အခန်း (၂၀၇) ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း နိုးထခြင်း
ကြက်သွေးရောင်တိမ်ကမ္ဘာ အထက်က ဟင်းလင်းပြင်မှာ မီးဧကရာဇ်က ရောင်ဝါတောက်ပနေတဲ့ ဘုန်းကြီးတစ်ပါးကို မျက်နှာသေနဲ့ စိုက်ကြည့်နေပါတယ်။ ဒီရောင်ဝါတောက်ပနေတဲ့ ဘုန်းကြီးက နဂါးနိုင်ဗုဒ္ဓဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို ရွှေနဂါးတစ်ကောင်ကို ရစ်ပတ်ထားပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ ကြောက်လန့်ချင်စရာပါ။
“အော့မိတော်ဖော၊ တာအိုရောင်းရင်း… ကျုပ်ကို တကယ်ပဲ ဖြတ်သွားခွင့် မပြုဘူးလား” နဂါးနိုင်ဗုဒ္ဓက အေးစက်စွာ ပြောလိုက်ပါတယ်။ သူ့လေသံက ခြိမ်းခြောက်မှု အပြည့်နဲ့ပါ။
မီးဧကရာဇ်က အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ် “ဒါက ကျုပ်တို့ ကောင်းကင်ရုံးတော်ရဲ့ သေမျိုးကမ္ဘာပဲ၊ ခင်ဗျားစိတ်တိုင်းကျ ဝင်ချင်တိုင်းဝင်လို့ရမလား၊ ဒီနေ့ ကျုပ်တို့နှစ်ယောက် တိုက်ခိုက်ကြမယ်ဆိုရင် ကောင်းကင်ရုံးတော်က နတ်ဘုရားတွေ ခဏလေးနဲ့ ရောက်လာမှာ၊ ကောင်းကင်ရုံးတော်က လွန်ခဲ့တဲ့ကပ်ဘေးတုန်းက အကြွေးကို ဗုဒ္ဓဂိုဏ်းဆီက မတောင်းရသေးဘူး၊ အခု ခင်ဗျားက တံခါးဝ ရောက်လာတာပဲ”
“တိုက်မှသာ တိုက်စမ်းပါ၊ ရှန်ဗုဒ္ဓရဲ့အစွမ်းကို ကျုပ် စမ်းကြည့်ချင်နေတာ အတော်ကြာပြီ”
အကြောက်အလန့် မရှိတဲ့ မီးဧကရာဇ်ကြောင့် နဂါးနိုင်ဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ်။ နဂါးနိုင်ဗုဒ္ဓဟာ မီးဧကရာဇ်က ဒီလောက်ထိ ကြမ်းလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ အခုလက်ရှိ အမတကမ္ဘာမှာ ဗုဒ္ဓဂိုဏ်းကို မျက်နှာသာမပေးတဲ့လူက ခပ်ရှားရှားပါ။
နဂါးနိုင်ဗုဒ္ဓရဲ့ မျက်လုံးတွေဟာ အေးစက်သွားပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း… မီးဧကရာဇ်… ဒီရေစက်ကို တစ်နေ့ကျရင် ပြန်ပေးဆပ်ရလိမ့်မယ်” မီးဧကရာဇ်က နဂါးနိုင်ဗုဒ္ဓကို အထင်အမြင်သေးစွာ စိုက်ကြည့်ပြီး သရော်ပြုံး ပြုံးလိုက်ပါတယ်။
တစ်ခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ရောက်နေပါတယ်။ အချိန်အတော်ကြာမှာပဲ ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး သက်ပြင်းချလိုက်ပါတယ် “ဒီရှန်ဗုဒ္ဓက တော်တော် အထင်ကြီးဖို့တော့ ကောင်းသားပဲ”
