်ရာထက်ကို တွားသွားပြီးတက်မှာ’
လီယောင်ဟာ သူ့အလှကို ယုံကြည်ချက်ရှိပေမဲ့ လောကမှာ နံပါတစ် မဟုတ်တာတော့ ကျိန်းသေပေါက် သိပါတယ် ‘ဒါက ငါ့ရဲ့အခွင့်အရေးပဲ ဖြစ်ရမယ်’
[လီယောင်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ကြည့်ပြီး မပြုံးဘဲမနေနိုင်ပါဘူး။
‘ကြယ်တစ်ပွင်တည်းလား… တော်တော်သတိကြီးတဲ့ မိန်းမပဲ’
ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ လီယောင်အတွက် မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီယောင်သာ တကယ်လာချင်ရင် ကျိန်းသေပေါက် ပြေးလာနိုင်လိမ့်မယ်လို့ ဟန်ကျွယ် ခံစားနေရလို့ပါ။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နဲ့ လီယောင်ရဲ့ စကားပြောဆိုသံကို ကြားရတဲ့အခါမှာ ဝမ်းသာသွားပါတယ်။
‘ငါ သခင်နဲ့စောစောတွေ့တာ ကံကောင်းတာပဲ၊ မဟုတ်လို့ လီယောင်လိုမျိုး ကမ္ဘာတွေဖြတ်ရရင် လမ်းမှာ သေဖို့များတယ်’
အချိန်တွေဟာ ပုံမှန်အတိုင်း ကုန်ဆုံးသွားပါတယ်။ ဒါပေမဲ့ တစ်ချို့တွေအတွက်တော့ အချိန်က အရမ်းမြန်ပြီး တစ်ချို့တွေအတွက်တော့ အရမ်းနှေးပါတယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးက ဒီနှစ်တွေမှာ အဆင်ပြေပြေ ကြီးထွားလာတာကြောင့် တာအိုသခင်ကျိုးတိဟာ ဟန်ကျွယ်ကို နှောင့်ယှက်ခဲပါတယ်။ တာအိုသခင်ကျိုးတိ ပြဿနာတက်ရင် မုရုံချီ လှုပ်ရှားတာချည်းပါပဲ။
ဒါကြောင့် ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ပြဿနာတွေအတွက် ကိုယ်တိုင်ဖြေရှင်းစရာ မလိုတော့ပါဘူး။ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေထဲမှာ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာပြီး အကြီးအကဲအသစ်တွေ ကြီးကြပ်ရေးမှူးအသစ်တွေတောင် ဟန်ကျွယ်ကို တစ်ခါမှ မမြင်ဖူးကြပါဘူး။
ကောင်းကင်ရုံးတော်နဲ့ တိုက်ပွဲပြီးလို့ နှစ်လေးရာ ကြာပြီဖြစ်တဲ့အတွက် ကျင့်ကြံခြင်းလောကမှာတောင် ဒီအချိန်က အတော်ကိုကြာလွန်းတဲ့ အချိန်ပါ။
ကျိုးမင်ယွဲ့ကလည်း စပြီးတော့ နာမည်ကြီးလာပါတယ်။ ကျိုးမင်းယွဲ့ဟာ မကြာခဏဆိုသလို မုရုံချီနောက်လိုက်ပြီး ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း အတွေ့အကြုံ ယူပါတယ်။
ရန်ထျန်တုန်းနဲ့ ပဋိပက္ခကောင်းကင်ခွေးကလည်း တစ်ခါတစ်ခါ ပြန်လာပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ အရင်တစ်ခေါက်က ကြက်သွေးရောင် တိမ်ကမ္ဘာကနေ ထွက်ခွာပြီး တစ်ခြားကမ္ဘာကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာတုန်းက အခွင့်အရေးတစ်ခု ရခဲ့တာကြောင့် ပဋိပက္ခကောင်းကင်ခွေးရဲ့ ကျင့်ကြံမှုအဆင့်ဟာ ခန္ဓာကိုယ်ပေါင်းစပ် အဋ္ဌမအဆင့်ကို ရောက်ရှိနေပါပြီ။ ဒါကြောင့် ပဋိပက္ခကောင်းကင်ခွေးရဲ့ ကျင့်ကြံမှုက ငရဲကြက်နက်နဲ့ သိပ်မကွာတော့ပါဘူး။
