အခန်း (၂၀၄) စွမ်းအားကြီး ချန်ဖောင်၊ လီယောင်၏ အကျပ်အတည်း
[လီယောင်: ကောင်းကင်ဘုံဝင် ပဥ္စမအဆင့်၊ မိုးမြေသားတော်ဖြစ်ပြီး အမတဧကရာဇ်၏ မျိုးဆက်ဖြစ်သည်။ ကောင်းကင်ဖီးနစ်နှင့်အတူ မွေးဖွားလာပြီး သေမျိုးကမ္ဘာသို့ ကောင်းချီးများ ယူဆောင်လာခဲ့သည်။ နှစ် ၇၀၀ ကျင့်ကြံပြီးနောက် ကောင်းကင်ဘုံဝင်အဆင့်သို့ ရောက်ရှိခဲ့သည်။ လီယောင်သည် သတိကြီးလွန်းပြီး တိုက်ခိုက်မှုအား မနှစ်မြို့ဘဲ ကျင့်ကြံခြင်းကိုသာ နှစ်သက်၏။]
ဟန်ကျွယ်ဟာ သူ့ရှေ့ကို စာကိုဖတ်ပြီး ထူးဆန်းတဲ့ မျက်နှာ ဖြစ်သွားပါတယ်။
‘ဒါက ငါရဲ့ မိန်းမဗားရှင်း ကျနေတာပဲ’
ဟန်ကျွယ်ဟာ ချက်ချင်းဆိုသလို လီယောင်ကို အကောင်းမြင်သွားပါတယ်။ သူတို့နှစ်ယောက်ရဲ့ စရိုက်က လုံးဝကို တူညီပါတယ်။
ဟန်ကျွယ်ဟာ တိတ်တဆိတ် ကျင့်ကြံနေတဲ့ လီယောင်ကိုကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်လာပါတယ်။ ဒီမြင်ကွင်းကို ဟန်ကျွယ်အတွက်တော့ ရှုမငြီးတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
အတန်ကြာကြည့်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ နတ်အာရုံကို ပြန်သိမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ လီယောင်ကို မနှောင့်ယှက်ချင်ပါဘူး။ ဒါ့အပြင် လီယောင်ရှိနေတဲ့ သေမျိုးကမ္ဘာက ဘယ်လိုသေမျိုးကမ္ဘာမျိုးလဲဆိုတာ ဟန်ကျွယ် မသိပါဘူး။
“သခင်… ဘာတွေဖြစ်ကုန်တာလဲ၊ ဒီရေထဲမှာ ကမ္ဘာတစ်ခု ရှိနေတာလဲ” ဝူတောက်ကျန့်က စပ်စုပါတယ်။
ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ ကောင်းကင်ကိုးလွှာရေစင် အကြောင်းကို ရှင်းပြလိုက်ပါတယ်။ ကောင်းကင်ကိုးလွှာရေစင် အကြောင်း သိလိုက်ရတဲ့ ဝူတောက်ကျန့်ဟာ အံအားသင့်သွားပါတယ်။
‘ဒီရေက တစ်ခြားကမ္ဘာတွေကို ချောင်းကြည့်နိုင်တာလား၊ တကယ်ကို အထင်ကြီးလောက်စရာပဲ’
ဟန်ကျွယ်ဟာ တရားပြန်ထိုင်ပြီး ဆက်လက် အားထုတ်ပါတယ်။
…
မက်မွန်တောအုပ်တစ်ခုမှာ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုတစ်ဦးဟာ သစ်တစ်ပင်အောက် မတ်တတ်ရပ်ပြီး ရှက်ရွံတဲ့မျက်နှာနဲ့ မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေပါတယ်။ သူ့မျက်နှာက တော်တော်လေးလှပြီး ဘေးဘီပတ်ဝန်းကျင်ကို ရံဖန်ရံခါ လိုက်ကြည့်နေပါတယ်။
