အခန်း (၂၁၀) ကောင်းကင်ရုံးတော် ဖရိုဖရဲဖြစ်ခြင်း၊ ဘုံပျံတက်ရန် ခွင့်တောင်းခြင်း
“ငါ မင်းကို သံသယဝင်တယ်လို့လည်း မပြောရသေးပါဘူး၊ ဘာဖြစ်လို့ အပြစ်ရှိသလိုမျိုး ပြောနေတာလဲ”
“သူဘာဖြစ်လို့လဲ”
“ဒီကောင်လေးက ကောင်းကင်စစ်သားတွေ ကောင်းကင်စစ်သူကြီးတွေနဲ့ မပြတ်တိုက်ခိုက်တယ်၊ ဒီလိုမကြာခဏတိုက်ခိုက်တော့ တစ်ခါတစ်လေကျရင် တစ်ခြားသူတွေကို တော်တော်လေး ထိခိုက်ဒဏ်ရာရသွားစေတယ်၊ ဒါကြောင့် တော်တော်များများ အမတနဲ့ နတ်ဘုရားတွေကို သူ့ကို မကြည်ဘူး၊ အခု သူက ဗိုလ်ချုပ်ချန်ဖောင်နဲ့ အရမ်းနီးကပ်တယ်ဆိုပြီး အတိုင်ခံရတယ်လေ”
ဟန်ကျွယ်က တအံတဩ ပြောလိုက်ပါတယ် “သူ ဘုံပျံတက်တာ နှစ်လေးနည်းနည်းပဲ ရှိသေးတာ၊ ကျွန်တော်တို့ကိုတောင် သစ္စာဖောက်လောက်မှာ မဟုတ်ပါဘူး၊ တိုက်ခိုက်တာကတော့ ပြောမနေနဲ့၊ အရင်တုန်းက ကျွန်တော်ကို တိုက်ခိုက်ဖို့ အမြဲတမ်းလာရှာတယ်၊ ကျွန်တော့်ကို ရှုံးနိမ့်ပြီးတာတောင် သူ့က ကျွန်တော်ဆီ မပြတ်လာသေးတယ်”
‘ဒီကောင်က တကယ်သေချင်နေတာပဲ’
“အရှင်မင်းကြီးက သူ့ကို ကောင်းကင်စစ်သူကြီးရာထူး ပေးလိုက်တာ မင်းမျက်နှာကြောင့်၊ အခု ကောင်းကင်ရုံးတော်က မငြိမ်မသက်ဖြစ်နေတော့ အရှင်မင်းကြီးက အရင်ကောင်းကင်ဧကရာဇ် ဟောင်တျန်ရဲ့ နောက်လိုက်တွေကို ရှင်းပစ်ဖို့ ကြံရွယ်ထားတယ်၊ အခု ကောင်းကင်ရုံးတော်မှာရှိတဲ့ နတ်ဘုရားအားလုံးက ဘက်ရွေးနေကြပြီ၊ တစ်ယောက်ယောက်က ဒါကို အသုံးချပြီး ဂျိရှင်းရှန်ကို ဒုက္ခပေးချင်နေတာ” တိထိုက်ပိုင်က အလေးအနက် ပြောလိုက်ပါတယ်။
‘ဟောင်တျန်ရဲ့ နောက်လိုက်ဟောင်းတွေကို ရှင်းပစ်မှာလား’
‘နေပါအုန်း… ဟောင်တျန်က လုံဟောင်အဖြစ် ပြန်ဝင်စားလာတာမလား၊ ကောင်းကင်ဧကရာဇ်က ဒီအကြောင်းကို မသိဘူးလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဒီကိစ္စကို ပြောသင်မပြောသင့် ဝေခွဲမရ ဖြစ်သွားပါတယ်။
‘ငါ ဒါကိုပြောလိုက်ရင် ဟောင်တျန်ကို အပြစ်ပြုမိရာ ရောက်သွားမလား’
တကယ်တော့ ဟောင်တျန်ဟာ ကောင်းကင်ဧကရာဇ်ထက် စွမ်းအားပိုကြီးပါတယ်။ ဒါကြောင့် ကောင်းကင်ဧကရာဇ်ဟာ ဟောင်တျန် ပြန်လာမှာကို စိုးရိမ်ပြီး ဟောင်တျန်ရဲ့ အင်အားစုတွေကို ယာယီအားနည်းသွားအောင် လုပ်ဖို့ ကြံစည်နေတာပါ။
ဟန်ကျွယ်ဟာ တွေးလေလေ ခေါင်းရှုပ်လေလေ ဖြစ်လာပါတယ်။
ဒါကြောင့် တိထိုက်ပိုင်က တအံတဩ မေးလိုက်ပါတယ် “မင်း ဘာဖြစ်နေတာလဲ၊ မင်းကလဲ…”
