Switch Mode

Chapter – 206

အခန်း (၂၀၆) တာအိုဂိုဏ်း၏ အဖွဲ့သုံးဖွဲ့၊ နဂါးနိုင်ဗုဒ္ဓ
လုံဟောင် ရောက်ရှိလာမှုကြောင့် ဝီရိယတောင်ဟာ စည်စည်ကားကား ဖြစ်လာပါတယ်။ ပထမတော့ ချူရှီရန်ဟာ လုံဟောင်ကို စိတ်အဝင်စားဆုံးဖြစ်ပြီး တစ်နေကုန် နောက်ကနေ တကောက်ကောက် လိုက်ပါတယ်။ နောက်‌တော့ ဟန်ကျွယ်ဆီ စောဒကလာတက်တဲ့အတွက် ဟန်ကျွယ်ဟာ လုံဟောင်ကို ဂရုစိုက်ဖို့ ခေါင်းငါးလုံး မြွေနဂါးဘုရင်ကို တာဝန်ပေးလိုက်ပြီး ဘယ်သူမှ အနားမကပ်စေဖို့ ညွှန်ကြားလိုက်ပါတယ်။
ချူရှီရန်ဟာ လုံဟောင်ကို မကျင့်ကြံဖို့ တကယ်ကြီး လိုက်တိုက်တွန်းတာပါ။ ဒါကြောင့် လုံဟောင်ဟာ ချူရှီရန်ကို တော်တော်လေး စက်ဆုပ်သွားပါတယ်။
ဟန်ကျွယ်ကတော့ လုံဟောင်ကို ဂရုမစိုက်ဘဲ ခေါင်းငါးလုံး မြွေနဂါးဘုရင်နဲ့ပဲ ပစ်ထားပါတယ်။ ဟန်ကျွယ် မျက်လုံးထဲမှာ လုံဟောင်က ဧည့်သည်တစ်ယောက်ပါ။ လုံဟောင်က ဟန်ကျွယ်ဘေးနားမှာ အမြဲတမ်းနေမှာ မဟုတ်သလို နောက်ကျရင်လည်း ဟန်ကျွယ်ကို အကြီးအကဲတစ်ယောက်လိုမျိုး ဆက်ဆံဖို့ဆိုတာ အတော့်ကို ခဲယဉ်းလွန်းတဲ့ကိစ္စပါ။ လုံဟောင်စိတ်ထဲက အရေးကြီးဆုံးပုဂ္ဂိုလ်ဟာ ကောင်းကင်ဧကရာဇ်ဖြစ်မှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
ဟန်ကျွယ်ဟာ လုံဟောင်ကို ဘာမှမသင်ကြားပေးပါဘူး။ လုံဟောင်သာ တစ်ခုခုပြောင်းလဲသွားရင် ကောင်းကင်ဧကရာဇ်က ကျိန်းသေပေါက် သတိထားမိမှာပါ။
ဘာတွေပဲဖြစ်ဖြစ် ကျင့်ကြံခြင်းကသာ ဟန်ကျွယ်အတွက် အရေးကြီးဆုံးအရာပါ။
လုံဟောင် ပေါ်လာတာက ဟန်ကျွယ်ကို အကြောင်းအရာအများကြီး တွေးမိသွားစေပါတယ် ‘ကောင်းကင်ဧကရာဇ်နေရာက တကယ် မတည်မြဲတာပဲ’
ဟောင်တျန်သာ နိုးထလာရင် ကောင်းကင်ဧကရာဇ်နေရာကို ပြန်ယူမှာပါ။
ဟန်ကျွယ် လုပ်ရမှာက ကောင်းကင်ဧကရာဇ် မကျဆုံးခင် ပိုပိုပြီးတော့ စွမ်းအားကြီးလာဖို့ပါ။ ဒီလိုဆိုရင် ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို မမှီခိုရင်တောင် ဘယ်သူကမှ ရန်စရဲမှာ မဟုတ်ပါဘူး။
ဒီလိုနဲ့ နောက်ထပ် ၁၀ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံရာကနေ နိုးထလာပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် အမတကမ္ဘာမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၇၀၃၂၁