အဝေးတစ်နေရာက သစ်တစ်ပင်အောက်မှာတော့ လူနှစ်ယောက် မတ်တတ်ရပ်နေကြပါတယ်။ ဒီလူနှစ်ယောက်က တစ်ခြားသူတွေ မဟုတ်ပါဘူး။ မုရုံချီနဲ့ ရွှင်ချန်အန်းတို့ ဆရာတပည့် နှစ်ယောက်ပါပဲ။
မုရုံချီက တိုက်တွန်းလိုက်ပါတယ် “ဆရာသခင်… ဘာစောင့်နေတာလဲ၊ သူက ဆရာသခင်ကို စောင့်နေတာ အတော်ကြာပြီ”
ရွှင်ချန်အန်းဟာ ဝါးဦးထုပ်ဆောင်းထားပြီး မျက်နှာကို ကာထားပါတယ်။ သူဟာ တော်တော်လေးကို ရင်ထိတ်နေပါတယ်။
“မစိုးရိမ်စမ်းပါနဲ့၊ ဆရာသခင်က သူ့ကို ကာကွယ်လာတာ ဆယ်နှစ်ကျော်ပြီ၊ သူက ဆရာသခင်ကို ရည်စားအဖြစ် သတ်မှတ်ထားပြီးပြီ၊ သွားပါ” မုရုံချီဟာ သူ့ဆရာသခင်ကို တွန်းထုတ်လိုက်ပါတယ်။
ရွှင်ချန်အန်းဟာ မုရုံချီရဲ့ တွန်းထုတ်မှုကြောင့် ရှေ့ထိုးလဲကျလုနီး ဖြစ်သွားပါတယ် ‘ဒီကောင်လေးက ငါရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာပဲ’ ရွှင်ချန်အန်းဟာ မုရုံချီကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့ သတ္တိတွေကို စုစည်းကာ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဆီ လျှောက်သွားပါတယ်။
ချက်ချင်းဆိုသလို အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ သူ့ဆီလျှောက်လာတဲ့ ရွှင်ချန်အန်းကို တွေ့သွားပါတယ်။
ရွှင်ချန်အန်းဟာ ဝါးဦးထုပ်ကို ဆောင်းထားပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ သူ့ရောင်ဝါကို သာမန်မဟုတ်တာကြောင့် အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုရဲ့စိတ်ထဲက စွမ်းအားကြီးကျင့်ကြံသူနဲ့ တစ်ပုံစံတည်းပါပဲ။
‘သူက ငါ့ကို တိတ်တဆိတ် ကာကွယ်ပေးနေတာပဲ…’
အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ ရွှင်ချန်အန်းကို ငေးမောကြည့်ရှုနေပါတယ်။ ဒါကို မြင်လိုက်ရတဲ့ ရွှင်ချန်အန်းဟာ စိတ်လှုပ်ရှားသွားပါတယ်။
‘ချန်အာကို နောက်ဆုံးတော့ ငါ့ကို ကြိုက်တော့မှာပဲ’
စိတ်လှုပ်ရှားလာတဲ့ ရွှင်ချန်အန်းဟာ ခပ်သွက်သွက် လျှောက်လိုက်ပါတယ်။ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဆီ ရောက်တဲ့အခါမှာတော့ ရွှင်ချန်အန်းဟာ ဘာပြောရမှန်း မသိတာကြောင့် တိတ်ဆိတ်သွားပါတယ်။
တစ်ခဏကြာအောင် မက်မွန်တောအုပ်တစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။
အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ နှုတ်ခမ်းကို အသာကိုက်ပြီး ပြောလိုက်ပါတယ် “ရှင်က ကျွန်မကို အမြဲတမ်း…”