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟုတ်တယ်၊ ကျွန်တော်က သေမျိုးကမ္ဘာမှာ ပုန်းအောင်းပြီး ကျင့်ကြံနေတဲ့ သူလျှိုပဲ၊ ခင်ဗျားတို့ ကောင်းကင်ရုံးတော်က လူတွေနဲ့ နည်းနည်းလေးတောင် မဆက်ဆံချင်တဲ့ သူလျှိုပဲ…”
တိထိုက်ပိုင်ဟာ ဟန်ကျွယ် နောက်နေမှန်း သိတာကြောင့် ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။
ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို သတိပြုမိတာကြောင့် ဆက်မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်က ဒီအခြေအနေကို ထိန်းသိမ်းနိုင်ပါ့မလား၊ ကောင်းကင်ရုံးတော်က ဒီနှစ်တွေမှာ ပြဿနာတက်နေတာဆိုတော့…”
လွန်ခဲ့တဲ့ နှစ်ခုနစ်ရာ ရှစ်ရာတုန်းကလည်း ကောင်းကင်ရုံးတော်ဟာ နတ်ဆိုးသူတော်စင် ဘေးဒုက္ခကို ရင်ဆိုင်ခဲ့ရပါတယ်။ အခုလည်း ဗိုလ်ချုပ်ချန်ဖောင် ဘေးဒုက္ခကို ထပ်ရင်ဆိုင်ရပြန်ပါပြီ။ ဒီလိုအချိန်မှာ ဟောင်တျန်ရဲ့ နောက်လိုက်ဟောင်းတွေကို ထပ်ရှင်းမယ်ဆိုရင် ကောင်းကင်ရုံးတော်ရဲ့ အခြေအနေက တော်တော်ဆိုးရွားသွားမယ်ဆိုတာ ကလေးတောင် သိနိုင်ပါတယ်။
ခပ်မြန်မြန်လှုပ်ရှားတာက အမြဲတမ်း မကောင်းတာတော့ မဟုတ်ပါဘူး။
တိထိုက်ပိုင်က ပြုံးပြီး ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကောင်းကင်ရုံးတော်က အရှင်မင်းကြီးရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါသေးတယ်၊ ဟောင်တျန်ရဲ့ နောက်လိုက်ဟောင်းတွေကို နည်းနည်းလေးပဲရှိတာ၊ အရှင်မင်းကြီး လက်အောက်မှာ ရှန်စစ်သူကြီးတစ်ဦးတည်း ရှိတာ မဟုတ်ဘူး”
တိထိုက်ပိုင်ရဲ့လေသံက ယုံကြည်မှုအပြည့်နဲ့မို့ ဟန်ကျွယ်မှာ ပြောစရာမရှိတော့ပါဘူး။
“မီးဧကရာဇ် ထွက်သွားပြီဆိုတော့ နောက်ထပ် စောင့်ကြပ်သူအသစ် လာအုန်းမှလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ မီးဧကရာဇ်က သူ့လောက် စွမ်းအားမကြီးဘူးဆိုပေမဲ့ မီးဧကရာဇ် မရှိတော့တဲ့အတွက် ဟန်ကျွယ်ဟာ နည်းနည်း မလုံခြုံသလို ခံစားလာရပါတယ်။
“ငါလည်း ဒီအကြောင်းကို ပြောမလို့ ရောက်လာတာ၊ မင်းစွမ်းအားရော ဘယ်လိုရှိလဲ၊ သိပ်မဆိုးဘူးဆိုရင် ဒီအတောအတွင်းမှာ မင်းဘာသာ ရပ်တည်ရလိမ့်မယ်၊ အဲဒီလိုမှမဟုတ်ရင်လည်း ငါ မင်းပတ်လည်မှာ အရံအတားတစ်ခု ထားခဲ့မယ်၊ ဒီအရံအတားက ရန်သူလာတာနဲ့ ငါ့ကိုချက်ချင်း သတိပေးလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းကို ကူညီဖို့ ငါ အမြန်ဆုံးလာခဲ့မယ်၊ ကောင်းကင်ရုံးတော်က ဒီအချိန်မှာ အရမ်းအလုပ်များနေတော့ မင်းဆီကို နောက်ထပ် စောင့်ကြပ်သူ မလွှတ်နိုင်သေးဘူး”