[သင့်မိတ်ဆွေ ဓားနတ်ဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်စု၏ အမတဧကရာဇ် တိုက်ခိုက်မှုကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ရွှင်ချန်အန်း၏ တာအိုနှလုံးသားသည် ပြောင်းလဲသွားပြီး အမွေတစ်ခုအား နိုးထသွားသည်။]
[သင့်အိမ်မွေးသားရဲ ပဋိပက္ခကောင်းကင်ခွေးသည် အခွင့်အအရေးတစ်ခုကို အမိအရဆုပ်ကိုင်မိပြီး ရှေးဟောင်း နတ်ဆိုးဘုရင်၏ ရွှေဓာတ်လုံးကို ရရှိသွားခဲ့သည်။]
[သင့်မိတ်ဆွေ ဗိုလ်ချုပ်ချန်ဖောင်သည် ကောင်းကင်စစ်တပ်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၃၈၇၂
[သင့်မိတ်ဆွေ ဗိုလ်ချုပ်ချန်ဖောင်သည် သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကံအားလျော်စွာ အခွင့်အရေးတစ်ခု ရရှိပြီး ထုန်ချိရုပ်ခန္ဓာ ပြောင်းလဲသွား၏။]
‘ကောင်းကင်ရုံးတော်က ဖရိုဖရဲ ဖြစ်နေပြီလား’
‘ဂျိရှင်းရှန်က ဒဏ်ရာရထားတယ်… ဗိုလ်ချုပ်ချန်ဖောင်ကလည်း ကောင်းကင်စစ်တပ်နဲ့ ရှန်စစ်သူကြီး တိုက်ခိုက်တာကို ခံရတယ်’
‘ဒီကိစ္စက မီးဧကရာဇ်ဆီ လာသွားတဲ့ကိစ္စနဲ့ ကျိန်းသေပေါက် ပတ်သက်နေမှာပဲ’
ဟန်ကျွယ်ဟာ ဗိုလ်ချုပ်ချန်ဖောင်ကို ကရုဏာသက်မိပေမဲ့ နောင်တမရပါဘူး။ ဗိုလ်ချုပ်ချန်ဖောင်သာ ကောင်းကင်ရုံးတော်ကို တကယ်ကြီး ဖျက်ဆီးလိုက်ရင် ဟန်ကျွယ်ဟာ သူ့နောက်ခံကြီးကို ဆုံးရှုံးသွားမှာပါ။ နောက်ပြီး ကောင်းကင်ရုံးတော်က သူ့အကြောင်းပြချက်နဲ့ သူရှိမှာပါ။ မဟုတ်ရင် ဟန်ကျွယ်ဆီက စကားတစ်ခွန်းတည်းနဲ့ နတ်ဘုရားတစ်ပါးကို လိုက်သတ်မှာ မဟုတ်ပါဘူး။
ဒီအထဲမှာ ဟန်ကျွယ်ကို အထင်ကြီးသွားစေတာက ကျိုးဖန်ပါ။ ကျိုးဖန်ဟာ ကောင်းကင်စမ်းသပ်မှုကို ခုန်ကျော်ပြီး အမတကမ္ဘာမှာ မွှေနေပါပြီ။
‘ကျိုးဖန်မရှိတော့ မော့ဖူချိုတော့ အထီးကျန်နေလောက်ပြီ’ ဟန်ကျွယ်ဟာ မော့ဖူချိုကို တွေးမိလိုက်ပါတယ်။
ခုနစ်လရှစ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်တာအို တိုကင်ကို ထုတ်ယူကာ ကြက်သွေးရောင်တိမ်ကမ္ဘာရဲ့အဆင့်ကို စစ်ဆေးလိုက်တဲ့အခါမှာတော့ စိတ်ဓာတ်ကျသွားပါတယ်။
ကြက်သွေးရောင်တိမ်ကမ္ဘာက အဆင့်ထပ်တက်သွားလိုက်တာ အခုဆိုရင် ၁၉၉၇ နေရာမြောက်ကို ရောက်နေပါပြီ။ ဒီလိုခုန်တက်နေတာက တကယ်ကို ယုတ္တိမရှိပါဘူး။