ရွှင်ချန်အန်းဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး ပြောလိုက်ပါတယ် “ငါ မင်းကို ရှာနေတာ နှစ်ရာချီပြီ၊ အရင်ဘဝမှာ မင်းနဲ့ငါက အတူကြီးပြင်းလာခဲ့တာ၊ မင်းက ငါ့ဘဝအတွက် တစ်ဦးတည်းသော ချစ်ရသူပဲ”
ရွှင်ချန်အန်းရဲ့ ရည်းစားစကားကြောင့် အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုရဲ့ မျက်နှာဟာ ရှက်သွေးဖြာသွားပြီး လည်ပင်းနဲ့ နားရွက်တွေပါ နီရဲကုန်ပါတယ်။
‘နှစ်ရာချီတောင်လား’
အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ လုံးဝကို ကြွေဆင်းသွားပါတယ်။ အဲဒီနောက် အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုက မေးလိုက်ပါတယ် “ကျွန်မ ရှင့်မျက်နှာကို ကြည့်လိုရမလား”
ရွှင်ချန်အန်းဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ရွှင်ချန်အန်း ဘာမှမပြောခင်မှာပဲ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ လက်အသာမြှောက်ပြီး ရွှင်ချန်အန်းရဲ့ မျက်နှာကာကို အသာဖယ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ ကြောက်လန့်တကြားဖြစ်သွားပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်သွားပါတယ်။
ဒါကို မြင်လိုက်ရတဲ့ ရွှင်ချန်အန်းဟာ ခေါင်းပေါ်ကို အေးစက်လွန်းတဲ့ရေခဲရေ လောင်းချခံလိုက်ရသလို ဖြစ်သွားပါတယ်။ ရွှင်ချန်အန်းဟာ မဲ့ပြုံးပြုံးပြီး မေးလိုက်ပါတယ် “ငါက တော်တော် ရုပ်ဆိုးလို့လား”
အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ တိတ်ဆိတ်သွားပါတယ်။ မိန်းမပျိုဟာ ဘာမှမဖြစ်ဘူးပြောချင်ပေမဲ့ ရွှင်ချန်အန်းရဲ့ ရုပ်ဆိုးလွန်းတဲ့ မျက်နှာထားကြောင့် ပြောမထွက်ပါဘူး။ အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုရဲ့ တစ်သက်တာမှာ ဒီလောက်ထိ ရုပ်ဆိုးလွန်းတဲ့လူကို တစ်ခါမှ မတွေ့မြင်ဖူးပါဘူး။ ရွှင်ချန်အန်းက ပုံပျက်ပန်းပျက်ဖြစ်တာ မဟုတ်တဲ့ ရုပ်ဆိုးတဲ့နေရာမှာ နှစ်ယောက် မရှိတာပါ။
“ကျွန်မ…” အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
ရွှင်ချန်အန်းဟာ စိတ်ဆိုးသွားပါတယ်။ ဒါပေမဲ့ ဒီလိုရလဒ်မျိုးကို အစောကြီးကတည်းက မျှော်မှန်းထားခဲ့တာကြောင့် ရွှင်ချန်အန်းဟာ စိတ်တော့မပျက်ပါဘူး။ ဒီလိုစိတ်ပျက်တာမျိုးကို ခံစားရတာ အကြိမ်ပေါင်းများနေပြီမို့ အံတိုနေပါပြီ။