မဟာညီညွှတ်မှု ရွှေအမတ နောက်ဆုံးအဆင့်ရှိတဲ့ ရှန်ဗုဒ္ဓဟာ မဟာညီညွှတ်မှု ရွှေအမတ ထိပ်ဆုံးအဆင့်ရှိတဲ့ တိထိုက်ပိုင်ထက် စွမ်းအားပိုကြီးပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ နဂါးနိုင်ဗုဒ္ဓကို သတ်နိုင်ခဲ့တယ်ဆိုပေမဲ့ ဟန်ကျွယ်ကိုယ်တိုင်လည်း ရုပ်ခန္ဓာပျက်စီးသွားခဲ့ပါတယ်။ ဒီတိုက်ပွဲရလဒ်ကို တော်တော်လေးက ကြေကွဲစရာပါ။
‘ငါ ရှန်ဗုဒ္ဓကို အလွယ်တကူ ရန်စလို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ အဲဒီနောက် ရှန်ဗုဒ္ဓရဲ့ တည်နေရာကို စစ်ဆေးလိုက်တဲ့အခါ ရှန်ဗုဒ္ဓ မရှိတော့တာကို တွေ့လိုက်ရတဲ့အတွက် ကြက်သွေးရောင်တိမ်ကမ္ဘာကနေ ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပြီး ရွှင်ချန်အန်းကို ရှာဖွေလိုက်တဲ့အခါ တစ်ခဏချင်း တွေ့သွားပါတယ်။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကိုကြည့်ပြီး ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။
ရွှင်ချန်အန်းဟာ ပင်လယ်ကို မျက်နှာမူထိုင်နေပြီး ခန္ဓာကိုယ်ကနေ ရောင်ဝါတွေ တောက်ပလာပါတယ်။ သူ့ဟန်ပန်အမူအရာကလည်း လုံးဝပြောင်းလဲသွားပါတယ်။ ရွှင်ချန်အန်းဟာ ရုပ်ဆိုးနေတုန်းဆိုပေမဲ့ မြင့်မြတ်တောက်ပတဲ့ ရောင်ဝါတွေ ထွက်ပေါ်နေတာကြောင့် အရင်လို စက်ဆုပ်စရာ မကောင်းတော့ပါဘူး။ ရွှင်ချန်အန်းရဲ့ ကျင့်ကြံမှုကလည်း အတိဒုက္ခဖြတ်ကျော်အဆင့်ကို ထိုးတက်သွားပါတယ်။
‘ဘာတွေ ဖြစ်ကုန်တာလဲ’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်အာရုံကို အသုံးပြုပြီး ရွှင်ချန်အန်းကို စစ်ဆေးလိုက်တဲ့အခါ ရွှင်ချန်အန်းက ခန္ဓာကိုယ် အပိုင်သိမ်းခံရတာ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ရွှေပုလဲတစ်လုံး ရှိနေတာကို တွေ့လိုက်ရပါတယ်။
‘ဒါက ဗုဒ္ဓဂိုဏ်းရဲ့ အမွေအနှစ်တစ်ခုလား’
ဒီအချိန်မှာပဲ…။
မုရုံချီဟာ အဝေးကနေ ပျံသန်းလာပါတယ်။ မုရုံချီဟာ ရွှင်ချန်အန်းရှေ့မှာ ဆင်းသက်ပြီး ပြောလိုက်ပါတယ် “ဆရာသခင်… ကျွန်တော့် သူအလောင်းကို မြှုပ်နှံပြီးပြီ”
ရွှင်ချန်အန်းဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ်။
မုရုံချီက နှစ်သိမ့်စကားဆိုပါတယ် “ဆရာသခင်… ဒီဘေးဒုက္ခက ပြီးသွားပြီ၊ သူ့ကို ထပ်တွေးမနေတော့နဲ့၊ ဆရာသခင်က သူ့ကို ဘာအကြွေးမှ တင်မထားဘူး၊ သူကသာ ဆရာသခင်အပေါ် အကြွေးအများကြီး တင်နေတာ”