ပညာရှင်အမတတွေရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ တိထိုက်ပိုင်ဟာ လုပ်စရာတွေ အများကြီး ရှိပါတယ်။ ပြောရမယ်ဆိုရင် တိထိုက်ပိုင်က ကောင်းကင်ရုံးတော်မှာ အလုပ်ရှုပ်ဆုံး အမတပါ။ ဒါကြောင့် တိထိုက်ပိုင် စကားကို ကြားရတဲ့အခါ ဟန်ကျွယ်ဟာ နည်းနည်းတောင် သနားမိသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တိထိုက်ပိုင်ရဲ့ အဆိုပြုချက်ကို လက်ခံလိုက်ပါတယ် “ရပါတယ်၊ ကျွန်တော် ကိုယ့်ဘာသာတော့ ကာကွယ်နိုင်ပါသေးတယ်”
အမတဧကရာဇ် မလာမချင်း ဟန်ကျွယ် တောင့်ခံနိုင်ပါတယ်။
တိထိုက်ပိုင်ဟာ ခေါင်းညိတ်ပြီး အလျင်စလို ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာကို လှည့်ကြည့်လိုက်တဲ့အခါမှာ မရေမတွက်နိုင်တဲ့ ကြယ်တွေ ဝန်းရံထားတဲ့ ကြက်သွေးရောင်တိမ်ကမ္ဘာက အလွန်သေးငယ်ပုံ ပေါက်နေပါတယ်။
‘ဒီအတောအတွင်းမှာ ဗုဒ္ဓဂိုဏ်းက ငါ့ကို ပြဿနာလာမရှာဖို့ မျှော်လင့်ရတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။
…..
မိုးကောင်းကင်မြစ်ဟာ ကောင်းကင်ကိုးဘုံအထက်မှာ တည်ရှိပါတယ်။ မိုးကောင်းကင်မြစ်ဟာ ကောင်းကင်ရုံးတော်ရဲ့ ခန်းမတွေကို ဝန်းရံထားပြီး ကောင်းကင်မုခ်လေးခုကို ဖြတ်သန်းစီးဆင်းပါတယ်။
ဂျိရှင်းရှန်ဟာ မိုးကောင်းကင်မြစ်ဘေးနားမှာ ထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ သူ့မျက်ခုံးမွေးကြားမှာလည်း သတ်ဖြတ်ငွေ့အနည်းငယ် ထွက်ပေါ်နေပါတယ်။ သူ့မျက်နှာကလည်း ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး ပျော်လာလိုက် နာကျင်လိုက် ဒေါသထွက်လိုက် ဝမ်းနည်းလိုက်နဲ့ အမူအရာမျိုးစုံ ဖြစ်နေပါတယ်။
ဒီအချိန်မှာ အသံတစ်သံက ဂျိရှင်းရှန်ကို ဆက်တိုက် ဖြားယောင်း သွေးဆောင်နေပါတယ်။
“မင်းမှာ ပြိုင်ဘက်ကင်းတဲ့ နှလုံးသားရှိတယ်၊ မင်းက ဒီလောကမှာ တစ်ဦးတည်းသော အမတနတ်ဘုရားပဲ”
“ဘာလို့ ဒီအမတနတ်ဘုရားအတုတွေဆီမှာ အမှုထမ်းနေတာလဲ”
“ဘာလို့ ကိုယ့်ဘာသာ ကောင်းကင်ဧကရာဇ် မလုပ်တာလဲ”
“မင်းက ဘာလို့ အမတကမ္ဘာရဲ့ စွမ်းအားအကြီးဆုံး ဖြစ်မလာနိုင်ရမှာလဲ”