ကြက်သွေးရောင်တိမ်ကမ္ဘာက ကိုယ့်ဘာသာ ပြဿနာရှာနေတာလို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် တစ်ခြားသူတွေရဲ့ အာရုံစိုက်တာကို ခံရတော့မှာပါ။ အမတကမ္ဘာမှာ ကောင်းကင်ရုံးတော် တစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ တစ်ခြား စွမ်းအားကြီးတဲ့ အင်အားစုတွေလည်း ရှိပါသေးတယ်။
အရင်တစ်ခေါက်တုန်းကလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ အဂ္ဂပြည်က ကောင်းကင်ရုံးတော်ရဲ့ သေမျိုးကမ္ဘာတွေကို ဖျက်ဆီးဖို့ ရောက်လာခဲ့ပါသေးတယ်။ ဟန်ကျွယ်ဟာ ထိပ်ဆုံးမှာရှိနေတဲ့ သေမျိုးကမ္ဘာတွေက စွမ်းအားကြီးပြီး ကျော်တက်ဖို့မလွယ်ကူစေဖို့ ဆုတောင်းစေရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ကိုးလွှာ‌ရေစင်ဆီ လျှောက်သွားပါတယ်။ လီယောင်က ကျင့်ကြံနေတုန်းပါ။
ဟန်ကျွယ်ဟာ နည်းနည်းထူးဆန်းသွားပါတယ် ‘လီတျန်ရှင်းက သူ့အတွက် လက်ထပ်ပွဲ စီစဉ်ထားတာတောင် ဘာဖြစ်လို့ ဘာမှမဖြစ်သလို နေနိုင်ရတာလဲ’
‘နေအုန်း… သူက မြေလျှောက်အမတတောင် ဖြစ်သွားပြီလား’
‘စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ’
‘သူမကြောက်တာ အံဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်ဟာ လီယောင်ကို အတန်ကြာကြည့်ပြီးနောက် အိပ်ရာထက်ပြန်ပြီး ဆက်လက်ကျင့်ကြံပါတယ်။ လီယောင် ပေါ်လာတာက ဟန်ကျွယ်အတွက် အပန်းဖြေစရာတစ်ခု ရသွားသလိုပါပဲ။ ဟန်ကျွယ်ဟာ လီယောင်ရဲ့ အဖြစ်အပျက်ကို ကြည့်ရုံပဲကြည့်ပြီး ဝင်မပါပါဘူး။
“သူက မြေလျှောက်အမတ ဖြစ်သွားပြီ၊ မင်း ကြိုးစားဖို့တော့ လိုနေပြီ” ဟန်ကျွယ်က ဝူတောက်ကျန့်ကို ပြောလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ နှုတ်ခမ်းတွန့်ပြီး ပြောလိုက်ပါတယ် “ကောင်းကင်ဓားတာအိုက ကျင့်ကြံဖို့ အရမ်းခက်တယ်၊ အဲဒါကြောင့် ကျွန်မကျင့်ကြံမှုက နှေးကွေးသွားတာ”
“ဒါဆိုရင် ကျင့်ကြံမှုအဆင့်ကို အရင်မြှင့်တင်ပြီးမှ ကောင်းကင်ဓားတာအိုကို ဆက်လေ့လာချည်”
“ဒီလိုဆိုရင် ကျွန်မ မြေလျှောက်အမတအဆင့်ကို ကျိန်းသေပေါက် ထိုးဖောက်နိုင်မှာ”
“ငါ ‘လုပ်နိုင်’တာကို မကြားချင်ဘူး ‘လုပ်ပြီး’တာကိုပဲ ကြားချင်တယ်”
“ဟုတ်ကဲ့ပါ”