ရွှင်ချန်အန်းက နာကျင်သံနဲ့ မေးလိုက်ပါတယ် “ဒါဆို ငါသွားတော့မယ်”
‘ငါတို့တွေ ဒီဘဝမှာ မဖြစ်နိုင်မှတော့ အမှောင်ထဲကနေပဲ သူ့ကို ကာကွယ်ပေးတော့မယ်’
“ဟင်း… မသွားပါနဲ့…” အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမပျိုဟာ သက်ပြင်းချလိုက်ပါတယ်။
မိန်းမပျိုရဲ့စကားဟာ ရွှင်ချန်အန်းရဲ့ မျက်နှာကို နည်းနည်း လန်ဆန်းသွားစေပါတယ် ‘ချန်အာ ဒီဘဝမှာ ငါရုပ်ဆိုးတာကို စိတ်မရှိဘူးလား’
အဝေးကနေ ကြည့်နေတဲ့ မုရုံချီဟာ ဝါးလုံကွဲ ရယ်မောမိသွားပါတယ်။ မုရုံချီဟာ သူ့ပါးစပ်ကို လက်နဲ့ အမြန်ပိတ်ပြီး သစ်ပင်ကို တဒုန်းဒုန်းထုရင်း သူ့ရယ်သံကို ဖိနှိပ်လိုက်ပါတယ်။ ဒါပေမဲ့လည်း မုရုံချီဟာ သူ့ရှေ့ကမြင်ကွင်းကိုကြည့်ပြီး သေလုနီးအောင် ရယ်နေမိပါတယ်။
လီယောင်ကို ဟန်ကျွယ် ရှာတွေ့တာကနေစလို့ နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ နောက်ဆုံးမှာတော့ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ အလယ်အဆင့်ကို ရောက်ရှိသွားပါတယ်။ ဒီအဆင့်တက်မှုက အရင်ကထက် နှေးကွေးတယ်ဆိုပေမဲ့ ဒီရလဒ်ကို ဟန်ကျွယ် လက်ခံနိုင်ပါတယ်။
ဒီနှစ်သုံးဆယ်မှာ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်ပြီးရင် လီယောင်ကို တစ်ချက်ကြည့်လေ့ရှိပါတယ်။ လီယောင်က တကယ်ကို ကြိုးကြိုးစားစား ကျင့်ကြံတာပါ။ နှစ်သုံးဆယ်လုံးလုံး မိုးမခပင်အောက်မှာ ကျောက်ရုပ်အလား ကျင့်ကြံအားထုတ်ပါတယ်။ ပြောစရာရှိတာဆိုလို့ ဒီနှစ်သုံးဆယ်အတွင်းမှာ ဘယ်သူမှ လီယောင်ကို လာမနှောင့်ယှက်ကြပါဘူး။
ယုတ္တိရှိရှိ စဉ်းစားမယ်ဆိုရင် လီယောင်က မြို့ထဲမှာဖြစ်တဲ့အတွက် တစ်ယောက်မဟုတ် တစ်ယောက်ယောက်က လာနှောင့်ယှက်ဖို့ အခွင့်အရေး အရမ်းများပါတယ်။ လီယောင်နေတဲ့မြို့က နိဗ္ဗာန်ဘုံ မဟုတ်ဘူးဆိုရင်ပေါ့။
ဖြစ်နိုင်တာတစ်ခုကတော့ လီယောင်နေတဲ့ သေမျိုးကမ္ဘာက ကြက်သွေးရောင်တိမ်ကမ္ဘာထက် အများကြီး စွမ်းအားပိုကြီးလို့ လူတွေကလည်း ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြတယ်ဆိုရင် နှစ်သုံးဆယ်က သူတို့အတွက် သိပ်ကြာတဲ့အချိန်တော့ မဟုတ်ပါဘူး။
အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ အောင်ပွဲခံပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ ကြက်သွေးရောင်တိမ်ကမ္ဘာ ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအားအကြီးဆုံးလူကို စစ်ဆေးလိုက်ပါတယ်။