ရွှင်ချန်အန်းက တစ်လုံးချင်း ပြောလိုက်ပါတယ် “ပြန်လည်မွေးဖွားခြင်းက လူသားတစ်ယောက်ရဲ့ စရိုက်ကို ဘာလို့ မပြောင်းလဲနိုင်ရတာလဲ”
မုရုံချီဟာ ရွှင်ချန်အန်းရဲ့ မေးခွန်းကို မဖြေပါတယ်။ ပြန်လည်မွေးဖွားခြင်းကသာ လူတစ်ယောက်ရဲ့ စရိုက်ကို ပြောင်းလဲနိုင်မယ်ဆိုရင် အဲဒီလူက အရင်ဘဝကလူ မဟုတ်တော့မှာ ကျိန်းသေပါပဲ။
“ဆရာသခင်… နောက်ထပ် ဘာလုပ်ဖို့ စီစဉ်ထားလဲ” မုရုံချီက မေးလိုက်ပါတယ်။
“ဘာလုပ်ရမှာလဲ… အိမ်ပြန်ကြတာပေါ့”
မုရု့ချီဟာ ပြုံးလိုက်ပါတယ်။ မုရုံချီဟာ အိမ်ပြန်ချင်နေတာ အတော်ကြာပါပြီ။ မုရုံချီရဲ့အိမ်က တစ်ခြားနေရာ မဟုတ်ပါဘူး။ ဝီရိယတောင်ပါ။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းနဲ့ မုရုံချီရဲ့ စကားပြောဆိုသံတွေကို ကြားရတဲ့အခါမှာ ဘာဖြစ်ခဲ့လဲဆိုတာ ပိုပြီးတော့ သိချင်လာပါတယ်။
‘ရွှင်ချန်အန်းရဲ့ အချစ်ဘေးဒုက္ခက ပြီးသွားပြီလား… ထားလိုက်ပါတော့… ဒီကောင် ပြန်လာမှပဲ မေးတော့မယ်’
ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ပြန်သိမ်းပြီး သက်ပြင်းချလိုက်ပါတယ် “ငါတပည့်နဲ့ မြေးတပည့်တွေတောင် ကြီးပြင်လာကြပြီ၊ သူတို့မှာလည်း ဘဝကိုယ်စီ ရှိနေကြပါရောလား”
ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဆရာသခင်… ဘာလုပ်နေတာလဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဟုတ်ပါဘူး၊ တစ်နေ့ကျလို မင်းလိုချင်တဲ့ တာအိုကို ရသွားရင် ဝီရိယတောင်ကနေ ထွက်သွားမှာလား”
ဝူတောက်ကျန့်က တအံတဩ ပြောလိုက်ပါတယ် “ဝီရိယတောင်ကနေ ထွက်သွားရမယ်၊ ကျွန်မက ဘယ်နေရာကို သွားရမှာလဲ၊ ကျွန်မက ဒီမှာ မွေးဖွားပြီး ဒီမှာပဲ ကြီးပြင်းလာခဲ့တာ၊ ဆရာသခင် ထွက်မသွားဘူးဆိုရင် ကျွန်မကလည်း ဘယ်နေရာကိုမှ မသွားဘူး”
ဝူတောက်ကျန့်ဟာ နိုးထလာကတည်းက ထွက်သွားဖို့အကြောင်း တစ်ခါမှ မစဉ်းစားခဲ့ပါဘူး။ ဝူတောက်ကျန့်ရဲ့ ကမ္ဘာဟာ ဟန်ကျွယ်နဲ့ ကျင့်ကြံခြင်းပဲ ရှိတာကြောင့် အရမ်းကို ရိုးရှင်းလွန်းပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ သူ့မေးခွန်းက ဝူတောက်ကျန့်အတွက် အရမ်းစောနေပါသေးတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ ရွှင်ချန်အန်းနဲ့ မုရုံချီတို့ ပြန်ရောက်လာပါတယ်။ ကြီးပြင်းလာပြီဖြစ်တဲ့ လုံဟောင်နဲ့ ကျိုးမင်ယွဲ့တို့ဟာ သူတို့နှစ်ယောက်ကို တော်တော်လေး စိတ်ဝင်စားတာကြောင့် ဖူစန်းသစ်ပင်အောက်မှာ အတူထိုင်ပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောကြပါတယ်။