ဂျိရှင်းရှန်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လက်နှစ်ဖက်မြှောက်လိုက်တဲ့အခါ ကြောက်မက်ဖွယ်ကောင်းတဲ့ ဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး သူ့ရှေ့က မိုးကောင်းကင်မြစ်ကို တုန်လှုပ်သွားစေတာကြောင့် မြစ်ရေတွေ စင်ထွက်ကုန်ပါတယ်။
ဂျိရှင်းရှန်ဟာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့မျက်နှာက သွေးဆုတ်နေတဲ့ လူမမာလိုပါပဲ။
‘သေစမ်း၊ ငါ အတွင်းနတ်ဆိုးကို ကြုံတွေ့တာလား၊ ဒီဆန်းကြယ်စွမ်းအားက ထောင်ချောက်တစ်ခုများလား’ ဂျိရှင်းရှန်ဟာ အံကြိတ်ပြီး တွေးလိုက်ပါတယ်။ ဒါဟာ ဂျိရှင်းရှန်ဘဝမှာ ပထမဆုံးအကြိမ် အတွင်းနတ်ဆိုးကို ရင်ဆိုင်ရတာမို့ နည်းနည်းလေး ပျာယာခတ်သွားပါတယ်။
ဂျိရှင်းရှန်ဟာ ကောင်းကင်ရုံးတော်မှာ ဘယ်သူ့ကို အကူအညီတောင်းရမလဲ မသိပါဘူး။ သူ့အတွင်းနတ်ဆိုးရဲ့ စကားတွေသာ ပျံ့နှံ့သွားရင် ကောင်းကင်ဧကရာဇ်က သူ့ကို ဒီအတိုင်းထားမှာ မဟုတ်ပါဘူး။ အကြောင်းအရင်း တစ်ချို့ကြောင့် ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို ရုတ်တရက် တွေးမိသွားပါတယ်။
‘မဖြစ်ဘူး… ငါသေမျိုးကမ္ဘာကို ဆင်းသက်မှ ဖြစ်မယ်’
မီဧကရာဇ် ပျောက်ကွယ်သွားပြီးကတည်းက ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို လုံးဝကြီး အာရုံမစိုက်ရဲပါဘူး။ မတော်တဆဖြစ်တာကို ကာကွယ်ဖို့အတွက် ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ် တစ်ရုပ်ကို ဖန်တီးပြီး ဟင်းလင်းပြင်မှာ စောင့်ကြပ်ခိုင်းထားပါတယ်။
နှစ်နှစ်အကြာမှာတော့…။
ရွှင်ချန်အန်းဟာ ဆန်းကြယ်စွမ်းအား သင်ယူချင်တာကြောင့် ဟန်ကျွယ်ဆီ ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရဲ့ တောင်းဆိုမှုကို မငြင်းဆန်ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ကာ ဆန်းကြယ်စွမ်းအား သင်ပေးပါတယ်။ တစ်ခြားသူတွေကလည်း ဆန်းကြယ်စွမ်းအားကို သင်ယူချင်တာကြောင့် ဘေးကနေ ဝိုင်းကြည့်ကြပါတယ်။
ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှုက အလွန်လျင်မြန်စွာ တိုးတက်လာတာကြောင့် ကောင်းကင်ဘုံဝင်အဆင့်ကို ထိုးဖောက်လုနီး ဖြစ်နေပါပြီ။ အချစ်ဘေးဒုက္ခကို မဖြတ်ကျော်ခင်ကတည်းက ရွှင်ချန်အန်းဟာ သူ့ခန္ဓာကိုယ်ထဲက အမွေအနှစ်ကို အမှီပြုပြီး အတိဒုက္ခဖြတ်ကျော်အဆင့်ကို ရောက်နေပြီးသားပါ။