ဝူတောက်ကျန့်ဟာ မခံချင်စိတ်တွေ ပေါ်လာပြီး စိတ်ဓာတ် တက်ကြွသွားပါတယ် ‘ငါ အဲဒီမိန်းမကို ရှုံးလို့ မဖြစ်ဘူး’
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ ဝူတောက်ကျန့်ရဲ့ အရည်အချင်းက တကကယ်ကို ထက်မြက်တာပါ။ နောက်ပြီး ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီကိုပါ ထပ်ပေါင်းလိုက်ရင် သူ့ကျင့်ကြံမှုက မနှေးကွေးပါဘူး။ အခုလို ကျင့်ကြံမှုနှေးကွေးနေရတာက ကောင်းကင်ဓားတာအိုကို သိမြင်နားလည်အောင် ကြိုးစားနေလို့ ဖြစ်ပါတယ်။
စိတ်ဝိညာဉ်နန်းတော်။
ကောင်းကင်ဧကရာဇ်ဟာ သလွန်ပေါ်မှာ ထိုင်နေပြီး ခန်းမထဲမှာတော့ တိထိုက်ပိုင်နဲ့ ရှန်စစ်သူကြီး ရှိနေပါတယ်။
တိထိုက်ပိုင်က မေးလိုက်ပါတယ် “ရှန်စစ်သူကြီး… ဗိုလ်ချုပ်ချန်ဖောင် ဝန်ခံပြီလား”
ရှန်စစ်သူကြီးက ပြန်ဖြေပါတယ် “ဝန်မခံဘူး၊ သူက သူ့နောက်က အင်အားစုကို မပြောချင်ဘူး၊ ဒါပေမဲ့ ကျုပ်ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီကိစ္စက ဗုဒ္ဓဂိုဏ်းနဲ့ ပတ်သက်နေလိမ့်မယ်၊ သူ့ဆရာသခင်က မဟာဗုဒ္ဓငါးပါးထဲက တစ်ပါးပါး ဖြစ်လိမ့်မယ်၊ အဖြစ်နိုင်ဆုံးက ပျောက်ကွယ်သွားတာ ကြာပြီဖြစ်တဲ့ မဟာအဂ္ဂဗုဒ္ဓပဲ”
‘မဟာအဂ္ဂဗုဒ္ဓ’ တိထိုက်ပိုင်ဟာ ချက်ချင်းဆိုသလို မျက်နှာပျက်သွားပါတယ်။
ကောင်းကင်ဧကရာဇ်က လေသံအေးနဲ့ ပြောလိုက်ပါတယ် “မဟာအဂ္ဂဗုဒ္ဓဆိုရင် ဗုဒ္ဓဂိုဏ်းနဲ့ ပတ်သက်မှာ မဟုတ်ဘူး၊ ငါထင်တာတော့ ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးရုံတော်ကလွဲရင် အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ နောက်ထပ်အင်အားစုကြီးတစ်ခု ရှိနေလိမ့်မယ်၊ ဥပမာပေးရင် ရှန်ချီကပ်ဘေးမှာ အင်အားလျော့နည်းသွားတဲ့ တာအိုဂိုဏ်းရဲ့ အင်အားစုသုံးစုပဲ” ကောင်းကင်ဧကရာဇ်ရဲ့ လေသံက တည်ငြိမ်နေပေမဲ့ တိထိုက်ပိုင်နဲ့ ရှန်စစ်သူကြီးကို နှလုံးလှုပ်သွားစေပါတယ်။
ရှန်ချီကပ်ဘေးဟာ ဒဏ္ဍာရီကပ်ဘေးတစ်ခု ဖြစ်ပြီး ဖြစ်ပေါ်ခဲ့တာ အတော်လေးကို ကြာညောင်းခဲ့ပါပြီ။
ရှန်စစ်သူကြီးဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုဘိုးဘေးက တာအိုဂိုဏ်းကို ကောင်းကင်တာအို တိုက်ပွဲမှာ ဝင်မပါဖို့ အမိန့်ပေးခဲ့တယ်မလား”