ရွှင်ချန်အန်းဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ကနေ ရောင်ဝါတွေ ဆက်တိုက် ထွက်ပေါ်နေတာကြောင့် အမတနဲ့တူနေပါပြီ။
ငရဲကြက်နက်က နှာခေါင်းရှုံ့လိုက်ပါတယ် “ချန်အာ ထပ်သေသွားပြီလား”
ရွှင်ချန်အန်းဟာ ငရဲကြက်နက်ကို တစ်ချက်သာကြည့်ပြီး ဘာမှမပြောပါဘူး။
မုရုံချီဟာ လုံဟောင်ကို သေချာကြည့်ပြီး စပ်စုလိုက်ပါတယ် “ဆရာတူဦးငယ်လေး ဘယ်အဆင့် ရောက်ပြီလဲ”
မုရုံချီဟာ သူ့ဆရာတူဦးငယ်လေးကို တော်တော်လေး စိတ်ဝင်တစား ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းအရင်းတစ်ချို့ကြောင့် မုရုံချီဟာ လုံဟောင်ကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် ကမ္ဘာမကျေတဲ့ရန်သူကို မြင်လိုက်ရသလိုမျိုး သွေးတွေ ဆူပွက်လာလို့ပါပဲ။
လုံဟောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ငါက မြေလျှောက်အမတ ဖြစ်နေပြီ”
မုရုံချီဟာ တိတ်ဆိတ်သွားပါတယ် ‘အသက်လေးဆယ်နဲ့ မြေလျှောက်အမတ ဖြစ်နေပြီလား’
ဖန်းလျန်က နှစ်သိမ့်လိုက်ပါတယ် “အစ်ကို… သူနဲ့ နှိုင်းယှဉ်မနေနဲ့၊ ကျွန်တော်တို့တွေ သူနဲ့ ဘယ်လိုမှယှဉ်လို့ရမှာ မဟုတ်ဘူး”
လုံဟောင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းတို့တွေ ပြဿနာတက်ရင် ငါ့ကို လာရှာလို့ရတယ်၊ ဘာတွေပဲဖြစ်ဖြစ် ငါက မင်းတို့ရဲ့ ဆရာဦးလေးပဲ”
လူတိုင်းဟာ ဆက်စကားပြောကြပြီး မုရုံချီပြောပြတဲ့ အတွေ့အကြုံတွေကို နားထောင်ကြပါတယ်။
ရွှေကျီးကန်းနှစ်ကောင်လည်း ဂရုတစိုက် နားထောင်ပါတယ်။
ဒီလိုစကားပြောဆိုကြရင်း နေအလင်းရောင် ကွယ်ပျောက်လို့ အမှောင်ထု စိုးမိုးလာပါတယ်။
ဒီအချိန်မှာ ထူလင်းအာက ရုတ်တရက် ထပြောလိုက်ပါတယ် “ကျွန်မတို့ရဲ့ အစဉ်အဆက်ကို ဘယ်လိုခေါ်သင့်တယ်လို့ ထင်လဲ၊ ကျွန်မတို့က ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေ မဟုတ်ဘူး”
ဒီလူတွေထဲမှာ မုရုံချီနဲ့ ဖန်းလျန်ပဲ ယွီဂျင်ဂိုဏ်းတော်ကြီးထဲမှာ နေရာရှိကြပါတယ်။ ကျန်တဲ့လူတွေက ဟန်ကျွယ်နောက်ကိုပဲ လိုက်ကြတာပါ။
“ဟုတ်တယ်၊ ကျွန်တော်တို့တွေက အင်အားကြီးလာပြီး ကိုယ့်ဘာသာ ရပ်တည်လို့ ရနေတာ ကြာပြီ” ဖန်းလျန်က ခေါင်းညိတ်ပြီး ထောက်ခံပါတယ်။
ဖန်းလျန်စကားက မမှားပါဘူး။ ဟန်ကျွယ်မဆိုထားနဲ့၊ ဖန်းလျန်နဲ့ မုရုံချီတို့တောင် ယွီဂျင်ဂိုဏ်းတော်ကြီးကို အပေါ်စီးကနေ ငုံ့ကြည့်လို့ရနေပါပြီ။