ဟန်ကျွယ်က ရွှင်ချန်အန်းကို ဆန်းကြယ်စွမ်းအား သင်ပေးပြီးတဲ့နောက်မှာတော့ ဖန်းလျန်က ရုတ်တရက် ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး ကျွန်တော် ဘုံပျံတက်ချင်တယ်၊ ဘုံပျံတက်လို့ရမလား”
ဟန်ကျွယ်ဟာ ဖန်းလျန်ကို စူးစူးစိုက်စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်းသွားချင်ရင် သွားလို့ရတယ်”
တစ်ခြားသူတွေကတော့ ဖန်းလျန်လို တောင်းဆိုခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဘုံပျံတက်တာထက် ဝီရိယတောင်မှာ ကျင့်ကြံတာက ပိုကောင်းတယ်လို့ ခံယူထားလို့ပါ။
“မြန်လှချည်လား၊ အစော်မခံရအောင်လည်း ဂရုစိုက်အုန်း” မုရုံချီက မျက်မှောင်ကြုတ်ပြီး သတိပေးလိုက်ပါတယ်။ မုရုံချီဟာ ဖန်းလျန်နဲ့ အရင်းနှီးဆုံးဖြစ်ပြီး တအူထုံဆင်း ညီအစ်ကိုတွေလို ဖြစ်နေတာကြောင့် ဖန်းလျန် ဒုက္ခရောက်မှာကို မမြင်ချင်ပါဘူး။
ဖန်းလျန်က ပြောလိုက်ပါတယ် “ကျွန်တော် အချိန်အကြာကြီး စဉ်းစားပြီးမှ အမတကမ္ဘာဆီသွားဖို့ ဆုံးဖြတ်လိုက်တာပါ”
မုရုံချီက မေးလိုက်ပါတယ် “ဒါဆို ငါ မင်းကို အဖော်ပြုပေးရမလား”
“မင်း ဘုံပျံတက်လို့ မရဘူး” ဟန်ကျွယ်က ဝင်ပြောလိုက်ပါတယ်။
မုရုံချီနဲ့ ဖန်းလျန်ဟာ ဟန်ကျွယ်ကို နားမလည်နိုင်တဲ့အကြည့်နဲ့ ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း ငါ့ကို မကျော်မချင်း သေမျိုးကမ္ဘာကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”
‘ဆရာဘိုးဘိုးကို ကျော်တက်ရမယ်’ မုရုံချီဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကျန်တဲ့လူတွေလည်း ထူးထူးဆန်းဆန်း ဖြစ်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေရဲ့ အရည်အချင်းက အရမ်းထူးချွန်တယ်ဆိုပေမဲ့ သူတို့ဆရာသခင်ရဲ့ အရည်အချင်းနဲ့ နှိုင်းယှဉ်ရင် မြင့်မိုရ်တောင်နဲ့ ဆီးစေ့လို ကွာခြားလွန်းလို့ပါ။
ဟန်ကျွယ်က သူတို့တွေထဲမှာ အရည်အချင်းအရှိဆုံး ဖြစ်ပါတယ်။
“ဆရာဘိုးဘိုး ဘာဖြစ်လို့လဲ” မုရုံချီက မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ပြန်ဖြေလိုက်ပါတယ် “ငါက မင်းအတွက်ပြောတာ” အဲဒီနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်တာ မဟုတ်ပါဘူး။ ကြက်သွေးရောင် တိမ်ကမ္ဘာရဲ့ အထက်က ဟင်းလင်းပြင်ကို သွားတာပါ။