နောက်ဆုံးမှာတော့ ငရဲကြက်နက်ဟာ အန္တရာယ်အငွေ့အသက်ကို စခံစားလာရပြီး ကြိုးကြိုးစားစား ကျင့်ကြံပါတော့တယ်။ ဒါပေမဲ့လည်း ဝီရိယတောင်မှာရှိတဲ့လူတွေက တဖြည်းဖြည်းစွမ်းအား ကြီးလာတာကြောင့် ငရဲကြက်နက်ဟာ သူကျင့်ကြံသည်ဖြစ်စေ မကျင့်ကြံသည်ဖြစ်စေ ကိစ္စမရှိဘူးလို့ ခံစားလာရပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ပြိုကျရင် ထောက်ကန်သူတွေ ရှိမှာပါပဲ။
ချူရှီရန်ရဲ့ ကျင့်ကြံမှုက အမြဲတမ်း ကျိုးမင်ယွဲ့ထက်သာပါတယ်။ ပြောစရာရှိတာဆိုလို့ မကျင့်ကြံချင်တာလေး တစ်ခုပါပဲ။
ထူလင်းအာကတော့ ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်နေပါပြီ။ ထူလင်းအာဟာ အရည်းအချင်း ရှိသလို ကြိုးကြိုးစားစားလည်း ကျင့်ကြံတာကြောင့် ကျင့်ကြံမှုအဆင့် လျင်မြန်စွာ တိုးတက်လာတာ အံဩစရာတော့ မဟုတ်ပါဘူး။
ခေါင်းငါးလုံး မြွေနဂါးဘုရင်ကတော့ မကြာသေးခင်ကပဲ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ပြီး မြေလျှောက်အင်မော်တယ် ဖြစ်လာပါတယ်။
ဟန်ကျွယ်ကလွဲရင် ဝီရိယတောင်မှာ နောက်အင်မော်တယ်လေးပါး ရှိလာပါပြီ။ သူတို့တွေကတော့ ရွှေကျီးကန်းနှစ်ကောင်၊ လုံဟောင်နဲ့ ခေါင်းငါးလုံး မြွေနဂါးဘုရင်တို့ပဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ နောက်ထပ် ၂၆ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လာပြီး သူ့တပည့်တွေကို ဖူစန်းသစ်ပင်အောက် ခေါ်လိုက်ပါတယ်။
“အခုအချိန်ကစပြီး ငါတို့မျိုးဆက်ကို တိတ်ဆိတ်ဂိုဏ်းလို့ ခေါ်မယ်၊ မင်းတို့တွေ ဘယ်လိုသဘောရလဲ” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။ ဟန်ကျွယ် ဆုံးဖြတ်ပြီးပြီ ဖြစ်တဲ့အတွက် ဘယ်သူမှ စောဒကမတက်ဘဲ ဟန်ကျွယ်ကို ဝိုင်းမြှောက်ကြပါတယ်။
“တိတ်ဆိတ်ဂိုဏ်း… အရမ်းကောင်းတယ်၊ ကျွန်တော်တို့ဂိုဏ်းက ရှုပ်ထွေးပွေလီတဲ့ လောကကြီးနဲ့ ကင်းကွာတဲ့ဂိုဏ်းပဲ”
“ဒီနာမည်က တစ်ခြားနာမည်တွေထက် ပိုကောင်းတယ်”
“ဟားဟား… ဒီနာမည်က တိတ်ဆိတ်ကျောင်းထက် ပိုကောင်းတယ်၊ တိတ်ဆိတ်ကျောင်းနာမည်က တစ်မျိုးကြီးပဲ”
“ကျွန်တော်တို့တွေမှာ နောက်ဆုံးတော့ နာမည်ရှိလာပြီ၊ အခုအချိန်ကစပြီး ငါက တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်ပဲ”
“ဘာဖြစ်လို့ ပထမမျိုးဆက်မဖြစ်တာလဲ၊ ဆရာဘိုးဘိုးက တစ်ခြားသူရဲ့ တပည့်လည်း မဟုတ်ဘဲနဲ့”