[ဗိုလ်ချုပ်ချန်ဖောင်: မဟာညီညွှတ်မှု ရွှေအမတ ထိပ်ဆုံးအဆင့်၊ ကောင်းကင်ရုံးတော်၏ ဒုတိယအဆင့် ကောင်းကင်စစ်သူကြီး။]
ဟန်ကျွယ်ဟာ နားမလည်နိုင်အောင် ဖြစ်သွားပါတယ် ‘ဗိုလ်ချုပ်ချန်ဖောင်ကို ဒီကို ဘာလာလုပ်တာလဲ’ ဟန်ကျွယ်ဟာ ဒီစွမ်းအားကြီးအမတနှစ်ပါးကို နှောင့်ယှက်မိမှာစိုးတဲ့အတွက် သူ့နတ်အာရုံကို အဝေးကြီး မဆန့်ထုတ်ပါဘူး။
ခုနစ်လရှစ်လအကြာမှာ ဟန်ကျွယ် ထပ်စစ်ဆေးပြန်ပါတယ်။ ဒီအချိန်မှာလည်း ဗိုလ်ချုပ်ချန်ဖောင်က ရှိနေတုန်းပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ဗိုလ်ချုပ်ချန်ဖောင်ကို စိန်ခေါ်တိုက်ခိုက်လိုက်ပါတယ်။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ထူးဆန်းတဲ့မျက်နှာထားနဲ့ မျက်လုံးဖွင့်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ချန်ဖောင်ကို သူ ရှုံးနိမ့်သွားလို့ပါပဲ။
တိထိုက်ပိုင်နဲ့ ဗိုလ်ချုပ်ချန်ဖောင်ဟာ မဟာညီညွှတ်မှု ရွှေအမတ ထိပ်ဆုံးအဆင့်တွေချည်းပါပဲ။ ဟန်ကျွယ်ဟာ တိထိုက်ပိုင်ကို အနိုင်ယူနိုင်ပေမဲ့ ဗိုလ်ချုပ်ချန်ဖောင်ဆီမှာတော့ ရှုံးနိမ့်သွားပါတယ်။ ပိုပြီးအရေးကြီးတာက တိုက်ပွဲတစ်လျှောက်လုံး ဟန်ကျွယ်ဟာ လုံးဝဖိနှိပ်ခံခဲ့ရတာပါ။
‘ဟင်း… ကောင်းကင်ရုံးတော်ရဲ့ ဗိုလ်ချုပ် ပီသပါပေတယ်၊ သူ့တိုက်ခိုက်ရည်က တော်တော်လေး အထင်ကြီးလောက်ပါပေတယ်’
ဟန်ကျွယ်ဟာ ဗိုလ်ချုပ်ချန်ဖောင်က ရှန်နန်းတော်ရဲ့ ဓားနတ်ဧကရာဇ်နဲ့ အဆင့်တူလောက်ပဲလို့ မှန်းဆလိုက်ပါတယ်။
သုံးနှစ်အကြာမှာတော့ ဗိုလ်ချုပ်ချန်ဖောင်ဟာ ကြက်သွေးရောင်တိမ်ကမ္ဘာကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ် ‘သူတို့နှစ်ယောက်ကြားမှာ ဘာပြောစရာရှိလို့လဲ၊ ကောင်းကင်ရုံးတော်မှာ ပြောလို့မရတာ ကျနေတာပဲ’
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပြီး လီယောင်ကို ဆက်ကြည့်ပါတယ်။ ဟန်ကျွယ်ကိုကြည့်ပြီး ဝူတောက်ကျန့်က မေးလိုက်ပါတယ် “သခင်… သူ့ကို ကြိုက်လို့လား”
ဝူတောက်ကျန့် ဒီလိုမေးရတာက ဟန်ကျွယ်ဟာ ဆယ်နှစ်တိုင်းမှာ လီယောင်ကို စိုက်ကြည့်တက်လို့ပါပဲ။
“နည်းနည်းပါ”
ဟန်ကျွယ်ရဲ့ အဖြေကြောင့် ဝူတောက်ကျန့်ဟာ နှုတ်ခမ်းစူသွားပါတယ်။