ငရဲကြက်နက်က ရယ်မောပြီး အကြံပေးပါတယ် “ဟီးဟီး… ကြက်ဂိုဏ်းလို့ခေါ်ရင်ရော…”
လူတိုင်းဟာ တိုင်ပင်ထားခြင်းမရှိဘဲ ငရဲကြက်နက်ကို အစိမ်းလိုက်ဝါးစားတော့မဲ့အတိုင်း ဝိုင်းကြည့်တာကြောင့် ငရဲကြက်နက်ဟာ ဇက်ပုသွားပါတယ်။
အာတဟာ တောင်ပံခတ်ပြီး မြေပေါ်ကို ဆင်းသက်လိုက်ပါတယ်။
“ဆရာသခင်… ဆရာသခင်ရော ဘယ်လိုတွေးလဲ” ဖန်းလျန်က မေးလိုက်ပါတယ်။
ရွှင်ချန်အန်းဟာ တစ်ချိန်လုံး စကားတစ်ခွန်းမှ ဝင်မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ချူရှီရန်က သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေတာကြောင့် အလွန်တရာ မသက်မသာဖြစ်ပြီး ကြက်သီးမွေးညင်းထနေလို့ပါပဲ။
“ငါတို့တွေ ဆရာသခင်စကားကိုပဲ နားထောင်ကြတော့ပေါ့”
ဒီအချိန်မှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူတံခါး ပွင့်သွားပြီး ဟန်ကျွယ်နဲ့ ဝူတောက်ကျန့်ဟာ လိုဏ်ဂူထဲက ထွက်လာပါတယ်။
လုံဟောင်ဟာ ဟန်ကျွယ်ဆီ ချက်ချင်းလျှောက်သွားပြီး စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “နောက်ဆုံးတော့ ဆရာသခင် ထွက်လာပြီပေါ့၊ ကျွန်တော့်ကို ဘယ်တော့ ဆန်းကြယ်စွမ်းအား သင်ပေးမှာလဲ”
ဟန်ကျွယ်ဟာ လုံဟောင်ကို ခေါင်းအစခြေအဆုံးကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “မျက်စိတစ်မှိတ်အတွင်းမှာ မင်းတောင် ဒီလောက်ကြီးလာပါရောလား၊ ငါ မင်းကို မနက်ဖြန်ကျရင် ဆန်းကြယ်စွမ်းအား သင်ပေးမယ်” လုံဟောင်ဟာ ရုပ်ရည်ချောမောပြီး ကောင်းကင်ဧကရာဇ်ရဲ့ သားတော် ဖြစ်တာကြောင့် ကောင်းကင်ဧကရာဇ်နဲ့ တော်တော်လေး ရုပ်ဆင်ပါတယ်။
လုံဟောင်ဟာ ဝီရိယတောင်ပေါ်မှာ ခေါင်းငါးလုံးမြွေနဂါးဘုရင်နဲ့ အရင်းနှီးဆုံးပါ။ တစ်ခြားသူတွေက ကျင့်ကြံခြင်းနဲ့ အလုပ်ရှုပ်နေတာကြောင့် ငရဲကြက်နက်နဲ့ ခေါင်းငါးလုံးမြွေနဂါးဘုရင်ပဲ လုံဟောင်နဲ့ ကစားပါတယ်။ ခေါင်းငါးလုံး မြွေနဂါးဘုရင်ဟာ ကောင်းကင်ဘုံဝင် ထိပ်ဆုံးအဆင့်ကို ရောက်နေတာ ကြာပြီမို့ အချိန်မရွေး ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းရှေ့ လျှောက်သွားပြီး မေးလိုက်ပါတယ် “ဒီနှစ်တွေမှာ ဘယ်လိုနေလဲ”
ဟန်ကျွယ်ကို မြင်လိုက်ရတာနဲ့ ရွှင်ချန်အန်း ရင်ထဲမှာ မြိုသိပ်ထားရတဲ့ ခံစားချက်တွေဟာ ပေါက်ကွဲထွက်သွားပါတယ်။ ရွှင်ချန်အန်းရဲ့ မျက်လုံးတွေဟာ နီရဲသွားပြီး ခေါင်းငုံ့ကာ တစ်ချက်ရှိုက်လိုက်ပါတယ် “ဆရာသခင်… ကျွန်တော် အရမ်းနာကျင်တယ်…”