“အမွေအနှစ် ဓလေ့ထုံးတမ်းအရ ဘာပဲဖြစ်ဖြစ် ဆရာသခင်က ပထမမျိုးဆက်ပဲ”
လူတိုင်းဟာ တကယ်ပျော်ရွှင်နေကြတာပါ။ နာမည်တစ်ခု ရှိလာပြီဖြစ်တဲ့အတွက် လူတိုင်းဟာ ပိုင်ဆိုင်တဲ့ခံစားချက် ပိုရှိလာပြီး ပိုစည်းလုံးလာကြပါတယ်။
လုံဟောင်က ရယ်မောပြီး ပြောလိုက်ပါတယ် “ဟားဟား…. နောက်ကျရင် ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းရဲ့ စစ်နတ်ဘုရားပဲ၊ တိတ်ဆိတ်ဂိုဏ်းကို စော်ကားရဲတဲ့လူရှိရင် ကျွန်တော်က ကောင်းကောင်း ဆုံးမပေးမယ်၊ ကျွန်တော် ကောင်းကင်ဧကရာဇ်ဖြစ်လာရင် ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်နတ်ဘုရားနေရာတွေအတွက် တိတ်ဆိတ်ဂိုဏ်းကို တပည့်တွေကို ရွေးချယ်မယ်”
ဟန်ကျွယ်ဟာ လုံဟောင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး မာန်လိုက်ပါတယ် “ပေါက်ကရတွေ လျှောက်မပြောနဲ့၊ အင်မော်တယ်နတ်ဘုရားကိစ္စက ကလေးကစားစရာ မဟုတ်ဘူး၊ ကောင်းကင်ဧကရာဇ် ဖြစ်ဖို့တော့ တွေးတောင် မတွေးနဲ့”
‘ဒီကောင်လေးက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ၊ ကောင်းကင်ဧကရာဇ်က အကောင်းကြီး ရှိနေသေးတာကို ပလ္လင်လုချင်နေတယ်’
တစ်ခြားသူတွေကလည်း လုံဟောင်ကို ဝိုင်းကြိမ်းမောင်းကြပါတယ်။ ပုံမှန်ဆိုရင် သူတို့တွေက လုံဟောင်ကို ရန်မစရဲပါဘူး။ ဒါပေမဲ့ အခုဟန်ကျွယ်က စကြိမ်းမောင်းတဲ့အတွက် သူတို့လည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ သံယောင်လိုက်တာပါ။
မုရုံချီက နှာခေါင်းရှုံ့လိုက်ပါတယ် “ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းရဲ့ စစ်နတ်ဘုရားပဲ”
မုရုံချီဟာ သူ့ရဲ့ဆရာတူဦးငယ်လေးကို လုံးဝ သဘောမကျပါဘူး။ တစ်နေ့ကျရင် သူ့ကို ကျော်တက်ရမယ်လို့ မုရုံချီက ယုံကြည်ထားပါတယ်။
လုံဟောင်ဟာ မုရုံချီစကားကို လက်မခံပေမဲ့ ဟန်ကျွယ်ရှိနေတာကြောင့် ဘာမှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်ပါတယ်။ လုံဟောင်ဟာ ဟန်ကျွယ်ကို အမြဲတမ်းကြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လုံဟောင်ဟာ ဘယ်လောက်ပဲ စွမ်းအားကြီးလာလာ ဟန်ကျွယ်က ရင်ဆိုင်ရတိုင်း သမုဒ္ဒရာကို ရင်ဆိုင်ရသလိုမျိုး ဖြစ်သွားလို့ပါပဲ။
လုံဟောင်ဟာ သူ့ဆရာသခင်က အင်မော်တယ်နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး ကောင်းကင်ရုံးတော်ကို သေမျိုးကမ္ဘာ မရှင်းလင်းအောင် ဖိအားပေးခဲ့မှန်း သိပါတယ်။ သူ့အဖေ သူ့ကို ဝီရိယတောင်ဆီ စေလွှတ်တာကလည်း ဟန်ကျွယ်ရဲ့အစွမ်းကြောင့်ဆိုတာ လုံဟောင် ခန့်မှန်းနေစရာတောင် မလိုပါဘူး။
Chapter – 212
? Views, Released on December 2, 2024