နှစ်တွေကြာပြီဖြစ်တဲ့အတွက် လီယောင်ရဲ့ ကျင့်ကြံမှုကလည်း ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်ကို ရောက်ရှိသွားပါပြီ။ မကြာခင်မှာ သူက ဘုံပျံတက်နိုင်တော့မှာပါ။ ဟန်ကျွယ်ဟာ လီယောင်နဲ့ ဆက်သွယ်ရင်ကောင်းမလား စဉ်းစားရင်း ချီတုံချတုံ ဖြစ်သွားပါတယ်။
ကံတရား အထောက်အပံ့ရှိတဲ့သူ တစ်ယောက်ဖြစ်တာကြောင့် လီယောင်ရဲ့ အနာဂတ်က တော်တော်လေး ကြီးမားမှာပါ။ ဟန်ကျွယ်ဟာ လီယောင်ကို ဝီရိယတောင်ဆီ ဖိတ်ခေါ်ပြီး အတူတူ ဂူအောင်းကျင့်ကြံချင်သွားပါတယ်။
‘ဟွတ်..ဟွတ်…’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ကျိန်ဆဲလိုက်ပါတယ်။
ဒီနေ့မှာတော့ လီယောင်ဟာ အနှောင့်ယှက်ခံရပါတော့တယ်။ နှောင့်ယှက်တဲ့လူက တစ်ခြားလူ မဟုတ်ပါဘူး။ လီယောင်ရဲ့အဖေ လီတျန်ရှင်းပါ။
“ယောင်အာ… သမီးက မြေလျှောက်အမတအဆင့်ကို ရောက်တော့မယ်၊ လက်ထပ်သင့်နေပြီ၊ လွီမိသားစုရဲ့ သခင်လေးကို သမီးဘယ်လိုထင်လဲ၊ သူ့ဆရာသခင်က မဟာညီညွှတ်မှု ကောင်းကင်အမတနော်” လီတျန်ရှင်းက ပြုံးရယ်ပြီး မေးလိုက်ပါတယ်။
လီယောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဖေဖေ… သမီး လက်မထပ်ချင်သေးဘူး၊ ဒီအတိုင်းပဲ ဆက်ကျင့်ကြံချင်တယ်၊ တစ်ခြားသူကို မှီခိုဖို့ချည်းပဲ တွေးမနေပါနဲ့၊ သမီးကို အချိန်ပေးပါ၊ လီမိသားစုကို ဒီထက်တိုးတက်ကြီးပွားအောင် သမီးလုပ်ပေးမှာပါ”
လီတျန်ရှင်းဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ယောင်အာ… ကျင့်ကြံတာက အဲဒီလောက်ထိ မရိုးရှင်းဘူး၊ အခွင့်အရေးတွေ လိုအပ်တယ်၊ မင်း ဒီလိုပဲ နေ့တိုင်းကျင့်ကြံနေမယ်ဆိုရင် အမတဖြစ်ပြီးတာနဲ့ နောက်တစ်ဆင့် ထပ်တက်ဖို့ ခက်သွားပြီ”
“အဲဒါဖေဖေကမှ သမီးအရည်အချင်းကို မသိတာ၊ သမီးက အမတကမ္ဘာမှာဆိုရင်တောင် တစ်ခြားသူတွေကို သမီးအရည်အချင်းနဲ့ ကျော်တက်နိုင်တယ်”
“ယောင်အာ… ဒီအခွင့်အရေးက နှစ်ခါမရဘူး၊ လွီသခင်လေးက သမီးကို ကြိုက်နေတုန်း သမီးလက်ထပ်သင့်တယ်”
“ဖေဖေ… သမီး လက်မထပ်နိုင်ဘူး”
“ဒီကိစ္စက ဆုံးဖြတ်ပြီးပြီ၊ လက်ထပ်ဖို့သာ ပြင်တော့၊ ဖေဖေက သမီးကို ဒုက္ခပေးပါ့မလား၊ သမီးရှေ့ရေးအတွက် ဖေဖေက ကြိုစီစဉ်ထားတာပါ”\
စကားဆုံးတာနဲ့ လီတျန်ရှင်းဟာ ထွက်ခွာသွားပါတယ်။
လီယောင်ဟာ သစ်ပင်အောက်မှာထိုင်ရင်း မျက်မှောင်ကြုတ်ကာ ကျန်ရစ်နေခဲ့ပါတယ်။