ကောင်းကင်ဧကရာဇ်က ပြန်ဖြေလိုက်ပါတယ် “အဲဒါက အတိတ်မှာ ကျန်ခဲ့ပြီ၊ အခု တာအိုဘိုးဘေးက ဂူအောင်းကျင့်ကြံနေတာ အရမ်းကြာပြီ၊ တာအိုဂိုဏ်းလို ရှေးကျတဲ့အင်အားစုက အင်အားပြန်ကြီးချင်ရင် ကောင်းကင်တာအိုရဲ့ အထောက်အပံ့အတွက် တိုက်ခိုက်ဖို့လိုတယ်၊ တာအိုသခင် ရောက်လာတာက အချက်ပေးမှုတစ်ခုပဲ”
တိထိုက်ပိုင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ဒါဆို ကျွန်တော်တို့ ကောင်းကင်ရုံးတော်က ဘာလုပ်သင့်လဲ၊ ကောင်းကင်ရုံးတော်ထဲမှာ တာအိုဂိုဏ်းရဲ့အမတနတ်ဘုရားတွေ အများကြီးပဲ၊ ရှန်ချီတိုက်ပွဲမှာ တာအိုဘိုးဘေးက တာအိုဂိုဏ်း အင်အားစုသုံးစုရဲ့ ကျင့်ကြံသူတွေကို ကောင်းကင်ရုံးတော်ရဲ့ နတ်ဘုရား ဖြစ်လာဖို့ ဖိအားပေးခဲ့တယ်၊ တာအိုဂိုဏ်းသာ ပြန်လာမယ်ဆိုရင် သူတို့တွေက ကျိန်းသေပေါက် သစ္စာဖောက်မှာပါ”
“ဘာကြောက်စရာရှိလို့လဲ၊ ကောင်းကင်ရုံးတော်မှာ အစွန်းရောက် ဧကရာဇ်လေးပါး၊ ရှန်စစ်သူကြီးသုံးဦးနဲ့ သေနာပတိ ၃၆ ယောက်ရှိတယ်၊ ပြီးတော့ ဟန်ကျွယ်လိုမျိုး ပါရမီရှင်တွေကလည်း ကြီးထွားနေတုန်း၊ ဒီလိုကိစ္စမျိုးအတွက် ငါ ကြိုပြင်ဆင်ထားပြီးသား” ကောင်းကင်ဧကရာဇ်က ဘာမထီတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
ရှန်စစ်သူကြီးက မေးလိုက်ပါတယ် “ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ဘယ်လိုရှိလဲ”
တိထိုက်ပိုင်ဟာ မုတ်ဆိတ်မွေးကိုသပ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ဆန်းကြယ်အမတကို မကြာသေးခင်ကမှ သတ်လိုက်တာ”
“မဆိုးဘူး”
“ဒီကောင်လေးရဲ့ စရိုက်က စစ်သူကြီးနဲ့ တစ်ခြားစီပဲ၊ သူက ကောင်းကင်ရုံးတော်ရဲ့ စောင့်ရှောက်သူဖြစ်ဖို့ အရမ်းသင့်တော်တယ်”
“ဟုတ်တယ်၊ ကျုပ်လည်း သူ့ကို အများကြီးတွေးထားတယ်၊ သူက တိတ်တဆိတ် ကျင့်ကြံရတာကို နှစ်သက်တယ်ဆိုပေမဲ့ ပြဿနာရောက်လာရင် ရင်ဆိုင်ဖြေရှင်းဖို့က ဝန်မလေးဘူး” ရှန်စစ်သူကြီးဟာ ပြုံးလိုက်ပြီး ဟန်ကျွယ်ရဲ့ အနာဂတ်ကို မျှော်တွေးကြည့်လိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “ဆက်ပြီး စုံစမ်းချည်၊ ဗိုလ်ချုပ်ချန်ဖောင်နဲ့ ပူးပေါင်းတဲ့ အမတနဲ့နတ်ဘုရားတွေ အကုန်လုံးကို စုံစမ်းစစ်ဆေးရမယ်၊ သူတို့တွေ ခုခံရင် တစ်ခါတည်း သတ်ပစ်လိုက်၊ အခုအချိန်မှာ ကပ်ပါးကောင်တွေကို ရှင်းပစ်ဖို့ အချိန်တန်ပြီ၊ နောက်ပြီး ကျောက်စိမ်းဧကရာဇ် ဟောင်တျန်ရဲ့ လူတွေကိုလည်း စုံစမ်းထား၊ သူ့ကို အခုထက်ထိ ယုံကြည်နေသေးတဲ့ ရှေးနတ်ဘုရားတွေရှိရင် သေချာမှတ်ထားချည်၊ ငါ သူတို့ရဲ့ နတ်ဘုရားရာထူးကို ပြန်သိမ်းရမယ်”