ရွှင်ချန်အန်းဟာ မုရုံချီရှေ့မှာ ဆရာသိက္ခာ ထိန်းနေရတာမို့ ဝမ်းနည်းတဲ့ အရိပ်အယောင် လုံးဝ မပြခဲ့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရှေ့ ရောက်တဲ့အခါမှာတော့ ဘာမှထိန်းသိမ်းစရာ မရှိတဲ့အတွက် ကလေးတစ်ယောက်လို ငိုကြွေးပါတော့တယ်။
ရွှင်ချန်အန်းဟာ မျက်ရည်တသွင်သွင် ကျဆင်းလာပြီး အရင်လို ဟိတ်ဟန်တွေ မရှိတော့ပါဘူး။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို ကြည့်ပြီး ကရုဏာသက်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှင်ချန်အန်းက သူ့တပည့်ပါ။ ကျင့်ကြံခြင်းလောကမှာ ဆရာတပည့်ဆက်ဆံရေးက သားအဖလိုပါပဲ။
ဟန်ကျွယ်ဟာ ရွှင်ချန်အန်းကို ချောက်ကမ်းပါးစွန်းဆီ ခေါ်သွားပြီး ထိုင်လိုက်ပါတယ်။
မုရုံချီဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “အားလုံးပဲ၊ ဒါကို ကြည့်မနေကြနဲ့၊ ပြန်ကျင့်ကြံရအောင်”
လူတိုင်းဟာ ခေါင်းညိတ်လိုက်ပြီး ကျင့်ကြံအားထုတ်ကြပေမဲ့ ဟန်ကျွယ်နဲ့ ရွှင်ချန်အန်းရဲ့ စကားသံကို နားစွင့်နေတုန်းပါ။
လုံဟောင်က ဒီကိစ္စကို လုံးဝအသိချင်ဆုံးပါ ‘ဆရာတူအစ်ကိုက ဘာဖြစ်လို့ ဒီလောက်ဝမ်းပန်းတနည်း ငိုယိုနေရတာလဲ’
လုံဟောင်ဟာ ခေါင်းငါးလုံး မြွေနဂါးဘုရင်ဘေးမှာ ထိုင်လိုက်ပြီး အသံလွှင့်မေးလိုက်ပါတယ်။
ခေါင်းငါးလုံး မြွေနဂါးဘုရင်က အဓိပ္ပာယ်ပါပါ ပြန်ဖြေလိုက်ပါတယ် “သူက လောကမှာ အခက်ခဲဆုံး စမ်းသပ်မှုကို ဖြတ်ကျော်ရတာ”
“အဲဒါက အချစ်စမ်းသပ်မှုပဲ”
လုံဟောင်ဟာ နားမလည်နိုင်အောင် ဖြစ်သွားပါတယ် ‘အချစ်လား… ဘာဖြစ်လို့ အချစ်လဲ’
ချောက်ကမ်းပါးစွန်းမှာတော့ ရွှင်ချန်အန်းဟာ စိတ်ရှည်လက်ရှည် နားထောင်နေတဲ့ ဟန်ကျွယ်ကို စောဒက တက်ပါတယ်။
[ရှေးဟောင်း စိတ်ဝိညာဉ် ဂျင်ဆင်း နိုးထလာသည်ကို ရှာဖွေတွေ့ရှိထားသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ရွှင်ချန်အန်း၏ နိုးထနေမှုကို ဟန့်တား၍ အချစ်ဘေးဒုက္ခထဲ ဆက်လက်ကျဆင်းစေပါ။ ဆုလာဘ်အဖြစ် အကောင်းစားရတနာကို ရရှိမည်။]
[၂။ ရွှင်ချန်အန်း၏ နိုးထမှုအား ကူညီပြီး အချစ်ဘေးဒုက္ခမှ လွတ်မြောစေပါ။ ဗုဒ္ဓဂိုဏ်း၏ အာရုံစိုက်မှုကို ခံရပြီး ဆုလာဘ်အဖြစ် အကောင်းစားရတနာကို ရရှိမည်။]
Chapter – 207
? Views, Released on December 2, 2024