မုရုံချီဟာ လေးလေးနက်နက် စဉ်းစားလိုက်ပါတယ်။ မုရုံချီဟာ ဟန်ကျွယ်ရဲ့ ခြယ်လှယ်မှုအတွက် စိတ်ဆိုးခြင်းအလျဉ်း မရှိပါဘူး။ သူ့ဆရာဘိုးဘိုးက ဒီလိုပြောတာ အကြောင်းအရင်းတစ်ခုခုရှိရမယ်လို့ တွေးလိုက်ပါတယ်။
‘ဒီနှစ်ထဲမှာ ငါ ကျင့်ကြံနေတုန်း ပုံရိပ်အချို့ မြင်ယောင်မိလာတယ်၊ ဒီကိစ္စက ငါ့ဘဝဟောင်းနဲ့ ဆက်စပ်နေတာလား’
လူတိုင်းဟာ ဘဝဟောင်း ရှိကြပါတယ်။ ချန်အာမှာ ရှိသလို ရွှင်ချန်အန်းမှာလည်း ရှိပါတယ်။ ဒါကြောင့် သူ့ဆီမှာလည်း ဘဝဟောင်း ရှိလိမ့်မယ်လို့ မုရုံချီ တွက်ဆမိလိုက်ပါတယ်။
‘ဆရာဘိုးဘိုးက ငါ့ဘဝဟောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုသိနေတာ ဖြစ်ရမယ်’
ဟင်းလင်းပြင်။
ဂျိရှင်းရှန်ဟာ ဂရုတစိုက် ခရီးနှင်နေပါတယ်။ ဒီဟာက ဂျိရှင်းရှန် ပထမဆုံးအကြိမ် အမတကမ္ဘာကနေ ထွက်ခွာလာတာပါ။ ဟင်းလင်းပြင်ဟာ အလွန်တရာ ကျယ်ဝန်းပြီး အဆုံးမရှိတာကြောင့် အရပ်မျက်နှာ ခွဲခြားဖို့ အလွန်ခက်ပါတယ်။
သူ့ရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ ဟန်ကျွယ်ကြောင့် ဂျိရှင်းရှန်ဟာ လန့်ဖျတ်သွားပြီး နောက်ကို အမြန်ဆုတ်လိုက်ပါတယ်။ ပြီးတော့မှ ဟန်ကျွယ်မှန်း တွေ့လိုက်ရတာကြောင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
“မင်း ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ” ဂျိရှင်းရှန်က ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ လက်မြှောက်ပြီး လမ်းခြောက်သွယ် စုပ်ယူခြင်းပညာရပ်ကို ထုတ်ဖော်လိုက်ပါတယ်။
ကြောက်မက်ဖွယ် ဆွဲအားတစ်ခုက ဂျိရှင်းရှင်ကို ဆွဲစုပ်လိုက်ပေမဲ့ မမြင်နိုင်တဲ့ အင်အားတစ်ခုဟာ ဂျိရှင်းရှန်ပေါ် ကျလာပြီး ဟန်ကျွယ်ဆီ မပါသွားအောင် ဟန့်တားလိုက်ပါတယ်။ နှစ်ဖက်ဝိုင်းဆွဲခံရတဲ့ ခံစားချက်က တကယ်ကို မကောင်းပါဘူး။
ဂျိရှင်းရှန်ဟာ ဆဲဆိုဖို့ ပြင်လိုက်ပေမဲ့ သူ့ခန္ဓာကိုယ်ထဲကနေ အရိပ်နက်တစ်ခု ထွက်သွားပြီး ဟန်ကျွယ်လက်ပေါ်ဆီ ပါသွားပါတယ်။
ဟန်ကျွယ်ဟာ သူ့စွမ်းအားကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ဂျိရှင်းရှန်ဟာ ထိတ်လန့်သွားပါတယ် ‘ဒါက ငါ့ရဲ့အတွင်းနတ်ဆိုးလား’
ဒီအချိန် ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ဗိုလ်ချုပ် ချန်ဖောင်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။
Chapter – 210
? Views, Released on December 2, 2024