တိထိုက်ပိုင်က ချက်ချင်းပဲ ပြန်ဖြေလိုက်ပါတယ် “အမိန့်တော်အတိုင်းပါ”
ရှန်စစ်သူကြီးက ထပ်ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့ အရှင်မင်းကြီး၊ ကျွန်တော် ရှိနေသမျှ ကာလပတ်လုံး အရှင်မင်းကြီးရဲ့နေရာကို ဘယ်သူမှထိလို့ မရစေရဘူး” ရှန်စစ်သူကြီးရဲ့ မျက်နှာထားဟာ လုံးဝတည်ကြည်နေပြီး မျက်လုံးတွေကလည်း လုံးဝကို ပြတ်သားနေပါတယ်။
နွေဦးဆောင်း အလီလီ လည်ပတ်လို့ နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ အဆင့်ထပ်မတက်သေးပေမဲ့ ဝိညာဉ်စွမ်းအားကတော့ ဆက်တိုက် တိုးတက်လာပါတယ်။ တိထိုက်ပိုင်ကို အနိုင်ယူဖို့ တိုက်ခိုက်ရတဲ့ ကြာချိန်ကလည်း တဖြည်းဖြည်း လျော့ကျလာပါတယ်။
ဒီနေ့မှာတော့…။
ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ ကြက်သွေးရောင်တိမ်ကမ္ဘာကို လွှမ်းမိုးလာတဲ့ ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။ ဒီဖိအားက အမတတွေကို ဦးတည်တာ ဖြစ်တဲ့အတွက် သေမျိုးတွေဟာ ဘာမှမခံစားရပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကြက်သွေးရောင် တိမ်ကမ္ဘာပတ်လည်က စွမ်းအားအကြီးဆုံးလူကို စစ်ဆေးလိုက်ပါတယ်။
[နဂါးနိုင်ဗုဒ္ဓ: မဟာညီညွှတ်မှု ရွှေအမတ နောက်ဆုံးအဆင့်၊ ဗုဒ္ဓဂိုဏ်း၏ ရှန်ဗုဒ္ဓဖြစ်သည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဗုဒ္ဓဂိုဏ်းရဲ့ ရှန်ဗုဒ္ဓလား’ ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို ရွှင်ချန်အန်းကို တွေးမိသွားပါတယ် ‘ရှန်ဗုဒ္ဓက ရွှင်ချန်အန်းကို လာရှာတာလား’
ဟန်ကျွယ်ဟာ ရှန်ဗုဒ္ဓရဲ့ တည်နေရာကို ရှာဖွေလိုက်တဲ့အခါ ဟင်းလင်းပြင်မှာ မီးဧကရာဇ်က နဂါးနိုင်ဗုဒ္ဓကို တားဆီးလိုက်တာ တွေ့လိုက်ရပါတယ်။ သူတို့နှစ်ဦးလုံးက မဟာညီညွှတ်မှု ရွှေအမတ နောက်ဆုံးအဆင့်တွေချည်းပဲမို့ စွမ်းအားချင်း သိပ်မကွာပါဘူး။

Comment

Leave a Reply

Options

not work with dark mode
Reset